အောင်ကိုဦး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မန္တလေးတောင်ခြေရှိ ကျူးကျော်ဆိုင်ခန်းများ ရှင်းလင်းဖယ်ရှာပေးရန်အတွက် စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက အကြောင်းကြားစာများ ပေးဝေလျက်ရှိသည်။
အဆိုပါအကြောင်းကြားစာထဲတွင် အဖီကျူး၊ ဆိုင်ကျူး၊ ပျံကျကျူး၊ ပစ္စည်းစုပုံထားရှိကျူး ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အတွက် စက်တင်ဘာလ ၅ ရက်၊ နံနက် ၁၀ နာရီ၌ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ မပျက်မကွက် လာရောက်ရန်ဟုပါရှိသည်။
"ဆွေးနွေးဖို့ အကြောင်းကြားစာပါ။ လမ်းကနေ ၁၅ ပေ နောက်ဆုတ်ပေးရမှာပါ။"ဟု အကြောင်းကြားစာပေဝေနေသူ စည်ပင်ဝန်ထမ်းတစ်ဦးကပြောသည်။
မန္တလေးတောင်ခြေ အနီးပတ်ဝန်းကျင်တွင် ဈေးရောင်းချနေသော ဆိုင်ခန်းများနှင့် ပျံကျဈေးသည် ၆၀ ကျော်ခန့်ရှိနေပြီး ရောင်းချနေသူအများစုသည် ဘိုးစဉ်ဘောင်ဆက် ရောင်းချနေသူများဖြစ်သည်ဟု အကြောင်းကြားစာ ရရှိသူများက ဆိုသည်။
မန္တလေးတောင်ခြေတွင် အမှတ်တရပစ္စည်းရောင်းချသူ မနန္ဒာထွေးက "သမီးတို့ ဘေကြီး၊မေကြီး လက်ထက်ကတည်းက နိဗ္ဗာန်ကုန်ရောင်းလာတာပါ။ ရှေ့တော့ အဖီထုတ်ထားတယ်။ လမ်းနဲ့က အဝေးကြီးပါ။ လမ်းပိတ်တာ၊ ဘုရားဖူးတွေအနှောက်အယှက်ဖြစ်တာမရှိပါဘူး။ ဒီမှာရောင်းတဲ့သူအားလုံးကတော့ ဘုရားဖူးကို အားကိုးရောင်းတာများပါတယ်။ ဖြစ်နိုင်ရင်တော့ မဖျက်ပေးချင်ဘူး။"ဟု ပြောသည်။
မန္တလေးတောင်ခြေတွင် ရောင်းချနေသူများအနေဖြင့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်သော်လည်း ဖြစ်နိုင်လျှင် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြန်လည်စိစစ်ပေးစေလိုကြောင်း အကြောင်းကြားစာရရှိသူ တစ်ချို့ကဆိုသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့သာယာလှပရေးအတွက် ကျူးဆိုင်များကို မြို့နယ်အလိုက် ရှင်းလင်းဆောင်ရွက်ခြင်းကို ဇူလိုင်လဆန်းမှစတင်၍ ပြုလုပ်လျက်ရှိသည်။
No comments:
Post a Comment