Monday, September 5, 2016

ရသေ့တောင်တွင် ရေထဲမျောလာသည့် ကျပ်သန်းပေါင်း ၄၅၂၀ ဖိုး စိတ်ကြွဆေးများ ဖမ်းမိ

ဝဏ္ဏခွာညို


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ပင်လယ်ကမ်းခြေမှာ ဆာလာအိတ် ၉ အိတ်နှင့်အတူ မျောပါလာတဲ့ စိတ်ကြွဆေးပြား ကျပ်သန်းပေါင်း ၄၅၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အငူမော်ပင်လယ်ကမ်းခြေမှာ ငါးဖမ်းနေတဲ့ လူတဦးကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး၊ ရဲစခန်းတာဝန်ရှိသူတွေ စစ်ဆေးရာမှာ ဆာလာအိတ် ၉ အိတ်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆၀၀၀၀၊ ကာတန်ဖိုး ကျန်သန်းပေါင်း ၄၅၂၀ တန်ဖိုး ရှိတယ်လို့ ရသေ့တောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုရဲအုပ် အောင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ရေစီးနဲ့မျောပါလာတာပါ။ ကျနော်တို့ တွေ့ရှိတာမဟုတ်ဘူးခင်ဗျ။ အဲဒီမှာ ငါးဖမ်းနေတဲ့ သူတယောက်ကတွေ့လို့ ကျနော်တို့နဲ့ မြို့နယ် အုပ်ချုပ်မှူးကိုလာပြီးအကြောင်းကြားပါတယ်။ အဲဒီကနေတဆင့် ကျနော်တို့ သိရတာပါ။ အားလုံးစုစုပေါင်း စိတ်ကြွဆေးပြား ၂၂ သိန်း ကျော်ရရှိထားပါတယ်။ ကာလတန်ဖိုးကတော့ ကျန်သန်းပေါင်း ၄၅၂၀ တန်ဖိုးရှိနိုင်ပါတယ်။ လုပ်ထုံလုပ်နည်းနဲ့အညီ အဲဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အရင်တုန်းကတော့ ဒီလောက်များတဲ့ မူးယစ်ဆေးဝါးတွေ ရမိတာတော့ မရှိသေးဘူး။ ဒီတကြိမ်ကတော့ အများဆုံးဖြစ်ပါတယ်။”

ဒါ့အပြင် မောင်တောမြို့ပေါ်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းက WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား သုံးသိန်းနီးပါး ဒေသပေါက်ဈေး (သိန်းပေါင်း ငါးထောင်ရှစ်ရာကျော်) ကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကွင်းဆက်ဖော်ထုတ်ချက်အရ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၄၅၅၀၀) ဒေသတန်ဖိုး ကျပ်သိန်း ၈၉၁,၀၀၀,၀၀၀ (သိန်းရှစ်ထောင့် ကိုးရာကျော်ဖိုး) ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မောင်တောနယ်စပ်မှာ WY စာတန်းပါ မူးယစ်စိတ်ကြွ ဆေးပြား ၃ သိန်းကျော် ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်တန်းဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြား တွေဖမ်းဆီးရမိခဲ့ပါတယ်။

No comments: