Tuesday, September 20, 2016

ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာမှုဆု ပေးသည့်အပေါ် ဝေဖန်မှုတချို့ရှိ

ကျော်ခ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်၊ ဟားဗတ် ဖောင်ဒေးရှင်း က ၂၀၁၆ ခုနှစ် လူသားချင်း စာနာမှုဆိုင်ရာဆု Harvard Humanitarian of the Year ကို ချီးမြှင့်သည့် အပေါ် တိုင်းရင်းသားလူငယ်တချို့ အကြားတွင် ဝေဖန်မှုများ ရှိနေသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်မှု အားနည်းများရှိပြီး တိုင်းရင်းသား ဒေသများရှိ စစ်ရှောင်စခန်းများမှ ဒုက္ခသည်များအပေါ် ပေးပို့သော လူသားချင်းစာနာမှု အကူအညီများကို တပ်မတော်က တားဆီးမှုများတွင်လည်း နှုတ်ဆိတ်နေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာဆု ပေးခြင်းအပေါ် ဝေဖန်နေကြခြင်း ဖြစ်သည်။

ကချင်ဒုက္ခသည်များအရေး ဆောင်ရွက်သူ ဒေါ်မေရီတောင် က “ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ဖြစ်ကတည်းက ဒီ ၅ နှစ်ကျော် ကာလအတွင်းမှာ ကချင်စစ်ပြေးဒုက္ခသည် အရေးနဲ့ပတ်သက်ပြီး ဘာတခုမှ ပြောတာမျိုးကို ကြားမိတာ မရှိဘူး။ စစ်တပ်က ဒုက္ခသည် စခန်းတွေထဲမှာကို လာပြီးတော့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေကို ချိုးဖောက်တာတွေ လုပ်နေတယ်။ ဒီလိုမျိုးအခြေအနေ တွေဖြစ်နေတဲ့ အချိန်မှာ ဒီဆုကို ဒီလိုပေးလိုက်တဲ့ အတွက် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သူတဦး အနေနဲ့ကတော့ အရမ်းအံ့သြတယ်” ဟု ပြောသည်။

ကချင်ဒုက္ခသည် စခန်းများထဲတွင် ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင် စစ်ရှောင် ဒုက္ခသည်များ ထပ်မံ တိုးမြှင့်လာပြီး ရိက္ခာ အကြပ်အတည်း ဖြစ်နေသော်လည်း နိုင်ငံတကာ လူသားချင်းစာနာမှု အထောက်အပံ့ သိသိသာသာ လျော့ကျသွားမှုကို ခံရကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုအခြေအနေများအပေါ် နုတ်ဆိတ်နေခဲ့ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးပိုင်းတွင် အားကောင်းသော်လည်း လူမှုရေးပိုင်းတွင် အားနည်းနေကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စစ်ဘေးရှောင်များ၏ မျှော်လင့်ချက်များကို နှုတ်အားဖြင့်ပင် ဖွင့်ဟ ပြောဆိုခြင်း မရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် ရှမ်းလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌ ကိုစိုင်းအောင်မြင့်ဦး က ဆိုသည်။

ကိုစိုင်းအောင်မြင့်ဦး က “ကျနော်တို့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာဆိုရင် ဒုက္ခသည် ၁ သိန်းခွဲလောက် ရှိတယ်ဗျာ။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ဆီက စကားတွေ အရမ်းမျှော်လင့်ကြတယ်။ သို့သော်လည်း အခုချိန်ထိ တခွန်းမှ ထွက်မလာသေးဘူး။ ဒါမျိုးတွေက အားနည်းတယ်လို့ ကျနော်မြင်တယ်။ ဒီဆုကို ပေးသင့်၊ မပေးသင့်ဆိုတာ အရမ်းစောနေတယ်လို့ မြင်တာပဲ။ သူတို့ ဘာနဲ့တိုင်းတာပြီးတော့ ပေးတယ်ဆိုတာ မသိပေမယ့် မဖြစ်သင့်သေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်တက္ကသိုလ်၊ ဟားဗတ် ဖောင်ဒေးရှင်း က ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု ပေးခြင်း အပေါ် ဆန့်ကျင်ဘက် အမြင်မျိုးမဟုတ်ဘဲ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသည့် လူသားချင်းစာနာမှု၊ လိုအပ်မှုများကို ပိုမိုပြီး လုပ်ဆောင်နိုင်ရေးအတွက် တွန်းအားပေးသည့် အနေအထားတခုအဖြစ် အပြုသဘော အမြင်မျိုးဖြင့် ကြည့်စေချင်ကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် (KESAN) အဖွဲ့၏ ဒုတာဝန်ခံ စောအဲလက်စ် ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ အပိုင်းတွင် အားနည်းချက်ရှိနေသည်မှာ မှန်သော်လည်း သူ့တွင် နိုင်ငံအတွင်း ဖြစ်ပျက်နေသော ပြဿနာ အတော်များများတွင် ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများ မအားမလပ် လုပ်ဆောင်နေရသည်ကို မြင်တွေ့ရကြောင်း လူသားချင်းစာနာမှု ကိစ္စကို မလုပ်ချင်၍ မဟုတ်ဟု ယုံကြည်ကြောင်း စောအဲလက်စ် က ဆိုသည်။

စောအဲလက်စ် က “အားနည်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်က သူ မလုပ်ချင်လို့ မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ သူ့ရဲ့ အချိန် အားလပ်မှု အပေါ်မှာလည်း အများကြီး ဆိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်။ အဲဒီအတွက် ကျနော်အနေနဲ့ကတော့ သူ့ကို ဒီလို နိုင်ငံတကာက ပေးတဲ့ဟာကတော့ အပြုသဘောဆောင်တဲ့ အမြင်မျိုးနဲ့ ကြည့်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ ဖြစ်ဖြစ် တက်လာတဲ့ အစိုးရ ကိုယ်တိုင်ပဲဖြစ်ဖြစ် ပြည်တွင်းမှာဖြစ်နေတဲ့ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ၊ အနေအထားတွေ ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ လက္ခဏာပြတာနဲ့ အတူတူပဲလို့ ကျနော်ကတော့မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု Harvard Humanitarian of the Year ကို ဟားဗတ်တက္ကသိုလ်၊ ဟားဗတ် ဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် စက်တင်ဘာ ၁၇ ရက်နေ့က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

No comments: