ဧရာဝတီ
မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အားလုံး ရုပ်သိမ်းပေးခဲ့ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံက ပူးတွဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပိတ်ဆို့မှုတွေ အားလုံး ရုပ်သိမ်းဖို့ကို အမေရိကန် သမ္မတနဲ့ ကွန်ဂရက်လွှတ်တော်ကို ပြောခဲ့သလားဆိုတာကတော့ မသဲကွဲသေးတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့တပတ်က ဘီဘီစီ သတင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို ရုပ်သိမ်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ အပြည့်အဝ သဘောတူတာ မဟုတ်ဘူးလို့ သတင်းရေးသား ဖော်ပြထားပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်မှာလည်း ရွေးချယ်စရာ လုံးဝ မရှိလောက်အောင် ဖြစ်သွားခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ သူတောင်းဆိုမယ်၊ ဒါပေမယ့် အားလုံးကို ရုပ်သိမ်းဖို့ကိုတော့ သူ တောင်းဆိုမှာ မဟုတ်ဘူးလို့ ထင်မြင်ချက်တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ ညှိနှိုင်း ဆက်ဆံနေရဆဲကာလမှာ သူဟာ အပေးအယူအတွက် ပိတ်ဆို့အရေးယူမှုကို သူရဲ့ လက်နက်အဖြစ် အသုံးချမယ်လို့ တွက်ဆထားကြတာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ သတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန်ရှင်တွေထဲက အစိတ်အပိုင်း တချို့ကိုတော့ ဆက်ထားချင်ပြီး အထူးသဖြင့် စစ်တပ်ပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို နိုင်ငံရေး အခြေအနေ ကောင်းလာတဲ့အထိ ဆက်ထားစေချင်တဲ့ ဆန္ဒရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment