အောင်ကိုဦး
စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်း ဗုံး ပေါက်ကွဲပြီး နောက်ပိုင်းတွင် ရေမဆေးကျောက်ရှာဖွေသူများမှာ ဆက်လက်ပေါက်ကွဲမှုများဖြစ်ပေါ်မည်ကို စိုးရိမ်လျှက်ရှိသည်ဟု ရေ မဆေးကျောက် ရှာဖွေနေသူတစ်ချို့ကဆိုသည်။
ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျောက်တူးဖော်နေသည့် ကုမ္ပများနှင့် ရေမဆေးကျောက်ရှာဖွေသူများကြားတွင် တင်းမားမှုများဖြစ်ပေါ်လျှက်ရှိသည်ဟုလည်း ရေမဆေးကျောက်ရှာဖွေနေသူ ကိုသန့်စင်ထွန်းက ဆိုသည်။
"ကျွန်တော်တို့ အထင်တော့ ကုမ္ပဏီဘက်က လုပ်တယ်လို့မြင်တယ်။ ကျွန်တော်တို့ ရေမဆေးကျောက်ရှာတဲ့ သူတွေ မ လာအောင် လုပ်တယ်လို့မြင်တယ်။ ကျွန်တော်တို့ ဘဝတူအချင်းချင်းကတော့ မလုပ်ဘူး။ ယမ်းဆိုတာလည်း ကျွန်တော် တို့ ရေမဆေးသမားတွေမှာ မရှိဘူး။ အားလုံးကတော့ ထပ်ဖြစ်မှာ စိုးရိမ်တယ်။ ဒါပေမယ့် ဆက်လုပ်နေရတာပါပဲ" ဟု ၎င်းက ပြောသည်။
ရေမဆေးကျောက်ရှာဖွေနေသူ ဦးနိုင်မင်းထွန်းက "လူမဆန်တဲ့လုပ်ရပ်ပါ။ အားလုံးသွားနေတဲ့လမ်းပေါ်ကိုလုပ်တယ်။ ဒီ လမ်းကလည်း ရေမဆေးသမားတွေအများဆုံး အသုံးပြုတဲ့လမ်းပါ။ နောက်ဘယ် အချိန်ထပ်ဖြစ်မယ်ဆိုတာမသိပါဘူး။ ထပ်ဖြစ်နိုင်ပါတယ်။ အားလုံးသတိထားပြီးလုပ်နေရတယ်"ဟု ပြောသည်။
ကျောက်တူးဖော်နေသည့် ကုမ္ပဏီများဘက်ကလည်း တားမြစ်နေသည့် ကျောက်မျက်ဧရိယာအတွင်း ရေမဆေး ကျောက် ရှာဖွေသူများက ဝင်ရောက်ရှာဖွေတူးဖော်နေသည်ဟုဆိုကာ စက်တင်ဘာ ၇ ရက်က အသိပေး ကြေညာ ချက် တစ်ခုကို ကြေးမုံသတင်းစာတွင် ထည့်သွင်းအသိပေးခဲ့သည်။
ထိုအသိပေး ကြေညာချက်ထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးခရိုင်၊ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ နိုင်ငံတော်အား ကျသင့် အခွန်များပေးဆောင်ကာ တရားဝင်တူးဖော်ခွင့်ရရှိထားသည့် ခိုင်နန်းရွှေ ၊အောင်ထီးဖြူ၊ ဇဗ္ဗူသီရိ၊ ထက်ရည်လင်း၊ မြောက်ကျွန်းသူမမ၊ မင်းထက်ဦးနှင့် လင်းအင်အား ကုမ္ပဏီတို့မှ အောက်ပါအတိုင်း ကြေညာခဲ့သည်။
ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အဆိုပါ ကုမ္ပဏီကြီးများသည် သတ္တုတွင်းဝန်ကြီးဌာနမှ ကျောက်စိမ်းတူးဖော် ထုတ်လုပ်ခွင့် ခွင့်ပြုမိန့်ကို သက်တမ်းအပြည့် ရရှိထားသည့် ကုမ္ပဏီများဖြစ်ပြီး ကျောက် စိမ်းရိုင်းပါဝင်သည့် ကျောက်ကြော မြေစာပုံ များကို ခွင့်ပြုထားသည့် သတ်မှတ်ဧရိယာ အတွင်းတွင် စုပုံထားရှိကြောင်းနှင့် အဆိုပါ မြေစာပုံများတွင် တရားမဝင် ကျူးးကျော်ဝင်ရောက်ကာ ရေမဆေး ကျောက်ရှာဖွေ နေသူများ အားလုံး ကြော်ငြာပါသည့်ရက်မှ ၇ ရက်အတွင်း ရပ်တန်းမှ ရပ်ပြီး ထွက်ခွာသွားရန် တားမြစ်ကြောင်း ဖော်ပြပါရှီသည်။
"သူတို့ရှာတာက ကျွန်တော်မြေစာပုံတွေကို ရှာနေတာပါ။ ဒါတွေက စွန့်ပစ်မြေ မဟုတ်ပါဘူး။ ကျွန်တော်ဘာမှ မရှာရသေးတဲ့ မြေစာပါ။ သူတို့ရှာပြီးမှ ကျွန်တော်တို့က ရှာနေရသလို ဖြစ်နေတယ်။ အဲဒီလိုကျ အဆင်မပြေဘူး။ မြေစာပုံတဲ့ ဧရိယာ ကို သွပ်နဲ့ ကာထားတယ်။ ကာထားတဲ့ဟာတွေကို ဖျက်စီးပြီးဝင်လုပ်ကြတယ်။ မလုပ်ဖို့တားလည်းမရဘူး။ သူတို့က အင်အား များတယ်။ ဒီလိုဖြစ်နေတာကို တိုင်းအစိုးရအဖွဲ့ကို တင်ပြတော့လည်း ဘာမှလုပ်ပေးတာမရှိဘူး ။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြဿနာဖြစ်မှာ စိုးရိမ်တယ်။ ဗုံးပေါက်တာနဲ့ ပတ်သက်လို့ကတော့ မပြောတတ်ဘူး။ အခု ဒီမှာ ဖြစ်နေ တာနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာအဖွဲ့က ဖြေရှင်းပေးရင် ကောင်းပါတယ်" ဟု ပြောသည်။
အဆိုပါဒေသတွင် လက်လုပ်ဗုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ အကြောင်းတစ်စုံတစ်ရာ မထူးခြားသေးကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
No comments:
Post a Comment