Saturday, September 3, 2016

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပ စဉ် ကချင် ဒေသသို့ စစ်အင်အား တိုးချဲ့

Kachinnews


နေပြည်တော်တွင် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပ နေစဉ်မှာ မြန်မာ အစိုးရတပ် က အခွင့်ကောင်းယူပြီး နိုင်ငံ မြောက်ပိုင်း ကချင် ဒေသ သို့ စစ်အင်အား အများအပြား တိုးချဲ့ ချထားနေပါသည်။

ယနေ့ ညီလာခံ ဒုတိယနေ့မှာပဲ စစ်သား၊ စစ်လက်နက်နှင့် ရိက္ခာ အပြည့် တင်ဆောင်ထားသော တပ်မတော် ယာဉ်တန်း လီဒို လမ်းမအတိုင်း မြစ်ကြီးနားမှ ဟူးကောင်းချိုင့်ဝှမ်း ဘက်သို့ တက်သွားသည်ဟု မျက်မြင် သက်သေများ ဆိုပါသည်။

ယခု သတင်းပေါ် လိုင်ဇာ ဗဟိုဌာနချုပ်မှ ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ ကလည်း ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောပါသည်။

KIO ခေါင်းဆောင်များ နေပြည်တော်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်နေစဉ် နှစ်ဖက် တိုက်ပွဲများ ခေတ္တရပ်နေခြင်းကို တပ်မတော် ဘက်က အခွင့်ကောင်းယူပြီး ကချင် ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂) နယ်မြေသို့ ယခုလို စစ်အင်အားများ တိုးချဲ့ ချထားလာခြင်း ဖြစ်သည်။

တချိန်ထဲမှာ ကချင် ပြည်နယ် အရှေ့ဘက် လိုင်ဇာ KIO ဗဟိုဌာနချုပ် နယ်မြေဘက် မှာလည်း အစိုးရတပ် အင်အား တိုးချဲ့ ချထားနေဆဲ ဖြစ်ကြောင်း ကချင် သတင်း ဌာန KNG မှ လေ့လာ သိရသည်။

ငါး ရက်ကြာ ၂၁ ရာစု ပင်လုံ ညီလာခံ မှ KIO ကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်လာပြီးနောက် ကချင် ပြည်နယ် တွင် အစိုးရတပ်နှင့် KIA ကြား ပြင်းထန်သည့် တိုက်ပွဲ ဖြစ်လာနိုင်ကြောင်းကို ကချင် ပြည်သူများ စိုးရိမ်နေကြ ပါသည်။

ယမန်နေ့ ညီလာခံ ဖွင့်ပွဲတွင် မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရာ၌ KIO နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ‘မူလ ၁၉၄၇ ပင်လုံ စာချုပ်’ ကို အခြေခံရမည်ဟု အလေးအနက်ထား ပြောစဉ် အစိုးရနှင့် တပ်မတော် ဘက်က ‘NCA အပစ်ရပ် စာချုပ်’ ကို အခြေခံရမည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

ယခုလို သဘောထား ကွဲလွဲနေစဉ် အစိုးရတပ်များ ကချင် ရှေ့တန်းမှ နောက်ဆုတ်ခြင်း မရှိဘဲ ဆက်လက် အင်အား တိုးချဲ့နေဆဲ အနေအထားကြောင့် KIA နှင့် ဆက်လက် တိုက်ပွဲများ ဖြစ်လာမည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူ ပြောပါသည်။

No comments: