ထွန်းထွန်း
စစ်ကိုင်းတိုင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် အောက်တိုဘာ ၂ ရက် နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် နယ်စပ်၌ ဗုံးပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း နယ်စပ်ဒေသ စောင့်ကြည့်ရေး ကော်မတီထံမှ သိရသည်။
တမူးရှိ နန့်ဖာလုံဈေး လမ်းဆုံအနီးအတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ဗုံးပေါက်ပွဲမှုမှာ နန့်ဖာလုံဈေး အနောက်ဘက် ဘန်ကာရွာအနီး တမူး-မိုးရေး နယ်စပ်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ စောင့်ကြည့်ရေး ကော်မတီဝင် ဦးကျော်သက်ဝင်းက “ဒီလိုပစ်ခတ်မှုတွေက လက်နက်ကိုင် အုပ်စုတွေချင်း ဖြစ်တာများတယ်၊ နယ်စပ်လုံခြုံရေးက အားနည်းတယ်၊ ဒီကနေ အန္ဒိယဘက်သွားရင် အစစ်ဆေးခံရပြီး ဒီဘက်ကိုတော့ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို ဖြစ်နေတယ်” ဟု ပြောသည်။
ပစ်ခတ်ခံရသူမှာ တမူးမြို့နေ ဦးသိန်းထွန်း ဆိုသူဖြစ်ကြောင်း သိရပြီး ခါးတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် လတ်တလောတွင် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း သိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ပစ်ခတ်မှုတွင် ၄ ဦးခန့် ပါဝင်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း နယ်စပ်ဒေသ စောင့်ကြည့်ရေးကော်မတီက ဆိုသည်။
ပစ်ခတ်မှုကျူးလွန်ခဲ့သည့် တရားခံများနှင့် ပတ်သက်၍ ဖမ်းဆီးရမိမှု မရှိသေးဘဲ ဆက်လက် စုံစမ်းဆဲသာ ဖြစ်ကြောင်း တမူးရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောသည်။
မြန်မာ-အန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တမူးဒေသမှာ နာဂ၊ ကသည်း စသည့် လက်နက်ကိုင်တပ်ဖွဲ့များ သွားလာ လှုပ်ရှားမှုရှိသည့် နေရာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်ချင်း တဖက်နှင့်တဖက် ပစ်ခတ်မှုဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။
တမူးဒေသတွင်း နယ်မြေလုံခြုံမှု ဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်း အစိုးရထံ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတရပ် ပြုလုပ်သွားရန်လည်း ဒေသတွင်း အရပ်ဖက်အဖွဲ့ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြင်ဆင် လျက်ရှိကြောင်း အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်အဖွဲ့က ပြောသည်။

No comments:
Post a Comment