Wednesday, September 21, 2016

အင်းများနှင့် ပတ်သက်၍ ၀န်ထမ်းများကို ဧရာဝတီတိုင်းအစိုးရ သတိပေး

ဆလိုင်းသန့်စင်


ဧရာဝတီတိုင်းဒေသကြီးရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများအနေဖြင့် အင်းများနှင့် ပတ်သက်၍ တိုင်း ဒေသကြီး အစိုးရ၏ ညွန်ကြားချက်များကို အကောင်အထည်မဖော်ပဲ အချိန်ဆွဲခြင်း၊ ကြန့်ကြာအောင်ပြု လုပ်ခြင်းများ လုပ်ဆောင်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရက ပြောဆိုလိုက်သည်။

“လုပ်ငန်းအကောင်အထည်ဖော်ရေးမှာ အစိုးရအဖွဲ့က ချမှတ်ပေးလိုက်တဲ့ လုပ်ငန်းအစီအမံတွေကို အောက် ခြေအဆင့်ဆင့် အကောင်အထည်ဖော်ပေးရမယ့်အပိုင်းမှာ ကြန့်ကြာမှုတွေ၊ အချိန်ဆွဲတာတွေ၊ ဆင်ခြေ ဆင် လက်ပေးတာမျိုးတွေ လုပ်လာပြီဆိုရင်တော့ ကျနော်သည်းမခံနိုင်ပါဘူး။ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါ တယ်”ဟု တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက ဧရာဝတီသတင်းဌာနကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရက အင်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ၇ ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးဌာနများကို ညွှန်ကြားခဲ့ကြောင်း၊ ငါးလုပ် ငန်းဦးစီးမှူးများအနေဖြင့် အကောင်အထည်မဖော်ခြင်း၊ အချိန်ဆွဲခြင်း၊ ထိမ်ချန်ခြင်းများ ရှိနေကြောင်း သူက ပြောသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၌ ကျပ်သိန်း ၃၀ အထက်တန်ဖိုးရှိသော အင်းများ၌ အင်းလုပ်ငန်းနှင့် လယ် သမား တို့အကြား ရေပို၊ ရေလိုပြဿနာရှိပါက အင်းသားကြီးနှင့် ဒေသခံ ရေလုပ်သား အစုအဖွဲ့များ ညှိနှိုင်း ခွဲဝေ လုပ် ဆောင်ရန် ညွန်ကြားထားသော်လည်း အောက်ခြေ၌ လက်ရှိလုပ်ကိုင်နေသည့် အင်း သားကြီး များက ညှိနှိုင်း မှုလက်မခံဘဲ ငါးဆက်ဖမ်းနေခြင်း၊ သက်ဆိုင်ရာ ငါးလုပ်ငန်းဌာနမှ ထိရောက်စွာတားမြစ် အရေးယူမှု မရှိခြင်း များ ဖြစ်ပေါ်နေကြောင်း သာပေါင်းမြို့နယ်ရှိ ရေလုပ်သားများက ပြော သည်။

ထို့ပြင် ကျပ်သိန်း ၃၀ နှင့် သိန်း ၃၀ အောက်တန်ဖိုးရှိ လေလံအင်းများကို ဒေသခံရေလုပ်သား အစုအဖွဲ့များအားကြမ်းခင်းဈေးဖြင့်ချထားပေးရန် အစိုးရက ညွန်ကြားထားသော်လည်း လက်ရှိတွင် အင်းသားကြီးများဖြင့် ဖွဲ့စည်း ထားသည့် ရေလုပ်သားအဖွဲ့များကိုသာ လုပ်ကိုင်ခွင့်များချထားပေးနေကြောင်း ပန်းတနော်မြို့နယ်ရှိ ရေလုပ် သားများကလည်း ဆိုသည်။

လက်ရှိတွင် အစိုးရညွှန်ကြားချက်များကို မလိုက်နာဘဲ ဆောင်ရွက်နေသည့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးတဦးကို ဧရာဝတီတိုင်းမှ ပြောင်းရွှေ့ရန်စတင်လုပ်ဆောင်နေပြီး အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားလာပါကလည်း အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ၀န်ကြီး ဦးဘဟိန်းက ဆိုသည်။

“ကျနော်တို့နဲ့အတူ လက်တွဲပြီးလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ လက်တွဲဖြုတ်ဖို့ပဲ ရှိတယ်”ဟု ၀န်ကြီးက ပြောသည်။

သာပေါင်းမြို့နယ် ကျီးပင်ကျေးရွာ ရေလုပ်သား အစုအဖွဲ့ခေါင်းဆောင် ဦးဆန်းဝင်းက“ကျနော်တို့ သာပေါင်း မြို့နယ်က ကျီးပင်၊ ခေနန်၊ သစ်တစုအင်းတွေကို လက်ရှိအင်းသားကြီးလုပ်ကိုင်နေတဲ့ ဂရန်ကို ပယ်ဖျက်ပြီး ဒေသခံရေလုပ်သားအစုအဖွဲ့တွေကို ချထားပေးဖို့ ဧရာဝတီတိုင်းအစိုးရက တိုင်းငါးလုပ်ငန်း ဌာနကို သြဂုတ်လ ၃၀ ရက် နေ့ကတည်းက စာနဲ့ ညွန်ကြားခဲ့တယ်။ အဲ့ဒီညွန်ကြားချက်ကို တိုင်းငါးလုပ်ငန်း ဌာနက သာပေါင်း မြို့နယ်ငါးလုပ်ငန်းဌာနဆီကို အခုချိန်အထိ ညွှန်ကြားခြင်းမရှိဘူး။ အဲဒီတော့ အောက်ခြေမှာ လက်ရှိအင်းသား ကြီးကပဲ ငါးတွေဆက်ဖမ်းနေတယ်”ဟု ပြောသည်။

ဒေသခံရေလုပ်သားအစုအဖွဲ့များအား လုပ်ကိုင်ခွင့်မပေးဘဲ ငွေကြေးတတ်နိုင်သူ အင်းသားကြီး များကိုသာ လုပ်ကိုင်ခွင့်ချထားပေးသည့်အတွက် ဧရာဝတီတိုင်းရှိ အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးဌာနများ အား ပန်းတနော်၊ အိမ်မဲ၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဇလွန်မြို့နယ်တို့မှ ရေလုပ်သား ၄၀၀ ကျော်က ယခုလ ၁၆ ရက်နေ့က ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငွေကျပ် ၁ သိန်းမှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ တန်ကြေးရှိသော အင်းပေါင်း ၁၇၇၇ အင်းရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး စာရင်းများအရ သိရသည်။

No comments: