Friday, September 2, 2016

တပတ်ကျော် လျှပ်စစ်မီး မရသောကြောင့် မူဆယ် ဒုက္ခသည်များ အခက်တွေ့

Kachinnews


တရုတ် နယ်စပ် ကုန်သွယ်ရေး မူဆယ်မြို့ တွင် တပတ်ကျော် လျှပ်စစ်မီး လုံးဝ ပြတ်တောက် သွားသောကြောင့် စစ်ပြေး ဒုက္ခသည်များ၏ နေ့စဉ်ဘ၀ စားဝတ်နေရေး အခက်အခဲ ကြုံနေရပါသည်။

သြဂုတ် ၂၄ ရက်မှ စပြီး မူဆယ်မြို့တွင် လျှပ်စစ် မီး လုံးဝ မရရှိ သောကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ ချက်ပြုတ်ရန် ထင်းမရှိခြင်း၊ သောက်သုံးရန် ရေမရှိခြင်း နှင့် ည အချိန် မီး မရှိခြင်း စသည့် အခက်ကြုံနေရသည်ဟု ဒေသခံ တစ်ဦး ပြောသည်။

စစ်ပြေး ဒုက္ခသည်များသည် မူဆယ်မြို့တွင်း စစ်ရှောင်စခန်း ၃ ခု တွင် ခိုလှုံနေကြပါသည်။

ကချင် နှစ်ခြင်းခရစ်ယာန် နှင့် ကတ်သလစ် ဘုရားကျောင်းများရှိ စစ်ပြေး ဒုက္ခသည်များ အတွက် အသင်းတော်မှ မီးစက် ခဏတာ နိုးပြီး သုံးစွဲခွင့် ပြုသော်လည်း လုံလောက်မှု မရှိကြောင်း သိရပါသည်။

မူဆယ်မြို့ကို သွယ်တန်း ထားသည့် ဓါတ်ကြိုးတိုင်များ ရာသီဥတုကြောင့် ပျက်စီးသွားသည့် အတွက် လျှပ်စစ်မီး ပြတ်တောက်ခံ ထားရ ခြင်းဖြစ်ပါသည်။

အဆိုပါ လျှပ်စစ် ဓါတ်ကြိုးတိုင်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ ပြုပြင်နေသော်လည်း ယခု ကြာသပတေးနေ့ ထိ မီး မရသေးကြောင်း ဒေသခံများ ပြောပါသည်။

No comments: