Kachinnews
အမျိုးသမီး အခွင့်အရေး အတွက် လုပ်ဆောင်နေသော ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT ၏ ၁၇ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို ယနေ့ ချင်းမိုင်မြို့ ရုံးတွင် ပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲ သို့ ချင်းမိုင် မြို့ရှိ ကချင်အဖွဲ့အစည်းများ၊ KWAT စတင် တည်ထောင်သူ များ နှင့် အခြား ဖိတ်ကြား ဧည့်သည်များ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်။
KWAT သည် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာပြည်) WLB အဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် တည်ထောင်ကာ အထူးသဖြင့် ကချင်ဒေသတွင်း ကလေးငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ် မြှင့်တင်သည့် လုပ်ငန်းကို လုပ်ဆောင် နေပါသည်။
နိုင်ငံရေးပြောင်းလဲမှုပေါ် အမျိုးသမီးများအတွက် သာမက ကချင် တစ်မျိုးသားလုံး အတွက်ပါ အသိပညာပေး လုပ်ငန်းများကို KWAT မှ လုပ်ဆောင်နေပါသည်။ လက်ရှိ KWAT ၏ လုပ်ငန်းများကို အထွေထွေ အတွင်းရေးမှုး မွန်းနေလီ မှ ယခုလို ပြောပါသည်။
“ပြည်သူကို ဖက်ဒရယ် ဒီမိုကရေစီနှင့် ပတ်သက်တဲ့အကြောင်းကို အသိပညာ ပေးနေတယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး အမျိုးသမီး အခွင့်အရေးကိစ္စ အသိပညာပေး လုပ်ငန်းတွေကို လုပ်နေတယ်။ မတရားမှုကို ဖော်ထုတ်တဲ့ လုပ်ငန်းတွေကိုလည်း KWAT က စီမံချက်နဲ့ လုပ်နေတယ်။ အဲဒီမှာက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို စုတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွဲပြီး လုပ်နေတယ်။”
ထို့အပြင် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT သည် လူကုန်ကူးမှု တားဆီးရေးနှင့် ပတ်သက်သည့် စာအုပ်များ၊ မြန်မာ အစိုးရ စစ်တပ်၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရသည့် ကချင် အမျိုးသမီးတို့၏ အစီရင်ခံစာ အပြင် အခြား လူ့အခွင့်အရေးဆိုင်ရာ စာအုပ်များကိုလည်း ထုတ်ဝေခဲ့ပါသည်။
ယနေ့ ၁၇ နှစ်ပြည့်တွင် အစိုးရစစ်တပ်မှ ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတကြောင့် KIA ကို ထိုးစစ် မြှင့်တင်မှုပေါ် ရှုပ်ချကြောင်း KWAT မှ သဘောထား ထုတ်ပြန်လိုက်သည်။
No comments:
Post a Comment