ယိင်းအုမ်မွေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် မြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တရက်အတွင်းတိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားသည်ဟု သိရသည် ။
စက်တင်ဘာ ရ ရက်နေ့က မွန်းတည့်ချိန်က ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာနှင့် ပန်လုံကျေးရွာကြား တွင် တအာင်းတပ်မတော် TNLA တပ်ရင်းအမှတ် ၂၂၃ နှင့် မြန်မာအစိုးရတပ်မတော် တပ်မ ၃၃ တို့ တိုက်ပွဲ တနာရီကြာ ဖြစ်ပွား၏။ ထို့အတူ ကျောက်မဲ ခရိုင် ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပါလိုင် ကျေးရွာ တွင် ညနေ ၅ နာရီကျော်မှ ၆ နာရီကျော်ကြာအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည် ။
တိုက်ပွဲဖြစ်ပွားသည့်အကြောင်းနှင့်ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေးဌာန ဗိုလ်မှူး တာ့အိုက်ကျော် က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည် ။
“ တပ်မတော်ဘက်က ခု စစ်ရေးလှုပ်ရှားမှု ပိုမိုလှုပ်ရှားလာတယ်။ အဲကြောင့်မို့ နှစ်ဖက်တွေ့ပြီးတော့မှ ရင်ဆိုင်တိုက်ပွဲဖြစ်ရတယ်။ ကျနော်တို့ဘက်ကတော့ စစ်အင်အားဖြည့်တင်းတာမရှိဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ နယ်မြေမှာတိုက်ပွဲလာဖြစ်တယ်လေ” ဟု ပြောသည် ။
တိုက်ပွဲတွင် တအာင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဟုလည်း ဗိုလ်မှူးတာ့အိုက်ကျော်က ပြော သည်။ အစိုးရတပ်မတော်ဘက်မှာမူ တိုက်ပွဲနှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာခြင်းမရှိပေ ။
ယခုရက်ပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာ့တပ်မတော်မှ စစ်သည်၊ လက်နက်ခဲယမ်း၊ ရိက္ခာများ ပိုမို ဖြည့်တင်းလာသည့်အတွက် ဒေသခံလူထုက တိုက်ပွဲပြင်းထန် လာမည်ကို စိုးရိမ်နေကြ ပါ သည် ။
တအာင်း TNLA တပ် နှင့် ၄င်း၏ မဟာမိတ်ဖြစ်သည့် ရခိုင့်တပ်မတော် AA ၊ ကိုးကန့်တပ်မတော် MNDAA တို့သည် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ပါဝင်လိုလျှင် လက်နက်ကိုင် တော်လှန် ရေး လမ်းစဉ်အား စွန့်လွတ်ရမည် ဆိုသည့် ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ရန် အစိုးရနှင့် တပ်မတော် သို့ ကမ်းလှမ်းမှုအား ၄င်းတို့က ငြင်းပယ်ထားသည့် အတွက် ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း ပါဝင်ခွင့်မရှိခဲ့ပါ ။
No comments:
Post a Comment