Friday, September 9, 2016

NLD ထုတ်ပယ် ရာထူးချ ဆုံးဖြတ်ချက် ဦးဝင်းထိန် အခိုင်အမာ ရပ်တည်

ကျော်ဖြိုးသာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရှမ်းပြည်နယ်မှ ထိပ်တန်းပါတီဝင်တဦးကို ထုတ်ပယ်ပြီး အခြား ၃ ဦးကို ရာထူးချထားခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှင်းလင်းပြတ်သားသော အခွင့်အာဏာရထားသည်ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို သူ၏ လူမှု ကွန်ရက် Facebook စာမျက်နှာ၌“ CEC ဆိုတာ ဝယ်လို့ရတယ်။ သမိုင်းဆိုတာ ဝယ်လို့မရဘူး” ဆိုသည့် စာရေးသားမှု ကြောင့် ဦးဝင်းထိန်က နှုတ်မိန့်ဖြင့် ထုတ်ပယ်ကာ ရှမ်းပြည်နယ် NLD ဥက္ကဌ ဒေါ်ခင်မိုးမိုးအပါအဝင် အခြားထိပ်တန်း အဖွဲ့ ဝင်၃ဦး ကိုလည်း ရာထူးမှ ချထားလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပြည်နယ်ထိပ်တန်း ပါတီဝင်များကို ထုတ်ပယ်၊ ရာထူးချထားခြင်းနှင့် ပတ်သက်ပြီး အများပြည်သူများက ဝေဖန်မှုများ ထွက်ပေါ်နေရာ ဦးဝင်းထိန်က ဤသို့ တုန့်ပြန်ပြောကြားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဦးဝင်းထိန်ကသူသည် တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးကို ထုတ်ပယ်ရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နှုတ်မိန့်ပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗဟိုအလုပ်အမှုဆောင်ရာထူးက ၀ယ်လိုရတယ်၊ သမိုင်းကိုတော့ ၀ယ်လို့မရဘူးလို့ ရေးတယ်၊ ငွေရှိရင် ဗဟိုအလုပ်အမှုဆောင် လုပ်လို့ရတယ် ပြောတာ စော်ကားတာပေါ့၊ ပါတီဝင်တွေဟာ မကျေနပ်ရင် ရုံးမှာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်၊ ဒါကို ဖေ့စ်ဘွခ်မှာ တင်တယ်၊ ပါတီလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး၊ ဒါကြောင့် သူ့ကို ထုတ်လိုက်တယ်” ဟု သူကဆိုသည်။

ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးအပါအ၀င် အခြားထိပ်တန်းအဖွဲ့ဝင် ၃ ဦးမှာလည်း ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမဲဆွယ် စဉ်က ပါတီကို အထောက်အကူမပြုသဖြင့် ရာထူးချထားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“သူတို့တင်တဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းမှုကို ကျနော်တို့က ပယ်ချလိုက်တော့ သူတို့စိတ်ပျက်သွားတယ်၊ မဲဆွယ် ကာလတလျှောက်လုံး ဘာအကူအညီမှ မရဘူး၊ ဒါဟာ ပါတီစည်းမျဉ်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်တွေနဲ့ ဆန့်ကျင်နေတယ်”ဟု ဦးဝင်းထိန်က ရှင်းပြသည်။

ရှမ်းပြည်နယ် ထိပ်တန်းပါတီခေါင်းဆောင်များကို အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်ထံ တင်ပြ အစီရင်ခံပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ ဘာမျှ မှတ်ချက်ပေးပြောကြားခြင်းမရှိကြောင်း ပြောသည်။

ရာထူးချထားခံရသည့် ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကမူ ပါတီဝင်တဦးကို ထုတ်ပယ်သော ဆုံးဖြတ်ချက်ကို ဗဟို အလုပ်အမှုဆောင်(CEC) အစည်းအဝေးတွင်သာ ချနိုင်ကြောင်း ဧရာဝတီသို့ပြောသည်။

“ဒီဆုံးဖြတ်ချက်ကို တဦးတယောက်ထဲကချတာဆိုရင် ပါတီဟာ အာဏာရှင်ဆန်တယ်လို့ အဓိပ္ပါယ် သက်ရောက်လိမ့်မယ်” ဟု သူမက ဆိုသည်။

သို့သော် ဦးဝင်းထိန်ကမူ “ သူတို့က ပါတီကို စော်ကားနေတာ၊ လိုအပ်ရင် အာဏာရှင်ဆန်ရမယ်”ဟု ပြောသည်။

No comments: