Tuesday, November 3, 2009

အမေရိကန် ကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ

ကိုထွေး Tuesday, 03 November 2009

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁၀း၂၀ နာရီတွင် နေပြည်တော်သို့ ရောက်ရှိသွားကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက ဧရာဝတီကို ပြောသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့ ဦးဆောင်ပြီး တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

“ဒီနေ့ တနေ့လုံး သူတို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပါလိမ့်မယ်၊ မနက်ဖြန်မှာ ရန်ကုန်ကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ပါမယ်” ဟု အမည် မဖော်လိုသူ အမေရိကန်သံရုံး အရာရှိက ဧရာဝတီသို့ ပြောသည်။

ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်တွင် တွေ့ဆုံခဲ့ဖူးသည့် မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်များနှင့် ယနေ့ ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း သံရုံး အရာရှိက ဆက်လက် ပြောဆိုသည်။

စက်တင်ဘာလကုန်ပိုင်းက အမေရိကန်၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒသစ် ထွက်ပေါ်လာပြီးနောက် မစ္စတာ ကမ်းဘဲလ်သည် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သေးသည်။ ထိုသို့ တွေ့ကြရာတွင် အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစုများ ပါဝင်နိုင်ရေး တို့နှင့် ပတ်သက်ပြီး ဆွေးနွေးကြကြောင်း သိရသည်။

ယခု မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရန် အလားအလာ မရှိကြောင်း သုံးသပ်သူများက ဆိုသည်။

ခရီးစဉ် မတိုင်မီ မြန်မာနှင့် အာဆီယံ နိုင်ငံများမှ လူထု အခြေပြု လူမှုအဖွဲ့အစည်း ၅၀ က မစ္စတာ ကမ်းဘဲလ် ထံသို့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်သည်။

အိတ်ဖွင့် ပေးစာတွင် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အမေရိကန်၏ ကြိုးပမ်းမှုက တစုံတရာ အထောက်အကူ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများကို တိုက်ခိုက်မှုများ ရပ်ဆိုင်းရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ အားလုံးပါဝင် နိုင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရေးတို့အတွက် စစ်အစိုးရကို ဖိအားပေးရန် တောင်းဆိုထားသည်။

ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခု အမေရိကန် အစိုးရကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်ကို စောင့်ကြည့်နေသည်ဟု မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

တောင်ကုတ်တွင် ရွာသားအချင်းချင်း ဓါတ်ဆီပုလင်းနှင့် တိုက်ခိုက်၍ လူ ၈ ဦးခန့် ဆေးရုံတင်ထားရ

Narinjara News

တောင်ကုတ်မြို့ ဆားပြင် ကျေးရွာတွင် ရွာသား အချင်းချင်း ရန်ဖြစ် ရာမှ ပုလင်း ဓါတ်ဆီ ဗုံးဖြင့် တိုက်ခိုက်၍ ရွာသား အများအပြား ဒဏ်ရာ ရရှိသွားပြီး အနည်းဆုံး လူ ၈ ဦးခန့်ကို တောင်ကုတ် ဆေးရုံကို ပို့လိုက်ရကြောင်း တောင်ကုတ်မြို့ခံ တဦးက ပြောသည်။


“ ဖြစ်တာက မနေ့ညနေ ၇ နာရီခန့်မှာ ဖြစ်တာပါ။ ရွာသား အများစု ဘုန်းတော်ကြီးကျောင်းမှာ ထိုင်နေစဉ် လာရောက် ဆဲဆိုတဲ့အတွက် အုပ်စုလိုက် ဆင်းလိုက်ရာကနေ ဆဲဆိုတဲ့ လူက ဓါတ်ဆီကို ပုလင်းထဲထည့်ပြီး ဗုံးလုပ်တိုက်ခိုက်တဲ့အတွက် ခုလို အများအပြား ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ဒဏ်ရာ ပြင်းထန်သူ ၄ ဦးခန့်ကို ဆေးရုံတင်ထားရပြီး တခြား ဒဏ်ရာရသူ ၅ ဦးခန့်ကို အပြင်တွင် ကုသနေရကြောင်း သိရသည်။

“ဒီနေ့ မနက်ကတော့ တိုက်ခိုက်တဲ့သူကို တောင်ကုတ် ရဲစခန်းမှာ ဖမ်းဆီးထားလိုက်ပါပြီ။ အခုလောလောဆယ်တော့ အခြေအနေက အေးအေးဆေးဆေးဘဲ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများ အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာတွင် ယခင်က ဓါတ်ဆီ ပုလင်းကို ဗုံးလုပ်၍ တိုက်ခိုက်ခြင်း မရှိသဖြင့် ယခု တိုက်ခိုက်မူမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနှင့် မြန်မာနယ်စပ်အာဏာပိုင်တို့ကြား တင်းမာမှု ခေတ္တဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်း - မြန်မာ နယ်စပ် ဘုရား သုံးဆူမြို့တွင် ထိုင်းနှင့် မြန်မာ နယ်စပ် အာဏာပိုင် တို့အကြား တင်းမာမှု ခေတ္တဖြစ်ပွား ခဲ့ရာမှ ယနေ့ ပြန်လည် ဖွင့်လှစ်လိုက် သော်လည်း နယ်စပ် သွားလာမှုမှာ ပုံမှန် မဖြစ် သေးဟု သိရသည်။

အောက်တိုဘာလ ၃၀ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတင်းမာမှုသည် တဖက်နှင့်တဖက် နယ် မြေကျူးကျော်မှုကြောင့်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကို နှစ်ဖက်အာဏာပိုင်များက ခေတ္တပိတ်ပင်ခဲ့ရာ ယခုပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ယခင်လို လူအစုလိုက်အပြုံလိုက် ဖြတ်ကျော်ခွင့် မပေးသေးကြောင်း ဘုရားသုံးဆူမှ ဒီကေဘီအေ တပ်မှူးတဦးက ပြောသည်။

၎င်းက “၃၀ရက်နေ့ ညနေ ၆နာရီမှာ မြန်မာဘက်က စပိတ်တယ်။ နယ်စပ် ပြဿနာကနေစဖြစ်တာပါ။ ကျနော် သိရသလောက်ဆိုရင် ဗမာစီးပွားရေးသမားတွေက အဲဒီဖြစ်ပွားတဲ့ ကွင်းပြင်ကို ဂေါ့ဖ်ကွင်းတ ကွင်းလုပ်ဖို့ မြက်တွေဘာတွေ လာစိုက်တဲ့အချိန်မှာ ထိုင်းနယ်စပ်လုံခြုံရေးတွေက လက်မခံကြဘူး၊ အဲဒီ ကနေပြီး တဘက်နဲ့တဘက် မပြေမလည်ဖြစ်ပြီးတော့ မြန်မာဘက်က နယ်စပ်သွားလာမှု ပိတ်ပစ်လိုက် တယ်။ အခု ပြန်ဖွင့်လာပေမယ့်လည်း လူတွေ အုပ်စုလိုက် သွားလာလို့ မရဲကြသေးဘူး”ဟု ပြောသည်။

ယခုဖြစ်ပွားသည့် တင်းမာမှုသည် မြို့နယ်အဆင့်ထိဖြစ်ပွားသည်မဟုတ်ဘဲ နယ်စပ်ရှိ စီးပွားရေးသမား များ အချင်းချင်း စတင်ဖြစ်ပွားရာမှ နယ်စပ်လုံခြုံရေးတပ်ဖွဲ့အထိ ရောက်ရှိကာ တင်းမာမဏ ဖြစ်ပွား သွားခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် နေထိုင်သည့် ထိုင်းကျန်းမာ ရေးဝန်ထမ်းတဦးက ကေအိုင်စီကို ပြောသည်။

သူက “နှစ်ဘက် စီးပွားရေးသမား အချင်းချင်းကနေ စဖြစ်ပြီးတော့ ထိုင်းဘက်က စီးပွားရေးသမားတွေ က ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ဗမာဘက်က ပိတ်သလို ထိုင်းဘက်ကလည်း ပြန်ပိတ် တာပဲ”ဟု ပြောသည်။

ထိုင်းနှင့် မြန်မာနယ်နိမိတ်ဆက်စပ်နေသည့် ဘုရားသုံးဆူမြို့၏ နယ်မြေတည်ဆောက်ပုံအရ မြန်မာဘက် က (၈၀)ရာခိုင်နှုန်းခန့် ဆက်စပ်လျှက်ရှိပြီး ထိုင်းဘက်က (၂၀)ရာခိုင်နှုန်းခန့်သာရှိမည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရှိရသည်။

ယင်းသို့ နယ်စပ်ယာယီပိတ်ပင်မှုမှာ စီးပွားရေးသမားများအတွက် ကြီးမားသည့် နစ်နာမှုများ မရှိသော် လည်း ထိုင်းဘက်ကမ်းရှိ စက်ရုံအလုပ်ရုံ (၉)ခုတွင် နေ့ချင်းပြန်စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေ ကြသည့် မြန်မာအလုပ်သမား (၁,၀၀၀)ကျော်အတွက်မူ နစ်နာမှုများစွာ ရှိသည်ဟု သိရသည်။

ယခုဖြစ်ပွားခဲ့သည့် နယ်စပ်ပြဿနာသည် ဘုရားသုံးဆူမြို့၏ အရှေ့မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး အဆိုပါကွင်းပြင်သည် လွန်ခဲ့သည့် ၄နှစ်ခန့်ကလည်း ထိုင်းအာဏာပိုင်များနှင့် မြန်မာအာဏာပိုင်များအ ကြား အလားတူ တင်းမာမှု ဖြစ်ပွားခဲ့ရာမှ ထိုင်းဖက်က ၎င်းတို့ ဆောက်ထားသည့် အဆောက်အဦများကို ပြန်ဖျက်ပေးခဲ့ရကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ရှည်လျားစွာ ဆက်စပ်နေသော နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားတွင် စီးပွားရေးပဋိပက္ခကြောင့် နယ်စပ်ပိတ်ပင်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဘူးသည်။

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၈)

စောကျော်ကျော်မင်း

ကိုဖိုးဖြူ အား အမှုအခြေ အနေနှင့် ခုခံရေး လမ်းကြောင်း အပိုင်းကို အသေးစိတ် ရှင်းပြ လိုက်သည်။ ထိုနေ့ ရုံးချိန်းတွင် ကိုဖိုးဖြူ ပြန်လှန် စစ်မေး လေသည်။

တရားရုံးစလျှင်စချင်း ကိုဖိုးဖြူသည် ရဲလက်စွဲဥပဒေအပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂) နှင့် အပိုဒ်ခွဲ (၅) တို့ကို ကိုးကားလျက် ရုံးရှေ့ စွပ်စွဲခံရသူများကို လက်ထိပ်ခတ်ထားသည့်အတွက် လက်ထိပ်ဖြုတ်ပေးရန် တရားရုံးတော်ကို တင်ပြလျှောက်ထားလေတော့သည်။


ရဲလက်စွဲဥပဒေ အပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂) တွင် အာမခံပေးခွင့်မရသော ပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခံရသောသူ၏ နောက်ကြောင်းရာဇ၀င် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်တို့ကို ထောက်ထား၍ လွတ်မြောက်ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန်အားထုတ်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရ ဟု ဖေါ်ပြထားပြီး၊

အပိုဒ်ခွဲ (၅) တွင် တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုမူလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်။ သို့မဟုတ် ၎င်းတို့အား လွတ်မြောက်ထွက်ပြေးရန် ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၎င်းတို့အား ရုံးသွားရုံးပြန် လက်ထိပ်မခတ်ရ ဟု ဖေါ်ပြထားပေသည်။

အထက်ဖေါ်ပြချက်အရ ကိုဖိုးဖြူသည် “ရုံးရှေ့ စွပ်စွဲခံရသူများ၏ နောက်ကြောင်းရာဇ၀င်နှင့် ဂုဏ်သိက္ခာ တို့ကို ကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နိုင်ငံရေးသမားများဖြစ်ကြောင်း၊ နိုင်ငံရေးသမားများသည် မိမိတို့ ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံနေကြသူများ ဖြစ်ကြောင်း၊ ထိုသူတို့၏ ဂုဏ်သိက္ခာသည် သံသယဖြစ်ဖွယ် လုံးဝ မရှိပါကြောင်း၊ ထို့အပြင် တရားရုံးတော်ရှေ့တွင် အမှုရင်ဆိုင်နေကြသူများဖြစ်ကာ ရုံးထဲတွင်လည်း လုံခြုံရေးအစောင့်အရှောက်များ ရှိနေပါသောကြောင့် လွတ်မြောက်ထွက်ပြေးရန်သော်လည်းကောင်း၊ ကြမ်းတမ်းစွာ ခုခံရန်သော်လည်းကောင်း မဖြစ်နိုင်သည့် အခြေအနေများ ရှိနေပါသဖြင့် တရားစစ်ဆေးနေသည့် အချိန်တွင် လက်ထိပ်ဖြုတ်ပေးပါရန်” တင်ပြလျှောက်ထားသည်။

ကိုဖိုးဖြူသည် လက်ထိပ်ဖြုတ်ပေးရန်တစ်ခုတည်းကိုပင် တင်ပြလျှောက်ထားရာ လျှောက်ထားချိန် နာရီဝက်မျှ ကြာမြင့်လေသည်။

ကိုဖိုးဖြူ ထိုသို့ လက်ထိပ်ဖြုတ်ပေးရန် လျှောက်ထားနေသောအချိန်တွင် ကျွန်တော်သည် အလုပ်သင် ရှေ့နေဖြစ်ခါစ၊ ညောင်တုန်းမြို့နယ်မှ ကိုသန်းထွန်းနှင့် ကိုတင်ဌေးတို့အမှုမှ ဖြစ်ရပ်ကလေးတစ်ခုကို အမှတ်မထင် သတိရမိလိုက်သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖြစ်သည်။ ရဲအုပ် ကျော်မြသန်းနှင့် ကိုသန်းထွန်း၊ ကိုတင်ဌေးတို့ အမှုဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်က ကိုတင်ဌေးအတွက် လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ကိုသန်းထွန်းအတွက် ဦးမျိုးတင့်ဆိုသည့် ဗဟိုတရားရုံးချုပ်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။

“စိန်စီသောည” အခွေ သိမ်းဆည်းရမိသောအမှု ဖြစ်သည်။ ကိုသန်းထွန်းကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) နှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၆) တို့ဖြင့် တရားစွဲဆိုခြင်းဖြစ်ကာ ကိုတင်ဌေးကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) ဖြင့် တရားစွဲဆိုသော အမှုဖြစ်သည်။

အမှုစတင်စစ်ဆေးသောနေ့တွင် တာဝန်ကျရဲသားများက ကိုသန်းထွန်းနှင့် ကိုတင်ဌေးကို တရားရုံးသို့ လက်ထိပ်တန်းလန်းဖြင့် ခေါ်ဆောင်လာသည့် အချိန်တွင်ဖြစ်သည်။ မြို့နယ်တရားသူကြီး ဒေါ်စောနွဲ့နွဲ့ဝင်းမှ လက်ထိပ်ဖြုတ်ပေးစေရန် ချက်ချင်းညွှန်ကြားလိုက်သည်ကို ကျွန်တော် အမှတ်မထင် မှတ်မိနေခဲ့သည်။

သို့သော် ယခု ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စစ်ဆေးလျက်ရှိသော တရားရုံးတွင်မူ ကိုဖိုးဖြူမှ လက်ထိပ်ဖြုတ်၍ အမှုသည်များ သက်တောင့်သက်သာဖြင့် တရားစစ်ဆေးစီရင်သည်ကို ခံယူနိုင်ရန် တင်ပြလျှောက်ထားပါသော်လည်း တရားရုံးတော်က လက်ထိပ်ဖြုတ်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်သည်။

လက်ထိပ်ဖြုတ်၍ တရားစစ်ဆေးစီရင်သည်ကို ခံယူရန် ဆိုသည်မှာ သာမန်အားဖြင့်ကြည့်လျှင် မည်သို့မျှ အရေးမကြီးသော ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ရပ်တည်နေထိုင်လျက်ရှိသော လူသားတစ်ဦးအနေဖြင့်ဆိုလျှင် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ပါသည်ဟု စွပ်စွဲလျက် တရားရုံးတင် စစ်ဆေးလျှက်ရှိသော အချိန်တွင် လက်ထိပ်တန်းလန်းဖြင့် အများပြည်သူ၏ မြင်ကွင်းထဲတွင် လက်ထိပ်ခတ်ခံရခြင်းသည် ကြီးစွာသော စိတ်အားညှိုးငယ်ခြင်းကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ထိပ်ခတ်ခြင်းခံထားရသည်ကို မြင်ရသူအပေါင်းအနေဖြင့်လည်း အထင်သေး အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ကဲ့ရဲ့ကြမည်မှာ အမှန်ပင်ဖြစ်သည်။

လူသားဖြစ်စဉ်ထဲ၌ လူတိုင်းလူတိုင်းအား လူသားဖြစ်တည်မှု၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစား၊ တန်ဖိုးထားကြရမည်မှာ ၂၁ ရာစု ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင်တိုင်း ကိုယ်ပိုင်အသိတရားဖြင့် သိသင့်၊ သိထိုက်၊ သိအပ်လှသည့် ပြဌာန်းစရာမလိုသော ၀တ္တရားပင်ဖြစ်သည်။

ရဲလက်စွဲဥပဒေအား ပြုစုပြဌာန်းခဲ့ကြသော ဥပဒေပညာရှင်များသည် ယင်းအချက်ကို ကောင်းစွာသတိပြုလျှက် ရဲများအနေဖြင့် လက်ထိပ်များကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုစေရန်အတွက် ရဲလက်စွဲဥပဒေထဲတွင် လက်ထိပ်ခတ်ခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် သီးသန့် ထည့်သွင်းပြဌာန်းပေးထားခြင်းဖြစ်ပေသည်။

သို့သော် ရဲများ၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များသည်လည်းကောင်း၊ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသော လုပ်ဆောင်ချက်များသည်လည်းကောင်း၊ အမှုစွဲတင် စစ်ဆေးလိုက်သောအချိန်တွင် သက်ဆိုင်ရာ တရားရုံးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိကြသော်လည်း၊ သက်ဆိုင်ရာ တရားရုံးများက အလေးအနက်ထား ဖြေရှင်းခြင်း မရှိကြတော့ပေ။ တချို့တရားရုံးများသည်ပင်လျှင် ရဲလုပ်ထုံးလုပ်နည်းများ မှားယွင်းစွာ လုပ်ဆောင်ထားကြသည်များကို ရဲများဘက်မှနေ၍ ကာကွယ်ဖြေရှင်းပေးတတ်ကြသည်။ ထို့ကြောင့် ရဲများအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာကြရမည့် ရဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အလေးအနက်ထား လိုက်နာကြတော့ခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာသည်လည်း တစ်စထက်တစ်စ ကျဆင်းလာခဲ့ရာ ယနေ့အချိန်အခါတွင်မူ ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်နေပေတော့သည်။

ထူထောင်ရေးတာဝန်ကျ နအဖ ဒုတပ်ရင်းမှူး ၎င်း၏ တပည့်နှစ်ယောက်အားပစ်ခတ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အလယ်ပိုင်း မီးရှို့ ခံရသည့် ကျေးရွာများ၌ ပြန်လည် ထူထောင်ရေး တာဝန် ကျသည့် တပ်ရင်းမှ ဒုတပ်ရင်းမှူး နှင့်၎င်း၏ လက်အောက် ငယ်သား အချေအတင် စကားများ ကြရာမှ တပည့် နှစ်ယောက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်းသျှမ်းပြည် အလယ်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။

မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုအတွက် ပြည်လည်တည်ဆောက်ရေးတာဝန်ကျသည့် ခမရ ၅၁၇ မှ ဒုတပ် ရင်းမှူး ဗိုလ်မှူး အောင်နိုင်ထူးက ၎င်း၏တပည့် ၂ ယောက်ဖြစ်သူ တပ်ကြပ်ကြီးမြင့်ဇော်နှင့် တပ်သား အောင်စိုး အား အောက်တို ဘာ ၂၃ ရက် ည ၁၀ နာရီအချိန်က သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု လဲချားမှ ၀န်ထမ်းတဦး ကပြောပြ၏။

“ တပ်ကြပ်ကြီးမြင့်ဇော်နဲ့ တပ်သားအောင်စိုးကို ဒုတပ်ရင်းမှူးက အလုပ်ကိစ္စနဲ့ပါတ်သက်လို့ ခေါ်ဆဲတော့ဟိုနှစ် ယောက်က ‘မီးရှို့ခိုင်းတုန်းကလဲ အထက်အမိန့်ဘဲ။ အခုအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲ အထက် အမိန့်ဘဲ၊ မောရတာ/ခေါ်ဆဲခံရတာကျတော့ ကျနော်တို့ လက်အောက်ငယ်သားတွေ’ လို့ ခံပြောတော့ ဒုတပ်ရင်းမှူးကစိတ်ဆိုး ပြီးပစ်လိုက်တာ။ သေတော့မသေဘူး။ ဒဏ်ရာပြင်းတယ်” ဟု ပြော၏။

ထိုအပါတ်အတွင်းမှာပင် မီးရှို့ခံရသည့် လဲချားမြို့နယ် တတ်မောက်၊ အုပ်စုဟိုလုံး(မ်)ဖက် တာဝန်ကျသည့် စစ် သားများ တောထဲသစ်ခုတ်ကြရာ အောက်သို့ လိမ့်ဆင်းသည့် သစ်တုံးပိမိ၍ တပ်ကြပ်ကြီးအဆင့် စစ်သား တယောက်သေဆုံးခဲ့ ကြောင်း ရွာသားများကဆို၏။

“ တတ်မောက်၊ ဟိုလုံးဘက်က တာဝန်ကျတာ အင်္ဂျင်နီယာတပ် နဲ့ ခလရ ၂၄၇ ” ဟု လဲချားဈေးသည် တဦးက ပြော၏။

အောက်တိုဘာ ၁ ရက်နေ့ည၌လည်း မိုးနဲအခြေစိုက်ခလရ ၂၄၈ တပ်ခွဲ ၂ မှစစ်သားများကျေးသီး မြို့နယ်သို့စစ်ကြောင်း ထွက်စဉ် မီးရှို့ခံရသည့်ရွားများအား ပြန်ဆောက်ပေးရေးနှင့် ပါတ်သက်၍ အရက်ဝိုင်း၌ အချင်းချင်းအချေအတင်စကား များ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးခွဲ၊ ပစ်ခတ်ကြသဖြင့် ၅ ယောက်ထက်မနဲ သေဆုံးခဲ့၏။ထိုရန်ပွဲမှ စစ်ကြောင်းမှူးဗိုလ်မှူး ဇော်ထွန်းလည်း အပြင်းအထန်ဒဏ်ရာရသဖြင့် တောင်ကြီးသို့ပို့ဆောင် ကုသခဲ့ရ၏။

သျှမ်းပြည်အလယ်ပိုင်း နမ့်ဇန်၊ မိုင်းနောင်၊ ကျေးသီး၊ လဲချား၊ မိုင်းကိုင်မြို့နယ်တ၀ိုက် နေထိုင်သည့် ကျေးလက်လူထု အား စစ်အစိုးရတပ်က သျှမ်းသူပုန်ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟုစွပ်စွဲကာ အိမ်ခြေ ၅၀၀ ကျော်မီးရှို့ဖျက်ဆီး ပြီး ကျေးရွာ ၃၉ ရွာအား ဂျူလိုင်လနှောင်းပိုင်းက အဓမ္မပြောင်းရွေ့ခိုင်းခဲ့သည်။

စီးပွားဖြစ် ဆံပင်

ကောင်းထက်ငြိမ်းချမ်း

တရုတ်ပြည်သို့ ဆံပင် ပိဿာချိန် များစွာ တင်ပို့နေ ရသောကြောင့် ဆံပင် အရောင်း အ၀ယ် လုပ်ငန်း မြန်မာ နိုင်ငံတွင် တဖြည်းဖြည်း ကြီးထွား နေသည်။ ဆံပင် အ၀ယ်ဒိုင် လုပ်ငန်းများ အလုပ်ဖြစ် လျက်ရှိပြီး ဆံပင် ဖုန်ခါ သန့်စင်ခြင်း ၊ ဆံပင် အထုံး ဖြေခြင်း စသည့် အလုပ် အကိုင်သစ် များပင် ပေါ်ပေါက် လာသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ထဲတွင်ပင် ဆံပင်အ၀ယ်ဒိုင် ၅ ခု ရှိနေသည်။ အ၀ယ်ဒိုင် အလုပ်သမားများအနက် မျက်စိရှင်ပြီး သွက်လက် ဖျတ်လပ်သူက ငွေပိုရသည်ဟု ၈ ရပ်ကွက် အ၀ယ်ဒိုင်တခုတွင် ဆံပင်ထုံးဖြေသည့် အလုပ် လုပ်ကိုင်နေသူ မတင်ခက ပြောသည်။

“တနေ့ကို ၃ ထောင်လောက် အနည်းဆုံး ရနေတော့ ဒီအလုပ်ကို လက်မလွှတ်ရဲဘူး၊ လုပ်ချင်တဲ့သူတွေမှ တန်းစီနေတာပဲ” ဟု မတင်ခက ဦးခေါင်းကို ဘယ်တချက် ညာတချက်စောင်းကာ အညောင်းဖြေရင်း ပြောပြသည်။

နံနက်မှ ညအထိ လုပ်ကိုင်ရသဖြင့် အညောင်းမိလှကြောင်း၊ အကိုက်အခဲ ပျောက်ဆေး သောက်မှ သက်သက်သာသာနှင့် အိပ်နိုင်ကြောင်း သူက ဆက်ပြောပြသည်။

ရန်ကုန်ဈေးကွက်တွင် တပေကျော်သော ဆံပင်ရှည် တကျပ်သားလျှင် ၁၂၀၀ မှ ၁၅၀၀ကျပ်အထိ ရနိုင်သည်။ နှစ်ပေကျော်ပါက ဈေး ပိုရမည်ဟု ဆိုသည်။

ထိုဆံပင်များက တရုတ်နိုင်ငံရှိ ဆံပင်အတုလုပ်ငန်းသို့ ရောက်သွားမည်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်သို့ ဆံပင်အတု ဖြန့်ချိနေသော တရုတ်နိုင်ငံက လိုအပ်သော ဆံပင်ကုန်ကြမ်းကို အိမ်နီးချင်း မြန်မာနိုင်ငံမှ တင်သွင်းနေရသည်။

အမြတ်အစွန်းများသော ဆံပင် အ၀ယ်ဒိုင် လုပ်ငန်းတွင် လုပ်ကိုင်သူ တနေ့တခြား များလာသည်။ ရန်ကုန်မြို့ပေါ်ရှိ တချို့သော ရပ်ကွက်များတွင် ဆံပင်အ၀ယ်ဒိုင်က တလမ်းလျှင် တခု ရှိနေသည်။

ဤလုပ်ငန်းသည် ၂၀၀၅ ခုနှစ်မှ စတင် ကျယ်ပြန့်လာသည်ဟု သိရသည်။ ယခုအခါ မြို့ပြတွင်သာမက နယ်သို့ ဆင်းကာ ဆံပင် ၀ယ်ယူ စုဆောင်းနေကြသည်။ ဆံပင်သား ကောင်းခြင်း၊ အရေအတွက် များများ ၀ယ်ယူနိုင်ခြင်းပေါ် မူတည်ပြီး ကော်မရှင်ကြေး၊ ဆုကြေး ရတတ်သောကြောင့် နယ်သို့ ဆင်းပြီး ဆံပင် ၀ယ်သူ များလာကြောင်း သာကေတမြို့နယ်မှ ဆံပင် အ၀ယ်ဒိုင် ကိုစိန်လှက ပြောသည်။

“မိုးရာသီကတော့ တနှစ်လုံးအတွက် အလုပ် အဖြစ်ဆုံး အချိန်ပေါ့၊ ၀ယ်လိုအားက အရမ်း များလာတော့၊ နယ်တွေ ဆင်းကြတယ်၊ ကျနော့်ဆီကို ဆံပင် သွင်းတဲ့သူတွေ ဆိုရင် ရခိုင်ပြည်အထိ သွားကောက်ကြရတယ်” ဟု သူက ပြောပြသည်။

ရခိုင်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ဆံပင် တင်သွင်းလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို့မှ ဆံပင်များ ပါဝင်ကြောင်း သူက ပြောသည်။

မြန်မာပြည် ဈေးကွက်တွင် ဆံပင်ရှည် ရှားပါးလာခြင်းကြောင့် တောင်အာရှနိုင်ငံများမှ ဆံပင်များလည်း မြန်မာပြည်ကို ဖြတ်ပြီး ၀ယ်အားကောင်းသည့် တရုတ်နိုင်ငံသို့ သွားနေသည်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆံပင် အ၀ယ်ဒိုင်များမှာ ၂၀၀၇ခုနှစ် ကတည်းက တွင်တွင် ကျယ်ကျယ် ဖွင့်လှစ် ၀ယ်ယူနေကြသည်။ ထိုဒေသသို့ မြန်မာ-တရုတ် နယ်စပ်မှ ကုန်သည်များပင် သွားရောက် လုပ်ကိုင် နေကြကြောင်း သိရသည်။

ဆံပင် ၀ယ်သူ ပိုများလာသကဲ့သို့၊ ဆံပင်ရောင်းသူများလည်း ပိုများလာသည်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ အမှတ် ၁၆ ရပ်ကွက်မှ အမျိုးသမီးတဦးက ဆံပင်ရှည် ဈေးကောင်း ပေးဝယ်သည့် အချိန်မှ စပြီး ၎င်းတို့ ရပ်ကွက်ထဲမှ အမျိုးသမီးများ ဆံပင် ဖြတ်ရောင်းကြကြောင်း ပြောပြသည်။

“ပိုက်ဆံလိုပြီ ဆိုရင် ကိုယ့်ဆံပင် ကိုယ် အရင် စမ်းကြည့်ကြတာ အကျင့်တောင် ဖြစ်နေပြီ၊ ရောင်းလို့ ရတဲ့ အရွယ် ရောက်ပြီ ဆိုရင် ဖြတ်ရောင်းကြတာပဲ၊ အိမ်က သမီးတွေရော ဆံပင်တွေ အတိုတွေနဲ့ချည်း ဖြစ်ကုန်ပြီ” ဟု ၁၆ ရပ်ကွက်မှ အိမ်ရှင်မ တဦးက ပြောပြသည်။

ဆံပင် အ၀ယ်ဒိုင်များ ရှိသဖြင့် ၀င်ငွေ နည်းသူများ အတွက် အဆင်ပြေကြောင်း၊ ဆန်ဝယ်ရန် ငွေအခက်အခဲ ရှိသဖြင့် မိသားစုဝင်တဦးဦး၏ ဆံပင်များကို ဖြတ်ပြီး ရောင်းခဲ့ဖူးကြောင်း၊ ထိုသို့ ဖြတ်ရောင်းပါက အနည်းဆုံး ဆန်နို့ဆီဘူး နှစ်လုံး သုံးလုံးစာခန့် ရရှိကြောင်း ပြောပြသည်။

ဆံပင်ကို ဖြတ်ရောင်းပြီး ရသည့် ငွေကို မုန့်ဟင်းခါးဆိုင် ဖွင့်ရန် ရင်းနှီး မြှုပ်နှံခဲ့သူလည်း ရှိသည်။

“ဖြတ်ရောင်းစတုန်းက ရှက်သလိုလိုတော့ဖြစ်ခဲ့တာပေါ့နော်၊ ကိုယ့်အသက်အရွယ်နဲ့ ဆံပင် တိုနေတာလေ၊ အဲ ဒါပေမယ့် နောက်ပိုင်း သူသူ ကိုယ်ကိုယ် ဆံပင် တိုလေးတွေနဲ့ ဆိုတော့ ခံသာတာပေါ့။ ပြီးတော့ ခုလို မုန့်ဟင်းခါး ဆိုင်လေး ဖွင့်လိုက်တော့လည်း သြော် - ငါ့ဆံပင်နဲ့ မိသားစုဝင်တွေ အတွက် အထောက်အကူ ရပါတယ်လေလို့ တွေးပြီး ဖြေရတာပဲ” ဟု ၃ ပေကျော်ကျော်ခန့်ရှိသော ဆံပင်ကို အရင်းပြုခဲ့သူ မုန့်ဟင်းခါးသည်တဦးက ပြောပြသည်။

ဆံပင်ကို တံတားဆောက်ရန် လှူဒါန်းလိုက်ရသောကြောင့် ပီတိ ဖြစ်ရသူများကိုလည်း အများအပြား တွေ့နိုင်သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်းရှိ ၁၅ မိုင် အရှည်ရှိသော လည်ငေါက်-ချင်ပြစ်လမ်းကို တည်ဆောက်ရန် သံဃာများက အလှူခံခဲ့ရာ ငွေကြေးမတတ်နိုင်သူ အမျိုးသမီးများက ဆံပင်ကို ဖြတ်ပြီး လှူဒါန်းကြသည်။

ထိုလမ်း ဆောက်လုပ်ရေးအတွက် မန္တလေးတိုင်းအတွင်းမှ ဆံပင်ပိဿာချိန်ပေါင်း တထောင်ကျော် ရခဲ့သဖြင့် ထိုလမ်းပေါ်ရှိ တံတားများကို ရွှေဆံနွယ်တံတားများ ဟု ခေါ်ကြသည်။ ဆံပင်တပိဿာလျှင် ကျပ်နှစ်သိန်းအထိ ရနိုင်သဖြင့် ဆံပင်များက လမ်းပြုပြင်ရေး၊ တံတားဆောက်ရေးအတွက် သိန်းပေါင်းများစွာ ပမာဏာရှိသည့် အလှူငွေများ ဖြစ်လာသည်။

“မလှူခင်တုန်းကတော့ နှမြောတာပေါ့နော် ဆံပင်ကို ဒီလောက်ရအောင် အကြာကြီး ထားခဲ့တာကိုး၊ အဲ - ဒါပေမယ့် ဆံပင် လာလှူကြတဲ့ သူတွေက နည်းမှ မနည်းတာ၊ အမျိုးသမီးတွေကို တန်းစီနေတာပဲ။ သူတို့ကို တွေ့တော့ ကိုယ့်ဆံပင် နှမြောတဲ့ စိတ်တောင် ပျောက်သွားတယ်” ဟု ၃ ပေ ကျော်သည့် ဆံပင်ရှည်ကြီးကို ဖြတ်လှူခဲ့ဖူးသူ ယင်းမာပင်မြို့မှ မနွယ်က တက်တက်ကြွကြွ ပြန်ပြောပြသည်။

“ရွှေဆံနွယ်တံတားအဖွဲ့ကို လှူဒါန်းကြတာ လုံလောက်ပြီလို့ ယူဆလို့ရတဲ့အတွက် ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ ဆင်တဲရွာမှာ ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံကို တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်၊ အလှူလည်း ဆက်ခံနေပါတယ်” ဟု ရွှေဆံနွယ် အကျိုးဆောင် ဆရာတော်တပါးက မိန့်ကြားသည်။

ထိုသတင်းကြောင့် ဆံပင်လှူဒါန်းကြသူများလည်း ယနေ့အချိန်ထိ ရှိနေသည်။

ဆံပင် ဈေးကောင်းသဖြင့် ဆံပင်ဖြတ်ပြီး လုယူသူများလည်း ရန်ကုန်တွင် ရှိနေသည်။ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ကျက်စားတတ်သည့် သူတို့၏ပစ်မှတ်က ဆံပင်ရှည်သော အထူးသဖြင့် ကျစ်ဆံမြီး ကျစ်ထားသော အမျိုးသမီးများ ဖြစ်နေသည်။

ရန်ကုန်မြို့မှ မရီရီဝင်းက သူ၏ အရှည် ၄ ပေကျော်ခန့်ရှိသော ဆံပင်တို့ကို ကျစ်ဆံမြီး နှစ်ဘက်ခွဲပြီး ကျစ်ထားရာ ယုဇနပလာဇာတွင် ဈေးဝယ်စဉ် ဘယ်ဘက်ကျစ်ဆံမြီး အဖြတ်ခံရကြောင်း ပြောပြသည်။

“ရဲတိုင်ရရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်၊ ဒါပေမယ့် ကိုယ့်ဆံပင်က ဆုံးရှုံးသွားပြီ ဆိုတော့ တိုင်ရင်လည်း အလုပ်ရှုပ်တာပဲ အဖတ်တင်မယ် ဆိုပြီး မတိုင်ဖြစ်တာပါ” ဟု မရီရီဝင်းက ဆိုသည်။

မရီရီဝင်းနည်းတူ ဆံပင်ဖြတ်ခံရသူ အမျိုးသမီးများကလည်း ရဲစခန်းတွင် တိုင်ချက်ဖွင့်လေ့ မရှိကြောင်း သိရသည်။

ဤအခြေအနေကြောင့် အနာဂတ်တွင် မြန်မာမိန်းကလေးများကို ဆံပင်ရှည်ရှည်နှင့် တွေ့ရရန် ခက်ခဲသွားနိုင်ကြောင်း တက္ကသိုလ် ဆရာတဦးက သုံးသပ်သည်။

“ဟိုးတုန်းကတော့ မိန်းမတို့ဘုန်း ဆံထုံး ဆိုပြီး ဆံပင်နဲ့ ပတ်သက်ပြီး တန်ဖိုးထားကြတယ်၊ အခုတော့ ရှိတဲ့ ဆံပင်ကိုပဲ ဖြတ်ပြီး အရင်းအနှီး လုပ်လာကြတယ်၊ ရောင်းဖို့ ဆံပင် နည်းနည်းရှည်အောင် စောင့်ထားတဲ့ သူတွေကိုလည်း တွေ့လာရတယ် ဆိုတော့ ဆံပင်ရှည်ရှည် မိန်းကလေးတွေကို တွေ့ရပါဦးမလား မသိတော့ဘူး ” ဟု မြန်မာစာ ကထိက ဦးကျော်ဝင်းက ပြောဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,3rd,2009

( 49 )Dissidents Expect Little from US Visit

( 48 )အမေရိကန်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျားလိတ်တွင် တွေ့မည်

( 47 )Myanmar to join world travel market show in UK

( 46 )စွမ်းအားရှင်များ ရိုက်နှက်သဖြင့် သေဆုံးခဲ့ရသူအတွက် ဆွမ်းကပ်လှူ

( 45 )Suu Kyi to Meet Campbell in Rangoon Hotel

( 44 )Senior US Diplomats Meet With Burma's PM

( 43 )ဗိုလ်ချုပ်မှူးကြီး နာဂစ်ဒေသသို့ ဒုတိယအကြိမ် သွားရောက်

( 42 )US envoys in Burma for rare talks with junta

( 41 )ရဲက ဖမ်းသွားသော ကဗျာဆရာ ခန့်မင်းထက် ပျောက်ဆုံးနေ

( 40 )Isolation Didn't Work, U.S. Tries Engaging Myanmar

( 39 )ဒါရိုက်တာမောင်မျိုးမင်း “ငရဲလမ်းပြ” ရိုက်မည်

( 38 )Asean Plans Defence Industry Council

( 37 )မစ္စတာ ကာ့တ်ကမ်ဘဲလ် ဦးဆောင်သည့် အမေရိကန်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

( 36 )Activists urge to suspend Shwe Pipeline Project in Burma

( 35 )အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်

( 34 )U.S. Policy and Burma Protracted Conflicts

( 33 )မယ်တော်ဆေးခန်း ရှေ့နှစ်အတွက် ရန်ပုံငွေ (၂) ဆတိုးလိုအပ်

( 32 )US envoys arrive in Burma

( 31 )တရုတ်ကြက်သွန်နီကြောင့် ဈေးပြန်အေးလာ

( 30 )US envoys in rare visit to military-ruled Myanmar

( 29 )အမေရိကန် သံတမန်များ နေပြည်တော်သို့ ရောက်ရှိ

( 28 )US Mission to Burma Heralds Obama’s New Diplomatic Tack

( 27 )U.S. official arrives in Myanmar new capital for continuing dialogue

( 26 )အစိုးရ သတင်းစာတိုက်များ နေပြည်တော်ပြောင်းရွှေ့

( 25 )Burmese Activists Against Chinese Pipeline Project

( 24 )အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ချုပ်နှင့် တွေ့ဆုံမည်

( 23 )Myanmar Rohingyas swap suppression for squalor

( 22 )Hyundai Heavy Wins Deal to Build Burma Pipeline

( 21 )အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့များ တွေ့မည်

( 20 )China starts building Myanmar oil pipeline project

( 19 )မဲခေါင် - ဂျပန် အစည်းအဝေး နအဖ ၀န်ကြီးချုပ် တက်မည်

( 18 )Myanmar, Lao foreign ministries meet in Bagan

( 17 )ရွေးကောက်ပွဲ ၀င်သင့်ဟု ကျောက်ကြီး အမတ်အပြောကို အမ်ပီယူ ဆန့်ကျင်

( 16 )US envoys set for rare Burma visit

( 15 )အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ဒီနေ့ ဆိုက်ရောက်မည်

( 14 )US envoys set for rare Myanmar visit

( 13 )နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်

( 12 )Campbell Visits Myanmar in Highest-Level U.S. Trip Since 1995

( 11 )Transocean deals midwater rig, 2 jackups set aside

( 10 )Myanmar's Neighbors Advance Pipeline Project

( 9 )ကဆုန်လတွင် သင်္ကြန်ကျမည်၊ နိုင်ငံရေး ပြောင်းလဲမည်ဟု စံဇာဏီဘိုပြော

( 8 )Can Campbell-Marciel Mission Make a Breakthrough in Burma?

( 7 )အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ ဆွေးနွေးမည်ဟု ဒီချုပ်ပြော

( 6 )Mission of Burma plots road trip behind new album

( 5 )ကိုလှမျိုးနောင်ကို မြစ်ကြီးနားထောင်မှ မန္တလေးထောင်သို့ ပြောင်း

( 4 )Contributors to winning best exhibitor award in China-ASEAN expo honored in Myanmar

( 3 )US Diplomats Engaging Burma in Major Policy Change

( 2 )အမေရိကန် အရာရှိတွေနဲ့ တိုင်းရင်းသား ပါတီတွေ ဖွဲ့စည်းပုံအရေး ဆွေးနွေးမည်

( 1 )Multiple arrests made in Burma

Monday, November 2, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရန်ကုန်ပြန်ရောက်

မဇ္မျိမသတင်းဌာန တနင်္လာနေ့၊ နိုဝင်ဘာလ 02 ရက် 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နာဂစ် ဆိုင်ကလုံး မုန်တိုင်း ဒဏ်သင့်ရာ ဘိုကလေး နှင့် ဖျာပုံသို့ သွားရောက်ကြည့် ရှု့ပြီး နေ့တွင်း ချင်ပင် ရန်ကုန် သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်ဟု စစ်ဘက် သတင်း ရပ်ကွက်များ အရ သိရသည်။


နအဖခေါင်းဆောင် အပါအဝင် စုစုပေါင်း လူ ၃၂ ဦးသည် ရဟတ်ယာဉ်သုံးစီးဖြင့် ဘိုကလေးရှိ ဆိုင်ကလုံးမုန်တိုင်း ကျရောက်လျင် ခိုလှုံရာ အဆောက်အဦးသို့ သွားရောက်ခဲ့ပြီး အပြန်တွင် ဖျာပုံ၌ ရပ်နားကာ နေ့လည်စာ စားကြသည်။

ထို့နောက် ညနေ ၃ နာရီတွင် ရန်ုကုန်မြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။

တောင်ကုတ်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ

မဇ္မျိမသတင်းဌာန တနင်္လာနေ့၊ နိုဝင်ဘာလ 02 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ဆားပြင်ကျေးရွာနှင့် ၄ မိုင်အကွာအဝေးတွင် ယမန်နေ့ ည ၈း၀၀ နာရီခန့်က ပြင်းထန်သည့် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး ဒဏ်ရာရသွားခဲ့သည်ဟု တောင်ကုတ်မြို့ခံများက ပြောသည်။


ဗုံးပေါက်ကွဲမှုဟုဆိုသော ယင်းပေါက်ကွဲမှုကြောင့် အနီးနားရှိ လူ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦးမှာ အတွင်းလူနာ အဖြစ် တောင်ကုတ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

“ပေါက်ကွဲတာက အသံအကျယ်ကြီး ကြားရတယ်။ သေဆုံးတာတွေတော့ မရှိဘူး။ တောင်ကုတ် ဆေးရုံကို တင်ထားရတယ်။ ၈ ဦး ကတော့ ဒဏ်ရာ သိပ်မပြင်းဘူး။ ၃ ဦး ကတော့ ဒဏ်ရာပြင်းလို့ အတွင်းလူနာအဖြစ် တင်ထားရတယ်” ဟု ဆားပြင်ဒေသခံ တဦးက ပြောသည်။

အခြား ဆားပြင်ကျေးရွာ နေထိုင်သူ တဦးကလည်း “ဗုံးပေါက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရဲက မသင်္ကာတဲ့ လူ တယောက်ကို ဖမ်းထားတယ်။ ဘယ်လိုပေါက်တယ် ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

တောင်ကုတ်ဒေသခံများအနေဖြင့် ထိုပေါက်ကွဲမှုသည် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုနေသော်လည်း ထိုဒေသရှိ သက်ဆိုင်ရာ ရဲစခန်းကမှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မဇ္စျိမကို ယခုလိုပြောဆိုခဲ့သည်။

“အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေက စုံစမ်းခိုင်းထားတဲ့အတွက် စုံစမ်းနေဆဲပါ” ဟု ရဲစခန်း တာဝန်ကျ ရဲအရာရှိ ဝန်ထမ်းတဦးက ပြောသည်။

ထို့အပြင် တောင်ကုတ် ပြည်သူ့ဆေးရုံကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျဆေးရုံ အမှုထမ်းက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။



ရန်ကုန်တွင် ဗုံးသတင်းကြောင့် လုံခြုံရေးများတိုးချ

မျိုးချစ်သူ / ၂ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်တွင် ဗုံးပေါက်မည်ဟူသော သတင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။

“ကမ္ဘာအေးဘုရားလမ်းဘေးမှာ လက်နက်အပြည့်နဲ့ ရဲ (၂) ယောက်အပြင် ဆက်သွယ်ရေးစနစ် ဝေါ်ကီတော်ကီနဲ့ ရဲတယောက်ကိုပါ ပူးတွဲထားရှိပါတယ်။ မြို့ရဲ့လုံခြုံရေးအတွက် အဓိကလမ်းမကြီးတွေမှာ ၀တ်စုံပြည့်ရဲတွေကို ဘတ်စ်ကားမှတ်တိုင်တခု အနီးနားတွေမှာ ချထားတာပါ။ ပြီးတော့ မီးပွိုင့်တွေမှာလည်း ယာဉ်ထိန်းတပ်ဖွဲ့က ရဲတွေအပါအ၀င် အခြားရဲတွေကိုပါ တာဝန်ချထားပါတယ်။ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ပါ” ဟု အဆိုပါရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့်လက လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် ဗုံး (၆) လုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုနှင့်ပတ်သက်၍ ယင်းအဖြစ်အပျက်အား အစိုးရက တစုံတရာဖော်ထုတ်ခြင်းမရှိသဖြင့် ပြည်သူတို့က အစိုးရ၏လုပ်ကြံမှုအဖြစ် တီးတိုးဝေဖန် ပြောဆိုခဲ့ကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း နေထိုင်သူတဦးက “လုံခြုံရေးတွေက နေရာတကာမှာပါပဲ။ လေဆိပ်အ၀င်တွေမှာ၊ ကမ္ဘာအေးဘုရားလမ်း တလျှောက်၊ ပြီးတော့ ကန်တော်ကြီး ကန်ပတ်လမ်း၊ ရွှေဂုံတိုင် စတဲ့နေရာတွေမှာ အများဆုံးပဲ။ ရဲတွေကို တွေ့ရတာကတော့ တမြို့လုံးအနှံ့ပဲ။ ဒါပေမယ့် ခုဏက ပြောတဲ့နေရာတွေမှာ ချတဲ့ လုံခြုံရေးက ပိုများတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ ဧည့်လမ်းညွှန်တဦးကမူ ရန်ကုန်တွင် ယခုလသည် နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု များလာကြောင်း၊ ယင်းသို့များလာချိန်တွင် ယခုကဲ့သို့ လုံခြုံရေးများကို နေရာအနှံ့ချထားသည့်အတွက် အနှောင့်အယှက်ဖြစ်ရကြောင်း ပြောသည်။

“တနေ့ကလည်း ကျမတို့ ရွှေတိဂုံက ပြတိုက်ကိုသွားတာ လုံခြုံရေးတွေက နေရာအနှံ့ချထားတယ်။ တချို့က အရပ်ဝတ်နဲ့ လုံ ခြုံရေးတွေ၊ မေးတာ မြန်းတာ လာလုပ်သေးတယ်။ အစိုးရရဲတွေက အရပ်ဝတ်နဲ့ ခုလိုမျိုး မေးလို့ရလားတော့ မသိတော့ဘူး။ အခုလိုလုပ်တာကို နိုင်ငံခြားသားတွေကတော့ စိတ်ထဲမှာ တခုခုဖြစ်မှာပဲ။ ကျမတို့လည်း သိက္ခာကျတယ်လေ” ဟု ပြောသည်။

မစ္စတာ ကမ်ဘဲလ်နှင့် တွေ့ဆုံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကထား ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆောင်များပြော

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ အရှေ့ အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် နှင့်တွေ့ ဆုံဖြစ်ပါက ဒီမိုကရေစီ စံနှုန်းများဖြင့် သွေဖည်နေ သည့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေပါ အချက် အလက်များကို ထောက်ပြကာ အနာ ဂတ်မြန်မာ့ နိုင်ငံရေးကို အလေးထား ဆွေးနွေးသွား မည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “အဓိကကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ အခုနအဖဘက်က တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေက လက်မခံနိုင်သလို၊ နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းတာတွေလည်း အဆင်မပြေ ဘူးဆို တော့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရေရှည်မှာ ဖော်ဆောင် နိုင်မယ် မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသား အားလုံး လက်ခံနိုင် အောင် ဖွဲ့စည်းပုံ ကို ပြင်ဖို့ လိုတယ်။ မပြင်ဘူး ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲပြီး သွားတဲ့ ဟိုဘက်မှာ လည်း တိုင်းပြည် အခြေအ နေက ကောင်းနိုင်ဖွယ် မရှိဘူး ဆိုတာကို ပြောပြသွားမယ်” ဟု ပြောသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်အရ မစ္စတာကာ့တ်ကမ်ဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့သွားရောက်ကာ စစ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်သကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်အတွင်း နိုဝင်ဘာ (၄) ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တိုင်းရင်းသားပါတီများနှင့်လည်း တွေ့ဆုံလိမ့်မည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

“အကြောင်းကြားမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်မှာတွေ့ကြမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့ဘက်က မပြောသေးပါဘူး။ အရင်တခါတုန်းက ကျနော်တို့အဖွဲ့တွေနဲ့တွေ့လို့ မဖြစ်ဘူးဆိုတဲ့ အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ အခုတွေ့ဆုံမှုကလည်း ဖြစ်မဖြစ် မပြောတတ်သေးဘူး” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

အကယ်၍ တွေ့ဆုံနိုင်ခဲ့ပါက ၎င်းတို့ ချင်းတိုင်းရင်းသားပါတီအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်ကိုသာ အဓိကထား ဆွေးနွေးသွားမည်ဟု ပူကျင့်ရှင်းထန်က ပြောသည်။

မစ္စတာကာ့ကမ်ဘဲလ်နှင့် သူ၏ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်ကာ စစ်အစိုးရနှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးရေးများ ဖြစ်ပေါ်လာစေရေးကိုလည်း တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကာ့တ်ကမ်ဘဲလ် ခရီးစဉ်အပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများ ရှိလာမည်ဟု မိမိတို့ ယူဆမထားကြောင်း ဦးအေးသာအောင်နှင့် ပူကျင့်ရှင်းထန်တို့က ပြောဆိုကြသည်။

“သိပ်အများကြီး မျှော်လင့်ထားလို့တော့မရပါဘူး။ အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် နအဖအစိုးရက အမေရိကန်နဲ့ တွေ့ဆုံရေးကို အားသန်တယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးကို အားသန်တယ်။ ကျန်တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေ ဒီမိုကရေစီရေးဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးလိုစိတ် မရှိဘူးလို့ ထင်တယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အောင်မြင်မယ်လို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

ပိတ်ဆို့အရေးယူမှုများနှင့်အတူ စစ်အစိုးရကို တိုက်ရိုက်ထိတွေ့ဆက်ဆံသွားမည်ဆိုသည့် အမေရိကန်မူဝါဒသစ် ပေါ်ထွက်လာပြီးနောက် မစ္စတာကာ့တ်ကမ်ဘဲလ်က စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့်တွေ့ဆုံခဲ့ဖူးသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။

နာဂစ်သင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်ပတ်

မဇ္မျိမသတင်းဌာန တနင်္လာနေ့၊ နိုဝင်ဘာလ 02 ရက် 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆိုင်းငံ့ထားခဲ့သော ဧရာဝတီတိုင်း နာဂစ်ဆိုင်ကလုံးမုန်တိုင်း သင့်ရာဒေသများကို သွားရောက်ခြင်းကို ယနေ့စတင်လိုက်သည်ဟု စစ်ဘက်သတင်းရပ်ကွက်များအရ သိရသည်။

အောက်တိုဘာလ အစောပိုင်းက နာဂစ်သင့်ဒုက္ခသည်များ အားပေးနှစ်သိမ့်ရန်နှင့် ဖျာပုံမြို့နယ်တွင် ဆိုင်ကလုံးခို အဆောက်အဦး ဖွင့်ပွဲတက်ရန် စီစဉ်ထားခဲ့သော်လည်း ရုတ်တရက် ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရာက ယနေ့ သွားရောက်ခြင်းဖြစ်ကာ သတင်းပေးပို့ချိန်တွင် လမ်းခရီးတွင်ပင် ရှိနေသေးသည်။

နအဖအကြီးအကဲသည် ဖျာပုံမြို့နယ်တွင် နေ့လည်စာ စားသုံးလိမ့်မည်ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ခရီးစဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ သူ၏ ခရီးစဉ်လိုက်ပါမည့် အရာရှိများကိုပင် အသိမပေးဘဲ ထားခဲ့သည်။

၂၀၀၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ရသည်။ ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ လူဦးရေ ၂ သန်း ၄ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့်လအတွင်း ရန်ကုန်မြို့တွင်ပင် အများအားဖြင့် နေထိုင်နေခဲ့သည့် စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

ထိုအတောအတွင်း ရန်ကုန်သို့ အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီယယ် (Scot Marciel) တို့သည် လာရောက် လည်ပတ်မှာ ဖြစ်သည်။

အမေရိကန်၏ ”အချက်အလက် ရှာဖွေရေး” ခရီးစဉ်တွင် ခရီးလွန်နေမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဖွယ် မရှိဟု စစ်အစိုးရ သတင်းရပ်ကွက် ပြောသည်။

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး

အေးချမ်းမြေ့

မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။

ကိုးကန့်ဒေသတွင် မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း၂၀ ဖိုး ဖျက်ဆီး

မိုးမခအထောက်တော်


မြန်မာ အစိုးရက သံတမန် များကို တရုတ်မြန်မာ နယ်စပ်ရှိ ကိုးကန့် ဒေသသို့ ခေါ်သွားပြီး ထိုဒေသတွင် ဖမ်းဆီး ရမိသည့် မူးယစ်ဆေး ၀ါး များကို မီးရှို့ ပြလိုက် သည်ဟု ယနေ့ထုတ် သတင်းစာ များတွင် ရေးထားသည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့်၂ လတာ အတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေအတွက်သည် ၁၁ ဒဿမ ၉သန်းကျော် ရှိသည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက မူးယစ်ဆေး ဖျက်ဆီးခြင်း အခမ်းအနားတွင် ပြောလိုက်သည်။ ထိုပဏာမသည် ၈ လ အတွင်း တနိုင်ငံလုံးတွင် ဖမ်းမိသည့် စိတ်ကြွဆေးပြား အရေအတွက်ထက် ပိုများသည်ဟု ဆိုသည်။

၂ လအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများ၊ ဆက်စပ် ပစ္စည်းများကို သံတမန်များ ရှေ့တွင် မီးရှို့ဖျက်ဆီးရာ စုစုပေါင်း တန်ဖိုး ဒေါ်လာ သန်း၂ဝကျော် ရှိသည်ဟု ရဲချုပ်က ပြောသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် အပါအ၀င် လေးဦးအုပ်စုသည် “စိတ်ကြွဆေး ထုတ်လုပ် ရောင်းချမှုများကို မာဖီးယားဂိုဏ်းများကဲ့သို့ ၎င်းတို့ နယ်မြေအတွင်း ၎င်းတို့ လေးဦး၏ အကာအကွယ်ဖြင့် ကိုယ်တိုင် ပြုလုပ်နေသကဲ့သို့ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားပြီး ယှဉ်ပြိုင်လာသူများကိုလည်း ရက်စက်စွာ ကလဲ့စားချေမှုများ ရှိခဲ့ကြောင်း” ရဲချုပ်၏ ပြောကြားချက်ကို သတင်းစာတွင် ရေးထားသည်။

မြန်မာအစိုးရတွင် ၁၉၉၉ မှ ၂ဝ၁၄ အထိ အကျုံးဝင်သော မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်း ရှိသည်ဟု ဆိုသည်။

မူးယစ်ဆေးများကို မည်သည့်ဒေသသို့ ဖြန့်ချိ ရောင်းချခြင်း ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်တွင် မတွေ့ရပေ။

ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ အကြောင်းကို ထည့်သွင်း ဖော်ပြခြင်းလည်း မရှိပေ။

မွန်ပြည်သစ်ပါတီနှင့် နအဖတို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာနိုင်ချေ အလားအလာများ

အောင်သူ

၁၉၈၉ မတ်လ နဝတ ခေတ်မှ စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ် ရပ်စဲရန် စစ် အစိုးရက အား ကုတ် အားခဲ ကြိုးစား ဆောင်ရွက် ခဲ့သည်။ နဝတ ခေတ်က စတင်ခဲ့ရာ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံး လုနီးပါး စစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့သည်။ မလွှဲသာ၍ မွန်ပြည်သစ် ပါတီ ကလည်း ၁၉၉၅ ဇွန်လ ၂၉ ရက် နေ့တွင် စစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ပြုလုပ် ခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် နဝတ-နအဖတို့ကလည်း ငြိမ်းချမ်းရေးနဲ့တနည်း လက်နက်စွန့်၍တဖုံ အမည်အမျိုးမျိုးတပ်ကာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြန်သည်။ နဝတခေတ်မှ နအဖခေတ်သို့ ငြိမ်းချမ်းရေးအမည်ဖြင့် အပစ်အခတ်ရပ်စဲရေးကို ရေရှည်ဆယ်စုနှစ် ၂ ခုခန့် ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၀၉ မေလမှ စတင်ပြီး နအဖတို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နောက်ထပ်နည်းပရိယာယ်တမျိုး ထုတ်သုံးကာ နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ ပြည်သူ့စစ် အသွင်ပြောင်းလဲရေး အစီအစဉ်အဖြစ်လည်းကောင်း ကမ်းလှမ်းလာခဲ့ပြန်သည်။

နအဖသည် မွန်ပြည်သစ်ပါတီကို ၂၀၀၉ ဇွန်လ ၇ ရက်နေ့တွင် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များကို တရားဝင်ခေါ်ယူပြီး ၄င်းတို့အစီအစဉ်များကို ချပြရှင်းပြခဲ့ပြီး မွန်ပြည်သစ်ပါတီ၏ သဘောထားကိုလည်း မေးမြန်းတောင်းယူခဲ့ပါသည်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များကလည်း ၄င်းတို့၏ ပါတီတွင်း၊ တပ်တွင်း၊ ပြည်သူလူထုတွင်းသို့ ရှင်းလင်းခဲ့ပြီး အကြံပြုချက်များကိုလည်း တောင်းခံခဲ့ပါသည်။ အကြံပြုချက်များစုစည်းပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များက အရေးပေါ်အစည်းအဝေးကို ဇူလိုင်လနောက်ဆုံးပတ်တွင် ကျင်းပပြီး နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် ပြောင်းလဲရေးအပေါ် သဘောထားကို ၆၂ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့တွင်

“မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် အခြားလူမျိုးစုများ ကဲ့သို့ပင် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အပစ်အခတ်ရပ်စဲခဲ့ရခြင်း ဖြစ်သည်၊ မွန်အမျိုးသား ပြည်သူလူထုအတွက် ပါတီနှင့်တပ် မတော်ရှိနေခြင်းကြောင့် အချို့သောအမျိုးသားအခွင့်အရေးများရရှိကာ အမျိုးသားဘဝသည်လည်း အတန်အသင့် လုံခြုံမှု ရရှိလာသည်။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံနိုင်မည် မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ ၊ အနာဂတ် အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆို သွားမည်ဖြစ်ပါသည်။ ဒီအလှည့်အပြောင်း ကာလကြီးတွင် ပါတီဝင်ရဲဘော်၊ မျိုးချစ်ပြည် သူအပေါင်းတို့က အမျိုးသားအင်အားစု၊ ဒီမိုကရေစီအင်အားစု မဟာမိတ်များနှင့် လက်တွဲပြီး တွေဝေနောက်တွန့်ခြင်း မရှိဘဲ ရဲရင့်ညီညာစွာ အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့ ချီတက်သွားကြပါစို့ဟု တိုက်တွန်း နှိုးဆော် လိုက်ပါသည်။”

ဤသို့ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ထို့အတူ နအဖသို့လည်း သြဂုတ်လ ပထမပတ်တွင် အကြောင်းပြန်ကြားခဲ့ပြီး ဖြစ်သည်။

နအဖအနေဖြင့် မွန်ပြည်သစ်ပါတီအပေါ် ၂၀၀၅ ခုနစ် အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်အဖြစ်မှ လေ့လာသူအဆင့် လျှော့ချခဲ့စဉ်ကပင် အမြင်မကြည်လင်ခဲ့ပေ။ မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဦးဆောင်ညှိုနှိုင်းနေသည့် အဖွဲ့တဖွဲ့ဖြစ်ကြောင်း၊ သဘောထားတင်းမာနေသော အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ နအဖတို့ရဲ့ အားနည်း ချက်များကို တိုက်ရိုက်ဝေဖန်ပြောဆိုရဲသည့် အဖွဲ့တခုဖြစ်ကြောင်း စသည်ဖြင့် နအဖတို့က ယူဆသုံးသပ်ထားသဖြင့် မွန်ပြည်သစ်ပါတီကို စီးပွားရေး အခွင့်အရေးများ ဖြတ်တောက်ပြီး စောင့်ကြည့်အခံရဆုံးသော အဖွဲ့အစည်းတခုလည်း ဖြစ်သည်။
နအဖသည် မွန်ပြည်သစ်ပါတီအပေါ် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်စေပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြားစေရန် တမျိုးမျိုး ရန်စပြုလုပ်လာမည့် အခြေအနေ အလားအလာရှိလာနိုင်သည်ဟု အကဲခတ်ရပါသည်။

၁၉၉၅ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှ ၂၀၀၉ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီနှင့် နအဖတို့အကြား ပဋိပက္ခကြောင့် အပစ်ခတ်ရပ်စဲရေး ပျက်လုနီးပါး အခြေအနေ တင်းမာမှုများ ဖြစ်ပွားခဲ့ဘူးသည်။

၁၉၉၇ ဇန်နဝါရီလ ၇ ရက်နေ့တွင် မဲသရောထာ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး သဘောတူချက်လက်မှတ် ပါဝင်ရေးထိုးခဲ့သည့် နိုင်ဟံသာ၊ နိုင်ကောင်းရွတ်၊ နိုင်ခွယ်ဟောင်းမွန်တို့အား ဗဟိုကော်မတီအဆင့်မှ လျှော့ချရန် ဖိအားအမျိုးမျိုး ပေးခဲ့ခြင်းကြောင့် ၄င်းတို့ ၃ ဦးအား ရာထူးမှ ၆ လ လျှော့ချလိုက်ရခြင်း။

၂၀၀၃ ဇူလိုင်လ ၁၇ ရက်နေ့တွင် နအဖတို့က မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များဖြစ်ကြသော နိုင်ယက္ခ၊ နိုင်ချမ်းဂကောင်းတို့အား မတရားဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်း။

၂၀၀၅- ရေးမြို့နယ်မြောက်ပိုင်းတွင် တာဝန်ယူနေရသော မွန်ပြည်သစ်ပါတီ မြို့နယ်ကော်မတီအဆင့် ရဲဘော်နိုင်ရဲနိုင်နှင့် အပေါင်းအပါ ၅ ဦးအား ဖမ်းဆီးအကျဉ်းချခဲ့ခြင်း။

သထုံခရိုင်တပ်ရင်းတွင် တာဝန်ယူနေရသော ရဲဘော်နိုင်ဟတိုက်က ရာဇဝတ်မှုကြီး ခံနေရသော တရားခံအား ပစ်သတ်မှုဖြင့် လာရောက်ဖမ်းဆီး အရေးယူရန် အကြောင်းပြချက်ဖြင့် တပ်အင်အား ၁၀၀ ခန့် လာရောက်ပြီး အင်အားပြ ခြိမ်းခြောက်ခဲ့ခြင်း။

မွန်ပြည်သစ်ပါတီဌာနချုပ် ဂွင်အတွင်းသို့ လာရောက်ပြီး မြေတိုင်းရန်အကြောင်းပြပြီး တိုင်းထွာမှတ်တမ်း ပြုလုပ်ခဲ့ခြင်း၊

၂၀၀၈- အေပရယ် ၁၈ ရက်နေ့တွင် နအဖ၏ အားပေးအားမြှောက်ပြုနေသော ဗိုလ်အောင်နိုင်အုပ်စု မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် ဒေါက်တာနိုင်မင်းနောင်အား ပစ်သတ်ခဲ့ခြင်းနှင့် မေလ ၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ မြို့နယ်ကော်မတီဝင် နိုင်ရာဇာအား လက်နက်ဖြင့် ၆ ချက်တိတိ ပစ်ခတ်ခဲ့သည့် ကိစ္စရပ်များသည် နအဖ၏ ကြိုးကိုင်မှုနှင့် မကင်းကြောင်း အရိပ်အရောင်ထွက်ပေါ်နေခြင်း။

၂၀၀၉- သြဂုတ်လဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက KNU မှ စောသမိန်ထွန်း၊ DAB အထွေထွေအတွင်းရေးမှူး ဒေါက်တာကျော်ညွန့်နှင့် ABSDF ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့ အမည်နှင့် မြန်မာပြည်အတွင်း နေရာအနှံ့အပြား၌ လူထုအုံကြွမှု ဖြစ်စေရန် လူ ၆၀ ဦးနှင့် ဖေါက်ခွဲရေးပစ္စည်းများ စေလွှတ်ထားကြောင်း စစ်အစိုးရမှ ရယကများထံ ပေးပို့ခဲ့သော လှို့ဝှက်ညွှန်ကြားချက်များ ဖြန့်ဝေခဲ့သည့် မဟုတ်ပဟတ်လုပ်ဇာတ်သတင်းများ ပြန့်နှံ့ခဲ့ခြင်း စသည့်အခြေခံ အကြောင်းတရားတို့ ဖြစ်သည်။

အထက်ပါအခြေအနေများသည် မွန်ပြည်သစ်ပါတီအား ရန်စကျူးကျော်မှုဖြစ်သကဲ့သို့ အားစမ်း ရန်ရှာနေသည့်ပုံစံလည်း ဖြစ်နေပါသည်။ မွန်ပြည်သစ်ပါတီသည် အထက်ဖေါ်ပြပါ အကြောင်းအရာ အခြေအနေများကို အမျိုးမျိုးအကဲခတ် သုံးသပ်ရင်းဖြင့် အပစ်အခတ်ရပ်စဲမှုကို ခက်ခဲစွာ ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင် နအဖကလည်း အမျိုးသားညီလာခံ ကျင်းပနေသည့်ကာလ ဖြစ်နေသည့်အလျှောက် လွန်လွန်ကျွံကျွံ မဖြစ်အောင်လည်း ထိန်းသိမ်းထားဟန် ရှိခဲ့ပါသည်။

၁၉၉၄ ခု၊ ဇန်နဝါရီလမှ ၁၉၉၅ ခုနှစ် မေလအထိ ယခင်နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ မော်လမြိုင်မြို့ ရတခ၌ လေးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သည့် စစ်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် အဓိကပါဝင်ခဲ့သူများ ဖြစ်ကြသော ဗိုလ်ကျော်သိန်း၊ ဗိုလ်စန်းပွင့်၊ ဗိုလ်ကျော်ဝင်း၊ ဗိုလ်သိန်းဆွေ၊ ဗိုလ်ချုပ်ခင်ညွန့် (စစ်ထောက်လှမ်းရေးဟောင်း) စသည်တို့လည်း ယခုအခါ ရာထူးမှ ဖြုတ်ချခံရ၊ ထောင်ဒဏ်ကျခံနေရသည့်အတွက် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး မပြတ်အောင် ပြောဆိုကာကွယ်ပေးသူလည်း မရှိတော့သဖြင့် မွန်ပြည်သစ်ပါတီနှင့် နအဖစစ်အစိုးရအကြား ယခင်အခြေအနေကအတိုင်း အချိန်မရွေး ပြန်လှည့်သွားနိုင်သည်။

ယ္ခုအချိန်တွင် ထိုစဉ်အချိန်အခါနှင့် မတူတော့၊ အချိုးအဆစ် အပြောင်းအလဲတချို့ ပြောင်းလဲလာလိမ့်မည်။ အပစ်ခတ်ရပ်စဲရေးခေတ်လည်း ကုန်ဆုံးနေပြီ ဖြစ်သည့်အတွက် နအဖ၏ ကြီးကျယ်သော နောက်တဖန်ရန်စမှုတခု ကြုံရမည့်အလားအလာ ရှိနိုင်မည်ဖြစ်သည်၊ မွန်ပြည်သစ်ပါတီလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လမ်းပိတ်သလောက် ဖြစ်နေသည့်အပေါ် အားရကျေနပ်မှုမရှိသကဲ့သို့ ယနေ့အထိ နအဖ ဇွတ်လုပ်နေသည့် နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်ကလည်း မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးရပ်တည်ချက်နှင့် လုံးဝဆန့်ကျင်နေသည်။

အပစ်အခတ်ရပ်စဲရေး ပျက်ပြီး ဖြစ်နိုင်ခြေရှိသော လက်နက်ကိုင်ဖြစ်ပွားမှု အလားအလာများမှာ

၁။ ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် နိုင်ငံရေးပါတီဖွဲ့စည်းမှု နည်းဥပဒေ ထွက်ပေါ်လာခဲ့သော် မွန်ပြည်သစ်ပါတီအား ရွေးကောက်ပွဲပါဝင်ရေးအတွက် စည်းရုံးလာလိမ့်မည်၊ ဝင်ခဲ့မည်ဆိုလျင် အခွင့်အရေးများ၊ အကူအညီများ၊ ပံ့ပိုးမှုများ ပုံအောပေးပြီး တမူထူးခြားသော အစီအစဉ်သစ်များဖြင့် ပြန်လည်ဖန်တီးပေးလာလိမ့်မည်။ နအဖအနေနှင့် လုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်ပြီး စေတနာဖြင့် မွန်ပြည်သစ်ပါတီအပေါ် အခွင့်အရေး၊ အကူအညီ၊ ပံ့ပိုးမှုများ ပုံအောပေးရက်သားနှင့် မဝင်ရောက်ခဲ့ပါက မိမိတို့တာဝန်မဟုတ်ဘူးဆိုသည့် အခြေနေကနေ မွန်ပြည်သစ်ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ်မှ လျှော့ချပြီး တရားမဝင်အသင်း (မတရားအသင်း) အသွင်သဏ္ဍာန်အဖြစ် ကြေငြာပြီး ပါဝင်ပတ်သက်သူများကို အရေးယူသွားလိမ့်မည်။ အပစ်ခတ်ရပ်စဲရေးလည်း အလိုအလျှောက် ပျက်ပြားသွားမည်။

၂။ မွန်ပြည်သစ်ပါတီသည် ၄င်းတို့၏ တပ်တည်နေရာဒေသအတွင်း နအဖမှ ဝင်ရောက်တပ်စွဲခြင်း၊ ရန်စကျူးကျော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ပါက လုံးဝခံနိုင်မည် မဟုတ်ဟု ထပ်ခါတလဲလဲ ပြောခဲ့ပြီး ဖြစ်သည်။ ယ္ခုအချိန်တွင် နအဖက ကရင်အမျိုးသားအစည်းအရုံး KNU ကို စစ်ဆင်ရေး ပြုလုပ်မည်ဟူသည့် အကြောင်းပြချက်ဖြင့် မွန်ပြည်သစ်ပါတီ၏ တပ်တည်နေရာများကို အရှုပ်အထွေး ဖြစ်အောင် ဖန်တီးလာလိမ့်မည်။ လက်နက်ကိုင် ပဋိပက္ခဖြစ်အောင် မှားယွင်းပစ်ခတ်သွားခြင်း၊ ထင်ရောင်ထင်မှားဖြစ်အောင် ပစ်ခတ်ခြင်း၊ ကိုယ့်လူကို အသုံးချပြီး ပစ်ခတ်သွားခြင်း စသည့် ရန်စသည့် အပြုအမူများ စတင်ပြုလုပ်လာမှာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို မွန်ပြည်သစ်ပါတီက စတင်ဖျက်ဆီး သည်ဟူသည့် တချက်ခုတ်နှစ်ချက်ပြတ် လုပ်ဇာတ်ခင်းလာမည့် အသွင်သဏ္ဍာန်ဖြင့် အပစ်ခတ်ရပ်စဲရေး မပျက် ပျက်အောင် အကောင်အထည် ဖော်လာလိမ့်မည်။

၃။ မွန်ပြည်သစ်ပါတီသည် အခြားနိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့် လည်းကောင်း၊ နအဖကိုသိက္ခာကျစေသော အပြုအမူလုပ်ရပ် ပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ရာဇဝတ်ပြစ်မှုတခုခုဖြင့် ညိစွန်းအောင် ဖန်တီးပြုလုပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဆက်ကြေးတောင်းခံခြင်း၊ တပ်အင်အားစုဆောင်းခြင်း၊ လက်နက်ကိုင်လှုပ်ရှားမှု ပြုလုပ်ခြင်းစသော နှစ်ဦးနှစ်ဖက် ကတိခံယူ သဘောတူညီမှုကို မွန်ပြည်သစ်ပါတီက ချိုးဖောက်သည်ဟူသည့် ခေါင်းစဉ်များကြောင့်လည်းကောင်း စသည့်အကြောင်းပြချက်များဖြင့် နအဖက အပစ်အခတ်ရပ်စဲမှုကို ဖျက်သွားမည့် အနေအထားရှိသည်။
ဤအခြေအနေများကို အခြေပြု၍ နအဖက တမင်ဖန်တီးပြီး မွန်ပြည်သစ်ပါတီနှင့် နအဖ စစ်အစိုးရအကြား ရရှိပြီးသား ငြိမ်းချမ်းရေးမှ အရင်လွန်ခဲ့သည့် ၁၅ နှစ်-အနှစ် ၂၀ အနေအထားသို့ ရောက်ရှိသွားပေလိမ့်မည်။ မွန်ပြည်သစ်ပါတီအား အစဦးဆုံး ခြေမှုန်းနိုင်ခဲ့မည်ဆိုလျင် ကျန်ရှိနေသော အပစ်ရပ်အဖွဲ့များကိုလည်း ဦးနှိမ်ထားနိုင်သည်။ ချောက်ချားအောင်လည်း ပြုလုပ်သွားနိုင်သည်။

ဖြစ်ရပ်အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်လိုက်မည်ဆိုလျင် ၁၄ နှစ်ကျော် ငြိမ်သက်နေသော မီးတောက်များ ပြန်လည်ပေါက်ကွဲလာနိုင်သည့် အခြေအနေသည် “တစ်လက်မ” ပင် လိုအပ်နေသည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ ယုံကြည်ထားသည့်အတိုင်း တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်ဖြစ်၍ တပ်ပေါင်းစုမဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူအင်အား၊ တပ်ပါတီအင်အား အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိအောင် စည်းရုံးပြင်ဆင်ထားရန် အထူးလိုအပ်နေပါသည်။

ဖြစ်ပေါ်လာမည့် အခြေအနေအားလုံးကို မိမိတို့ လက်ဦးရယူမှု၊ ကြုံတွေ့လာမည့် အခြေအနေအကြောင်းတရားအပေါ် ရင်ဆိုင်အနိုင်ယူ ကျော်လွှားသွားနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို မွန်ပြည်သစ်ပါတီအနေဖြင့် အချိန်မီ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

တရုတ်စီးပွားရေးအင်ပါယာ

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

တရုတ် - အာဆီယံ ကုန်သွယ်ရေး တိုးတက် နေတယ်ဆိုတဲ့ သတင်းကို အမြဲတမ်း ကြားနေ ရတယ်။ ၂၀၀၆ မှာ ဒေါ်လာ သန်းပေါင်း (၁၆၁,၀၀၀) ရှိတယ်လို့ (IMF) အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ဆိုတယ်။ ဂရုစိုက် လေ့လာရင် အရှေ့တောင် အာရှ တရုတ် တွေနဲ့ တရုတ်ပြည် အကြား ကုန်သွယ်မှု တိုးပွား လာတာ တွေ့ရတယ်။ တရုတ်ဟာ စင်ကာပူ မှာသာ နိုင်ငံရေး နဲ့ စီးပွားရေး အင်အား တောင့်တင်း တာပါ။

ကျန်ဒေသတွေမှာတော့ ဒေသခံအာဏာပိုင်ကို လာဘ်ထိုးပြီး စီးပွားရေးလုပ်ရတယ်။ ဒါပေမယ့် တရုတ်ရဲ့ ဓနဥစ္စာကို ဘယ်သူကမှ အာမခံတာမဟုတ်ဘူး။ ဒါကြောင့် ဒေသခံအာဏာပိုင် အနိုင်ကျင့်တာကို အချိန်မရွေးခံကြရတယ်။ ကိုးကန့်ကို ဗမာစစ်တပ်က၀င်တိုက်ပြီး တရုတ်ပိုင်ပစ္စည်းကို လုယက်တာ နောက်ဆုံးသာဓကပဲ။ ကိုးကန့်တရုတ်တွေ ချမ်းသာနေတာကိုသိလို့ အကြောင်းရှာပြီး ဗမာစစ်တပ်က ၀င်လုတာလည်း ဖြစ်နိုင်တယ်။
အရှေ့တောင်အာရှမှာ တရုတ်အနွယ်ဝင် (၂၅) သန်းလောက် ရှိတယ်လို့ ခန့်မှန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ၀န်းကျင်က ရောက်လာတဲ့ တရုတ်တွေဟာ တရုတ်စကားမပြောတော့ပါဘူး။ အာဆီယံ (၁၀) နိုင်ငံမှာ စင်ကာပူကလွဲပြီး ကျန်နိုင်ငံတွေမှာ တရုတ်ဆန့်ကျင်ရေးလုပ်တာတွေရှိတယ်။ ရှေးတုန်းကလည်း တရုတ်ဟာ အနှိမ်ခံဘ၀က ရပ်တည်ခဲ့ရတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ ဂျကားတားမြို့မှာ (၁၈) ရာစုနှစ်က စီးပွားရေးလုပ်တဲ့ တရုတ်တွေကို Dutch East India Company က ကျေးကျွန်သဘောမျိုးနဲ့ ဆက်ဆံတယ်။ ဒါကို မကျေနပ်လို့ ပုန်ကန်တဲ့အခါမှာ တရုတ် (၁) သောင်းလောက် အသတ်ခံလိုက်ရတယ်။

၁၉၆၅ မှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီက အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး ဆူဟာတိုခေါင်းဆောင်တဲ့ စစ်တပ်က သတ်ဖြတ်တုန်းကလည်း တရုတ်တွေသိန်းချီပြီး သေဆုံးခဲ့ရတယ်။ မတရားသတ်ဖြတ်လုယက်နေတာကို ချမ်းသာတဲ့ တရုတ်တွေက မဟန့်တားနိုင်ဘူး။ တရုတ်တွေရဲ့ လုံခြုံရေးကို အင်ဒိုနီးရှားစစ်တပ်က လျစ်လျူရှုထားတယ်။ ဒါတွေနဲ့ ယှဉ်လိုက်ရင် ၁၉၆၇ ရန်ကုန်မှာဖြစ်ပွားတဲ့ တရုတ်-မြန်မာအရေးအခင်းနဲ့ မကြာမီကဖြစ်ပွားတဲ့ ကိုးကန့်ကိစ္စဟာ အသေးအမွှားလို ဖြစ်နေတယ်။

တရုတ်က ဒေသခံတွေထက် ပိုပြီးချမ်းသာနေတာကလည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဆွပေးသလိုဖြစ်နေတယ်။ ဒါကြောင့် ပြဿနာပေါ်ပြီဆိုရင် မကျေနပ်တဲ့လူထုဟာ အစိုးရဆန့်ကျင်ရေးမလုပ်ဘဲ တရုတ်ဆန့်ကျင်ရေးလုပ်လာအောင် အစိုးရကိုယ်တိုင်က လမ်းခင်းပေးလိုက်တာမျိုးတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားရောက်တရုတ်တွေရဲ့ သမိုင်းကြောင်းမှာ မတရားလုယက်သတ်ဖြတ်ခံရမှုနဲ့ နိုင်ငံပိုင်သိမ်းခံရမှုတွေကို မကြာခဏတွေ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ စင်ကာပူနိုင်ငံကလွဲပြီး အရှေ့တောင်အာရှနိုင်ငံ အားလုံးလိုလိုမှာ တရုတ်ကို တမင်နှိမ်တာမျိုးရှိခဲ့တယ်။

၁၉၇၆ မှာ မော်ဇီဒုန်းသေဆုံးလို့ နိုင်ငံခြားကွန်မြူနစ်ကို ထောက်ခံအားပေးတာတွေ ရပ်ဆိုင်းလိုက်တော့မှာပဲ အရှေ့တောင်အာရှမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသွားတယ်။ မိမိတို့နေထိုင်ရာ တိုင်းပြည်ကို သစ္စာရှိကြဖို့ တရုတ်ကွန်မြူနစ်က သြ၀ါဒပေးတယ်။ ဒါပေမယ့် ဒန်ရှောင်ပင် အာဏာရလို့ ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါမှာ နိုင်ငံခြားရောက် တရုတ်တွေကို ပြည်ချစ်ပုဂ္ဂိုလ်လို့ ကင်ပွန်းတပ်ပြီး အမိနိုင်ငံ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံကြဖို့ စည်းရုံးလှုံ့ဆော်ပြန်တယ်။ နိုင်ငံခြားရောက်တရုတ်တွေ ရင်းနှီးမြှုပ်နှံလို့သာ တရုတ်ကွန်မြူနစ်ရဲ့ အရင်းရှင်ဈေးကွက်စနစ် အောင်မြင်တာလို့ ပြောကြတယ်။

အရင်ကတော့ တရုတ်ကွန်မြူနစ်ရဲ့ တို့မီးရှို့မီးလုပ်မှုကြောင့် နိုင်ငံခြားရောက်တရုတ်တွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်။ အခုတခါ တရုတ်ကွန်မြူနစ်ရဲ့ ဈေးကွက်စနစ် အောင်မြင်အောင် နိုင်ငံခြားရောက် တရုတ်က ကူညီနေတယ်။ ဥပမာ တရုတ်-အင်ဒိုနီးရှားကုန်သွယ်ရေးမှာ အဓိကပါဝင်နေတာ အင်ဒိုနီးရှားတရုတ်ဖြစ်တယ်။ အင်ဒိုနီးရှားမှာ တရုတ် (၆) သန်းလောက်ရှိတယ်။ တိုင်းပြည်လူဦးရေရဲ့ (၂) ရာခိုင်နှုန်းသာရှိတယ်။ ဒါပေမယ့် လူဦးရေ (၂) ရာခိုင်နှုန်းက တိုင်းပြည်ရဲ့ဓနဥစ္စာ (၅၀) ရာခိုင်နှုန်းက (၇၅) ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားတယ်လို့ ခန့်မှန်းတယ်။

တရုတ်အများစုဟာ အင်ဒိုနီးရှားလူမျိုးလိုပဲ ဆင်းရဲတဲ့လုပ်ငန်းရှင်လေးတွေဖြစ်ပေမယ့် အချမ်းသာဆုံးပုဂ္ဂိုလ် (၂၀) မှာ (၁၅) ဦးက တရုတ်ဖြစ်နေတယ်။ နိုင်ငံရေး အဆက်အသွယ်ကောင်းလို့ ချမ်းသာကြတာပါပဲ။ ချမ်းသာပေမယ့် အင်ဒိုနီးရှားတရုတ်ကို နိုင်ငံရေးလောက၊ ပညာရေးလောကနဲ့ အစိုးရအမှုထမ်းလောကထဲ မ၀င်နိုင်အောင် အတားအဆီးတွေ လုပ်ထားတယ်။ အင်ဒိုနီးရှားအစိုးရဟာ ၁၉၉၀ ရောက်မှ တရုတ်ပြည်နဲ့ ပုံမှန်သံတမန်ဆက်သွယ်ရေး ပြန်လုပ်တာပါ။ အင်ဒိုနီးရှားတရုတ်တွေရဲ့ ရှေ့ရေးကို အဓိကထားပြီး တရုတ်အစိုးရဘက်က စေ့စပ်ဆွေးနွေးကြောင်း သိရတယ်။ ဒါတောင် အာဏာရှင်ဆူဟာတိုကို ကန့်ကွက်ဆန္ဒပြဖြုတ်ချတဲ့ ၁၉၉၈ ဆူပူအုံကြွမှုဟာ အင်ဒိုနီးရှားတရုတ်တွေဘက် လှည့်လာလို့ တရုတ် (၁,၀၀၀) လောက် သေဆုံးဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ ၁၉၉၈ လူသတ်ပွဲကို တရုတ်ပြည်မှာ ကန့်ကွက်ရှုတ်ချတာတွေရှိပေမယ့် တရုတ်အစိုးရက နှုတ်ဆိတ်နေတယ်။

ဒီမိုကရေစီကျင့်သုံးတဲ့ အင်ဒိုနီးရှားမှာ ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အတွက် အင်ဒိုနီးရှားတရုတ်ဟာ တိုင်းရင်းအင်ဒိုနီးရှားနဲ့ တန်းတူရည်တူဖြစ်လာပါပြီ။ တရုတ်-အင်ဒိုနီးရှား ကုန်သွယ်ရေးဆိုတာ အင်ဒိုနီးရှားတရုတ်နဲ့ ပြည်ကြီးတရုတ်တို့ရဲ့ ကုန်သွယ်ရေးပါပဲ။ (၂) နိုင်ငံကုန်သွယ်ရေးမှာ (၉၀) ရာခိုင်နှုန်းဟာ အင်ဒိုနီးရှားတရုတ်ရဲ့ အစုရှယ်ယာပါတယ်။ (၂) နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉၀ မှာ သုညသာရှိခဲ့ပေမယ့် (၁၅) နှစ်ကြာတဲ့အခါ ၂၀၀၆ မှာ ဒေါ်လာသန်း (၁၉,၀၀၀) ဖိုး ရှိလာတယ်။ တရုတ်ပြည်ထွက်ကုန်ပစ္စည်းတွေကို အင်ဒိုနီးရှားတရုတ်ဆိုင်ရှင်တွေက မှာယူတင်သွင်းပြီး ရောင်းချတာဖြစ်တယ်။

တရုတ်ပြည်ကို ကုန်တင်ပို့တဲ့လုပ်ငန်းနဲ့ အင်ဒိုနီးရှားက တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေသခံတရုတ်က ကြီးစိုးနေတယ်။ မြန်မာပြည်လိုပဲ အင်ဒိုနီးရှားမှာလည်း သဘာဝသယံဇာတကို တရုတ်ပြည်ကို တင်ပို့နေတယ်။ ဆူဟာတို အာဏာရှင်ခေတ်မှာ ၀ိုင်းပယ်ခံရတဲ့ ဒေသခံတရုတ်ကုမ္ပဏီကြီးတွေဟာ တိုင်းရင်းအင်ဒိုနီးရှားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ငန်းကန်ထရိုက်ရယူနိုင်တဲ့ အခြေအနေရောက်လာတယ်။ အခြေခံအဆောက်အအုံနဲ့ လောင်စာစွမ်းအင်လုပ်ငန်းမှာပဲ အစိုးရနဲ့နီးစပ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတွေ ကြီးစိုးတယ်။

ဒါပေမယ့် အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီတွေဟာ ဒေသခံတရုတ်နဲ့တိုင်ပင်ပြီး လုပ်ကြတဲ့အတွက် ကြားလူအဖြစ် အသုံးဝင်နေတာတွေ့ရတယ်။ ဒီလိုဒေသခံတရုတ်သာ မရှိဘူးဆိုရင် အင်ဒိုနီးရှားက တရုတ်ရင်းနှီးမှုဟာ အခုလောက် များမှာမဟုတ်ဘူးလို့ ယူဆကြတယ်။ ဒါကြောင့်လည်း ဒေသခံတရုတ်ဖြစ်တဲ့ Mari Elka Pungestu ကို အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ခန့်ထားတာဖြစ်ပုံရတယ်။ တရုတ်ပြည်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာမှာ ဒေသခံတရုတ်အရေးပါပုံကို အင်ဒိုနီးရှားအစိုးရက သဘောပေါက်တဲ့အတွက် တရုတ်ဆန့်ကျင်ရေးမူတွေကို ရုပ်သိမ်းလာပါတယ်။ တရုတ်စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်ကို စားသုံးချင်ရင် ဒေသခံတရုတ်ကတဆင့်သာ စားသုံးနိုင်တာကို သိလာပုံရပါတယ်။

ဒါကြောင့်လည်း ၀န်ကြီးချုပ် ၀မ်ဂျာဘောင်းက နိုင်ငံခြားရောက်တရုတ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အားသွန်ခွန်စိုက် ကာကွယ်မယ်လို့ ၂၀၀၅ က အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ တနည်းဆိုရင်တော့ နိုင်ငံခြားမှာ စီးပွားရှာနေတဲ့ တရုတ်ဘက်က ရပ်တည်တာဟာ တရုတ်အစိုးရလမ်းစဉ်ဖြစ်လာတာပါပဲ။ တချို့ကလည်း ဗြိတိသျှဓနသဟာယအဖွဲ့လို တရုတ်ဓနသဟာယအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိသလားလို့ ဆန်းစစ်ကြတယ်။

ဒါပေမယ့် နိုင်ငံခြားတရုတ်ရဲ့ စီးပွားရေးအင်အားကို နိုင်ငံရေးအင်အားအဖြစ် အသွင်ပြောင်းနိုင်တယ်လို့ ယတိပြတ်ပြောထားတဲ့ လေ့လာချက်မျိုးတော့ မရှိသေးဘူး။ ချမ်းသာတဲ့ နိုင်ငံခြားရောက် တရုတ်တွေရဲ့ ကွန်ချာအဆက်အသွယ်ကို တရုတ်စီးပွားရေးအင်ပါယာသဘောမျိုး တင်စားပြီး ရေးသားတာမျိုးသာရှိတယ်။ ဒါပေမယ့် နိုင်ငံခြားရောက် တရုတ်တွေဟာ သူတို့နေထိုင်ရာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတဲ့သဘောကို အရိပ်အမြွက်ဖော်ပြတယ်။

အရှေ့တောင်အာရှမှာ စီးပွားရေးကျပ်တည်းလာရင် ချမ်းသာတဲ့ တရုတ်တွေကို ဒေသခံတိုင်းရင်းသားတွေက ရန်လုပ်လာမယ့် အလားအလာရှိနေတုန်းပဲ။ တရုတ်အကျိုးစီးပွားကို ထိခိုက်လာရင် တရုတ်အစိုးရဟာ အရင်လိုငြိမ်နေလို့မရတော့ဘဲ အရေးယူဆောင်ရွက်ရမယ့် အခြေအနေကို ရောက်လာပါလိမ့်မယ်။



ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,2nd,2009

( 50 )Border Guard Deadline Passes Without Agreement

( 49 )တရားရုံး၏ ဆင့်ခေါ်မှုကို ကျော်သူ အာခံ

( 48 )One Army Official Killed, Two Soldiers Injured in Landmine Explosion

( 47 )9,000 Yaba Tablets Seized in Maungdaw

( 46 )ထိုင်းဗိုလ်ချုပ်ဟောင်း ချာဗာလစ် မြန်မာပြည်သွားမည်

( 45 )Military encourages illegal timber smuggling to India

( 44 )နာဂစ်သင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်ပတ်

( 43 )Former Thai PM to Visit His “Brother” Than Shwe

( 42 )တလအတွင်း နိုင်ငံခြားခရီးသွား ၃ ဦး သေဆုံး

( 41 )US-Burma Ready to Start Talks

( 40 )ဘုံကထိန်အပြန် ကားမှောက် ၄ ဦးသေဆုံး

( 39 )US envoy to meet Aung San Suu Kyi on Myanmar trip

( 38 )မြန်မာ့ ဘိန်းဖြူ နယ်စပ်တွင် ဖမ်းဆီးရမိ

( 37 )Kachins to Meet US Delegation

( 36 )ရုပ်ရှင်သရုပ်ဆောင် ကျော်သူ မွေးနေ့တွင် ပန်းချီနှင့်ဓာတ်ပုံများ ပြသ

( 35 )Yangon bans environmentally unfriendly plastic bags

( 34 )မင်းသားကျော်သူ မွေးနေ့ အနုပညာပြပွဲ ကျင်းပ

( 33 )မြန်မာနိုင်ငံ၏ ပထမဆုံး ပြိုင်ကားမောင်းကွင်း ဖွင့်လှစ်

( 32 )Military encourages illegal timber smuggling to India

( 31 )အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား

( 30 )Hyundai Heavy picked for Myanmar gas development

( 29 )KIO Calls for Discussion of Panglong Agreement

( 28 )ပင်လုံ စာချုပ် အကြောင်း ဆွေးနွေးရန် KIO တောင်းဆို

( 27 )Common Grounds for Dialogue

( 26 )Junta Burns nearly $20 Million of Seized Drugs

( 25 )မောင်တောမြို့တွင် စိတ်ကြွ ဆေးပြား ၉၀၀၀ နှင့် အတူ မိသားစု တစု ဖမ်းဆီးခံရ

( 24 )Consultant for Project Evaluation,Burma

( 23 )အမေရိကန်က စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် နီးစပ်လာ

( 22 )Myanmar to participate in India car show next year

( 21 )လောက်ကိုင် မူးယစ်ဆေးဝါး မီးရှို့ပွဲ အမေရိကန်ကို မျက်နှာလုပ်

( 20 )Myanmar launches series of cultural activities to mark Japan-Mekong exchange

( 19 )Myanmar PM to attend first Mekong-Japan summit in Tokyo

( 18 )A Look at Myanmar's History as Emerging Energy Supplier

( 17 )ကရင် ပြည်နယ်အတွင်း နအဖ ထိုးစစ်ကြောင့် အိုးအိမ်စွန့်ပြေးသူ ရာချီရှိ

( 16 )Hyundai Heavy wins $1.4 bln Myanmar plant order

( 15 )Myanmar's Neighbors Advance Pipeline Project

( 14 )ရန်ကုန် တန်ဆောင်တိုင် ပွဲတော် မစည်ကားဟုဆို

( 13 )Phuket's New Worker ID System a Fearful Failure

( 12 )အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သို့သွားမည်

( 10 )Burma's junta in a vise

( 9 )အမေရိကန် မူဝါဒကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပွင့်မည်ဟု ဦးဝင်းတင် မျှော်လင့်

( 8 )Nationality Verification

( 7 )ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို တရားရုံးမှ ဆင့်ခေါ်

( 6 )Sri Lanka to Import Rice from Myanmar to face any Artificial Shortage

( 5 )Drugs burn

( 4 )ဒေါ်လာ သန်း ၂၀ ဖိုး မူးယစ်ဆေးဝါး စစ်အစိုးရ မီးရှို့ဖျက်ဆီး

( 3 )US envoys in Burma 'unlikely to meet junta chief'

( 2 )ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည်

( 1 )More than 100 Burmese refugees relocated to Western Mass. to escape reported abuse in Myanmar

Sunday, November 1, 2009

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းစစ်

လွတ်လပ်သောမွန်အေဂျင်စီ

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာသည် ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းခြင်းကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အကြပ်အတည်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် အထူးအရေးကြီးသည့် အခြေခံဥပဒေ (၃) ရပ် ရှိခဲ့ပေသည်။ ပထမဦးဆုံး ၁၉၄၇ အခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို အာမခံပြီး တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးကို အထိုက်အလျောက် ပေးထားသည်။ သို့ရာတွင် ၁၉၇၄ အခြေခံဥပဒေသည် ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးအာလုံးကို ဖျက်ဆီးလိုက်သည့် အခြေခံဥပဒေ ဖြစ်ပေသည်။

တပါတီအာဏာရှင်စနစ် ဖန်တီးလိုက်ခြင်းနှင့်အတူ ပြည်တွင်းစစ်သည်လည်း အရှိန်အဟုန်နှင့် ပေါက်ကွဲနေခဲ့ပေသည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းကာလ ဗမာပြည်တွင် ကွန်မြူနစ်ပါတီ ပြိုကွဲသည့်နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှ တိုင်းရင်းသားများ၏ လိုလားတောင်းဆိုချက်ကို စစ်အုပ်စုမှ ဖြည့်ဆည်းပေးခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစနစ် အာမခံမှု မရှိသည့်အပြင် တိုင်းရင်းသားတို့၏ အခွင့်အရေးများအား ဖော်ဆောင်ထားခြင်း မရှိပါ။ စစ်အုပ်စုတို့၏ အာဏာ အရှည်သဖြင့် တည်တံ့ရေးအတွက်သာ ဖော်ဆောင်ထားကြောင်းကို တွေ့ရပေသည်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် တိုင်းရင်းသားတို့၏ အခွင့်အရေးကို အတိအလင်းဖော်ပြထားခြင်း မရှိပေ။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံသယောင် ဖော်ပြထားသော်လည်း လက်တွေ့တွင်ကား ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် စစ်တပ်မှ အဓိကအုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာများကို ရယူထားပြီး တပ်မတော်မှ အချိန်မရွေး အာဏာသိမ်းနိုင်သည့် အခြေခံအခွင့်အရေးကို ရယူထားပေသည်။

နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ် ရပ်တန့်သင့်ပေပြီ၊ နိုင်ငံရေးပြဿနာကို (၂၀၁၀) ရွေးကောက်ပွဲဖြင့် အဖြေရှာခြင်းသည် သောင်ပြင်တွင် ပျောက်နေသည့် အပ်တချောင်းအား ရှာနေသည့်အလားသဏ္ဍာန် ဖြစ်နေပေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လည်းကောင်း၊ ၂၀၁၀ ရွေးကောက် ပွဲကြောင့်လည်းကောင်း ပြည်တွင်းစစ် ပေါက်ကွဲသွားနိုင်ဖွယ် အကြောင်းရှိနေသည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားပြည်သူအများအပြား နစ်နာဆုံးရှူံးရပေသည်။ စစ်အစိုးရနှင့် ဗမာ့တပ်မတော်တို့၏ အဓမ္မလုပ်ဆောင်မှု အများအပြားကို တိုင်းရင်းသားများ ခံစားနေရပေသည်။ တိုင်းရင်းသားဒေသများမှ သံယံဇာတပစ္စည်းများကိုလည်း စစ်နိုင်သူ ဗမာ့တပ်မတော်မှ သိမ်းဆည်းရယူခဲ့ပေသည်။ တိုင်းရင်းသားတို့၏ စာပေရိုးရာယဉ်ကျေးမှု အများအပြားသည်လည်း ဖျက်ဆီးခြင်း ခံရပေသည်။

တိုင်းရင်းသားလူမျိုးစုများအနေနှင့် ၄င်းတို့၏ နယ်မြေဒေသ သံယံဇာတပစ္စည်းများ ဆုံးရှူံးသွားသော်လည်း ၄င်းတို့၏ အခွင့်အရေး အပြည့်အဝ မရရှိသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။ ဗမာ့တပ်မတော်အနေဖြင့် စစ်ရေးဖြင့် ဖိအားပေးခြင်းသည် တိုင်းရင်းသားတို့၏ ပုန်ကန်မှု ကုန်ဆုံးသွားအောင် မဆောင်ရွက်နိုင်ပေ။ တိုင်းရင်းသားလူမျိုးစုတို့၏ မျိုးဆက်သစ်များသည် မိမိတို့၏ အမျိုးသားအခွင့်အရေး မရရှိသရွေ့ နည်းမျိုးစုံနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။

အချုပ်အားဖြင့် တိုင်းရင်းသားတို့၏အရေးကို အင်အားသုံး ဖြေရှင်း၍ မရနိုင်ပါ။ အခုဆိုလျှင် တိုင်းရင်းသားများတွင် နိုင်ငံရေးအသိအမြင်နှင့် တော်လှန်ရေးအသိအမြင်ကား (၁၉၄၈) ကာလနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်လာပေပြီ၊ ပြဿနာအား ဆွေးနွေးဖြေရှင်းဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း တင်ပြရပေသည်။

မြန်မာ နယ်စပ် အနီးတွင် ဆင်ဖြူတကောင်ကို တွေ့ရှိ

Narinjara News

မင်းဆက်ခိုင် (နိရဉ္စရာ) မြန်မာ နိုင်ငံ နယ်စပ်အနီး ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် တောင်ဘက် ပိုင်းတွင် ဆင်ဖြူ တကောင်ကို တခြား ဆင်များ နှင့်အတူ သွားလာ နေသည်ကို တွေ့ရှိရ သည်ဟု ဆင်ဖြူကို ကိုယ်တိုင် မြင်တွေ့ ခဲ့သူ ဒေသခံ သက်အမျိုး သား တဦးက ပြောသည်။

“ကျွန်တော်က လယ်တဲမှာ စပါးပင်တွေကို စောင့်ရင်း အိပ်နေတာ ဖြစ်ပါတယ်။ အဲဒီနေ့ နံနက် ၂နာရီ အချိန်ခန့်မှာ အသံတွေကြားတဲ့အတွက် အိပ်ရာက နိုးလာပါတယ်။ တဲအောက်မှာ ဖြူဖြူ အတုံးကြီး တခု သွားလာနေတာကို မြင်လို့ သွားကြည့်တော့ ဆင်ဖြူတကောင်နဲ့ ရိုးရိုး ဆင်တကောင်ကို တွေ့ရပါတယ်။ ကျွန်တော်လည်း အလွန်အံ့သြသွားပါတယ်။ သေချာအောင် အနီးကပ်သွားကြည့်တော့ ဆင်ဖြူ အစစ်တကောင်ဖြစ်တယ်ဆိုတာကို သိရှိလိုက်ရပါတယ်” ဟု သူကပြောသည်။

အဆိုပါ ဆင်ဖြူကို သက်အမျိုးသားမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဒလာရွာတွင် လွန်ခဲ့သောအပတ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒလာရွာမှာ သက်လူမျိုးများ အများစုနေထိုင်သော ကျေးရွာဖြစ်ပြီး ရခိုင်ပြည်နှင့် နီးကပ်စွာ တည်ရှိသည်။

၎င်းပြင် သူက“ ကျွန်တော်လည်း ဆင်ဖြူကိုတွေ့တော့ ဘာလုပ်ရမှန်း မသိဖြစ်သွားတာနဲ့ နောက်တော့ သတိရပြီး ဘုရားတရားတပြီး သူတို့ကို မေတ္တာပို့တယ်။ မင်းတို့လမ်း မင်းတို့သွားပါ။ ငါဘာသာငါ အေးအေးဆေးဆေးနေထိုင်နေတာပါ။ အနှောင့်အယှက် မလုပ်ပါနဲ့လို့ ပြောပြီးတာနဲ့ ဆင်နှစ်ကောင်စလုံး လယ်ထဲတောထဲက တဖြည်းဖြည်း ထွက်သွားကြပါတယ်။” ဟုပြောသည်။

ယခု သူ့အနေနှင့် ဆင်ဖြူ တကောင်ကို ဤဒေသအတွင်း တွေ့ဖူးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး အဆိုပါ ဆင်ဖြူမှာ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာပုံရသည်ဟု သူက ပြောသည်။

ယခုနှစ်အတွက်း မြန်မာ နယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ခ်ျဘက်ခြမ်းတွင် တောဆင်ရိုင်းများ အထူး သောင်းကျန်းမူများရှိနေပြီး စပါးခင်းများကို ၀င်ရောက် စားသောက် နေကြသဖြင့် လယ်သမားများအနေဖြင့် ထိခိုက်နစ်နာနေမူများ ရှိနေသည်ဟု သိရသည်။

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၇)

စောကျော်ကျော်မင်း

ကိုတင်ဝင်း၊ ကိုညီညီမင်း တို့အား တရား စွဲဆိုထားသော အမှုတွင် တရား ရုံးတော်ရှေ့ တွင် ပေါ်ပေါက် လျက်ရှိသော ဥပဒေ ပြဿနာ များမှာ တရားရုံး တော်မှ ဖမ်းဝရမ်း (သို့မဟုတ်) သမ္မန်စာ ထုတ်ဆင့် ပေးသည့် အခါမှသာ တရားရုံး တော်သို့ လာရောက် အမှုရင်ဆိုင် စေခြင်း သို့မဟုတ် ဖမ်းဆီး ခေါ်ဆောင် အမှု ရင်ဆိုင် စေခြင်း ဟုတ်သည် / မဟုတ်သည်၊ ကဗျာစာသား များကို ရေးသားပြီး ဖြန့်ချီဝေငှခြင်း မရှိဘဲ သိမ်းဆည်း ထားသည်မှာ ပြစ်မှု ဥပဒေ ပုဒ်မ ၅၀၅(ခ) ကို ကျူးလွန်ခြင်း ဟုတ်သည် / မဟုတ်သည် စသည်တို့မှာ ဥပဒေ ပြဿနာ များအဖြစ် သက်ဆိုင်ရာ တရားရုံး တော်တွင် ပေါ်ပေါက် လျက်ရှိ ပေသည်။

အကြောင်းချင်းရာပြဿနာများအဖြစ် ကိုညီညီမင်း၏ နေအိမ်တွင်လည်းကောင်း၊ ကိုတင်ဝင်း၏ နေအိမ်တွင်လည်းကောင်း ကဗျာစာရွက်နှစ်ရွက်နှင့် မူရင်းကဗျာစာအုပ်တစ်အုပ် စသည်တို့ကိုလည်းကောင်း သိမ်းဆည်းရမိပြီး ကိုညီညီမင်း၊ ကိုတင်ဝင်းတို့ကို ဖမ်းဆီးသည့်အခါတွင်မူ ထိုကဗျာစာရွက်များကို ဖြန့်ဝေနေသည့်အချိန်တွင် ဖမ်းဆီးရမိခြင်းမဟုတ်သောကြောင့် ပြစ်မှုဥပဒေပုဒ်မ ၅၀၅(ခ) ပြဌာန်းချက်ပါ ပြစ်မှုမြောက်စေသည့် အင်္ဂါရပ်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့်အကြောင်းချင်းရာပြဿနာများသည် တရားရုံးတော်မှ ဖြေရှင်းဆုံးဖြတ်ပေးရမည့် ပြဿနာများအဖြစ် ပေါ်ပေါက်လျက်ရှိနေပေသည်။


ထို့အပြင် တရားလို ဒုရဲမှူး တင်မောင်အေးသည် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ၎င်းတို့အား ဖမ်းဆီးသောအချိန်တွင် နိုင်ငံတော်မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည့် အချိန်ဖြစ်သည့်အပြင် ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည် နိုင်ငံတော် တည်ငြိမ်ရေးပျက်ပြားအောင် လုပ်ဆောင်လျက်ရှိကြောင်း စသည်တို့ဖြင့် တရားရုံးတော်တွင် စွပ်စွဲထွက်ဆိုလေတော့သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဖြင့် တရားဝင် မှတ်ပုံတင် ရပ်တည်လျက်ရှိသော နိုင်ငံရေးပါတီဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၈၂% ကျော်ဖြင့် အနိုင်ရရှိခဲ့သော အနိုင်ရ နိုင်ငံရေးပါတီကြီး ဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား ဖမ်းဆီးလိုက်သည့် အချိန်တွင် နိုင်ငံတော် မငြိမ်မသက်ဖြစ်နေပါသည် ဆိုသော စွပ်စွဲချက်နှင့်ပတ်သတ်၍လည်း ထိုအချိန်က နိုင်ငံတော်အနှံအပြားတွင်လည်းကောင်း၊ သို့မဟုတ် မငြိမ်မသက်ဖြစ်ပါသည်ဆိုသည့် ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ နေထိုင်ရာ ဒဂုံမြို့နယ်တွင်သော်လည်းကောင်း၊ နိုင်ငံတော်မှ အရေးပေါ်အခြေအနေ ကြေငြာထားခြင်းမျိုး ရှိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ ထို့ပြင် သက်သေခံအဖြစ် တင်ပြထားသော အမျိုးသားပြန်လည်သင့်မြတ်ရေး တီရှပ်အင်္ကျီနှင့်စပ်လျဉ်း၍လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ နိုင်ငံတော်အစိုးရကိုယ်တိုင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ပုဒ်ကို တာဝန်တစ်ရပ်အနေဖြင့် စွဲကိုင်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ တာဝန်ကို တာဝန်သိပြည်သူများမှ ကူညီပံ့ပိုး လုပ်ဆောင်ခြင်းဖြစ်၍ ကောင်းမွန်သော ရည်ရွယ်ချက်သာဖြစ်သည်ဆိုလျှင် မှန်ပါသလား ဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း၊ FREE AUNG SAN SUU KYI အင်္ကျီနှင့်စပ်လျဉ်း၍လည်း ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ လူထုခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအနေဖြင့် မိမိခေါင်းဆောင် လွတ်မြောက်စေရန် တောင်းဆိုခြင်းဖြစ်ကြောင်းနှင့် လူတိုင်းလူတိုင်းအနေဖြင့် လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့်၊ ရေးသားတောင်းဆိုခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့်များ ရှိသည်မှာ လူတိုင်း၏ မွေးရာပါအခွင့်အရေးများဖြစ်သည်ကို သိပါသလားဆိုသည့် ပြန်လှန်မေးခွန်းမျိုးဖြင့်လည်းကောင်း ချေဖျက်မေးမြန်းရလေတော့သည်။

ပထမရုံးချိန်းသည် တရားလို ဒုရဲမှူး တင်မောင်အေး စွပ်စွဲထားသော စွပ်စွဲချက်များကို ပြန်လှန်မေးခွန်းပေါင်းမြောက်များစွာဖြင့် ချေဖျက်မေးမြန်းရခြင်းဖြစ်သောကြောင့် ရုံးချိန်းတစ်ချိန်းနှင့်မလောက်ဘဲ နောက်တစ်ရက်သို့ ထပ်မံချိန်းဆိုလိုက်ရလေသည်။

ကျွန်တော့်အနေဖြင့်လည်း နောက်ရုံးချိန်းတွင် ပိုမိုထိရောက် ချေဖျက်နိုင်စွမ်းရှိသော မေးခွန်းများ မေးမြန်းနိုင်ရန်အတွက် ပိုမိုပြင်ဆင်ရလေတော့သည်။

နောက်ရုံးချိန်းတွင် ဥပဒေပြဿနာပိုင်းဆိုင်ရာများကို ပိုမိုထိရောက်စွာ မေးမြန်းနိုင်ရန်အတွက် လိုအပ်နေကြောင်း စိတ်တွင် အလိုလိုသိရှိနေပေသည်။ ကျွန်တော်သည် တရားခွင်စစ်ဆေးမှု အတွေ့အကြုံ လုံးဝမရှိသော သူတစ်ယောက်သာဖြစ်သည့်အပြင် တရားခွင်စစ်ဆေးနေသည့် အချိန်တွင်လည်း နဘေးမှ ထောက်ပြပြောဆို အကြံပေးမည့်သူ တစ်ဦးတစ်လေမျှ မရှိသောကြောင့် စိတ်တထင့်ထင့်ဖြင့်သာ စစ်ဆေးမေးမြန်းနေရခြင်းဖြစ်လေသည်။ သက်သေအနေဖြင့် အမှန်အတိုင်း ၀န်ခံထွက်ဆိုလာစေရန်လည်း ပြန်လှန်စစ်ဆေးခြင်း နည်းပညာများကို တတ်ကျွမ်းသိနားလည်မှုလည်း လုံးဝမရှိဟု မိမိကိုယ်ကို နားလည်လာမိသည်။ အထူးသဖြင့် ဥပဒေပြဿနာများကို မေးမြန်းရမည်ဆိုလျှင် မိမိ၌ရှိသော အရည်အချင်း၊ လေ့လာလိုက်စားမှုများနှင့် မလုံလောက်တော့ဟု အလိုလို နားလည်လာမိသည်။

ထို့ကြောင့်ဆရာ ဦးခင်မောင်ရှိန်အား ပြောဆိုတိုင်ပင်မိသည့်အားလျော်စွာ ဆရာမှလည်း မေးမြန်းရမည့် မေးခွန်းများကို အစွမ်းကုန် ကြိုးစားပြင်ဆင်ပေးလေသည်။ မည်သည့်အချိန်တွင် မည်သည့်မေးခွန်းမျိုး၊ မည်သည့် အခြေအနေတွင် မည်သည့်မေးခွန်းမျိုးကို မေးမြန်းသင့်ကြောင်းကို သင်ပြပေးလေသည်။ သို့သော် ဆရာ့အနေဖြင့် ထိုအမှုကို သူကိုယ်တိုင် လိုက်ပါစစ်ဆေးပေးချင်ပါသော်လည်း ထောင်တွင်းတရားရုံးတွင် စစ်ဆေးလျက်ရှိသော အမှုများနှင့် ရုံးချိန်းချင်း တိုက်ဆိုင်နေပါသောကြောင့် လိုက်ပါနိုင်ခြင်းမရှိ ဖြစ်နေလေသည်။

နောက်ရုံးချိန်းသို့ ရောက်သောအခါတွင် လုံးဝမျှော်လင့်မထားဘဲ လူငယ်ရှေ့နေ ကိုဖိုးဖြူ ရောက်ရှိလာလေသည်။ ကိုဖိုးဖြူနှင့်အတူ ကိုညီညီထွေးပါ ရောက်ရှိလာသောကြောင့် စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ရှေ့နေအင်အားမှာ အလွန်တောင့်တင်းသွားလေတော့သည်။

× × × × ×


ဆက်လက်ရေးသားပါအုံးမည်။



ကေအဲန်အယ်လ်အေ၏ ဆွဲမိုင်းကြောင့် နအဖ ၇ဦး ထိခိုက်သေဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ယမန် နေ့က ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန် အယ်လ်အေ) တပ်ဖွဲ့ ၀င်များ၏ ဆွဲမိုင်း ကြောင့် နအဖ စစ်တပ် ခမရ ၂၀၈ တပ်ရင်း၊ စစ်ကြောင်း (၁)မှ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ၃ဦးက အပြင်းအထန် ထိခိုက် ဒဏ်ရာ ရှိခဲ့ သည်ဟု သတင်း ရရှိသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က “မနေ့က မနက် ၆နာရီ မိနစ် ၅၀အချိန်မှာ နအဖ ခမရ ၂၀၈တပ်ရင်းမှ စစ်ကြောင်း(၁) လှုပ်ရှားရာ ကလေ့ဖိုးကလိုးနဲ့ ထီးတိုကော် ရွာစပ်ကြားမှာ ကျနော်တို့ တပ်ရင်း(၂၂) တပ်ဖွဲ့ဝင်တွေ ဆွဲမိုင်းနဲ့ သွားစောင့်ဆွဲခဲ့တယ်။ အဲဒီမှာ နအဖဘက်က ၄ယောက်ပွဲချင်းပြီး သေတယ်။ ၃ယောက်ဒဏ်ရာခဲ့တယ်။ ကျနော်တို့ဘက်က တယောက်မှ မထိဘူး”ဟု ပြောသည်။

အဆိုပါ တပ်အင်အား (၃၀)ကျော်ပါ ခမရ (၂၀၈)စစ်ကြောင်း(၁)သည် ကေအဲန်အယ်အေ၏ ဆွဲမိုင်းကို ခံခဲ့ရပြီးနောက် ကလေ့ဖိုးကလိုးရွာအတွင်းသို့ ပြန်ဝင်လာပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၉၉၉မှ တပ်ရင်း (၄)၊ (၇)တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ထို ကျေးရွာအတွင်းရှိ ရွာသူရွာသားများ ရွာအပြင်သို့ လုံးဝမထွက်ရန် ဒီကနေ့မနက်အစောပိုင်းတွင် အမိန့် ထုတ်လိုက်သည်ဟု ဗိုလ်မှူးစောဒီ့ကွယ်က ဆက်ပြောသည်။

ယခုအချိန်တွင် စပါးရိတ်သိမ်းအချိန်ဖြစ်သည့်အလျောက် အချိန်ကန့်သတ်မှုမရှိဘဲ ယင်းကဲ့သို့ အမိန့်ထုတ်လိုက်သည့်အပေါ် စပါးရိတ်သိမ်းချိန်နှောင့်နှေးမှာကို ရွာသားများ စိုးရိမ်နေကြကြောင်း ရွာသား များ၏ ပြောဆိုချက်ကို စောဒီ့ကွယ်က ပြန်လည်ပြောဆိုသည်။

ကလေ့ဖိုးကလိုး ရွာတရွာတည်းသာ ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ (၇)နယ် မြေအတွင်း လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းရန် ကေအိုင်စီက အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည်။

အဆိုပါ နေရာသည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတုန်းက နအဖစစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ (၃)ခုပူးပေါင်းကာ ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ရွာသား (၄,၀၀၀)ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်းယန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ ကေအဲန်အယ်လ်အေ နေရာအချို့ကို နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းစစ်ဆင် သိမ်းပိုက်လိုက်သည့်နောက် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေတို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသော်လည်း နအဖနှင့် ကေအဲန်အယ်လ်အေကြားတွင် ယခုတိုက်ပွဲသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ထိုတပ်မဟာ(၇)နယ်မြေတွင် ဒီကေဘီအေ တပ်မဟာ(၅၅၅)၊ (၉၉၉)လက်အောက်ခံ တပ်ရင်းများနှင့် နအဖစစ်တပ်မှ ခမရ (၂၀၈)တပ်ရင်းတို့ ပူးပေါင်းလှုပ်ရှားခဲ့သလို ကေအဲန်ယူ တပ်မဟာ (၇)လက်အောက်ခံ ကေအဲန်အယ်လ်အေ တပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိသည်။

အလားတူ ဒီယနေ့မနက် ၁နာရီအချိန်တွင် ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေအခြေစိုက် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ကြား ၁၀မိနှစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က တပ်သားတဦး သေဆုံးကာ တပ်ခွဲမှူးတဦး ထိခိုက်ဒဏ်ရခဲ့ပြီး ကေအဲန်အယ်လ်အေဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

သူတို့အမှန်တရားကို ရင်မဆိုင်ရဲလို့ဘဲ

NEJ

အောက်တိုဘာ (၂၃) ရက်တွင် ထိုင်း နိုင်ငံ ဟွာဟင် အပန်းဖြေ ကမ်းခြေမြို့ ၌ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲကြီးတွင် မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ အဖွဲ့ဝင် နိုင်ငံ (၅) နိုင်ငံမှ ခေါင်းဆောင် များက Civil Society ခေါ် လူထု အခြေပြု လူ့အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် တို့ကို တွေ့ဆုံရန် ငြင်းပယ်ခဲ့ ပါသည်။ ယင်းကိစ္စ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု လူထု အခြေပြု လူ့အဖွဲ့ အစည်း ကိုယ်စားလှယ် မခင်ဥမ္မာနှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။

မေး။ ။ မြန်မာ နိုင်ငံ အပါအ၀င် အာဆီယံ (၅) နိုင်ငံက ခေါင်းဆောင် တွေက လူထု အခြေပြု ကိုယ်စား လှယ်တွေကို တွေ့ဖို့ ပယ်ချခံ ရတယ်လို့ သိရ ပါတယ်။ ဘာကြောင့် အခုလို ပယ်ချ ခံရ တာပါလဲ။

ဖြေ။ ။ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရှိတာကို ဘာကြောင့်ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မပြောပါဘူး။ (၅) ယောက်ကို လက်မခံဘူးပေါ့။ စကားပြောခွင့် မပေးဘူးပေါ့။ သူတို့လူတွေနဲ့လည်း အစားထိုးတယ်၊ စကားလည်း ပြောခွင့်မပေးဘူးဆိုတော့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားက လူထုအခြေပြု ကိုယ်စားလှယ်တွေကလည်း ဆက်မတက်ဘဲ ထွက်လိုက်တယ်။

မေး။ ။ အခုလို လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အာဆီယံက နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ရည်ရွယ်ချက်က ဘာပါလဲ။ တွေ့ဆုံကြတဲ့အခါ ဘာတွေ တင်ပြဖို့ရှိပါသလဲ။

ဖြေ။ ။ အာဆီယံခေါင်းဆောင်တွေနဲ့ လူထုကိုယ်စားပြုကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတာပဲ။ အာဆီယံက အခုလို အစည်းအဝေးတွေလုပ်တိုင်း အစိုးရအရာရှိတွေပဲ တွေ့ကြတာကိုး။ အခုဟာက လူထုပါဝင်မှုကို မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုပဲ ဖြစ်တယ်။ civil society ရဲ့ အခန်းဂဏ္ဍက ဒေသတွင်းမှာ ကြုံနေတဲ့ပြဿနာတွေကို သူတို့နဲ့မျက်နှာချင်းဆိုင် ပြောတယ်ဆိုတဲ့ လုပ်ငန်းစဉ်တခုကို လူထုရဲ့အသံ၊ လူထုရဲ့ပါဝင်မှုနဲ့ ပိုပြီးမြှင့်တင်ဖို့လုပ်တာဖြစ်ပါတယ်။

မေး။ ။ ဘာအကြောင်းအရာတွေ တင်ပြဆွေးနွေးဖို့ သဘောတူဆုံးဖြတ်ထားကြသလဲ။

ဖြေ။ ။ ပြောမယ့်အကြောင်းအရာတွေက နိုင်ငံရေးနဲ့ လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေး၊ စီးပွားရေး စတာတွေ ပါဝင်တယ်။ စီးပွားရေးမှာလည်း လွတ်လပ်တဲ့ ကုန်သွယ်မှုလုပ်ရာမှာ လူထုတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တင်ပြဖို့နဲ့ ဘာလုပ်သင့်တယ်ဆိုတာတွေကိုလည်း ဆွေးနွေးဖို့ဖြစ်ပါတယ်။

မေး။ ။ မခင်ဥမ္မာက မြန်မာနိုင်ငံရဲ့ လူထုအခြေပြု ကိုယ်စားလှယ်တဦးအနေနဲ့ ဘာတွေတင်ပြပြောဆိုဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ။ ကျမပြောဖို့ လုပ်ထားတာက အာဆီယံ ပဋိညာဉ်စာတမ်းမှာပါတဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကိစ္စပါ။ ဒေသတခုလုံးအတွက် အရေးကြီးတယ်၊ အဓိကကျပါတယ်။ အဲဒါကို သူတို့အားလုံးလည်း စာတမ်းမှာ လက်မှတ်ထိုးပြီး လက်ခံလိုက်တယ်။ အခု တကယ်လက်တွေ့မှာတော့ ဒေသတွင်းမှာ ဒီမိုကရေစီ အရမ်းအားနည်းနေသေးတဲ့အတွက် ဒီမိုကရေစီအားကောင်းဖို့ စမယ်ဆိုရင် မြန်မာနိုင်ငံကနေ စတာအကောင်းဆုံးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းဖို့ လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့၊ တွေ့ဆုံဆွေးနွေးပြီးတော့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်။ ဒီမိုကရေစီအရဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမှာမို့ မြန်မာနိုင်ငံမှာ နောက်နှစ်ကို ပြင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဒီအချက်တွေ အရင်ဖြစ်မှရမယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီအချက်တွေကို အာဆီယံက ဘာလုပ်ပေးမလဲလို့ အာဆီယံခေါင်းဆောင်တွေကို ပြောလည်းပြော၊ မေးလည်းမေးဖို့ ဖြစ်ပါတယ်။

မေး။ ။ အခုလို ပယ်ချခံရတဲ့ လူထုအခြေပြုကိုယ်စားလှယ်တွေနဲ့ အာဆီယံမှာပါတဲ့ သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေ မတွေ့ရတဲ့အတွက် အာဆီယံဟာ လူထုအခြေပြု အဖွဲ့အစည်းဖြစ်ရမယ်ဆိုတဲ့ အာဆီယံပဋိညာဉ်စာတမ်းပါမူဟာ အောင်မြင်မှု ရှိမရှိ ဆိုတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ အဖြေက ရှင်းရှင်းကြီးထွက်သွားတယ်။ လုံးဝကိုမရှိဘူး။ လူထုပါဝင်မှုဆိုတာကို သူတို့က ထုတ်ပြန်ထားပြီးသားပဲ။ အခုက သူတို့လူ သူတို့ထည့်ပြီးတော့မှ လုပ်တာကတော့ သူတို့မှာ တာဝန်ယူမှု မရှိဘူးဆိုတာ လုံးဝထင်ရှားတယ်။ အာဆီယံမူနဲ့ အခုလုပ်နေတာတွေဟာ လုံးဝဆန့်ကျင်ဘက်ကြီးပဲ။ စိတ်ပျက်စရာ အရမ်းကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာ အံ့သြသလားလို့မေးရင် မအံ့သြဘူး။ ရှင်းရှင်းပြောရရင် အာဆီယံပဋိညာဉ်စာတမ်းဟာ regional constitution ပဲလေ။ ဒေသကြီးတခုလုံးရဲ့ ဖွဲ့စည်းပုံကို သူ့နိုင်ငံတနိုင်ငံတည်း အလျောက်တောင် ဒီမိုကရေစီ ဖွဲ့စည်းပုံမရှိသေးတဲ့ နိုင်ငံတွေက ဒီအာဏာရှင်တွေ ပါဝင်နေရင် ဘယ်လိုသွားလိုက်နိုင်မလဲ။ (၁၀) နိုင်ငံပါဝင်တဲ့ ဒေသတွင်း အဖွဲ့အစည်းကြီးအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှတ်တမ်းက အင်မတန်နိမ့်ကျပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ရင် စည်းကမ်းတော့ လိုက်နာရမယ်ဆိုတာကတော့ ရှိသင့်တဲ့ လိုက်နာသင့်တဲ့ ကျင့်ဝတ် ၀တ္တရားဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ ပဋိညာဉ်နဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပြင် အာဆီယံအဖွဲ့တွင်းက ဒီမိုကရေစီအစိုးရတွေ ကိုယ်တိုင်က လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့အား၊ ပြည်သူ့အားကို သူတို့မှန်မှန်ကန်ကန် အသုံးမချတတ်ဘူးလို့ မြင်ပါတယ်။

မေး။ ။ ဒီလို အခြေအနေတွေအောက်မှာ အာဆီယံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခဲ့တယ်ဆိုတော့ ထိရောက်မှုရှိနိုင်ပါ့မလား။ ဒေသတွင်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာပါ့မလား။

ဖြေ။ ။ ထိရောက်မှုရှိဖို့က လုံးဝမလွယ်ဘူး။ ထိုင်းနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံကသာ လွတ်လွတ်လပ်လပ်နဲ့ သိသာမြင်သာတဲ့ နည်းလမ်းတွေနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ ပါဝင်ပြီးတော့ လွတ်လပ်တဲ့ ကော်မရှင်နာကို ရွေးတာ။ ကျန်တဲ့လူတွေက သူတို့စိတ်ကြိုက်ရွေးတာပဲ။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်မှာလည်း မလွတ်လပ်ပါဘူး။ လွတ်လပ်မှုရှိရမှာ ဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်နဲ့အညီ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခွင့်အရေးအကျိုးစီးပွားတွေကို ကာကွယ်မြှင့်တင်ပေးတာ ဖြစ်ရပါမယ်။

မေး။ ။ မခင်ဥမ္မာအနေနဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အခုလို လူထုအခြေပြု လူ့အဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ငြင်းပယ်ခံရတာ အခုအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ ဒီလို ငြင်းပယ်ခံရတဲ့အပေါ် ဘယ်လို ရှုမြင်ခံစားရပါသလဲ။

ဖြေ။ ။ ကျမအတွက်ကတော့ အာဏာရှင်ဟာ ဒီလိုပဲလုပ်မယ်ဆိုတာ ပထမတခေါက်ကလည်း ကြုံထားပြီးပြီလေ။ ပထမ တခေါက်ကလည်း သူတို့လက်ခံမှာ မဟုတ်ဘူးဆိုတာ မှန်းပြီးသား။ မှန်းတဲ့အတိုင်းဖြစ်တယ်။ အခု နောက်တခေါက်လည်း အဲလိုပဲ သူတို့ပယ်အုံးမယ်ဆိုတာ မှန်းလို့ရတယ်။ အဲဒီအတွက်တော့ ဘာမှမဖြစ်ဘူး။ အဓိက ကိုယ်ပေးချင်တဲ့ အကြောင်းအရာတွေကို သူတို့က မျက်နှာချင်းဆိုင် နားမထောင်လို့ရှိရင် မီဒီယာကနေ တဆင့်ပေးတာပေါ့။ အခုဆို နိုင်ငံတကာမီဒီယာတွေရော၊ မြန်မာမီဒီယာတွေရော မေးကြတယ်။ ကျမတို့ ပြောဖို့ရှိတာကို ပြောတယ်။ သေချာတာက သူတို့ဆီရောက်မှာပဲ။ ဒီပြဿနာတွေက သူတို့လွှဲရှောင်လို့ရတဲ့ကိစ္စတွေမှ မဟုတ်ဘဲ။ ဒီပြဿနာတွေကို သူတို့ မျက်နှာချင်းဆိုင် နားမထောင်ဘူးဆိုရင် သူတို့အမှန်တရားကို ရင်မဆိုင်ရဲလို့ပဲ။ တခြားနိုင်ငံတွေလည်း အခုလိုပဲ။ အာဆီယံရဲ့ အစိုးရတွေက ကိုယ့်ပြည်သူတွေကို အတူတူလက်တွဲပြီး လုပ်ဖော်ကိုင်ဖက်အဖြစ်မမြင်ဘဲ သူတို့အာဏာကို ထိပါးတဲ့ရန်သူလို မြင်တာကိုး။
အခု ကျမကို လက်မခံတာ ပုဂ္ဂိုလ်ရေးအရရော၊ လှုပ်ရှားမှုအရရော ဘာမှမဖြစ်ပါဘူး။ အာဏာရှင်ရဲ့တုံ့ပြန်မှုက ဒါဖြစ်တယ်ဆိုတာ လူတိုင်းက မှန်းဆလို့ရတယ်။

မေး။ ။ လူထုအခြေပြုကိုယ်စားလှယ်တွေအားလုံး ဟွာဟင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက လူထုအခြေပြု လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုကြပါသလဲ။

ဖြေ။ ။ ပယ်ချခံခဲ့ရတဲ့ အာဆီယံ (၅) နိုင်ငံက ကိုယ်စားလှယ် (၅) ဦးနဲ့ စည်းဝေးမတက်ဘဲ ထွက်လာတဲ့ အာဆီယံ (၃) နိုင်ငံက ကိုယ်စားလှယ် (၃) ဦးအပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် (၈) ဦးတို့ ရှင်းလင်းပြောဆိုကြပါတယ်။ အခုလို ဘာကြောင့် ပယ်ချခံရသလဲဆိုရင်တော့ ကျမတို့အားလုံးမြင်တာက သူတို့က အမှန်တရားကို ရင်မဆိုင်ရဲလို့ဘဲ။ အာဆီယံအနေနဲ့ ကတိပေးပြောဆိုထားတဲ့အတိုင်း တာဝန်ခံလုပ်ဆောင်ကြဖို့၊ အဲလိုမလုပ်ဆောင်ရင်တော့ ကျမတို့ ဒီကိုယ်စားလှယ်တွေ အားလုံးဟာ စုစုစည်းစည်းနဲ့ဆက်လက်ပြီး အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်ရာနေရာတွေမှာ သူတို့နားထောင်လာတဲ့အထိ ဆက်လက်ပြောဆို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အရှက်ရစရာဖြစ်ပါလိမ့်မယ်။

မေး။ ။ မခင်ဥမ္မာအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်း ကိုယ်စားလှယ် အရွေးခံရတာ ဘယ်အဖွဲ့ကို ကိုယ်စားပြုတာပါလဲ။

ဖြေ။ ။ နယ်စပ်အခြေစိုက်ကြတဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်နေတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တိုင်းရင်းသားအခွင့်အရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက ရွေးတာပါ။ task force on ASEAN and Burma အဖွဲ့က ရွေးတာပါ။

အိန္ဒိယ မြန်မာ နယ်စပ်တွင် မိုင်းပေါက်ကွဲ၍ နအဖ စစ်တပ်မှ အရာရှိတဦးသေ နှစ်ဦးခြေပြတ်

Narinjara News

မောင်အေး (နိရဉ္စရာ) အိန္ဒိယ မြန်မာနယ်စပ်တွင် မြေမြုပ်မိုင်း တလုံးပေါက်ကွဲ၍ ရသေ့တောင်အခြေစိုက် တပ်ရင်း ၅၃၈ တပ်ရင်းမှ အရာရှိ တဦးပွဲချင်းပီး သေဆုံးပြီး တခြားအဆင့် စစ်သားနှစ်ဦးမှာ ခြေပြတ်သွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အရာရှိမှာ ဒုအရာခံ ဗိုလ်သန်းမြင့် ( ကိုယ်ပိုင် နံပါတ် န/၂၁၀၅၃၉) ဖြစ်ပြီး ခြေပြတ် သွားသူနှစ်ဦးမှာ တပ်သား တင်ကိုထွေး (ကိုယ်ပိုင်အမှတ် တ/၂၄၅ ၀၆၁) နှင့် တပ်ကြပ်ကြီး ဇော်ထွန်း (ကိုယ်ပိုင် အမှတ် တ/ ၁၃၀၄၇၂) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်း အိန္ဒိယနယ်စပ် တက်ပုတ်ချေကျေး ရွာအနီးတွင် များမကြာမှီက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းကို မည်သည့် အဖွဲ့က အဆိုပါ ကျေးရွာအနီးတွင် လာရောက်ထောင်ထားသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သတင်းတရပ်က ဖေါ်ပြသည်။

စစ်တပ် သတင်းရပ်ကွက်အရ အဆိုပါ မိုင်းကို ရှေ့မှသွားရောက်သူ ဗိုလ်သန်းမြင့်က တက်နင်းမိခြင်းဖြစ်ပြီး နောက်မှပါလာသူ တပ်ကြပ် ဇော်ထွန်းနှင့် တပ်သား တင်ကိုထွေးတို့ကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်သန်းမြှင့်မှာ ဗုံးဒဏ်ရာကြောင့် အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ခြေထောက်ပြတ်သွားသည့် တပ်ကြပ်ကြီးဇော်ထွန်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စက်သားရွာမှ အဖ ဦးငလုံး၏သားဖြစ်ကြောင်း သိရသည်။

ကိုဇော်ထွန်းနှင့် ကိုတင်ကိုထွေးအား ပလက်ဝမှတဆင့် စစ်တွေသို့ ပို့ဆောင်ပြီး ယခုအခါ ဆေးကုသမူခံယူနေသည်ဟု သိရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,1st,2009

( 21 )Myanmar, Japan cooperate in promoting trade, investment

( 20 )Official says US envoys in Myanmar unlikely to meet military chief

( 19 )Burma torches seized drugs

( 18 )၃၉ ဘီအမ်ကား အနှေးယာဉ်တိုက်

( 17 )Myanmar burns nearly $20 million of seized drugs

( 16 )ဒယ်လ်တာကို ရှုံးကြွေးဆပ်ပြီး ရတနာပုံ ထိပ်ဆုံးတက်

( 15 )Myanmar to open business representative office in Nanning of China

( 14 )Myanmar PM stresses amendment of past systems practised in Kokang region

( 13 )ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည်

( 12 )US President Obama to invite ASEAN leaders to Washington

( 11 )ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

( 10 )Obama reaches out to Asean

( 9 )သတင်းထောက်များ ဖမ်းဆီးစစ်ဆေးမှု နအဖကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချ

( 8 )Mission to Burma Heralds Obama’s New Diplomatic Tack

( 7 )ကိုညီညီအောင် အမှုကို တရားရုံး လွဲပြောင်း စစ်ဆေးမည်

( 6 )U.S. Sending Envoys to Myanmar For Talks With Junta, Suu Kyi

( 5 )ဒေါ်စုကို လွှတ်ပေးရန် အမျိုးသမီး နိုဘယ်လ် ဆုရှင်များက တောင်းဆို

( 4 )နိုင်ငံတစ်ကာ ကျန်းမာရေး အဖွဲ့ အန်ဂျီအို ရုံးကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက်

( 3 )China envoy defends free trade

( 2 )အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး နိုဝင်ဘာလ ၃ ရက်နေ့ စတင်မည်

( 1 )Burmese Party Leader: Suu Kyi Expects Meeting With US Officials