Saturday, September 3, 2016

မိုင်းပွန်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

နန်းဆိုင်နွမ်


ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျန်ဖူးလုံ ဆိုသူက မိုင်းပွန်မြို့ ဈေးပိုင်းရပ် ရှိ နေအိမ်တွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ဦးအိုက်မြင့်၏ ရင်ဘတ်ကို သေနတ်ဖြင့် တချက် ပစ်ခဲ့ကြောင်း၊ အသက် ၅၁ နှစ် အရွယ် ဒေါ်ယဉ်မေ၏ ညာဖက် ဝမ်းဗိုက်နှင့် တင်ပါး ကိုလည်း သေနတ်ဖြင့် ပစ်ကာ ထွက်ပြေးသွားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ဒုရဲမှူးဆန်းလွင် က ဧရာဝတီသို့ပြောသည်။

“ လာပစ်တဲ့သူက အိမ်ကို အမြဲ ဝင်ထွက်သွားလာတဲ့ ကျန်ဖူးလုံဆိုတဲ့ သူလို့ သေနတ်ပစ်ခံရတဲ့ လင်မယား၂ ဦးရဲ့ သမီးက ပြောပါတယ်။ ဦးအိုက်မြင့်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒေါ်ယဉ်မေကတော့ လွိုင်လင်ဆေးရုံကနေ အခု တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ခွဲစိတ်နေရပါတယ်။ ” ဟု ဒုရဲမှူး ဆန်းလွင် ကဆိုသည်။

ရဲတပ်ဖွဲ့က သံသယရှိနေသူ ကျန်ဖူးလုံ သည် တောဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ကျန်ဖူးလုံ ကို ဖမ်းဆီးရန် နယ်မြေ ရဲတပ်ဖွှဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များလိုက်လံရှာဖွေနေကြောင်း၊ လူမှုရေး ကိစ္စဖြင့် အသတ်ခံရသည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

“ ဒေါ်ယဉ်မေက အရေးပေါ် ခွဲစိတ်နေတဲ့အတွက် ကျနော်တို့ ရဲတပ်ဖွဲ့က ဘာမှ သေချာ မမေးရသေးဘူး။ ကျနော်တို့ တရားခံ နာမည် ပဲ သိရသေးတယ်။ ဘာကြောင့် ဖြစ်လည်းဆိုတာကိုတော့ ဒေါ်ယဉ်မေ သက်သာလာမှ သေချာ သိရမယ်” ဟု ဒုရဲမှူး ဆန်းလွင်က ထပ်မံပြောသည်။

အဆိုပါ အမှုကို မိုင်းပွန်မြို့ ရဲစခန်းက ရာဇာသတ်ကြီး ပုဒ်မ ၃၀၇ နှင့် ပုဒ်မ ၃၀၂ တို့ ဖြင့် အမှု့ဖွင့်ထားကြောင်း သိရသည်။

သြဂုတ် ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ရွှေညောင်မြို့ တောင်နီကျေးရွာ တွင် မိသားစု ၃ ဦး အသတ်ခံရသည်။

No comments: