Monday, September 12, 2016

ပါတီထိပ်တန်းတာဝန်ရှိသူအချို့ ထုတ်ပယ်ခံရပြီးနောက် သျှမ်းပြည် NLDပါတီဝင်အချို့ နှုတ်ထွက်စာတင်

စိုင်းအောင်ဆိုင်း

NLD ပါတီမှ သျှမ်းပြည်နယ်ဆိုင်ရာ ပါတီထိပ်တန်းတာဝန်ရှိသူအချို့ကို ထုတ်ပယ်လိုက်ပြီး နောက် မြို့နယ်အချို့မှ NLD ပါတီဝင်အချို့ နှုတ်ထွက်မှုများ ရှိလာကြောင်း ပါတီအကြီးအကဲ များထံမှ သိရသည် ။

သျှမ်းပြည်နယ်(တောင်ပိုင်း)အလုပ်အမှုဆောင်အသစ်စာရင်းထုတ်ပြန်ပြီးနောက် သျှမ်းပြည် နယ်ရှိ မြို့နယ်အချို့မှ NLD ပါတီဝင်များ တာဝန်မှနှုတ်ထွက်စာတင်ကြခြင်းများရှိပြီး အချို့ကပါ ( ဗဟို)အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ရာထူးမှ နှုတ်ထွက်ပေးရန်
တောင်းဆိုမှုရှိလာခဲ့ခြင်း ဖြစ်သည် ။

“အာဏာရှင်ကိုတိုက်ခဲ့တဲ့အချိန်မှာ အခုဖြစ်နေတာက ကိုယ်တိုင် အာဏာရှင်ပုံစံလိုဖြစ်သွား တာဖြစ်နေ တယ်။ တကယ်ဆိုလိုရှိရင်ဘယ်သူကိုပဲ ထုတ်ထုတ် အရေး ယူမယ်ဆို ကျနော် တို့ပါတီမှာ ပါတီစည်းမျဉ်းကမ်းအရ အရေးယူမယ်။ ပါတီစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ခေါ်စစ်မယ် အရေးယူမယ်။ အခုက စည်းကမ်းထိန်းသိမ်းရေးလည်းမသိဘူး။ ဗဟိုက ဦးဉာဏ်ဝင်းတို့ လည်း သူတို့မသိရပါဘူးဆိုပြီး သတင်းတွေမှာတွေ့ရတယ်။ သူတယောက်ထဲ အာဏာရှိနေတာလား။’ ဟု လင်းခေးခရိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တွဲဘက် အထွေထွေအတွင်း ရေးမှူးဖြစ်သူ ဦးအောင်မြတ်တိုးကဆိုသည် ။

တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးနှုတ်ထွက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပါတီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ သေချာစစ်ဆေးခြင်းမရှိဘဲ နှုတ်ထွက်ခိုင်းသည့်အပြင် မသက်ဆိုင်သည့် အခြားသူ ၅ ဦးကိုပါ ရာထူးမှ ထုတ်ပယ်ခြင်းသည် အာဏာရှင်ဆန်ကြောင်းယင်းကိစ္စပတ်သက်ပြီး သျှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပါတီဝင် အချို့က ရာထူးမှနှုတ်ထွက်စာတင်မှုများရှိပြီး တောင်ကြီးမြို့နယ် NLD ဥက္ကဌနှင့် အတွင်းရေးမှူးတို့ပါ နှုတ်ထွက်စာတင်ထားကြသည်ဟု တောင်ကြီးမြို့ NLD ပါတီအကြီးအကဲများထံမှ သိရသည် ။

တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌအဖြစ်တာဝန်ယူ ထားသည့် ခွန်သန်းဝင်း က ရာထူးမှနှုတ်ထွက်စာထဲတွင် ပါတီ၏ စည်းမျဉ်းစည်းကမ်း များ မူဘောင်များ ညွန်ကြားချက်များနှင့်အညီ အောက်ခြေလုပ်ငန်းအဆင့်ဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခက်ခဲခြင်းကြောင့် ယင်းအနေဖြင့် တာဝန်နှုတ်ထွက်ခဲ့ရခြင်းဖြစ်ကြောင်း ဆိုထားသည် ။

သျှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးအပါဝင် ထုတ်ပယ်ခံရသူများမှာNLD တွင် နှစ်ရှည်လ များ အနစ်နာခံရပ်တည်ခဲ့ကြသူများဖြစ်သဖြင့်ဒေသခံများအကြားတွင်လည်း အဆိုပါ ထုတ်ပယ်ခံရ မှုအပေါ် ဝေဖန်မှုများ ရှိနေသည် ။

No comments: