Monday, September 19, 2016

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဖွဲ့စည်း

ထွန်းထွန်း


အမျိုးသားပညာရပ်ဆိုင်ရာ မူဝါဒများရေးဆွဲချမှတ်မည့် “အမျိုးသားပညာရေးမူဝါဒ ကော်မရှင်”ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုဖွဲ့စည်းလိုက်သည်။
ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း တင်သွင်းသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ (၂၀၁၅) အခန်း ၄၊ ပုဒ်မ-၅(က)အရ ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သည့် ကော်မရှင် အဖွဲ့ဝင်အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များမှာ ဒေါက်တာမျိုးမြင့် ဒုဝန်ကြီး(ငြိမ်း) ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာမေလှငယ် ဒုဝန်ကြီး(ငြိမ်း) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒေါက်တာမြဦး ညွန်ကြားရေးမှူးချုပ်(ငြိမ်း) အဆင့်ပညာ ဦးစီးဌာန၊ ဦးထွန်းအောင်ချိန် ပါမောက္ခ(ငြိမ်း) သမိုင်းဌာန ရန်ကုန်တက္ကသိုလ်၊ ဒေါက်တာ ခိုင်မြဲ ညွန်ကြား ရေးမှူးချုပ် မြန်မာနိုင်ငံပညာရေးသုတေသနဌာန၊ ဒေါက်တာနေဝင်းဦး ဒုညွန်ကြားရေးမှူးချုပ် အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ ဦးထွန်းလှ ဒုညွန်ချုပ်(ငြိမ်း)၊ ဒေါ်ခင်သန်းနွယ် လက်ထောက်ညွန်ကြားရေးမှုး၊ သင်ရိုး(ငြိမ်း)၊ ဒေါက်တာမျိုးဝင်း ပါမောက္ခချုပ်(ငြိမ်း)၊ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊ ဦးသန်းလွင် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ရတနာပုံတက္ကသိုလ်၊ ဒေါက်တာသက်လွင် ပါမောက္ခဌာနမှူး (ငြိမ်း)၊ဒေါက်တာ ညွန့်ဝင်း ဒုညွန်ကြားရေးမှူး၊ ရောဂါရှာဖွေထိန်းချုပ်ရေးဌာန၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးထွန်းနိုင် ရုံးအဖွဲ့မှူး မော်လမြိုင်တရားမျှတမှု စင်တာ၊ ဦးဝင်းမော်ထွန်း ဒုဝန်းကြီး ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာ မြင့်သောင်း ပါမောက္ခချုပ်(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဒေါက်တာဝင်းအောင် ယူနီဆက်ပညာ ရေးစီမံကိန်းအရာရှိ(ငြိမ်း)၊ ဦးမြကျော် ကျောင်းအုပ်ကြီး(ငြိမ်း)၊ ဦးစောမောင် ညွန်မှူး(ငြိမ်း)၊ ဒေါက်တာ သိန်းလွင် ပါမောက္ခချုပ်(ငြိမ်း)၊ ဦးသက်မောင် ဦးစီးအရာရှိ(ငြိမ်း)၊ ဒေါက်တာခင်မာရီ ပါမောက္ခဌာနမှူး ဥပဒေပညာဌာန ရန်ကုန်တက္ကသိုလ် တို့ဖြစ်ကြသည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အနေဖြင့် ပညာရပ်ဆိုင်ရာမူဝါဒများချမှတ်ခြင်း၊ ကော်မတီများ ဖွဲ့စည်း ခြင်း၊ မူဝါဒများ အကောင် အထည်ဖော်မှုအပေါ် အကဲဖြတ်သုံးသပ်ခြင်း၊ ပညာရပ်ဆိုင်ရာ စံချိန်စံနှုန်းများ သတ်မှတ်ခြင်း၊ အစိုးရနှင့် နိုင်ငံတကာမှ ငွေကြေးထောက်ပံ့မှုရယူရန်ဆုံးဖြတ်ခြင်းနှင့် ကျောင်းများ ဖွင့်လှစ်၊ ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒချမှတ်ခြင်းစသည်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို အနည်းဆုံး ၆ လ တကြိမ် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးဝင်မော်ထွန်းက လွှတ်တော်တွင်ပြောကြားသွားသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရပ်ဆိုင်ရာအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုစိုးထွန်းက “ဗဟိုချုပ်ကိုင်မှုများတဲ့ ပညာရေးစနစ်ကနေ ဖက်ဒရယ်ကျတဲ့ ပညာရေးစနစ်ကို ပြောင်းသင့်ပါပြီ၊ ကော်မရှင်မှာ အစိုးရနဲ့ဆက်နွယ်မှုမရှိတဲ့ အရပ်သားပညာရှင်တွေ ပါဖို့လိုတယ်၊ အရပ်ဖက် အဖွဲ့တွေရဲ့ အသံကိုလည်း နားထောင်ဖို့လိုတယ်၊ အခုကော်မရှင်ဟာ မရှိတာနဲ့စာရင် ရှိတာကတော့ကောင်း ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

No comments: