နိရဉ္စရာ၊
နိုင်ငံတော် အတိုင်ပင်ခံ ၀န်ကြီးဌာန ၏ သြဂုတ်လ ၂၄ ရက်နေ့ သတင်းပြန်ထုတ်ပြန်ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်းမှ နိုင်ငံသား တတ်သိ ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော် အစိုးရအား တိုက်တွန်းသည့် အရေးတကြီးအဆိုကို ပေါက်တောမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံမှ တင်သွင်းခဲ့သည်။
၎င်းအဆိုကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ( ၂၃) ရက်မြောက်နေ့ သြဂုတ်လ ၃၀ ရက်နေ့ တွင် တင်သွင်းခဲ့ပြီး ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ထောက်ခံ ဆွေးနွေးခဲ့သည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ ထောက်ခံသူများသဖြင့် ၎င်းအဆိုကို ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ဦးဝင်းမြင့် ကြေညာသည်။
ကော်မရှင်တွင် ကိုဖီအာနန် အပါအ၀င် နိုင်ငံခြားသား သုံးဦးကို အကြံပေး တာဝန် ပေးအပ်ထားခြင်းမှာ ပြည်တွင်းရေးကိ ၀င်ရောက်စွက်ဖက်ရာရောက်ကြောင်း ဦးအောင်ကျော်ဇံက ပြောကြားသည်။
“ ရခိုင်ဒေသရဲ့ သမိုင်းကြောင်း၊ ပကတိ အခြေအနေကို ထဲထဲဝင်ဝင် နားမလည်ဘဲနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကတစ်ဆင့် သတင်းအလွဲအမှားများကိုသာ သိရှိပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပယောဂ ၀င်ပူးကပ်နေသူများ ဦးဆောင်တဲ့ ကော်မရှင်ဟာ ပြည်တွင်း ပြဿနာကို နိုင်ငံတကာ ပြဿနာ အဖြစ် ဖန်တီးခွင့်ရရှိသွားမှာဖြစ်တဲ့ အတွက် နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာနိုင်ပါတယ်လို့ ရှုမြင်သုံးသပ်ပါတယ်” ဟု ဦးအောင်ကျော်ဇံက မီဒီယာများသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၏ အရေးသည် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ရေးနှင့် ပတ်သက်ပြီး အလွန်ထိလွယ် ရှလွယ် အနေအထားတွင် ရှိသဖြင့် တိုင်းတစ်ပါးသားများ၏ အကြံအဥာဏ်ကို ရယူခြင်းထက် ညီနောင်တိုင်းရင်းသားများ အနေဖြင့်သာ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ပြဿနာကို ဖြေရှင်းသင့်ကြောင်း ဦးအောင်ကျော်ဇံက လွှတ်တော်တွင် တိုက်တွန်းသွားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment