Thursday, September 8, 2016

ကိုဖီအာနန်ခေါင်းဆောင်မှုဖြင့် ရခိုင်အရေး ဖြေရှင်းနိုင်မည်ဟု မြန်မာသမ္မတပြောကြား

DVB


ရခိုင်ပြည်နယ်ကိစ္စဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တခုဖြစ်တဲ့အကြောင်းနဲ့ မစ္စတာ ကိုဖီအာနန်ရဲ့ ကျွမ်းကျင်တဲ့ ခေါင်းဆောင်မှုနဲ့ ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော် နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် တို့ ဒီကနေ့ မနက်က နေပြည်တော် သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံစဉ်ပြောကြားခဲ့ တာလို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ ကိုဖီအာနန်ကတော့ ကော်မရှင်မှာ ပါဝင်တဲ့ နိုင်ငံခြားသား သုံးဦးအနေနဲ့ ရခိုင်ပြည်နယ် ကိစ္စရပ်တွေအပေါ် နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်သုံးသပ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာလို့ ယုံကြည်တဲ့အကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဒီမိုကရေစီစနစ်နှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရတာကိုလည်း နားလည်လက်ခံပါကြောင်း၊ ကော်မရှင်အနေနဲ့ လူထု၏ သဘောထားတွေ တောင်းခံရာမှာ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ ဒါမှသာ ပြဿနာအား ချည်းကပ်ဖြေရှင်းရာ မှာ အထောက်အကူဖြစ်စေမယ်၊ မြန်မာနိုင်ငံက တာဝန်ရှိသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ဆွေးနွေးသွားခဲ့ပါတယ်။

ဒါအပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကိစ္စနဲ့ ကိုဖီအာနန် ဖောင်ဒေးရှင်းက ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေးနည်းပညာတွေ ဖြန့်ဝေမှုနဲ့ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တွေ့ဆုံပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

No comments: