Wednesday, September 7, 2016

ရခိုင် အကြံပေးကော်မရှင်တွင် ပြည်ပနိုင်ငံသားများ ပါဝင်မှု ပြည်တွင်းရေးဝင်စွက်အောင် လမ်းဖွင့်ပေးခြင်းဟု ပြည်ခိုင်ဖြိုးအာဘော်ဆို

မဇ္ဈိမ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာဖြစ်သော ပြည်ထောင်စုနေ့စဉ်၏ စက်တင်ဘာ ၆ ရက်ထုတ် အယ်ဒီတာ့အာဘော်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကော်မရှင်များ ဖွဲ့စည်းခွင့်မရှိကြောင်းဆိုထားပြီး ပြည်တွင်းရေးကို ပြည်ပမှ စွက်ဖက်လာအောင် လမ်းဖွင့်ပေးခြင်းဟု ဝေဖန်ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဖွဲ့စည်းကြောင်း သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။

“ပြည်ထောင်စုခေါင်းဆောင် (နိုင်ငံတော်သမ္မတ) ကသာ ကော်မရှင်တို့ ဘာတို့ကို ဖွဲ့ခွင့်ရှိပြီး ပြည်ထောင်စုအဆင့်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှသာ အထမြောက်မှာဖြစ်သည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ဂါဆန်ဆလမ်၊ ကုလသမဂ္ဂအိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာအစီအစဉ် (UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့သူ မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ် စသည့် နိုင်ငံတကာ အတွေ့အကြုံရှိသူ သုံးဦးပါဝင်နေသည်။

ထိုအချက်နှင့် ပတ်သက်၍ “နိုင်ငံခြားသားတွေ ကော်မရှင်ထဲ ပါဝင်နေခြင်းကလည်း နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် ပတ်သက်စိန်ခေါ်နေသကဲ့သို့ရှိသည်” ဟု ပြည်ထောင်စုနေ့စဉ် အာဘော်ကဆိုသည်။ “ပြည်ထောင်စုအဆင့် ခေါင်းဆောင်များ ပါနေသော အဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကသာ စိစစ်ပြီး အတည်ပြုပေးနိုင်ပါသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖွဲ့ခွင့်မရှိပေ” ဟု ဆက်လက်ရေးသားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ “ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်တယ်ဆိုပြီး တစ်ချို့က စိုးရိမ်မှုတွေရှိနေပါတယ်။ အချုပ်အခြာအာဏာကို လုံးဝ အထိခိုက်မခံပါဘူး။ ကျမတို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုက ပိုင်တာပါ” ဟု စက်တင်ဘာ ၅ ရက်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကိုဖီအာနန်နှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်သူ ကိုဖီအာနန်ကလည်း “ကော်မရှင်ဟာ ဘက်လိုက်မှုလုံးဝမရှိဘဲ အစွမ်းကုန်ကြိုးစားပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးပါမယ်” ဟု အာမခံထားသည်။

သို့သော် အကြံပေးကော်မရှင်နှင့် အတွင်းလူဟု ခေါင်းစဉ်တပ်ထားသည့် ပြည်ထောင်စုနေ့စဉ်သတင်းစာ အာဘော်တွင်မူ “ကိုယ့်ပြည်တွင်းရေးကို ပြည်ပမှု စွက်ဖက်လာအောင် လမ်းဖွင့် မြောင်းဖေါက်ပေးသကဲ့သို့ ရှိချိမ့်မည်။ လုံးဝမသင့်မြတ်ပါ” ဟု ရေးသားသည်။ အလားတူ အစီရင်ခံစာတွင် “သမိုင်းကြောင်း အမှားတွေ ပါလာလျှင် မည်သို့လုပ်မည်နည်း” ဟု မေးခွန်းထုတ်ထားပြီး “အဆင့်ကျော် ဘောင်ကျော်လုပ်ခြင်းသည် ပက်လက်လန်ကျတတ်သည်” ဟုဆိုထားသည်။ “ဖြူနီကြောင်ကျား နိုင်ငံခြားသားများပါနေတာ အရုပ်ဆိုးပါသည် သမိုင်းကို စော်ကားသလိုဖြစ်ပါသည်” ဟုလည်း ရေးသားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်သည် စက်တင်ဘာ ၆ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေပြီး စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပု တို့ပါဝင်သော အစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့သည်။

No comments: