Wednesday, September 21, 2016

ပုဏ္ဏားကျွန်းတွင် လူ ၄ ဦးကို တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ ဖမ်းမိ

စံမောင်သန်း၊ ရန်ကုန်


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ လူ ၄ ဦးကို တစ်သောင်း ကျပ်တန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးခံရသူများမှာ ကိုဘစော(ခ) ကိုစောမောင် (၂၈) နှစ်၊ ဦးသိန်းမောင်အေး (၄၆) နှစ်၊ ဦးထွန်းထွန်း (ခ) ဦးခိုင်ထွန်းကျော် (၃၀) နှစ်နှင့် ကိုအောင်ရွှေသိန်း (၂၆) နှစ် တို့ဖြစ်ပြီး ကျောက်ဆိပ်ကျေးရွာမှ ဖြစ်သည်ဟု ပိုးရွှီပြင်ရဲစခန်းတွင် ထွက်ဆိုထားကြောင်း ပိုးရွှီပြင်ကျေးရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“သူတို့ ၄ ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းမိတာပါ။ ငွေအတုရော အစစ်ရော ပေါင်းလိုက်ရင် ကျပ်သိန်း ၃၀ ကျော်ဖို့လောက်ရှိပါတယ်။ ၁ သောင်းကျပ်တန် အတုက ၂၆၈ ရွက်၊ ၅ ထောင်ကျပ်တန် အစစ်က ၈၅ ရွက်နဲ့ ၁ ထောင်ကျပ်တန် အစစ်က ၅၇၆ ရွက်ဖြစ်ပါတယ်။ သူတို့ကို ပိုးရွှီပြင်ရဲစခန်းမှာ စစ်ချက်ယူပြီးတော့ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းကို မနေ့ညနေကတည်းက ပို့လိုက်ပါပြီ”ဟု ပိုးရွှီပြင်ကျေးရွာတွင် ကျူရှင်ပြနေသည့် ဆရာဦးမောင်မြင့်လင်းက ပြောသည်။

ပုဏ္ဍားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ဖမ်းဆီးမှုမှာ ဟုတ်မှန်ကြောင်း၊ လက်ရှိ အချိန်တွင် စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောကြားနိုင်သေးကြောင်း နိရဉ္စရာက ဆက်သွယ်စဉ် ပြောကြားသည်။

ဖမ်းဆီးခံရသူများသည် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှ စတင်ပြီး အဆိုပါ ငွေစက္ကူအတုများကို တစ်ဆိုင်ပြီး တစ်ဆိုင် အနည်းငယ်စီ ခွဲဝေ၍ အသုံးပြု ဈေးဝယ်ခဲ့ကြကြောင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း ထပ်မံ၍ အသုံးပြု ဈေးဝယ်ကြရာ ကျေးရွာသားများက မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လူ ၄ ဦးကို ပေါက်တောပြင် နှင့် စေတီပြင်ကျေးရွာအကြား ခနောင်းကြီးကျေးရွာအနီးတွင် ပိုးရွှီပြင်ရဲနှင့် ၃၄၄ တပ်ရင်းတို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆရာ ဦးမောင်မြင့်လင်းက ထပ်လောင်းပြောကြားသည်။

၎င်း ၄ ဦးသည် ယင်းငွေစက္ကူအတုများကို ပိုးရွှီပြင်ကျေးရွာအပြင် ဂန့်ဂါကျေးရွာ၌လည်း အသုံးပြုခဲ့သေးသည်ဟု လေ့လာသိရှိရသည်။

No comments: