Friday, September 9, 2016

ညွှန်ကြားချက်မစောင့်ဘဲ ပြည်သူတွေကို ကူညီကြဖို့ ပါတီဝင်များကို ပြည်ခိုင်ဖြိုးဥက္ကဌ တိုက်တွန်း

မင်းမင်း

နိုင်ငံအဝှမ်းတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ပါတီဌာနချုပ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းမနေဘဲ အများပြည်သူအတွက် ကူညီကြပါဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ပါတီဝင်များကို တိုက်တွန်းလိုက်သည်။

"ရပ်ထဲ၊ ရွာထဲမှာ ဘာပဲဖြစ်ဖြစ်၊ တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ်၊ ရေဘေး၊ မီးဘေး၊ အများပြည်သူအတွက် ပြဿနာတစ်စုံတစ်ရာဖြစ်လို့ရှိရင် ဘာမှပြောစရာမလိုဘူး။ တန်းပြီးတော့သာ လုပ်။ ဌာနချုပ်ကလည်း လိုအပ်တာလေးတွေ လာပြီးတော့ ပံ့ပိုးပေးမယ်။ ဒီလိုနည်းနဲ့ လုပ်သွားကြရအောင်" ဟု ဦးသန်းဌေးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီများအား သန့်ရှင်းရေးအတွက် လာရောက်လုပ်အားပေးသည့် ပါတီဝင်များကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၈ရက်၊ နံနက်ပိုင်းတွင် ဦးသန်းဌေးက အထက်ပါအတိုင်း အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီအသီးသီးမှ ပေးပို့လှူဒါန်းငွေ ကျပ် ၁၀၁၁၅၀၀၀ အား ဦးသန်းဌေးက ပေးအပ်လှူဒါန်းခဲ့သေးသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်ကစပြီး သုံးရက်ကြာပြုလုပ်သည့် ပါတီညီလာခံက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကအဖြစ် ဦးသန်းဌေးအား ရွေးချယ်တင်မြောက်လိုက်ခြင်းဖြစ်သည်။

No comments: