Wednesday, September 7, 2016

(၇၇)နှစ် မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပမည်

မျိုးသူအောင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် (၇၇)နှစ် မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။

" နံပတ်(၁)အခမ်းနားအစီစဉ်ကတော့ သံဃာတော် ၂၇ ပါးကို ပင့်ဖိတ်ပြီးတော့ ဆရာတော်ဘုရားကြီးကို ရည် စူးပြီးတော့ ရခိုင်ဓမ္မာရုံမှာ ဆွမ်းကပ်ပါမယ်။ နေ့ဆွမ်းပါ။ ပြီးလို့ရှိရင် နေ့လည် (၁)နာရီမှာ ဆရာတော်ရဲ့ ရုပ်တု ကို ဦးဥတ္တမ ပန်းခြံကို ဒီကနေ ပင့်ပြီးတော့ အဲဒီမှာ ပြုလုပ်ထားတဲ့ စင်ပေါ်မှာ လွမ်းသူ့ ပန်းခြင်းများချပြီးတော့ ဆရာတော်ကို မေတ္တာ အမျှဝေပါ့မယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့က ရွှေတိဂုံ ဘုရားအရှေ့ဘက်မုဒ်အနီးရှိ ရခိုင်ဓမ္မာရုံတွင် ပြုလုပ်သည့် ဦးဥတ္တမ နေ့ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ဆရာတော်၏ အတ္ထုပတ္တိများကို ဟောပြောခြင်း၊ ရခိုင်ရိုးရာ အကအလှများ၊ ရခိုင်ရိုး ရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားများကို ကျယ်ကျယ်ပျံ့ပျံ့ ကျင်းပလုပ်ဆောင် ပေးသင့်ကြောင်း ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။

" ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်တွေကပဲ ကျင်းပရတာထက် ဗမာပြည်ကို ချစ်တဲ့ ခေါင်းဆောင် တိုင်းက နိုင်ငံရေးခေါင်းဆောင်တိုင်း စစ်ခေါင်းဆောင်တိုင်း အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ဒီလိုအခမ်းအနား ကို တစ်နိုင်ငံလုံး မကျင်းပသင့်ဘူးလားလို့ ကျနော့အနေနဲ့ မေးချင်ပါတယ်" ဦးဖေသိန်းက ပြောသည်။

အဆိုပါ ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်း သားရေးရာ ၀န်ကြီးဌာနမှ ဦးစီးကာ ရခိုင်းအရပ်ဖက်အဖွဲ့များ လူမှုအသင်းအဖွဲ့များက ပူးပေါင်းကျင်းပကြခြင်း ဖြစ်ပြီး ရခိုင် ဓမ္မာ ရုံ၌ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ရွှေတိဂုံ ဘုရားတောင်ဖက်မုဒ်ရှိ ဦး ဥတ္တမ ပန်းခြံတွင် အခမ်းအနားဖြင့် ကျင်းပသွားမည် ဖြစ်သည်။

No comments: