မဇ္ဈိမ
(အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ တရားဝင် အလည်အပတ်ခရီး ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ စက်တင်ဘာ ၁၄ ရက်က အိမ်ဖြူတော်၌တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှု အပြည့်အစုံကို ဘာသာပြန်ဆိုဖေါ်ပြလိုက်ပါသည်)
အမေရိကန်သမ္မတ ဘားရတ်အိုဘားမား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ခုလို အိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့အတွက် ကျွန်တော် ၀မ်းမြောက်မိပါတယ်၊၊ ဒါဟာ မြန်မာနိုင်ငံရဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကိုလည်း ကိုယ်စားပြုနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက နိုင်ငံမှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မြင်တွေ့ထားရပါပြီ၊ စစ်အစိုးရရဲ့ ကန့်သတ်အုပ်ချုပ်မှုကနေလွတ်မြောက်ခဲ့ပြီးတော့ ယခုအခါမှာတော့မျိုးဆက်သစ် မြန်မာပြည်သူတွေ အတွက် မျှော်လင့်ချက်တွေ ရှင်သန်နေခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေကနေတဆင့် ဒီမိုကရေစီအစိုးရတစ်ရပ်လည်း ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ လပေါင်းများစွာက ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲတိုးတက်မှုတွေကို မြင်တွေ့ထားရဖြစ်တာနဲ့အတူ ခုဆိုရင် အမေရိကန်အနေနဲ့ ပြီးခဲ့တ့ကာလတွေက မြန်မာအပေါ်ချမှတ်ထားခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အစိုးရသစ်တက်လာအပြီး အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ အကျိုးအမြတ်တွေ ခံစားနေရပါပြီ။ ကျနော်တို့အနေနဲ့ GSP လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေ မြန်မာနိုင်ငံကို ပြန်ပေးပါမယ်။ ဒါဟာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည်ဝင်ရောက်နိုင်ဖို့နဲ့ ကုန်သွယ်မှုနဲ့ အကျိုးခံစားခွင့်တွေဖြစ်ပါတယ်။ ဒီလို ကုန်သွယ်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကို ပေါင်းလိုက်မယ်ဆိုရင် အမေရိကန် ကုမ္ပဏီတွေကော အကျိုးအမြတ်မထားတဲ့ လုပ်ငန်းတွေအတွက်ကော မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်နိုင်ဖို့ ဆွဲဆောင်မှု ပေးနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီရေးအရ ဦးစားပေးမှုအဆင့်တွေကိုပါ ဖြစ်ပေါ်လာပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကူးအပြောင်းတွေစတင်တာနဲ့အတူ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပါ ပေါ်ထွက်လာတဲ့အတွက် ဒေါ်စုအနေနဲ့ ငြိမ်းချမ်းရေးညီလာခံခေါ်ယူပြီး နှစ်ပေါင်းများစွာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေကြားမှာ သမိုင်းတစ်လျောက်ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနေတာ ဖြစ်တဲ့အတွက် ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရပြီး ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက် တော်တော်ရှိလာပြီလို့ ပြောလို့ရပါတယ်။
အမေရိကန်နိုင်ငံရဲ့ သမ္မတ တစ်ယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တုန်းက အလားအလာကောင်းတွေကို တွေ့ခဲ့ရပြီး ဒီအလားအလာကောင်းတွေကို ဦးဆောင်နိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာကိုလည်း သိခဲ့ပါတယ်။ အနာဂတ်အတွက် ကျနော်တို့ အများကြီး မျှော်လင့်ထားပါတယ်။ ရှိပြီးသား ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒါဟာ အစိုးရအသစ်နဲ့တင်မကဘဲ မြန်မာပြည်သူတွေအတွက်လည်း အရေးကြီးပါတယ်။ ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို သွားလည်ကြဖို့ ကျနော် အားပေးပါတယ်။ မြန်မာနိုင်ငံဟာ သာယာတဲ့အပြင် ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့အတူ ဖော်ရွေတဲ့ ပြည်သူတွေ ရှိပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာပြီလို့ ကျနော် ယုံကြည်ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိလုပ်ဆောင်ခဲ့တာတွေအတွက် ကျနော် ချီးကျူးပါတယ်။ ဒေါ်စုပြောသလို လုပ်စရာတွေလည်း အများကြီး ရှိနေသေးတယ်ဆိုတာ ကျနော်တို့ နားလည်ပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။ ဒါကတော့ ဆက်လျှောက်ရမယ့် လမ်းမှန်ပေါ့ဗျာ။ လွန်ခဲ့တဲ့ ငါးနှစ်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ခံ အစိုးရတာဝန်ရှိသူ တစ်ယောက်အနေနဲ့ ဝါရှင်တန်ကို လာဖို့ဆိုတာ မျှော်လင့်လို့တောင် မရနိုင်ပါဘူး။ မြင်ခဲ့ရတဲ့ ပြောင်းလဲမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဟာ အကောင်းဘက်ကို ပြောင်းလဲလာပါတယ်။ ကျေးဇူးပါပဲ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဒီနေရာကို ရောက်လာတဲ့အတွက် အရမ်းဝမ်းသာရတယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျမတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် တောက်လျောက်ကူညီပေးခဲ့တဲ့ အမေရိကန် ပြည်သူတွေကို ကျေးဇူးတင်ဖို့ အခွင့်အရေးမို့ပါ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးပါဘူး သမ္မတ အိုဘားမား ပြောသလိုပဲ လူတွေ မျှော်လင့်လို့မရနိုင်တဲ့ လွန်ခဲ့တဲ့ငါးနှစ်က အခြေအနေကို ကျော်လွန်ရောက်ရှိလာတာပါ။ ကျမကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ လုံးဝယုံကြည်ခဲ့ပြီးသားပါ။ ကျမတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ် ကျမတို့ရှေ့ဆက်သွားရမှာပါ။ အရေးကြီးဆုံးကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးပါပဲ။ လွတ်လပ်ရေး ရပြီးတည်းက ကျမတို့တိုင်းပြည်မှာ တိုက်ပွဲတွေဖြစ်လာခဲ့တာ ၁၀ စုနှစ်နဲ့ချီ လာခဲ့ပါပြီ။ အမြဲတမ်းတိုက်ပွဲတွေ ဖြစ်နေခဲ့ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းတယ်ဆိုတာ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ တစ်နေရာမဟုတ် တစ်နေရာမှာတော့ ဖြစ်နေတာပါ။
ကျမတို့ နိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိပါတယ်။ သူတို့အားလုံး စည်းလုံးဖို့နဲ့ ရည်ရွယ်ချက်တစ်ခုတည်းထားဖို့ဆိုတာ လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမယ့် ကျမတို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ သူတို့အားလုံး လိုချင်ကြတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါပဲ။ မတူကွဲပြားတာတွေကို အင်အားအဖြစ် စုစည်းနိုင်တဲ့ ပြည်ထောင်စုတစ်ခု အဲ့ဒီ အထဲမှာ ကျမတို့ရဲ့ မတူကွဲပြားမှုတွေကို လွတ်လွတ်လပ်လပ်နဲ့ ဖေါ်ထုတ် ကျင့်သုံးနိုင်ရမယ်။ ဒီလိုကွဲပြားမှုတွေဟာ တိုင်းပြည်အတွက် အလွန်ကြီးမားတဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။
ဒါတွေဖြစ်အောင် ကျမတို့ ကြိုးစားနေပါတယ်။ ဒီ့အတွက် ကျမတို့မိတ်ဆွေအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ဒါတွေအတွက် အမေရိကန်ပြည်ထောင်စုက အများဆုံး အကူအညီပေးခဲ့တာပါ။ ဒါပေမယ့် ညီညွတ်ကြဖို့ တိုးတက်မှုလည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အကန့်အသတ်နဲ့ ရှိနေတဲ့ အရင်းမြစ်တွေကို အချင်းချင်း တိုက်ခိုက်လုယက်နေရတဲ့အဖြစ် မရောက်အောင်လို့ လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျမတို့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ ပိုပြီးလုပ်ရမယ်။ ငြိမ်းချမ်းရေးအတွက်သာမက ရခိုင်ပြည်နယ်မှာ ဒါတွေကို သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကျမတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးချမ်းသာကြွယ်ဝအောင် လုပ်ရပါမယ်။ ဒါမှ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို ပိုပြီးခိုင်မာစေမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရန်ပွဲတွေ ဖြစ်နေတာကို ကျမတို့ လျစ်လျူ ရှုထားလို့မရပါဘူး။ ဒါသိပ်အရေးကြီးတဲ့ ကိစ္စမို့ အချိန်ဆွဲမနေဘဲ ချက်ချင်း လုပ်ကြရမှာပါ။ ဒါ့ကြောင့် ပထမအဆင့် ကျမတို့ စလုပ်နေတာပါ။ ကျမတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတစ်ယောက်ကိုမဆို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသား ဖြစ်ရပါမယ်။ ဒီဖြစ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး လုပ်ရမှာဖြစ်ပါတယ်။ ဒါကတော့ ကျမတို့ ရခိုင်ပြည်နယ်မှာလုပ်ဖို့ ကြိုးစားနေပါတယ်။ ကျမတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ရှင်းရှင်း စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြု စေချင်ပါတယ်။
ရခိုင်ပြည်နယ်က မတူတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခုဟာ အင်မတန် ဆင်းရဲနွမ်းပါးကြပါတယ်။ ဒါပေမယ့် ကျမတို့အားလုံး အတူတူ ပူးပေါင်းပြီးတော့ ဒီဒေသဖွံ့ဖြိုးဖို့ အလားအလာအားလုံးကို ကူညီပေးမယ်ဆိုရင်၊ ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျမတို့ နိုင်ငံကို ကူညီရုံ မဟုတ်ဘဲ မတူကွဲပြားမှုကို စည်းလုံးညီညွတ်မှုဖြစ်အောင် စိတ်ဝမ်းကွဲမှုကို ကျော်လွန်နိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးကို ကူညီနိုင်မှာဖြစ်ပါတယ်။ သံသယတွေ အထင်လွဲမှုတွေကို ကျမတို့ ဘေးဖယ်ပြီးတော့ အတူလက်တွဲပြီး တိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန် လွှတ်တော်ဟာ အလွန်ကောင်းတဲ့ လွှတ်တော်ပဲ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပါပဲ ကျမတို့နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဒဏ်ခတ်ပို့ဆို့မှုတွေ လုပ်ခဲ့တာဟာ အမေရိကန် ကွန်ကရက်လွှတ်တော်ရဲ့ လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကျမတို့နိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အချိန်ရောက်ပြီလို့ ကျမထင်ပါတယ်။ အကြောင်းကတော့ ကျမတို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် တံခါးဖွင့်ပေးဖို့ အချိန်ကျနေပြီဖြစ်ပါတယ်။ လူတိုင်းကိုကျမတို့ နိုင်ငံလာဖို့ ဖိတ်ခေါ်ပါတယ်။ ဘာ့ကြောင့် ဒီနိုင်ငံမှာ ရင်းနှီးမြုပ်နှံသင့်သလဲဆိုတာ လာကြည့်ကြ စေချင်ပါတယ်။ အားလုံး အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံမှုမျိုး ဘယ်လိုလုပ်သင့်သလဲဆိုတာ လာကြည့်ကြစေချင်ပါတယ်။
အကျိုးအမြတ်ရအောင် မလုပ်နိုင်တဲ့ စီးပွားရေးသမားဟာ တော်တော်ညံ့တဲ့သူလို့ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ကျမတို့နိုင်ငံကို လာကြပါ။ သူတို့အတွက်လည်း ဘယ်လိုအမြတ်အစွန်းရအောင် လုပ်ကြမလဲဆိုတာ သိကြမှာဖြစ်ပါတယ်။ ကိုယ့်အကျိုးအတွက် မလုပ်နိုင်ရင် သူတပါးအကျိုးအတွက်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ကျမတို့နိုင်ငံကို သိပ်ကိုလာစေချင်ပါတယ်။ သူတို့အတွက် အကျိုးရှိစေမယ့် အခွင့်အရေးတွေကို အသုံးချစေချင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု ဥပဒေအသစ်ကို မကြာခင် အတည်ပြုတော့မှာပါ နောက်ရက် အနည်းငယ်အတွင်းမှာ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီဥပဒေနဲ့အတူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျမတို့နိုင်ငံဟာ အဆင့်အတန်းမြင့်လာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ။
ဒါပေမယ့် စီးပွားရေး တိုးတက်မှုဆိုတာ ကျမတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖွံ့ဖြိုးမှုရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ တခြားလုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကျမတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစစ်စစ် ဖွဲ့စည်းပုံ လုံးဝမဟုတ်သေးပါဘူး။ တပ်မတော်ကိုကို နိုင်ငံရေးမှာ အထူးအဆင့်အတန်းပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ ကျမ တပ်မတော်ကို ပုဂ္ဂိုလ်ရေးအရ အထူးသံယောဇဉ်ရှိသူဖြစ်ပါတယ်။ ကျမအဖေ ထူထောင်ခဲ့တဲ့ တပ်ဖြစ်လို့ပါ။ တပ်မတော်ကို ပြည်သူလူထု ချစ်ခင်လေးစားတဲ့ ဂုဏ်သရေရှိတဲ့ တပ် ဖြစ်စေချင်ပါတယ်။ ကျမတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကမ္ဘာ့အလည်မှာ အကာအကွယ်ပေးနိုင်တဲ့ တပ်မတော်လည်း ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ကျမမယုံကြည်ပါဘူး။ ဒါ့ကြောင့် ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် ဖွဲ့စည်းပုံပြင်ဖို့ ကျမတို့ ဆက်ပြီး လုပ်ကြရမှာပါ။ ရှေ့ဆက်လျောက်ရမယ့် လမ်းမှာလည်း ကျမတို့နဲ့အတူ ပါဝင်လာဖို့ အမေရိကန် ပြည်ထောင်စုနဲ့ မိတ်ဆွေအားလုံးကို ကျမတို့ မျှော်လင့်နေပါတယ်။ တိုးတက်မှု ဆိုတာကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုတွေ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ ကျမတို့လောက် ကံမကောင်းတဲ့သူတွေကို ကျမတို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့ကို ကူညီခဲ့ကြတဲ့ အမေရိကန် ပြည်သူတွေသာမက အမေရိကန် ကွန်ဂရက်နဲ့ လူမှုအဖွဲ့အစည်းတွေ အထူးသဖြင့် ကျမတို့နိုင်ငံကို ပထမဆုံး လာရောက်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ တစ်ဦးဖြစ်တဲ့ သမ္မတအိုဘားမားကို ကျမတို့ လူထု အထူးသဖြင့် လူငယ်ထူရဲ့ အလားအလာကို အထူးပြုပြောခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment