အောင်ကိုဦး
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် လူနာစောင့်များ ခေတ္တနေထိုင်နိုင်ရန်အတွက် နားနေဆောင် ၆ ဆောင်စီစဉ်ဆောင်ရွက် ပေးထားသည်ဟု ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က အောက်တိုဘာလ ၃ ရက်တွင် မဇ္ဈိမ ကိုပြောသည်။
"တစ်ချို့က နေဖို့ထိုင်ဖို့အတော်ခက်တယ်။ သွားဖို့ပြန်ဖို့ကလည်း မလွယ်ဘူး။ တည်ခိုးခန်း တွေ ဘာတွေငှား ဖို့ကလည်း ငွေကြေးအခက်အခဲရှိကြတယ်။ ဒါကြောင့် အခုလိုနေထိုင်နိုင်ဖို့ ဆောင်ရွက်ထားတာပါ။ ကျွန်တော် တို့ကပဲ ကြီးကြပ်ဆောင်ရွက်ပါတယ်။ အခမဲ့ပါ။ လိုအပ်ရင်ဖျာလည်း ငှားပေးပါတယ်"ဟု ဦးမင်းလွင်က ပြော သည်။
ထိုသို့ လူနာစောင့်များ နေထိုင်နိုင်ရန်အတွက် မန္တလေးအထွေထွေကုဆေးရုံကြီး အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီး ကျောင်းများဖြစ်သည့် ပုပ္ပါးကျောင်း၊ စံကျောင်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်ထားသည်ဟုလည်း ဦးမင်းလွင်က ဆိုသည်။
ထို့အပြင် ဆေးရုံမှ ပြန်ဆင်းမည့် လူနာများအတွက်လည်း မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်း ၁၀ သင်းဖြင့် ချိတ်ဆက်၍ လူနာတင်ယာဉ်များလည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
"တတ်နိုင်တဲ့ လူနာရှင်ကတော့ ဆီဖိုးပြန်လှူဖို့ ဒါကလည်းအသင်းတွေ ရေရှည်ရပ်တည်ဖို့ အတွက်ပါ။ လုံးဝမ တတ် နိုင်သူတွေအတွက်လည်း အခမဲ့ လုပ်ဆောင်ပေးပါတယ်။"ဟု ဦးမင်းလွင်က ပြောသည်။
လူနာများ ရေနွေးအလိုရှိပါက ဆေးလူမှုဆက်ဆံရေးဌာနတွင် လိုသလောက် လိုအပ်သည့်အချိန်တွင် လာ ရောက် ယူနိုင်ပြီး ငွေကြေးမတတ်နိုင်သည့် လူနာများအနေဖြင့် ဆက်သွယ်အကူအညီ တောင်းခံပါကလည်း အလှူရှင်များနှင့် ဆက်သွယ်ပေးသည်ဟုလည်း ဦးမင်းလွင်က ဆိုသည်။
နားနေဆောင်များ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း လူနာစောင့်များအနေဖြင့် နေထိုင်ရန် အခက်အခဲ များရှိနေဆဲဖြစ်ကြောင်းလည်း လူနာစောင့်တစ်ချို့ထံမှသိရသည်။
"စီစဉ်ပေးတာတော့ ကျေးဇူးတင်ပါတယ်။ဒါပေမယ့် မလုံလောက်တော့ ဖြစ်သလိုပဲ ဆက်နေနေရတယ် "ဟု ပခုက္ကူမှ လာရောက်ဆေးကုသနေသည့် လူနာရှင် တစ်ဦးက ဆိုသည်။
မန္တလေးအထွေထွေကုဆေးရုံကြီးတွင် လူနာဆောင် ၂၉ ဆောင်ရှိပြီး လူနာ ၁၃၀၀ ခန့်တက်ရောက် ကုသနေ ကြောင်း သိရသည်။
No comments:
Post a Comment