Monday, September 19, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားပါဝင်မှု အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိဟု ပြည်ခိုင်ဖြိုး အာဘော်ဆို

မဇ္ဈိမ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းမှုတွင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်နေခြင်းသည် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်များစွာရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာဖြစ်သော ပြည်ထောင်စုနေ့စဉ်က စက်တင်ဘာ ၁၆ ရက်တွင် ရေးသားသည်။

“အမျိုးသားလုံခြုံရေးအသိဖြင့် အကြံပေးကော်မရှင်ကို စောင့်ကြည့်” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ပြည်ထောင်စုနေ့စဉ်၏ အယ်ဒီတာ့အာဘော်တွင် “အစိုးရမှ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသား သုံးဦး ပါဝင်နေခြင်းသည် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်များစွာ ရှိသည်။ ကော်မရှင်၏ တာဝန်သည် နိုင်ငံတော်အစိုးရကို အကြံပေးရမည်ဖြစ်သော်လည်း နောက်ဆက်တွဲအနေဖြင့် ကမ္ဘာတွင် နိုင်ငံတကာ ပြဿနာအဖြစ် ရောက်ရှိသွားနိုင်သည်။” ဟု ရေးသားထားသည်။

သို့သော် အမေရိကန်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ကော်မရှင် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အကောင်းမြင်ကြရန် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

“ကျမတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတစ်ယောက်ကိုမဆို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသား ဖြစ်ရပါမယ်။ ဒီဖြစ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး လုပ်ရမှာဖြစ်ပါတယ်။ ဒါကတော့ ကျမတို့ ရခိုင်ပြည်နယ်မှာလုပ်ဖို့ ကြိုးစားနေပါတယ်။ ကျမတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ရှင်းရှင်း စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြု စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အလားတူ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်သူ ကိုဖီအာနန်ကလည်း “ကော်မရှင်ဟာ ဘက်လိုက်မှုလုံးဝမရှိဘဲ အစွမ်းကုန်ကြိုးစားပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးပါမယ်” ဟု အာမခံထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်သည့် လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် လွှတ်တော် ဥက္ကဋ္ဌက စက်ခလုတ် ပိတ်လိုက်ခြင်းကြောင့် အနှစ်ချုပ် ဆွေးနွေးခွင့်မရခဲ့ဟုလည်း ဆိုသည်။ “ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိစ္စ ဆွေးနွေးရာတွင် လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်ပါ ပြောဆိုပြီး စက်ခလုတ်ပါ တစ်ခါတည်း ပိတ်သွားသည်ကို တွေ့ရသည်။ စက်ခလုတ် ပိတ်ဆိုသည်မှာ အင်မတန် ပြင်းထန်သော ဆွေးနွေးမှုမှသာ ဆောင်ရွက်လေ့ရှိသည်။ နိဂုံးချုပ် ပြောဆိုရာတွင် အနှစ်သာရများကို ဆွေးနွေးခွင့်မရခဲ့ပေ” ဟု ရေးသားထားသည်။

ထိုအခြေအနေများကို ထောက်ရှုလျက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သည့် လွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တပ်မတော်၏ အခန်းကဏ္ဍများ လျော့ချလာနိုင်ကြောင်း ပြည်ထောင်စုနေ့စဉ်က ထပ်ဆင့်ရေးသားသည်။

“ဆက်စပ် သုံးသပ်မိတာက NLD ကိုယ်စားလှယ် အများစုပါဝင်သည့် လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ အခန်းကဏ္ဍ လျော့ချခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစားထိုး ပြင်ဆင်ခြင်းများကို မဟာဗျူဟာကျကျ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်” ဟု ရေးသားထားသည်။

အမေရိကန် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံအတွင်း လုပ်ရန်ရှိသည့် အလုပ်များ များစွာရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လည်း အချက်တစ်ချက် ပါဝင်ကြောင်းဆိုသည်။ “ ကျမတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစစ်စစ် ဖွဲ့စည်းပုံ လုံးဝမဟုတ်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ဂါဆန်ဆလမ်၊ ကုလသမဂ္ဂအိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာအစီအစဉ် (UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့သူ မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ် စသည့် နိုင်ငံတကာ အတွေ့အကြုံရှိသူ သုံးဦးပါဝင်သည်။

No comments: