Monday, September 12, 2016

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့် အချိန်ကိုက် CSIS မြန်မာ့ အရေး ဆွေးနွေးပွဲ ၀ါရှင်တန်တွင် ပြုလုပ်မည်

ဧရာဝတီ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် အမေရိကန် ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီမှာ CSIS (Centre for Strategic and International Studies) က မြန်မာနဲ့ အမေရိကန်တို့ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်း အနာဂတ် ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက် မှုတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တွေအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရခိုင်ပြည်က လူမျိုးရေး ပဋိပက္ခတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။

မြန်မာ့အရေး ဆွေးနွေးပွဲမှာ သမ္မတအိုဘားမားရဲ့ အကြံပေး Ben Rhodes၊ CSIS အရှေ့တောင်အာရှ Program အကြီးတန်းအကြံပေးနဲ့ ဒါရိုက်တာ Amy Searight တို့က အဖွင့်အမှာစကား ပြောကြား ကြမှာဖြစ်ပါတယ်။

စီးပွားရေး ဆွေးနွေးမှု ကဏ္ဍမှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးဘိုဘိုငယ်၊ နာမည်ကြီး လုပ်ငန်းရှင် တဦးဖြစ်တဲ့ FMI လုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) Serge Pun ၊ Inle Advisory Group ကိုတည် ထောင်သူ လည်းဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်းလည်းဖြစ်သူ Erin Murphy တို့ က ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ်၂၀၁၅ အထိ တာဝန် ထမ်း ဆောင်ခဲ့သူ သံအမတ်ကြီးဟောင်း Derek Mitchell ၊ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေး Myanmar Egress မှ ဦးကျော်ရင်လှိုင်၊ Nikkei Asian Review အယ်ဒီတာ ဖြစ်တဲ့ Gwen Robinson တို့က ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

CSIS က ကြီးမှူးပြုလုပ်တဲ့ပွဲမှာ အရင်စစ်အစိုးရဟောင်းကို လက်ခံခဲ့သူတွေ၊ ဦးသိန်းစိန် အစိုးရကို ထောက်ခံ ခဲ့သူတွေ၊ မြန်မာနဲ့ အမေရိကန်အကြားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို လိုလားသူတွေ ပါဝင်နေတာ ဖြစ်တဲ့အတွက် ပြည်တွင်း – ပြည်ပ မြန်မာ့အရေး လေ့လာသူတွေက အာရုံစိုက် စောင့်ကြည့် လေ့ လာ နေကြ ပါတယ်။

မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာ ဘာတေးလ် လင့်တနာ (Bertil Lintner) ကတော့ ၀ါရှင်တန်ဒီစီ မြန်မာ့အရေး ဆွေးနွေးပွဲက တစ်ဖက်သတ်ဆန်လွန်းတယ်လို့ ဆိုပါတယ်။

“ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေကို ကြည့်လိုက်ရင် တစ်ဖက်သတ်ဆန်လွန်းတယ်။ လွတ်လပ်တဲ့ အသံတွေ မပါ ဘူး။ သမ္မတဟောင်း ဦးသိန်းစိန်လူတွေ များနေတယ်” လို့ သူက ဝေဖန်ပြောဆိုပါတယ်။

No comments: