ABC
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က သူဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ မဟုတ်ပဲ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တင်းမာမှုတွေကို ဘယ်လိုနည်းနဲ့ ဖြေလျှော့နိုင်မလဲ ဆိုတဲ့ အကြံဥာဏ်တွေ ပေးဖို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
သူတို့က ရဲတွေလို လိုက်ပြီး စုံစမ်းထောက်လှမ်း မှတ်တမ်းတင်တာမျိုး မဟုတ်ပဲ မြန်မာအစိုးရရဲ့ အကူအညီ တောင်းခံချက်အရ ရခိုင်ပြည်နယ် ကိစ္စမှာ အကူအညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို အမှန်အတိုင်း တင်ပြမှာဖြစ်တယ်လို့ မနေ့တုန်းက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ရဲ့ ရခိုင်ခရီးစဉ်အတွင်း ရခိုင်တချို့က ဆန့်ကျင်ဆန္ဒပြမှုတွေ လုပ်ခဲ့ပေမယ့် အဲဒီလို ဆန္ဒပြမှုအပေါ် စိတ်မပျက်ပဲ အဲဒီလူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးကို သုံးပြီး သူတို့ရဲ့ အမြင်သဘောထားတွေကို ဖော်ပြခွင့် ရတာကို တွေ့ရလို့ ကျေနပ်မိတယ်လို့တောင် ပြောသွားခဲ့ပါတယ်။
ရခိုင်တချို့ကတော့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား ၃ ဦးပါဝင်နေတာကို ကြည့်ပြီး ရခိုင်အရေးကို ပြည်ပက စွက်ဖက်တယ်လို့ မြင်ပြီး မကျေမနပ် ဖြစ်နေကြပါတယ်။
ကော်မရှင်ကို ထောက်ခံသူတွေကတော့ ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံတကာ အကူအညီကို တောက်လျှောက်ရယူခဲ့သလို ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးလို့ အမြဲတမ်း ပြောဆိုခဲ့ပြီးမှ ဒီတချီမှာတော့ ဘာကြောင့် နိုင်ငံတကာကို မလိုလားဘူးလဲ ဆိုပြီး ပြောဆိုတာတွေ ရှိပါတယ်။
No comments:
Post a Comment