Friday, September 2, 2016

၂၁ ရာစု ပင်လုံ ညီလာခံ ကို မူလ စာချုပ် ပေါ် အခြေခံ ရန် တိုင်းရင်းသားများ ပြော

Kachinnews


မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် မူလ ပင်လုံ စာချုပ်ပေါ် အခြေခံ၍ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ” ကို ကျင်းပသွားရန် အရေးကြီးကြောင်း ပြည်ထောင်စု ပူးပေါင်း ထူထောင်သော တိုင်းရင်းသားများဘက်မှ ပြောပါသည်။

နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ယနေ့ နံနက်ပိုင်း ဖွင့်ပွဲ ကျင်းပစဉ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒု ဥက္ကဌ နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ ယခုလိုပြောသည်။

“ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အခု စတင်ကျင်းပပြုလုပ်တဲ့ ညီလာခံကနေ ရှေ့ဆက်ညီလာခံတွေမှာ ပင်လုံစိတ်ဓါတ်၊ ကတိကဝတ်နဲ့ သဘောတူညီချက်တွေကို ယုတ်လျော့ပျက်ပြယ် တိမ်းစောင်းမှေးမှိန်စေခြင်း အလျဉ်းမရှိစေဘဲ အထူးသတိချပ်ပြီး ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ချက် ချမှတ် အကောင်ထည် ဖော်ဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါမယ်။”

ဗမာ ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်ကြီးများက တောင်တန်း ပြည်မ ပူးပေါင်းသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု မြန်မာ နိုင်ငံတော်သစ် ကို မွေးဖွားပေးခဲ့သည်။

သို့သော်လည်း ၂၁ ရာစု ပင်လုံ ညီလာခံကို ဦးဆောင်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ နှစ်ဦး၏ မိန့်ခွန်းတွင် ‘တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ကို အခြေခံ၍ ညီလာခံ ရှေ့ဆက် ကျင်းပသွားရန် ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် က “NCA ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်” ဟုပြောသည်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က လည်း “အခု ပြန်လည် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ နဲ့ ဆက်လက်ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဒီ NCA ကိုပဲ အခြေခံ မူ အဖြစ် ဆက်လက် ထားရှိ ဆောင်ရွက်သွားဖို့ လိုပါကြောင်း” ပြော သည်။

KIO အပါအဝင် UNFC အဖွဲ့ဝင် ၉ ဖွဲ့သည် NCA စာချုပ်ကို လက်မှတ် ရေးထိုးခြင်း မရှိပါ။

NCA ကို လက်မခံရခြင်းနှင့် ပတ်သက်ပြီး UNFC မှ ဗဟိုအလုပ်မှုဆောင် CEC နှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး DPN အဖွဲ့ဝင် ဒူဝါ ဘောမ်ဝမ် လရော်က ယခုလို ပြောသည်။

“ဒီ NCA မှာက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိကျတဲ့ ကတိမပါဘူး။ ပြီးတော့ ရှေ့တန်းရောက်နေတဲ့ အစိုးရတပ်မတော် ဘယ်လို နောက်ဆုတ် မယ်ဆိုတာလည်း မပါဘူး အဲလို အခြေနေတွေကြောင့် ကျနော်တို့ လက်မှတ်မထိုးတာဖြစ်တယ်”

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းတည်ဆောက်ရေးအတွက် UNFC သည် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့နှင့် အကြိမ်ကြိမ် တင်ပြ ဆွေးနွေး ခဲ့သည်။ သို့သော်လည်း အစိုးရဘက်က လက်မခံသည့် အတွက် ယခုလို UNFC အဖွဲ့ဝင်များ ညီလာခံ တက်ရောက်ခြင်းကို ဒူဝါဘောမ်ဝမ် လရော်မှ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

ယခင် ၁၉၄၇ ပင်လုံ စာချုပ်အရ ထူထောင်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုသည် “စုဖွဲ့ပြီး အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့” ဖြစ်သလို ယခု ပြောနေသည့် ဖက်ဒရယ် ပြည်ထောင်စု သည်လည်း “ခွဲထွက်ရေး” မဟုတ်ကြောင်းကို UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အလေးနက်ထား ပြောသွားပါသည်။

No comments: