Monday, September 5, 2016

ကိုဖီအာနန်အား စစ်တွေမြို့ရှိ လူမှုကွန်ယက်များစုပေါင်းပြီး ဆန္ဒဖော်ထုတ်မည်ဟုဆို

နိရဉ္စရာ၊


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်မည့် ကိုဖီအာနန် ရခိုင်ပြည်နယ်သို့ လာရောက်စဉ် စစ်တွေမြို့ရှိ လူမှုကွန်ယက်များ စုပေါင်းပြီး ဆန္ဒဖော်ထုတ်သွားရန် စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဂျာနယ်တွင် ဖော်ပြထားသော သတင်းအရ သိရသည်။

ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ စစ်တွေလေဆိပ် အဝင်လမ်းဆုံတွင် ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးရေးကော်မရှင် ကို ဖျက်သိမ်းပေးရေး ဒို့အရေး”၊ “ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးရေး ကော်မရှင်အလိုမရှိ” စသည့် ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်သွားကြမည်ဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြသည်။

ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ရန် သက်ဆိုင်ရာသို့ စက်တင်ဘာ လ၂ ရက်နေ့က ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကအဖြစ် တာဝန်ယူမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် စက်တင်ဘာလ ၃ ရက် စနေညနေ မွန်းလွဲ ၃ နာရီ ကျော်တွင် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်ဟု သိရှိရပြီး စစ်တွေမြို့သို့ စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် သွားရန် ရှိကြောင်း သိရသည်။

သူ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ကော်မရှင်၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရန်လည်း စီစဉ်ထားကြောင်း သတင်း ရရှိသည်။

No comments: