နန်းမြနဒီ
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသားတဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တောင်ပိုင်းတရားရုံးက ဒီကနေ့မနက်မှာ ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) နဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ (MWRN) တို့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အန်ဒီဟောလ်ဟာ ထိုင်းတောင်ပိုင်း ပရကျူတ်ခီရီခန်မြို့နယ်ရှိ Natural Fruit Co. Ltd သစ်သီးစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိကြောင်း သူ့ရဲ့ သုတေသနစာတမ်းမှာ ထည့်သွင်းဖော်ပြခဲ့သလို သတင်းဌာနတွေကိုလည်း အင်တာဗျူးပေးခဲ့တဲ့အတွက် အဆိုပါ သစ်သီးစက်ရုံက သူ့ကို အသရေဖျက်မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီနေ့မနက် ဆယ်နာရီလောက်မှာ တရားသူကြီးက သူ့ကို ထောင်ဒဏ် ၄ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်း ချမှတ်ပေမယ့် သူဟာ လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းခွဲ ပြန်ဖြေလျော့ပေးခဲ့တယ်လို့ တရားရုံးမှာ သူ့ကိုလိုက်ပြီး အားပေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ကိုစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
“တရားသူကြီးက တရားစွဲတဲ့ဘက်က၊ အလုပ်ရှင်ဘက်က ထွက်ချက်တွေကိုပဲ အဓိကထားပြီး ဆုံးဖြတ်သွားတယ်။ အလုပ်သမားတွေရဲ့ ထွက်ချက်ကိုကျတော့ မူတည်စဉ်းစားတာ မတွေ့ရဘူး။ အန်ဒီဟောလ်မှာ အပြစ်ရှိတယ်ဆိုပြီးတော့မှ ထောင်ဒဏ်က ၄ နှစ်၊ ဒဏ်ငွေက ၂ သိန်း ချမှတ်လိုက်တယ်။ ဒါပေမယ့် အန်ဒီဟောလ်က လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်တဲ့အတွက် အရင်တုန်းကလည်း ပြစ်မှုကျူးလွန်တာမရှိဘူး ဆိုတဲ့အတွက် ထောင်ဒဏ်ကို ဆိုင်းငံ့ ၃ နှစ် လျှော့ပေးတယ်။ ငွေဒဏ်က ၁ သိန်းခွဲ အခုချက်ချင်း ပေးဆောင်စေ၊ အဲလိုမျိုးချမှတ်တယ်။ အခု အဲဒီဒဏ်ငွေဆောင်ဖို့ ရှေ့နေတွေနဲ့ လုပ်နေတယ်။”
Natural Fruit Co. Ltd သစ်သီးစက်ရုံက သူ့ကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလက စတင်တရားစွဲခဲ့တာဖြစ်ပြီး ဘတ်ငွေ သန်း ၃၀၀ အလျော်တောင်းခဲ့ပါတယ်။
အန်ဒီဟောလ်ကို တရားရုံးမှာ အကြိမ်ကြိမ်စစ်ဆေးပြီးတဲ့နောက် ဒီနေ့မှာတော့ အပြီးသတ် စီရင်ချက် ချမှတ်လိုက်တာပါ။
ဒါပေမယ့် အန်ဒီဟောလ်နဲ့ သူ့ရှေ့နေဘက်ကတော့ ပြစ်ဒဏ်တွေဖယ်ရှားပေးဖို့ အထက်တရားရုံးကို ဆက်လက် အယူခံတက်သွားမယ်လို့ ကိုစိန်ဌေးက ပြောပါတယ်။
ဒီကနေ့ တရားစီရင်ခံခန်းမှာ ဥရောပသံရုံး၊ ဖင်လန်နိုင်ငံသံရုံးက ပုဂ္ဂိုလ်တွေရော ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၀ ကျော်လောက်ကပါ မစ္စတာအန်ဒီဟောလ်ကို သွားရောက် အားပေးခဲ့ကြပါတယ်။
No comments:
Post a Comment