ခင်ဦးသာ
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ သြဂုတ်လအတွင်းက လှုပ်ခတ်သွားသည့် ငလျင်ကြောင့် စေတီ ဘုရား ပုထိုး ပေါင်း ၄၀၀ ကျော် ပျက်စီးသွားခဲ့ရာ ထိုအပျက်အစီးများအား ယခုအခါ ပြန်လည် ပြုပြင်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။
အောက်တိုဘာလအတွင်း စစ်ဆေးမှုအပြီးသတ်၍ ပြုပြင်မှု လုပ်ငန်းများကို လာမည့်နိုဝင်ဘာလတွင် စတင်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။
ယင်းသို့ ပြန်လည် ပြုပြင်ရာတွင် ရှေးခေတ် အနုပညာလက်ရာများ ပျောက်ပျက်သွားမည်ကို စိုးရိမ်မှုများလည်း ရှိနေ ကြ သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေး မှု နယ်မြေ အတွင်းရှိ စေတီပုထိုးပေါင်း ၃,၂၅၂ ဆူအနက် ၄၄၉ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြိုပျက်သွားသည့် ဘုရားပုထိုးအများစုသည် ယခင် န.၀.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်က ပြန်လည် ပြုပြင် ထားသည် များ၊ ၎င်းတို့နှင့် ဆက်စပ်နေသည်များ ဖြစ်နေခြင်းကြောင့် နောက်နောင် ထိုကဲ့သို့ မလုပ်မိစေရန် ပုဂံ ဒေသခံများ၊ ပုဂံ ချစ်သူများ ကလည်း ဆန္ဒရှိနေကြသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်သွားသော ဘုရား ပုထိုး စေတီများတွင် စူဠာမဏိ၊ ထီးလို မင်းလိုဘုရား၊ ဓမ္မရံကြီး၊ လောက နန္ဒာ၊ မြစေတီ၊ အာနန္ဒာ၊ ပြဿဒ်ကြီး၊ တရုတ်ပြေး၊ ရွှေဆံတော်၊ ငါးမျက်နှာ၊ ရွှေစေတီ၊ ရွှေစည်းခုံ၊ မနူဟာ စသည့် ထင်ရှားသော ဘုရား ပုထိုးများလည်း ပါဝင်သည်
စစ်အစိုးရ လက်ထက်၌ ပုဂံဒေသရှိ စေတီ ဘုရား ပုထိုးများအား ပြုပြင်ရာတွင် တတ်သိနားလည်သည့် ပညာရှင်များ၏ အကြံဥာဏ်၊ အကူအညီကို လက်မခံဘဲ အမိန့်အာဏာဖြင့် ထင်ရာလုပ်ခဲ့ကြ၍ မူလလက်ရာ အများစု ကွယ်ပျောက် ကုန်ပြီဟု ပုဂံဒေသခံများ က ပြောဆိုကြသည်။
ငလျင်ကြောင့် ပုဂံဘုရားများ ပျက်စီးမှုသည် ယခုတကြိမ်တည်း မဟုတ်ပါ။
၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်ကလည်း ၇ ဒသမ ၆ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့သေးသည်။ ယင်း ငလျင်သည် ယခုထက် ပိုမိုပြင်းထန်ပြီး ပုဂံဒေသရှိ စေတီဘုရား ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။
ပုဂံချစ်သူများအဖွဲ့ နာယကနှင့် ပုဂံဒေသခံ တဦးဖြစ်သူ ဦးချင်းပိုက “အပျက်အစီးတွေကို တတ်သိပညာရှင်တွေနဲ့ ရှင်းလင်း စေချင်တယ်။ အခုပျက်စီးသွားတဲ့ဟာ အများစုက ဦးခင်ညွှန့် လက်ထက်က ပြုပြင်ခဲ့တဲ့ ဟာတွေပါ၊ အရင် အစိုးရတွေတုန်း က ပြင်ပစ်ခဲ့တာတွေကြောင့် ရှေးမူတွေ ပျက်သွားတာ အများကြီးပဲ”ဟု ပြောဆိုသည်။
ပုဂံဒေသအား ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရေးကိုပါ ကြိုးပမ်းနေသည့်အတွက် ရှေးမူမပျက်ရန် သတိ ကြီးစွာ ထား၍ ပြုပြင်စေချင်ကြောင်း၊ ယခင်ကဲ့သို့ သံ၊ ကွန်ကရစ်များ၊ ကော်ပိုက်လုံးများနှင့် အစားမထိုးသင့်ကြောင်း ဦးချင်းပို က ပြောသည်။
၎င်းက “သံတွေ၊ ကွန်ကရစ်တွေကို အစားထိုးပြီးတော့ ရှေးဟောင်းပုံစံနဲ့တူအောင် လုပ်ရင်လည်းပဲ အတုက အတု ပါပဲ ဗျာ” ဟုလည်း ပြောဆိုသည်။
သို့သော် နည်းပညာခေတ်ဖြစ်၍ သတင်းစီးဆင်းမှု မြန်ဆန်ခြင်းကြောင့် ပွင့်လင်းမြင်သာသည့် ခေတ်အနေအခြေ ဖြစ် လာပြီး ပြည်သူက တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားမည်ဟု ယူဆ ကြောင်း၊ ယခင် အစိုးရများကဲ့သို့ ထင်ရာစိုင်း လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ပုဂံဒေသခံများက ပြောဆိုကြ သည်။
လက်ရှိ NLD အစိုးရကလည်း ရှေးခေတ် အနုပညာ လက်ရာများ မပျောက်ပျက်စေရန် အလေးထား လုပ်ဆောင်မည် ဟု ထုတ်ဖော် ပြောဆိုထားပြီး နိုင်ငံတော် သမ္မတ၏ ပုဂံခရီးစဉ်တွင်လည်း ရှေးမူများ မပျောက်ပျက်စေရေး အတွက် စနစ်တကျ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ပုဂံဒေသ၌ ပျက်စီးသွားသည့် စေတီဘုရားများအား သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ အမိုးအကာများ ဆောင်ရွက်ခြင်း တို့ကို စနစ်တကျ လုပ်ဆောင်နေပြီး မူလ လက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရန် လုပ်အားပေးနိုင်မည့်သူ ၃၅ ဦးကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) အပါအဝင် ပြည်တွင်းပြည်ပ ပညာရှင်များက သင်တန်း ပေးနေကြောင်း သိရသည်။
ငလျင်ကြောင့် ပျက်စီးသွားသည့် ဘုရားများနှင့် အပျက်အစီးများအား ရှင်းလင်းရေး၊ ပြန်လည် ပြုပြင်ရေးတို့ကို ရှေးဟောင်း သုတေသနမှ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များက ဆောင်ရွက်မည်မဟုတ်ဘဲ ပြည်တွင်း ပြည်ပ က တတ်သိ ပညာ ရှင်များဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး အောက်တိုဘာလကုန်တွင် အပြီးသတ်ရှင်းလင်းရန် စီစဉ်ထားကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူ တချို့က ပြောသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က “အများကြီး ပျက်စီး သွားတဲ့ ဘုရားတွေကို မိုးရေ မထိရအောင် အမိုးအကာတွေ လုပ်ဆောင်ထားပါပြီ၊ တချို့ ဘုရားတွေကို ရှင်းလင်းရေး လုပ်ဆောင်တဲ့ အခါမှာလည်းပဲ လနဲ့ချီ လုပ်ဆောင်ရမှာပါ”ဟု ပြောဆိုသည်။
ထိုအပျက်အစီးများသည် တန်ဖိုးရှိသည့် အရာများဖြစ်သည့် အတွက် မပျောက်ပျက်ရန် လုံခြုံရေး အပြည့်အ၀ ဆောင် ရွက် ထားကြောင်း၊ ဘုရားများအား ပြန်လည် ပြုပြင်ဆောင်ရွက်ရာတွင်လည်း ငွေကြေး အကူအညီနှင့် နိုင်ငံတကာ၏ နည်းပညာ အထောက်အပံ့ လိုအပ်ကြောင်းလည်း ဦးသိန်းလွင် က ပြောသည်။
လက်ရှိ အပျက်အစီးများအား ရှင်းလင်းပြုပြင်ခြင်းနှင့်အတူ အခြားတဘက်တွင်လည်း နောက်ဆက်တွဲ လှုပ်ခတ်လာနိုင် သည့် ငလျင်များ အတွက်ပါ ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။
ပျက်စီးသွားသည့်အရာများအား အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ရေးကို ပထမအဆင့် အနေဖြင့် အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ပြီး ဒုတိယ အဆင့်အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းမည်ဆိုသည်ကို လုပ်ဆောင်ရန် လိုအပ် မည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန ဒု ၀န်ကြီးဟောင်း ဒေါ်စန္ဒာခင် ကလည်း သတင်းထောက်များကို ပြောသည်။
ဒေါ်စန္ဒာခင် က “ပြုပြင်တဲ့အခါမှာလည်းပဲ ကျွမ်းကျင်တဲ့ ပြည်တွင်း ပြည်ပက ပညာရှင်တွေ လိုအပ်သလို၊ အသုံးပြုမည့် ပစ္စည်း အမျိုးအစားဟာလည်းပဲ အရေးကြီးပါတယ်”ဟုလည်း ပြောဆိုသည်။
ငလျင်လှုပ်ခတ်မှုကြောင့် နာမည်ကြီး ရှေးဟောင်းစေတီ ဘုရားတချို့၏ ရှေးဟောင်း အနုပညာ လက်ရာများလည်း ပြိုပျက် ကွာကျမှုဖြစ်ပွားခဲ့သည်။
ထီးလို မင်းလိုဘုရား၌လည်း နံရံဆေးရေး ပန်းချီများ ကွာကျသွားသည့်အတွက် ၎င်းတို့အား ပြုပြင်လိုက်ပါက ရှေးခေတ်လက်ရာ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း ပုဂံချစ်သူများ အဖွဲ့ နာယက ဦးချင်းပို က ပြောသည်။
ထီးလိုမင်းလို ဘုရား၏ နံရံများပေါ်၌ ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီသည် ဘုရား၏ အပေါ်ထပ်နှင့်အောက်ထပ် နှစ်နေရာ စလုံးတွင် ကွာကျမှု ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့အား စနစ်တကျ ရှင်းလင်း၍ သိမ်းဆည်းထားကြောင်း လုံခြုံရေး ၀န်ထမ်း တဦးဖြစ်သူ ဦးမောင်ဝင်း ကလည်း ပြောပြသည်။
ငလျင်လှုပ်ပြီးသည့် နောက်ရက်တွင် ထီးလိုမင်းလို ဘုရား၌ ဒေသဆိုင်ရာ စစ်တပ်မှ တပ်မတော်သား အများအပြား သည် ဘုရား၏ အတွင်းရော အပြင်ဘက်၌ပါ စုပေါင်းသန့်ရှင်းရေး လုပ်ခြင်း၊ သိမ်းဆည်းထားသည့် အပျက်အစီး အပိုင်းအစများအား ပီနံအိတ်များဖြင့် ထုပ်ပိုး သယ်ဆောင်နေကြသည်ကိုလည်း တွေ့ခဲ့ရသည်။
၎င်းတို့ သိမ်းဆည်းလိုက်သည့် အုတ်ကျိုး အပိုင်းအစများ၌ ရှေးဟောင်း အနုပညာလက်ရာ ပစ္စည်းများ ပါမပါ ဆိုသည် ကိုမူ အတိအကျ မသိရပေ။
ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ကမူ ရှေးဟောင်း အနုပညာလက်ရာ အပိုင်းအစများအား ရှေးဟောင်းပြတိုက်၌ ထိန်းသိမ်းထားမည်ဟု ဧရာဝတီ ကို ပြောသည်။
အပျက်အစီးများ မပြုပြင်မီ အချက်အလက်များ ကောက်ယူ စုဆောင်း၍ စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်း ထား မည် ဖြစ်ကြောင်း၊ သိမ်းဆည်းရာတွင်လည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဗိသုကာ ပညာရှင်များနှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်အောင်ကျော် က ဆက်ပြောသည်။
၎င်းက “ကောက်ယူပြီးရင် တခုချင်းစီကို အသေးစိတ် စစ်ဆေးမယ်၊ စစ်ဆေးပြီးရင်တော့ ဘယ်လိုပြုပြင်သင့်တယ်၊ ဘယ်သူတွေက ပြုပြင်သင့်တယ်ဆိုတာကို ပြည်တွင်း ပြည်ပက တတ်သိပညာရှင်တွေဆီက အကြံဥာဏ်တွေယူပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ”ဟုလည်း ပြောဆိုသည်။
စေတီဘုရားများ၌ ပူဇော်ထားသည့် အဖိုးတန်ပစ္စည်းများ ပျောက်မသွားစေရန် ဘုရားတိုင်းတွင် လုံခြုံရေး အစောင့် အရှောက် များထားပြီး ပျက်စီးသွားသည့် ဘုရားများကိုလည်း အန္တရာယ်ရှိသည့် နေရာအဖြစ် သတ်မှတ်ထား၍ လုံခြုံ ရေး အစီအမံများ စီစဉ်ထားသည်ဟု သိရသည်။
ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် ၂၀၁၇ တွင် UNESCO သို့ မူကြမ်း တင်သွင်းပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီ တွင် အချောတင်သွင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ရှေးဟောင်း သုတေသန ဌာန က ပြောသည်။
အကယ်၍ ၂၀၁၈ ခုနှစ်တွင် အချောသတ် တင်သွင်းနိုင်ပါက ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် စာရင်း သတ်မှတ်ရေး ညီလာခံမှ ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
သို့သော် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်သွားသည့် ငလျှင်ကြောင့် စေတီပုထိုး ရာချီပျက်စီးသွားသည့်အတွက် ယင်းတို့ကို ပြန်လည် ရှင်းလင်းပြုပြင်ရမည်ဖြစ်၍ ကမ္ဘာ့အမွှေ အနှစ်ဝင်ရေး စာရင်းတင်သွင်းရန် ကာလသည် မြန်မာ အစိုးရ သတ်မှတ်ထားသည့် အချိန်ထက် နောက်ကျနိုင်ဖွယ်ရှိကြောင်း UNESCO အဖွဲ့ က ပြောဆိုထားသည်။
ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ဦးအောင်အောင်ကျော်ကမူ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် တင်သွင်းမှု အစီအစဉ်ကို ယခင် သတ်မှတ်ထားချိန်ထက် နောက်မကျစေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။ ။
No comments:
Post a Comment