မင်းမင်း
'ဝ' ဒေသအား ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးရန် နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ရာစုပင်လုံညီလာခံ တတိယနေ့ဖြစ်သော စက်တင်ဘာ ၂ရက်တွင် တောင်းဆိုလိုက်သည်။
'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၆မြို့နယ်နှင့် ကျိုင်းတုံဒေသ (၁၀)မြို့နယ်အား 'ဝ' ပြည်နယ်အဖြစ်အသိအမှတ်ပြုပေးရန် 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂)ဦးညီနပ်က ညီလာခံတွင် တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
"ဝ တိုင်းရင်းသားလူမျိုးစုသည် တိုင်းရင်းသားစစ်စစ်ဖြစ်သလို သမိုင်းအစဉ်အလာရှိသော လူမျိုးစုဖြစ်ပြီး ပြည်ထောင်စုဝင် ပြည်နယ်ဖြစ်ရန် လိုအပ်သော အရည်အချင်းတို့နှင့်လည်း ပြည့်မီသောကြောင့် လက်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၆မြို့နယ်နှင့်ကျိုင်းတုံနယ်မြေဒေသ ၁၀မြို့နယ်ကို ပြည်ထောင်စုဝင် ဝ ပြည်နယ်အဖြစ် ပြန်လည်အသိအမှတ်ပြုပေးပါရန်နှင့်ကျိုင်းတုံမြို့ပြနိုင်ငံ ရှေးဟောင်းမြို့ပြပစ္စည်းများ ဆက်လက်မပျောက်ပျက်ဘဲ ထိန်းသိမ်းထားနိုင်ရန် နိုင်ငံတော်၏ ရှေးဟောင်းသမိုင်းအမွေအနှစ်အဖြစ် ပြန်လည်တည့်မတ်ပေးပါရန် လေးနက်ရိုသေစွာ တောင်းဆိုပါတယ်" ဟု ဦးညီနပ်က ပြောသည်။
သို့သော် ယခုကျင်းပနေသည့် ၂၁ရာစု ပင်လုံညီလာခံသည် သဘောထားအမြင်များကို တင်ပြနိုင်သည့် အခင်းအကျင်းသာဖြစ်ပြီး ဆွေးနွေးနိုင်သည့် အခင်းအကျင်း မရှိပေ။
လက်ရှိတွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအဖြစ်ရှိသော "ဝ" ဒေသသည် အင်္ဂလိပ်ခေတ်လက်ထက်တွင် "ဝ" ပြည်နယ်အဖြစ် ရှိခဲ့ခြင်းကြောင့် ထိုသို့ပြန်လည်တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် လက်ရှိတွင် ရှမ်းပြည်နယ်၏ အောက်တွင် တည်ရှိသည်။ "ဝ" လူမျိုးများသည် မြန်မာနိုင်ငံနှင့် တရုတ် ယူနန် နယ်စပ်ကြားရှိ တောင်တန်းများတွင် နေထိုင်ကြသည်။ ယူနန် နယ်စပ်မှ သံလွင်မြစ်အရှေ့ဘက်ကမ်းတိုင်အောင် အနှံ့အပြားနေထိုင်ကြသည်ဟု မြန်မာ့စွယ်စုံကြမ်းတွင် ဖော်ပြထားသည်။
စွယ်စုံကျမ်း၏ ဖော်ပြချက်အရ ၁၉၇၀ ရှေ့ပိုင်းကာလများတွင် ဝဒေသ အကျယ်အဝန်းမှာ စတုရန်မိုင်း ၂၅၀၀ ကျော်ရှိသည် ဟုဖော်ပြထားသည်။
အင်္ဂလိပ်လက်ထက်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော်လည်း ဝ ပြည်နယ်သည် အင်္ဂလိပ်သိမ်းပိုက်သည့် ၁၉၆၈ မတိုင်ခင်အထိ လူခေါင်းဖြတ်ပြီး ယဇ်ပူဇော်သည့် ဓလေ့ရှိခဲ့ပြီးသော ဒေသလည်း ဖြစ်သည်။
၁၉၈၉ ဧပြီတွင်မူ ဗကပ ခေါင်းဆောင်မှုကို ပုန်ကန်ပြီး "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment