Monday, September 19, 2016

ပြည်ခိုင်ဖြိုး၊ တစည အပါအ၀င် ပါတီ ၁၁ ခုမှ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင် တရားမ၀င်ကြောင်း

နိရဉ္စရာ၊


ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအ၀င် နိုင်ငံရေး ပါတီ (၁၁) ခုမှ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်သည် တရားမ၀င်ကြောင်း ပူးတွဲ သဘောထား ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ကြသည့် အတွက် ဥပဒေ၏ လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့် အမိန့်မှာ မူလကပင် တရားမ၀င်ကြောင်း မိမိတို့ အလေးအနက် ခံယူထားသည်ဟု ပါတီ (၁၁) ပါတီ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းပြင် ကြေညာချက်ထဲတွင် ရခိုင်ပြည်နယ် လွှတ်တော်က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အား အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းလည်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့သံလွှင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် ကြံ့ခိုင်ရေး ပါတီတို့ တွေ့ဆုံပွဲ အပြီးတွင်၎င်းပူးတွဲ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပူးတွဲကြေညာချက်ထုတ်ြပန်ရာတွင် လက်မှတ်ရေးထိုးခဲ့သော ပါတီများ ကြံ့ခိုင်ရေး ပါတီ၊ တစည၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီတို့ ဖြစ်ကြသည်။

No comments: