Tuesday, September 13, 2016

မြစ်ဆုံစီမံကိန်း အပြီး ဖျက်သိမ်းရန် ဒေသခံများ ဆန္ဒထုတ်ဖော်

Kachinnews


ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးပိုင် ဖျက်သိမ်းပေးရန်နှင့် နဂိုမူလ နေရပ်ပြန်နိုင်ရန် ဒေသခံ ရွှေ့ပြောင်း ပြည်သူများ ယနေ့ မြစ်ဆုံ နံဘေးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စီမံကိန်းသည် ဒေသခံပြည်သူများ၏ စိတ်ဆန္ဒမပါသည့်အပြင် ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် ၄င်းကို ရာသက်ပိုင်ရပ်ဆိုင်းသွားစေရန် အစိုးရအဆက်ဆက်ကို တိုက်တွန်းသွားမည်ဟု လည်း သဘောထား ထုတ်ပြန်ခဲ့ကြပါသည်။

ကချင် မျိုးနွယ်စုများ၏ တန်းဖိုးမဖြတ်နိုင်သည့် မြစ်ဆုံဒေသတွင် ရေကာတာ စီမံကိန်းတည်ဆောက်မှုကို အပြီးဖျက်သိမ်းရန် ဆန့်ကျင်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဒေသခံများက ထုတ်ဖော် ပြောကြားလိုက်ပါသည်။

ဆန္ဒထုတ်ဖော်သူများက ကချင်စာ၊ ဗမာစာ၊ အင်္ဂလိပ်စာ နှင့် တရုတ်စာ စသည့် ၄ ဘာသာဖြင့် “မြစ်ဆုံ ရေကာတာ စီမံကိန်း လုံးဝ ဖျက်သိမ်းပါ” အဓိပ္ပာယ်ရှိ ပိုစတာ များကိုင်ဆောင်ခဲ့ကြပါသည်။

အစိုးရ နှင့် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီတို့ကြား ၂၀၀၆ တွင် မြစ်ဆုံ တစ်ဝိုက် ရေကာတာ စီမံကိန်း ၇ ခု တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

သဘောတူညီချက်တွင် မေခမြစ် (အင်မိုင်ခ) ပေါ်တွင် စီမံကိန်း ၅ ခု၊ မလိခ မြစ်ပေါ်တွင် ၁ ခု နှင့် မြစ် ၂ စင်းဆုံရာ မြစ်ဆုံတွင် ၁ ခု တည်ဆောက်ရန် ဖြစ်သည်။

စီမံကိန်းကြောင့် ယင်းဒေသ တစ်ဝိုက် ရွာများကို စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ပြီး နေရာ အသီးသီးကို ပြောင်းရွှေ့နေရာချပေးခဲ့သော်လည်း ပြည်သူများအနေဖြင့် အဘက်ဘက် က အခက်အခဲ ကြုံနေခဲ့ပါသည်။

ကောင်းကျိုးထက် ဆိုးကျိုး ပိုများသည်ဟု အများပြည်သူက ကန့်ကွက် ခဲ့သည့်အတွက် ၂၀၁၁ သမ္မတဦးသိန်းစိန် လက်ထက်တွင် စီမံကိန်းကို ရပ်တန့်စေခဲ့သည်။ လက်ရှိ NLD အစိုးရလက်ထက် တရုတ်နိုင်ငံဘက်မှ စီမံကိန်းပြန်စလိုကြောင်း ဖွင့်ဟ လာမှုအပေါ် ကချင်ပြည်သူများ စိုးရိမ်နေကြရခြင်း ဖြစ်သည်။

သို့သော်လည်း ကန့်ကွက်မှုများကြား မြစ်ဆုံ စီမံကိန်းကို ဆက်လက်ပြုလုပ်ရန် သင့်မသင့် ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဦးဆောင်စေပြီး ပြည်ထောင်စုဝန်ကြီးအချို့အပါအဝင် “မြစ်ဆုံစီမံကိန်း လေ့လာစုံစမ်းရေး ကော်မရှင်” ကို အစိုးရသစ် က သြဂုတ် (၁၂)ရက်နေ့ ဖွဲ့စည်းခဲ့သည်။

No comments: