Monday, September 5, 2016

ဒုက္ခသည်အရေး နိုင်ငံတကာစံညွှန်းအတိုင်း လုပ်ရန်လိုဟု ကရင်လက်နက်ကိုင်အဖွဲ့များ စာတမ်းတင်သွင်း

စောသိန်းမြင့်


စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်လည် အခြေချရေးတွင် ခွဲခြားဆက်ဆံမှုမပြုဘဲ နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ လူ့အခွင့် အရေးကို လေးစားလိုက်နာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် လိုအပ်သည်ဟု ကရင်လက် နက်ကိုင်အဖွဲ့များက ယနေ့ ပြုလုပ်သည့် ၂၁ရာစုပင်လုံညီလာခံသို့ တင်သွင်းသည့် စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါစာတမ်းကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ)နှင့်ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)တို့ စုပေါင်းပြုစုထားခြင်းဖြစ်ပြီး နေပြည်တော်ရှိ MICC 2 ခန်းမ၌ ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)၏ ပထမအကြိမ် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းလိုက်ခြင်းဖြစ် သည်။

“ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေ(IDP) နှင့် ဒုက္ခသည်များ နေရပ်ပြန်လည်အခြေချမှုတွင် ခွဲခြားဆက်ဆံမှု မရှိစေဘဲ နိုင်ငံ တကာ စံချိန်စံညွန်းများနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာကာ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ဦးတည်၍ အစီအစဉ် ချ မှတ်လုပ်ဆောင်ရန်လိုပြီး ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်မှုကို အခြေခံသော အစီအစဉ်များ ချမှတ်ရမည်ဖြစ်သည်”ဟု စာတမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်တွင် မိမိဆန္ဒအလျောက် ဆုံးဖြတ်ပိုင်ခွင့်၊ လုံခြုံစိတ်ချမှုအတွက် အာမခံချက်၊ ဘ၀ပြန်လည်ထူထောင်နိုင်ရေး အာမခံချက် အပြည့်အ၀နှင့် ဂုဏ်သိက္ခာ ရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ရ မည်ဖြစ်သလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုနှင့် ရေရှည်ခိုင်မာသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖော်ဆောင် မှုများကို လုပ်ဆောင်ရမည်ဟု စာတမ်းတွင် ထောက်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “စစ်ဘေးရှောင်ဖို့ ဟိုဟို ဒီဒီ ပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုးပါနေကြတယ်။ သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လို များဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ဒုက္ခတွေကို ကျမတို့တွေ မေ့လို့မရပါဘူး”ဟု သြဂုတ် လ ၃၁ရက်နေ့ ညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့အပြင် ဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စသည် နိုင်ငံရေးအစုအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့များအနေဖြင့် တပိုင်တနိုင်သာ လုပ် ဆောင်နိုင်ပြီး အများစု နေရပ်ပြန်လာနိုင်ရေးကို အစိုးရက ဦးစီးလုပ်ဆောင်မှသာ လုပ်နိုင်မည်ဟု ကရင်ပြည်သူ့ပါတီ အတွင်းရေး မှူး နမ့်ခင်အေးဦးက ဆိုသည်။

ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်သူ ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) ပဲ့ကိုင်ကော်မတီဝင် ဒေါ်သင်းသင်း အောင်က “ဒီလူ(ဒုက္ခသည်)တွေ ပြန်လာဖို့က အရင်က ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြေအနေတွေကို ပြန်ပေးနိုင်မလား။ ကိုယ့်ရဲ့ လယ်၊ ယာ၊ ခြံမြေ၊ ပိုင်ဆိုင်မှုက အစပေါ့နော်။ အဲဒါတွေ ပြန်လည်ထူထောင်ရေးကို အရင်လိုလိမ့်မယ်”ဟု ကေအိုင်စီသို့ ပြော သည်။

ယနေ့ပြုလုပ်သည့် ညီလာခံ ဒုတိယနေ့တွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ပဒိုစောကွယ်ထူးဝင်း(ကရင်အမျိုးသားအစည်းအရုံး-KNU)၊ ဦးတင့်ဆွေ(နိုင်ငံတော်သမ္မတရုံး)၊ ဦးခွန်မောင်သောင်း(လွှတ်တော်)၊ ဗိုလ်ချုပ်နိုင်စိုးဦး(တပ်မတော်)၊ ဦးဥာဏ်ဝင်း (အမျိုး သားဒီ်မိုကရေစီအဖွဲ့ချုပ်)တို့က တာဝန်ယူခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် သဘောထားစာတမ်းများ တင်သွင်းခဲ့ကြ သည်။

ညီလာခံတက်ရောက်နေသည့် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကေအဲန်ယူ၊ ဒီကေဘီအေ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့မှ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ၊ လူမှုရေး၊ ကျန်း မာရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကဏ္ဍများပါဝင်သည့် စာတမ်းများဖတ်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့က ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ဒုက္ခသည်ဆိုင်ရာကော်မတီ ၀င်များ၊ ဒုက္ခသည်စခန်းဆိုင်ရာ ကော်မတီဝင်များကို တွေ့ဆုံ၍ ဒုက္ခသည်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသကဲ့သို့ သြဂုတ်လ ၂၂ရက်နေ့တွင်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဦးဆောင်၍ နေရပ်စွန့်ခွာရွှေ့ပြောင်းနေ ထိုင်ရသူများ ပြန်လည်နေရာချထားရေး အစီအစဉ်မူကြမ်းဆွေးနွေးပွဲကို ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့သေးသည်။

No comments: