Wednesday, September 14, 2016

စစ်တွေမှ ကျောက်ဖြူထိ ချီတက်ပြီး ရခိုင်သယံဇာတ ခွဲဝေ အကျိုးခံစားခွင့် ရရှိရေး လူထု လူပ်ရှားမှု ပြုလုပ်မည်

ရွှေရအောင် (တောင်ကုတ်)


လာမည့် နိုဝင်ဘာလ အတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှ ကျောက်ဖြူထိ လူထု ချီတက်ပွဲလုပ်ကာ ရခိုင်သဘာဝ သယံဇာတ ပစ္စည်း ခွဲဝေ အကျိုးခံစားခွင့် ရရှိရေး အတွက် တောင်းဆိုသွားမည်ဟု ရခိုင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ တာဝန်ရှိသူများက ပြောကြားသည်။

ယနေ့ နံနက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇန ဟိုတည်တွင် ပြုလုပ်သော ရခိုင့်သယံဇာတနှင့် မြေယာ ခွဲဝေ ပိုင်ဆိုင်ခွင့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ လက်မှတ်သုံးသိန်း စုဆောင်းကောက်ခံရရှိထားပါတယ်။ ဒီလက်မှတ်တွေနဲ့ အတူ သဘာဝ သယံဇာ ခွဲဝေ သုံးစွဲခွင့်ရရေး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ထိ တင်ပြသွားမှာပါ။ ဒါ့ပြင် လာမယ့် နိုဝင်ဘာလမှာ စစ်တွေကနေ ကျောက်ဖြူထိ လူထု ချီတက်ပွဲ တစ်ခု ပြုလုပ်ပြီး တောင်းဆိုသွားမယ့် အစီအစဉ်တစ်ခုလည်း ရှိနေပါတယ်” ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ကိုဇေယျာကျော်က ပြောသည်။

ယုဇန ဟိုတည်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲသို့ ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ကိုဇေယျာကျော်နှင့် ကိုထွန်းကြည်၊ ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောတို့ တက်ရောက်ပြီး ရှင်းလင်းခဲ့သည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်း ပြုလုပ်နေသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းကြီးများမှာ သဘာဝ သယံဇာတ ကျိန်စာ သင့်မှုဖြစ်နေပြီး ဒေသခံပြည်သူများအတွက် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိသောကြောင့် သဘာဝ သယံဇာတကို ခွဲဝေ သုံးစွဲနိုင်ခွင့် ရရှိမည့် ဖက်ဒရယ် စနစ် မဖြစ်ပေါ်မီ သဘာဝ သယံဇာတ တူးဖော်မှုကို ရပ်ဆိုင်းထားသင့်ကြောင့် ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးထွန်းကြည်မှ နိရဉ္ဇရာသို့ပြောသည်။

ရခိုင့်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ ကျွန်မတို့က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ ၂၀၁၈ ဖွဲ့စည်းပုံကိုပြင်ဖို့လိုတယ်။ ၂၀၀၈ ကိုပြင်ဖို့ အတွက် ပြည်သူတွေရဲ့အင်အားလည်း လိုအပ်ပါတယ်။ ဒါတွေမပြင်နိုင်သေးခင် လက်ရှိ လေးငါးနှစ်ဝန်း ကျင်ကိုရောက်နေတဲ့ နှစ် ၃၀ စီမံကိန်းတွေ ရပ်ဆိုင်းဖို့၊ မရပ်ဆိုင်းရင်တောင်မှ ပြည်သူတွေလိုအပ်တဲ့ မူလပိုင်ရှင်တွေသဘောနဲ့ ညှိနှိုင်းတိုင်ပင်လုပ်ဆောင် ရွက်ဖို့လိုပါတယ်” ဟု ပြောသည်။

No comments: