ထက်နိုင်ဇော်
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဦးစီး ဌာန တို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ လွှဲပြောင်း ပေးလိုက်ပါတယ်။
အဲဒီလို လွှဲပြောင်းတဲ့ အမိန့် ကြေညာချက်တခုကို ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေရဲ့ လက်မှတ်နဲ့ သြဂုတ်လထဲမှာ ထုတ်ပြန်ခဲ့တာပါ။
ဒီလို ထုတ်ပြန်ရတာဟာ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတာ(Decentralization) ကို ပိုမို သိသာစေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီလွှဲပြောင်းပေးမှုတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက တရားဝင် ပြုလုပ်ခဲ့ပြီးသား ဖြစ်တယ်လို့လည်း သမ္မတရုံး ၀န်ကြီးဌာန ဒု ညွှန်ချုပ် ဦးဇော်ဌေးက ရှင်းပြပါတယ်။
“ဒီကိစ္စက အခုမှ မဟုတ်ဘူး။ ဦးသိန်းစိန် လက်ထက်ကတည်းက Decentralize လုပ်ထားပြီးသားပါ”လို့ သူက ပြောဆိုပါတယ်။
အခု ပြည်ထဲရေး ၀န်ကြီးဌာနက အထက်ပါ ဌာန ၃ ခုရဲ့ စီမံအုပ်ချုပ်ခွင့်ကို ဖြေလျှော့ လိုက်ပေမယ့် မူဝါဒ၊ အပြောင်း အရွှေ့နဲ့ ရာထူးတိုး ကိစ္စတွေကိုတော့ ပြည်ထဲရေးဌာနကပဲ ဆက်လက် ကိုင်တွယ်နေကြောင်း၊ ဒါ့အပြင် ရဲတပ်ဖွဲ့မှာ ရှိတဲ့ ကွပ်ကဲရေး ရဲတပ်ရင်း၊ သတင်းတပ်ဖွဲ့(SB)နဲ့ အကျဉ်းဦးစီးဌာန ကိုလည်း ပြည်ထဲရေးရဲ့ စီမံမှုအောက်မှာပဲ ဆက်လက် ထားရှိတယ်လို့ သိရပါတယ်။
“စ သုံးလုံးကျတော့ ပြည်ထဲရေး အောက်မှာ ရှိပေမယ့် သမ္မတရုံးက တာဝန်ပေးအပ်တာ။ သူက အဂတိလိုက်စားမှု စစ်ဆေးတာတွေ စလုပ်နေပြီ။ ဒါတွေ စစ်ပေးပါလို့ သမ္မတရုံးက ညွှန်ကြားရင် သူတို့ စစ်ပေးတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့လက်အောက်ကို လွှဲပြောင်း ပေးခဲ့တာလို့လည်း ဆိုပါတယ်။
အခုလို လွှဲပြောင်း ရရှိလာတဲ့ ဌာနတွေကို ဦးသိန်းစိန် အစိုးရ လက်ထက်က ၀န်ကြီးချုပ်တွေထဲက တချို့ဟာ သူတို့ ကိုယ်တိုင် တိုက်ရိုက် အုပ်ချုပ်ပေမယ့် အများစုကတော့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီးဌာနအောက်ကို ပို့လိုက်ကြ ပါတယ်။
ဒါပေမယ့် အစိုးရသစ်လက်ထက် ၀န်ကြီးချုပ်အသစ် ဖြစ်လာသူတွေဟာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ ကို တိုက်ရိုက် အမိန့်ပေး နိုင်တာကို မသိပါဘူး။
အဲဒီလို မသိတဲ့အတွက် ပြည်ထဲရေး ၀န်ကြီးဌာနကနေတဆင့် ဆောင်ရွက်နိုင်ဖို့ တင်ပြတောင်းခံလာတာတွေ ရှိလို့ ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး အခုလို အမိန့်ညွှန်ကြားချက် အသစ်တခုကို ထပ်ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ သမ္မတရုံးက သိရပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားလာတဲ့ အဓိကရုဏ်းတွေ ဆန္ဒပြမှုတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် တွေက တိုက်ရိုက် ကွပ်ကဲနိုင်မှာဖြစ်ပြီး သူတို့ကိုပေးထားတဲ့ အင်အားနဲ့ မလုံလောက်ရင်တော့ ပြည်ထဲရေး လက်အောက် မှာ ရှိတဲ့ ရဲတပ်ရင်းတွေကို အကူအညီ တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
“တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေက အထွေထွေ အုပ်ချုပ်ရေးရယ်၊ သူ့ ရဲတပ်ဖွဲ့ရယ်ကို သူသုံးမှ ရမှာ။ သူ အမိန့်ပေး ခိုင်းလို့ ရှိရင် လုပ်မှ ရမှာ။ မလုပ်ဘူးဆိုရင် အလုပ်မဖြစ်ဘူးလေ။ ထွေအုပ်နဲ့ ရဲက ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အမိန့်ကို စောင့်နေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အောက်ခြေနဲ့ ကွာဟတာတွေ ဖြစ်နိုင်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။
ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတာ ဖြစ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ တွေရဲ့ အောက်ကို ရောက်ရှိလာတဲ့ ဒီဌာနတွေဟာ တကယ်ပဲ ပြည်သူ လူထုအတွက် အလုပ်လုပ် ပေးနိုင်တဲ့ ဌာနတွေ ဖြစ်မလားဆိုတာ အများပြည်သူက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြကြောင်း၊ ဒါပေမယ့် သိသာတဲ့ အပြောင်း အလဲတွေ မရှိခဲ့ကြောင်း ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုပါတယ်။
“ဘယ်ပြောင်းမလဲ အရင် စစ်တပ်က ၀န်ကြီး အုပ်ချုပ်တဲ့ ပြည်ထဲရေးအောက်က ဌာနတွေက တိုင်းနဲ့ ပြည်နယ်ကို ရောက်တော့ စစ်တပ်ကပဲ လာတဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီးအောက်ကို ရောက်သွားတာလေ။ အဲဒီ ၀န်ကြီးက တပ်မတော် က ယူထားတဲ့ ပို့စ်ဖြစ်နေတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာကလည်း တပ်မတော်ရဲ့ လက်အောက်ခံ ဆိုတော့ ဘာထူးသွားလဲဗျာ။ အတူတူပဲလို့ ကျနော်ကတော့ မြင်တယ်”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တရပ်က ရဲတပ်ဖွဲ့ကို အမိန့်ပေးတဲ့အခါ လူသေဆုံးရတာ၊ ပြဿနာ ပိုမိုကြီးကျယ်သွားတာတွေ ဖြစ်လာရင် ညွှန်ကြားသူတွေကို တာဝန်ခံ ရမှာ ဖြစ်လို့ ဒီလို ဌာနတွေကို တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ လက်အောက် ထည့်ပေးလိုက်တာဟာ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့လည်း ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင်ဖြစ်တဲ့ ဦးလွင်ကိုလတ်ကတော့ အခုလို ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးတာကို ကြိုဆိုပေမယ့် ဥပဒေကြောင်းအရပါ ခိုင်ခိုင်မာမာ လွှဲပေးတာမျိုး ဖြစ်သင့်ကြောင်း၊ နောက်ဆုံး အခြေခံ ဥပဒေမှာပါ ထည့်သွင်း ပေးနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
“အဲဒီလို မဟုတ်ဘဲနဲ့ အမိန့်ကြေညာချက်နဲ့ ဆိုတာမျိုးကတော့ အာမခံချက် မရှိဘူး။ ကျနော့် အမြင်ကတော့ အခုလို လွှဲပေးတာကိုတော့ သဘောကျတယ်။ ဒါမှလည်း အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဒေသအတွင်းမှာ သေသေ ချာချာ ကိုင်တွယ်နိုင်လိမ့်မယ်”လို့ ဦးလွင်ကိုလတ်က ပြောဆိုပါတယ်။
သူက ဆက်လက်ပြီး“တခုပဲ အဲဒီဌာနတွေကို တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေက တိုက်ရိုက် ကွပ်ကဲနိုင်ဖို့ လိုတယ်”လို့ လည်း ပြောပါတယ်။
အဲဒီလိုမဟုတ်ဘဲ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ပြည်ထောင်စုကိုပဲ တာဝန်ခံရမလိုလို၊ တိုင်းနဲ့ ပြည်နယ်ကိုပဲ တာဝန်ခံရ မှာ လိုလို ဖြစ်နေရင် တိုင်းပြည်အတွက် တော်တော် အန္တရာယ်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ တင်ပြချက်အရကတော့ ဘတ်ဂျက်တွေမှာလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို တိုင်းနဲ့ပြည်နယ်တွေရဲ့ စီမံမှုအောက်ကို ပို့ထားကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ လက်အောက်ကို လွှဲပေးလိုက်တာက ပြဿနာရဲ့ အရင်း အမြစ်တွေကို ပိုသိနိုင်လို့ လုပ်ငန်းပိုင်း ဆောင်ရွက်မှုတွေမှာ ပိုထိရောက်နိုင်တယ်လို့ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိ တဦးဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။
“ရဲလုပ်ငန်းတာဝန်က တနေရာနဲ့ တနေရာ မတူနိုင်ဘူး။ ကျနော်တို့လို့ ရန်ကုန်မှာ ရဲလုပ်ရတာနဲ့ ချင်းနဲ့ ကယား ပြည် နယ် တို့မှာ ရဲလုပ်ရတာ တူမှာမဟုတ်ဘူး။ ဥပမာ ရန်ကုန်မှာဆိုရင် ကိစ္စ တော်တော်များများကို လိုက်လျောညီထွေမှု ရှိအောင် လုပ်ရတယ်။ နေရာတိုင်းမှာလည်း လူ့အခွင့်အရေး စံနှုန်းနဲ့လုပ်၊ ပြည်သူ့ ၀န်ဆောင်မှုဆိုပြီး လုပ်နေရင်လည်း လူမိုက်နဲ့ တွေ့တဲ့အခါ ပြဿနာ ရှိနိုင်တယ်”လို့လည်း သူက ပြောဆိုပါတယ်။
ဦးထွန်းဇော်က ဆက်လက်ပြီး ပြည်ထဲရေးနဲ့ ပတ်သက်ပြီး ရာထူးတိုး မူဝါဒတွေကို ပြောင်းစေချင်ကြောင်း၊ သူဆိုရင် လုပ်သက် ၁၀ နှစ် ကျော်ပြီ ဖြစ်ပေမယ့် လက်ရှိရာထူးက မတက်နိုင်တဲ့အတွက် အစိုးရသစ် လက်ထက်မှာတော့ မူဝါဒ တွေ ပြောင်းမယ်လို့ ကြားနေရကြောင်း၊ ပြောင်းလည်း ပြောင်းသင့်ကြောင်းလည်း ပြောပါတယ်။
နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းကလည်း “နေပြည်တော် ကောင်စီမှာတော့ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ကို တပ်က ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးကြီး မင်းနောင်က တာဝန်ယူရတယ်။ သူပဲ အဲဒီဌာနနဲ့ ပတ်သက်တာတွေကို တိုက်ရိုက် ကိုင်တွယ် ညွှန်ကြားနေတာပါ”လို့ ပြောပြပါတယ်။
ဒါပေမယ့် လိုအပ်ရင်တော့ ကောင်စီ ဥက္ကဋ္ဌ ကိုလည်း တင်ပြရပြီး ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ရတဲ့ အတွက် ကောင်စီဝင် အချင်းချင်းလည်း ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ သိကြတယ်လို့ ဦးတင်ထွန်းက ဆိုပါ တယ်။
ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ဒီဌာနတွေကို ၀န်ကြီးချုပ်ကပဲ တိုက်ရိုက် ကိုင်တွယ်မယ် ဆိုရင်လည်း သူ့ရဲ့ တခြား လုပ်ငန်းတွေ လစ်ဟင်းသွားနိုင်ကြောင်း၊ အဲဒါကြောင့် ဟိုးအရင် ခေတ်တွေကလို တရားရေးဌာနအောက်ကို ပို့လိုက်တာက ပိုကောင်းမယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေကို ထွေအုပ်နဲ့ရဲကို အမိန့်ပေး အုပ်ချုပ်ခွင့် မပေးထားသလို ကန့်သတ် ထားတာမျိုးလည်း မရှိပါဘူး။
ဒါပေမယ့် ပြည်ထဲရေး ၀န်ကြီးဌာနကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်တဲ့ ၀န်ကြီး အောက်မှာ ရှိနေလို့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။
မြောက်ဒဂုံမြို့နယ် စည်ပင် အရာရှိဟောင်း ဦးမြင့်ဇော်က “ဒီဌာနတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့လက်အောက်ကို ပို့မယ်ဆိုရင် အောက်မှာ ဖြစ်ပျက်နေတာတွေကို ၀န်ကြီးချုပ်က သိဖို့လိုတယ်။ ပြီးတော့ ထွေအုပ်ရဲ့ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးပိုင်းမှာလည်း ဒေသအကြောင်း တကယ်သိတဲ့သူတွေကို မဲစနစ်နဲ့ ရွေးတာမျိုးတွေ လုပ်သင့်တယ်။ ဒါမှ သူ့ဒေသ ဖွံ့ဖြိုးရေးကို လုပ်နိုင်မှာ။ ၀န်ထမ်းဆိုတာက အချိန်တန်ရင် ပြောင်းသွားမှာ”လို့ ပြောပါတယ်။
အဲဒီဝန်ထမ်းတွေ အလုပ် လုပ်မလုပ်ကိုရော ဘယ်သူက ထိန်းကျောင်းမှာလဲ။ သူတို့က အပြောင်းအရွှေ့ ကိုင်တဲ့ ပြည်ထဲရေး ၀န်ကြီး ဌာနကို အလေးထားရမှာလား။ အမိန့်ပေးတဲ့ ၀န်ကြီးချုပ်ကို အလေးထားရမှာလား။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို ထိန်းကျောင်းဖို့အတွက် ဥပဒေတခုတော့ လိုတယ်လို့လည်း ဦးမြင့်ဇော်က ပြောဆိုပါတယ်။ ။
No comments:
Post a Comment