Friday, September 9, 2016

ကော့ကရိတ်မြို့ မီးသတ်စခန်းဝင်းအတွင်း ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲ

စဖန်းရှောင်း


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်၊ မြို့မဈေးကြီးအနီးတွင်ရှိသည့် မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းဝင်းအတွင်းတွင် စက်တင်ဘာ ၄ ရက်နေ့၊ ည ၁၂ နာရီကျော်၌ ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုတွင် လူထိခိုက်မှုမရှိဘဲ မီးသတ်ကားနှစ်စီးသာ အနည်းငယ် ထိမှန်ပျက်စီးသွားပြီး လက်ရှိ ဗုံးထောင်သူ ကာယကံရှင် မည်သူဖြစ်သည်ကို စုံစမ်းစိစစ်နေဆဲဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး နေမိုးက “ကော့ကရိတ်မြို့ဝင် မြို့ထွက်တွေကို ကြပ်မတ်စစ်ဆေးနေတယ်။ တရားခံကိုတော့ စုံစမ်းစိစစ်ဆဲဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ပေါက်ကွဲသော ဗုံးအမျိုးအစားမှာ လက်လုပ်မိုင်း အမျိုးအစားဖြစ်ပြီး ၆၀ မမ ဗုံးသီးအား ဒလက်ဖြုတ်ကာ ချိန်ကိုက်မိုင်းပုံစံ ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူ ကိုမင်းက “ညကတော့ မိုင်းကွဲတယ်။ အခုမနက်တော့ ပုံမှန်ပါဘဲ။ လူထုကတော့ တိုက်ပွဲဖြစ်မယ်၊ ဗုံးပေါက်တယ်ဆိုတာတော့ စိုးရိမ်တာတော့ ရှိတာပေါ့။ သတိတော့ ထားနေရမှာပေါ့။ ကျောင်းတွေ ကလေးတွေအတွက်တော့ စောင့်ကြည့်ရမယ်”ဟု ပြောသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိုင်းအန္တရာယ် အသိပေး လုံခြုံရေး အစီအစဉ်များ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး မြို့နေ လူထုများအနေဖြင့် လုံခြုံရေး သတိရှိကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် မင်္သကာ စရာတွေ့ရှိပါက ရဲတပ်ဖွဲ့နှင့် နီးစပ်ရာ တာဝန်ရှိသူများထံ ဆက်သွယ်အသိပေးစေလိုကြောင်း ကော့ကရိတ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ယခုနှစ်အတွင်း ကော့ကရိတ်မြို့တွင်း ဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ပထမဆုံးဖြစ်ပေါက်ကွဲမှု ဖြစ်ပြီး ယခင်လ သြဂုတ် ၂၄ရက်နေ့ကလည်း ဖားအံမြို့နယ် ဖားအံ-လှိုင်းဘွဲ ကားလမ်းမ နံဘေး မိုင်တိုင် အမှတ် ၉ ဒဿမ ၆ ကီလိုမီတာအနီး ညောင်ပင်အောက်တွင် အသေးစား ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

No comments: