Thursday, March 3, 2011

၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်း ထပ်ချပေး

ဂျူရီချိုင်း

မွန်ပြည်နယ်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ် ၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်းခန့် ထပ်ချပေးရန်ရှိသည်။

GSM မိုဘိုင်းဖုန်းများကို မတ်လအတွင်းမှာ ချပေးမည်ဖြစ်ပြီး လျှောက်ထားသူလည်း ချပေးမည့် ဖုန်းအရေအတွက်ထက် များပြားနေကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“၅ သိန်းတန် GSM ဖုန်း အလုံး ၃ သောင်းလောက် ချပေးတယ်၊ လာလျှောက်သူတွေလည်းတော်တော်များတယ်” ဟု အထက်ပါ မြန်မာ့ဆက်သွယ်ရေးဌာနနှင့် နီးစပ်သူက ပြောသည်။

ယခုချပေးမည့် GSM မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးလမ်းကြောင်းများအနက် အင်တာနက်အသုံးပြုခြင်းကိုပါ သုံးစွဲနိုင်သည့်အတွက် လူအများစိတ်ဝင်စားကာ ယခုလို လျှောက်ထားသူ များပြားလာရသည်ဟု ၎င်းနီစပ်သူက ပြောသည်။


ဖုန်းလိုချင်သူများ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လျှောက်ခွင့်ပြုထားပြီး လျှောက်ထားသူများပြားနေသည့်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လျှောက်တင်ခွင့်ပိတ်လိုက်သည်။

မော်လမြိုင်မြို့တွင် မြန်မာ့ဆက်သွယ်ရေးဌာနမှ GSM ဖုန်း လျှောက်ထားသူ အရေအတွက် ၃ သောင်းကျော်ရှိနေပြီး၊ တချို့မှာ ၃ လုံးအထိ လျှောက်ထားသူလည်းရှိကြောင်း လူငယ်များအကြားမှာလည်း မိုဘိုင်းဖုန်း အသုံးပြုမှုများပြားလာကြောင်း GSM ဖုန်းလျှောက်ထားသူ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလလယ်ပိုင်းခန့်က နေပြည်တော်၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးသည့် GSM မိုဘိုင်းဖုန်းများကို အင်တာနက်ဆက်သွယ်အသုံးပြုမှု ရနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

ယခင်က GSM ဖုန်းဖြင့် အင်တာနက်ချိတ်ဆက်မှုမရရှိနိုင်ကြောင်း ယခုနောက်ပိုင်း ချပေးမည့် GSM ဖုန်းမှာ အင်တာနက်ပါ ချိတ်ဆက်နိုင်မည်ဆိုပြီး ပြည်သူများ စိတ်ဝင်စားမှု ပိုရှိလာသည်ဟု GSM ဖုန်း အသုံးပြုနေသူတစ်ဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

GSM မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုမှုနှင့်အတူ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်အကောင်အထည်ဖော်နိုင်ခဲ့သည့် ဆက်သွယ်ရေး (SKY NET) တစ်မျိုးထွက်ရှိနေပြီး အင်တာနက်ဆက်သွယ်ရေး၊ ဖုန်းနှင့် (TV) လိုင်းမျာအသုံးပြုနိုင်သည့်အတွက် တစ်စုံကို ငွေကျပ် ၈ သိန်းနှုန်းဖြင့် ပြည်သူများစိတ်ဝင်စားစေခဲ့သည်။

ကချင်ကျောင်းဆရာတစ်ဦး လက်ထိပ်နှင့် မန်ဂျေဆေးရုံတွင်ဆေးကုခံနေရ

KNG

ဆိုင်ကယ်အတိုက်ခံရပြီး ဒဏ်ရာပြင်းထန်နေသည့် မန်ဂျေ(မံစီ) ကျေးရွာက ကချင်ကျောင်းဆရာတစ်ဦး လက်ထိပ်ခတ်ပြီး ဆေးရုံတက် ကုသ ခံနေရကြောင်းသိရသည်။

ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်) မြို့နယ်ထဲက မန်ဂျေ(မံစီ) အမှတ်(၁) အစိုးရမူလတန်းကျောင်း မှ ဆရာယောထုန်က မြန်မာစစ်အစိုးရ အထူးရဲတပ်ဖွဲ့ဝင်လိုက်ပါလာသောဆိုင်ကယ်နှင့် တိုက်မိပြီး ခေါင်းနှင့် ပေါင်တွင် ဒဏ်ရာပြင်းထန်စွာရရှိသည်ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်၊ ဒေသစံတော်ချိန် ၅ နာရီခန့် ရွှေကူမြို့အထူးရဲတပ်ဖွဲ့ဝင် သတင်းပေး အောင်မျိုးကျော် လိုက်ပါပြီး ၎င်း၏သူငယ်ချင်းမောင်းနင်လာသည့် ဆိုင်ကယ်က ဆရာယောထုန် စီးလာသည့်ဆိုင်ကယ်ကို မန်ဂျေဆေးရုံရှေ့တွင် တိုက်မိသည်ဟု ပြောသည်။


ယာဉ်နောက်စီးနင်းလိုက်ပါသူ အောင်မျိုးကျော်(အသက် ၂၄ နှစ်) ဒဏ်ရာကြောင့် အခင်းဖြစ်ပွားရာတွင် သေဆုံးသွားသည်။ ဆရာယောထုန် ခေါင်းကွဲပြီး ပေါင်တွင် ၁၆ ချက် ချုပ်ရသည်ဟု သိရသည်။

“ဆေးရုံမှာ ဆရာ မေ့မျောပြီး သတိမရတရ ဆေးကုသခံနေတုန်း၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အထူးရဲ (Special Branch Police, SB) တွေ လက်ထိပ်လာခတ်သွားတာ” ဟု ဒေသခံ တစ်ဦးပြောသည်။

သတင်းပေး အောင်မျိုးကျော်အားတင်ဆောင်လာသူ ၎င်း၏သူငယ်ချင်းထွက်ပြေးတိမ်းရှောင်နေချိန် အတိုက်ခံရသူ ဆရာယောထုန်အား အထူးရဲတပ်ဖွဲ့က ဆေးရုံတွင် လက်ထိပ်လာခတ်သည်ဟု ဒေသခံပြောသည်။

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်

စိုင်းဇွမ်ဆိုင်း

မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။

ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။

တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

အီဂျစ်ကပေးသော သင်ခန်းစာများ

ရဲနည်

နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို ဦးတည်တဲ့ အီဂျစ်နိုင်ငံက နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေကို အာရပ်ဒေသတွင်းက သာမကဘဲ အမေရိကန် ပြည်ထောင်စုလိုမျိုး အနောက်ကမ္ဘာခြမ်းက သူ့ရဲ့ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ မဟာမိတ်နိုင်ငံတွေကပါ အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ မြန်မာစစ်အစိုးရလိုမျိုး အာဏာရှင် အစိုးရတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သူတို့ရဲ့ အတိုက် အခံ တွေကလည်း ဒီအုံကြွမှုတွေကို အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

စစ်အစိုးရထိန်းချုပ်ထားတဲ့ သတင်းဌာနတွေက အီဂျစ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတဲ့အပြင် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက အဲ့ဒီနိုင်ငံမှာရှိနေကြတဲ့ သူတို့နိုင်ငံသားတွေကို နေရပ်ရင်းပြန်နိုင်အောင် ကူညီ စီစဉ်ပေး ပေမယ့် မြို့တော် ကိုင်ရိုမှာရှိတဲ့ မြန်မာသံရုံးကတော့ နိုင်ငံတွင်း ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်သွယ်တာ ဒါမှမဟုတ် လည်း နေရပ်ရင်းပြန်ပို့တာ ဘာတခုမှ မလုပ်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်နေနေ မြန်မာပြည်သူတွေကတော့ ကမ္ဘာပေါ်က စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လက်ရှိ အီဂျစ်က အဖြစ်အပျက်တွေကို နိုင်ငံခြား ရုပ်သံလိုင်းတွေကိုကြည့်ရင်း၊ နိုင်ငံခြား ရေဒီယိုလိုင်းတွေကို နားထောင်ရင်း၊ အင်တာနက်ပေါ်က သတင်းတွေကို ဖတ်ရင်းနဲ့ အားတက်သရော နားစွင့် စောင့်ကြည့်နေကြတာပါ။

မကြာသေးခင်က တိုက်ရိုက်လွှင့်ထုတ်သွားတဲ့ BBC World Service ရေဒီယို အမေးအဖြေ ကဏ္ဍတခုမှာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အီဂျစ်“တော်လှန်ရေး”ကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါ တယ်။ နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်ပေးဖို့ နဲ့ ဒီမို ကရေစီ အပြောင်းအလဲတွေအတွက် ကိုင်ရိုမြို့ရဲ့ လမ်းမတွေပေါ်မှာ တောင်းဆိုဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူ သိန်းပေါင်းများစွာ ကို စကားပြောရာမှာ “ကျမတို့ ရှင်တို့နဲ့အတူ ရှိနေပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သမ္မတ မူဘာရက်ရဲ့ သစ္စာခံ လူရမ်းကားတွေက အကြမ်းဖက်ဖြိုခွင်းတယ်လို့ သတင်းတွေထွက်လာချိန်မှာ ကိုင်ရိုမှာရှိတဲ့ ဆန္ဒပြသူတယောက်က “သိပ်ကြောက်စရာကောင်းတဲ့ အကူးအပြောင်းကာလ” နဲ့ ရင်ဆိုင်နေရတာမို့ သူဘာဆက်လုပ်သင့်သလဲဆိုတာကို ဒေါ်ဆောင်ဆန်းစုကြည်ထံ တယ်လီဖုန်းနဲ့ အကြံဉာဏ်တောင်းခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က “ခေါင်းအေးအေးထားဖို့နဲ့ စိတ်ဓာတ် ခိုင်ခိုင်ထားဖို့လိုကြောင်း၊ ကိုယ့်ရဲ့မျှော်လင့်ချက်ကို ဘယ်တော့မှ မပျောက်စေဖို့နဲ့ ရည်ရွယ်ထားတဲ့အတိုင်း ရှေ့ဆက်လျှောက်ဖို့လိုကြောင်း” ပြန်လည် ဖြေကြားခဲ့ပါတယ်။ အခုတော့လည်း အီဂျစ် အာဏာရှင် မူဘာရက် နုတ်ထွက်ပြီးလို့ စစ်တပ်က အုပ်ချုပ်ရေးကို ထိန်းသိမ်းထားလိုက်ပြီဖြစ်ပါတယ်။ နောက် ၆ လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးလှုပ်ရှားနေသူ တော်တော်များများအတွက်တော့ အီဂျစ်က အဖြစ်အပျက်တွေကို စောင့်ကြည့်နေရတာဟာ သူတို့ ကြုံခဲ့တဲ့ မြန်မာပြည်က ၁၉၈၈ နဲ့ ၂၀၀၇ အရေးအခင်းတွေကို မျက်ဝါးထင်ထင် ပြန်မြင်ယောင်နေသလိုပါပဲ။ ၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲပြီး အာဏာသိမ်းခဲ့တဲ့အပြင် သံဃာတော်တွေဦးဆောင်တဲ့၂၀၀၇“ရွှေဝါရောင် တော်လှန်ရေး” ကိုလည်း လက်ရှိစစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်ခဲ့တာပါ။ အခြေအနေကို အမှန်အတိုင်း လက်ခံကြတဲ့ မြန်မာ အတိုက်အခံတွေအနေနဲ့ နည်းနာပိုင်းတွေမှာ အားနည်းခဲ့လို့ သူတို့လှုပ်ရှားမှုတွေကို နှိမ်းနင်းခံခဲ့ရမှန်း နားလည်ကြပါတယ်။ ဒါကြောင့်မို့လည်း လာမယ့်ကာလတွေမှာ ပိုမိုကောင်းမွန်တဲ့နည်းနာတွေ ချမှတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မြန်မာပြည်က လူထုလှုပ်ရှားမှုတွေနဲ့ အီဂျစ်က ဖြစ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ပြီး တူတာတွေ မတူတာတွေကို လေ့လာသုံးသပ်နေကြပါတယ်။

မြန်မာပြည် လူထုလှုပ်ရှားမှုတွေထဲမှာ လက်ရှိ အီဂျစ်က ဆန္ဒပြပွဲတွေနဲ့ တူတာရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ နှစ်နိုင်ငံစလုံးမှာ ဖြစ်တဲ့ အုံကြွမှုတွေဟာ “ခေါင်းဆောင်မဲ့တော်လှန်ရေး” တွေ ဖြစ်ကြပြီး အဲ့ဒီအုံကြွမှုတွေကို လူငယ်တွေက ဦးဆောင်ကြတာပဲ ဖြစ် ပါတယ်။ အီဂျစ်နိုင်ငံမှာ အုံကြွမှုတွေကို နည်းပညာနားလည်တဲ့ လူငယ်တွေက စတင်ခဲ့တာပါ။ သူတို့က အစိုးရအပေါ် လူထုရဲ့ မကျေနပ်မှုတွေကို ဖွင့်ချပြီး လူမှုရေးကွန်ရက်တွေဖြစ်ကြတဲ့ Facebook၊ Twitter စတာတွေ ကနေတဆင့် ဆန္ဒပြပွဲတွေအကြောင်း ကို သူတို့ပြည်သူတွေသိအောင် စကားပါးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ၁၉၈၈ မှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လူထုအုံကြွမှုကြီးအဖြစ် တစ်မုဟုတ်ချင်း ကြီးထွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုလည်း ရဲရင့်တဲ့ သံဃာငယ်တွေနဲ့ နည်းပညာတတ်ကျွမ်းတဲ့ လူငယ်ဘလော့ဂါတွေကပဲ ဦးဆောင်ခဲ့တာပါ။ သံဃာတော်တွေက ဆန္ဒပြပွဲတွေကို ရှေ့ဆုံးက ဦးဆောင်ချီတက်ကြချိန်မှာ လူငယ်ဘလော့ဂါတွေကတော့ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ အင်တာနက် ကွန်ရက်ကို ချင်းနင်းဖြတ်ကျော်ပြီး တစတစအင်အားကောင်းလာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြင် စစ်အစိုးရက ဆန္ဒပြသူတွေကို နှိမ်နင်းတာတွေကိုပါ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကမ္ဘာကသိအောင် တင်ပြခဲ့ကြပါတယ်။ အဲ့ဒီအချိန် တုန်းက အခုအီဂျစ်နိုင်ငံအရေးလိုပဲ မြန်မာ့အရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့ ပါသေးတယ်။

အီဂျစ်နဲ့ မြန်မာပြည် နိုင်ငံရေးအုံကြွမှုတွေထဲမှာ အဓိက ခြားနားချက်တခုကတော့ သမိုင်းကြောင်းအရ ပိုပြီး ထင်ရှား လူသိများတဲ့ အတိုက်အခံအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်ပါတယ်။ မွတ်စလင် ညီရင်းအစ်ကိုများ (The Muslim Brotherhood)၊ နိုဗဲ လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အဲယ်လ်ဘာရာဒီ (Mohamed ElBaradei)၊ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူး ဂျနီးရာ အမ် မော့စာ (Genera Amr Moussa) အပါအဝင် သဘောထားခြင်းမတူတဲ့ အီဂျစ် အတိုက်အခံခေါင်းဆောင်တွေနဲ့ အဖွဲ့တွေဟာ သူတို့ရဲ့အခန်းကဏ္ဍကို ထိထိရောက်ရောက်အသုံးချပြီး ဆန္ဒပြပွဲတွေမှာ အားကောင်း မောင်းသန်နဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။ အားလုံး သဟဇာတဖြစ်တဲ့ နည်းနာတခုကို ကိုင်စွဲပြီး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ မြန်မာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာ့အတိုက်အခံအင်အားစုတွေဟာ လက်ရှိအခြေအနေမှာ ညီညွတ်မှုမရှိဘဲ အားနည်းနေတာကို တွေ့ရပါတယ်။ သူတို့မှာ မြန်မာစစ်တပ်နဲ့ စစ်အစိုးရရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမရှိပါဘူး။

မကြာသေးခင်က ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ အရှင် ဃောသိတ က အဓိက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၇ ဆန္ဒပြပွဲတွေအတွင်းမှာ သင့်တော်တဲ့ဦးဆောင်မှုမျိုး မပေးနိုင်ခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။ “အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်းမပါလာ စစ်အစိုးရကလည်း ကိုယ်တော်တို့နဲ့ စကားပြောညှိနှိုင်းဖို့မရှိဘူးဆိုတော့ ကိုယ်တော်တို့ကိုယ်တိုင်ပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ တောင်းဆိုခဲ့ရတယ်။ အဲ့ဒီလို တောင်းဆို လို့ပဲ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲမှုတွေ ဖြစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။

အီဂျစ်နဲ့ မြန်မာပြည် နိုင်ငံရေးအုံကြွမှုတွေထဲမှာ အကြီးမားဆုံးကွာခြားချက်ဖြစ်နိုင်တာကတော့ ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို တရက်မှာ သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်းဖက်ခဲ့ပေမယ့် အချက်အချာ မဟာမိတ် အမေရိကန်ပြည်ထောင်စုရဲ့ ပြင်းထန်တဲ့ သံတမန်ဖိအားကြောင့် အီဂျစ်တပ်မတော်ဟာ နောက်ဆုံးမှာ ဆန္ဒပြသူတွေကို
သမ္မတ မူဘာရက် သစ္စာခံ လူရမ်းကားတွေရဲ့ တိုက်ခိုက်မှုကနေ စတင် အကာအကွယ် ပေးခဲ့ပါတယ်။ မကြာခင်ကရေးသားခဲ့တဲ့ မွတ်စလင်ကမ္ဘာက သူ့ မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ “ပိုမိုလိမ္မာပါးနပ်သော” နိုင်ငံခြားရေးမူဝါဒအပေါ် ချဉ်းကပ်ခြင်းဆိုတဲ့ ဆောင်းပါးမှာ တိုင်းမ်မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် ဂျိုးကလိန်း(Joe Klein) ထောက်ပြခဲ့သလိုပါပဲ။ အင်အားကြီး မားတဲ့ တပ်မတော်တွေဟာ ဒီမိုကရေစီရဲ့ ရှေ့ပြေးနမိတ်ဖြစ်တဲ့ လုံခြုံရေးကို ဖန်တီးတယ်တဲ့။ မြန်မာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံတကာ သံတမန်ဖိအားတွေ ရှိပေမယ့် မြန်မာစစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လမ်းပေါ်မှာ ပစ်သတ်ခဲ့တာပါ။

မြန်မာပြည်က လူမဆန်တဲ့ မျက်ကန်းမျိုးချစ် စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာနဲ့ စစ်ရေးအရ ပတ်သက် ဆက်နွယ်မှု မရှိရ အောင် အမြဲတမ်း ကြိုးစားလေ့ရှိပါတယ်။ တရုတ်နဲ့ သူတို့ဆက်ဆံရေးကတော့ခြွင်းချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ကုလ သမဂ္ဂအစည်းအဝေးတွေမှာ မြန်မာစစ်အစိုးရဘက်က အမြဲတန်း အခိုင်အမာရပ်တည်ပြီး မြန်မာပြည်ကို အကြီးစား စစ်လက်နက် ခဲယမ်းတွေ အဓိက ထောက်ပံ့တဲ့ နိုင်ငံဖြစ်တာကိုး။ တရုတ်နိုင်ငံအနေနဲ့ကတော့ သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာပေါ်မှာ ပိုပြီး အလေးထားတာပါ။ ဒါကြောင့်လည်း မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံက ဘာမှ လုပ်ခဲ့တာမရှိပါဘူး။

တရုတ်နိုင်ငံလိုပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကလည်း မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဘာမှ လုပ်ခဲ့တာ မရှိပါဘူး။ မလုပ်တဲ့အပြင် “ဒီမိုကရေစီနိုင်ငံ” လို့ ထင်ရတဲ့ ဒီနှစ်နိုင်ငံက မြန်မာပြည်ထဲကို အပြေးအလွှား ဝင်ရောက်လာပြီး “တစတစ ကြီးထွားလာနေတဲ့ တရုတ်သြဇာအရှိန်အဝါ” ဆိုတာကို လွယ်လွယ်လေး အကြောင်းပြပြီးတော့ စစ်အစိုးရနဲ့ ပိုပြီးနီးကပ်အောင် ကြိုးစားကြပါသေးတယ်။ ဒါကြောင့်မို့လည်း စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာနဲ့ စီးပွားရေးအကျိုးစီးပွား အားပြိုင်တဲ့ပွဲမှာ နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်တွေကို ထုတ်ရောင်းပြီး ဝင်ကစားခြင်း အားဖြင့် သူတို့အနေနဲ့ လက်ရှိအာဏာကို ဆက်ထိန်းထားနိုင်တဲ့အပြင် အခုထက်တောင် ပိုပြီး ကြွယ်ဝချမ်းသာလာနိုင်သေးတယ် လို့ ယုံကြည်နေကြတာပေါ့။

ဒီလို အခြေအနေတွေ ဖြစ်နေတာကြောင့်ပဲ အကျိုးအမြတ်များများရနိုင်ခြေရှိတဲ့ ကစားပွဲကနေ ဖယ်ထားခံရတယ်လို့ ယူဆ နေကြ တဲ့ အနောက်နိုင်ငံက ကုမ္ပဏီအတော်များများဟာ အခုဆိုရင် သူတို့ အစိုးရတွေက မြန်မာပြည်အပေါ် စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ထားပေမယ့် စစ်အစိုးရနဲ့ စီးပွားရေးအတူတွဲလုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ တချိန်တည်းမှာလည်း စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ သူ့တို့ အစိုးရတွေကို ဖိအားပေး နေကြတာပါ။ သူတို့လုပ်ရပ်တွေက အိန္ဒိယ စီးပွားရေးပညာရှင် အမာတရာဆင်း (Amartya Sen) မကြားသေးခင်က မှတ်ချက်ချခဲ့သလိုပါပဲ။ သူက “အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်တွေက ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို မှန်ကန်တဲ့အလုပ် မလုပ်ဘူးဆိုပြီး အမြဲတမ်း ပညာပေးတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင်လည်း လုပ်တာမဟုတ်ဘူး။ ကျနော့်အနေနဲ့ အနောက်နိုင်ငံတွေကို ကြောင်သူတော်လို့ စွပ်စွဲလိုက်ချင်တယ်” တဲ့။

အီဂျစ်နိုင်ငံဟာ အချိုးအကွေ့တခုကို ချိုးကွေ့ဖို့နဲ့ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့ အစိုးရတရပ်အဖြစ် မကြာခင် “အသွင်ကူးပြောင်း” ဖို့ အတော်လေး ခရီးရောက်နေပါပြီ။ မြန်မာစစ်အစိုးရကလည်း မကြာသေးခင်ကမှ ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်ကို “စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ” အသွင်ကူးပြောင်းရေးရဲ့ အုတ်မြစ်ဖြစ်တယ်လို့ လောလောဆယ် ကြွားဝါနေပါတယ်။ ဒါပေမယ့် အနှစ်နှစ်ဆယ် ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ လွှတ်တော်ကို စစ်တပ်က ထိန်းချုပ်ထားယုံသက်သက်မဟုတ်ဘဲ စစ်အစိုးရနဲ့ သူ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွေက စိုးမိုးချယ်လှယ်ထားတာပါ။ ကြံ့ဖွံ့ပါတီ ရဲ့ လွှတ် တော်အမတ်များစုဟာ မကြားသေးခင်ကမှ တပ်ကနေ အနားယူသွားကြတဲ့ ဘောင်းဘီချွတ်တွေနဲ့ စစ်အစိုးရရဲ့ အပေါင်း အပါတွေပဲ ဖြစ်ကြပါတယ်။

ဒါကြောင့်မို့ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရွေးထားတဲ့လူတွေနဲ့ ဖွဲ့ထားတဲ့ “အရပ် သား”အစိုးရ ဆိုတာတွေဟာ အာဏာခွဲဝေတဲ့လုပ်ရပ် မဟုတ်သလို မြန်မာပြည်မှာ အတော်လေးလိုအပ်နေတဲ့ လူထုဆိုင်ရာ မူဝါဒ တွေချမှတ်နိုင်ရေးကို ဦးတည်စေမယ့် နိုင်ငံရေးအရ “လုပ်ပိုင်ခွင့်ရှိတဲ့နေရာ” ဖန်တီးတဲ့ ကြိုးပမ်းမှုတရပ်လည်း မဟုတ် ပါဘူး။ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေး အင်စတီကျုက ဦးတင်မောင်မောင်သန်း သူ့ ဆောင်းပါမှာ ရေးသားခဲ့ သလိုပြောရမယ် ဆိုရင် ဒါဟာ “အုပ်စိုးသူလူတန်းစားကြားမှာ အာဏာခွဲဝေတဲ့ လုပ်ရပ်တခု” သာ ဖြစ်ပါတယ်။

တကယ်လို့ အီဂျစ်နိုင်ငံက ဒီမိုကရေစီအစစ်အမှန် အသွင်ကူးပြောင်းရေးဟာ တစုံတရာ အောင်မြင်မှုရခဲ့မယ်ဆိုရင် အဲ့ဒီ အောင်မြင် မှုဟာ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ လှုံ့ဆော်မှုတရပ် ဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆီကို ဦးတည်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ အာရပ် လမ်းမတွေပေါ်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေဟာ မြန်မာပြည်ခုခံရေးလှုပ်ရှားမှုရဲ့ ကန္တာရထဲမှာ အိုအေစစ်တခု ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ဖိနှိပ်လှည့်ဖြားတဲ့ စစ်အစိုးရ လက်အောက်ကနေ လွတ်မြောက်အောင် ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြဆဲမို့ပါပဲ။

What Can We Learn from Egypt by Yeni ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,3rd,2010

( 30 )သြစတြေးလျ လုပ်ငန်းရှင်များနှင့် UMFCCI တွေ့မည်

( 29 )China to manufacture trucks in Burma

( 28 )ပြည်သူ့ငွေစာရင်း ကော်မတီဝင် ပြန်လည်လူစားထိုး

( 27 )Myanmar airline launches Yangon-Guangzhou direct flight service

( 26 )မြန်မာသို့ အများဆုံး အကျိုးတူအလှူရှင် ဗြိတိန်ဖြစ်လာ

( 25 )Bid for media freedom reignited

( 24 )မစ္စတာ ဒန်ကလေ အာမခံ မရ

( 23 )Burma awaits Russian MiG fighter planes

( 22 )ဥပဒေပြုရေးနှင့်တိုင်းရင်းသားအရေးဆိုင်ရာကော်မီတီဥက္ကဌအဖြစ် ချင်းပါတီများကိုအဆိုတင်သွင်း

( 21 )Editor goes on trial as Burma's junta cracks down on media

( 20 )Australian publisher due back in Burmese court today

( 19 )ပုဂ္ဂလိက ကုမ္ပဏီများ ၀န်ထမ်းလစာတိုးရန် စီစဉ်

( 18 )Burma halts rice exports

( 17 )ချင်းအမျိုးသားနေ့မှာ လှုပ်ရှားခဲ့သူ လူငယ်များကို နအဖက လိုက်လံ စုံစမ်းနေ

( 16 )UK now largest bilateral aid donor to Burma

( 15 )စစ်အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ်သစ် စာရင်းမှန်မဖြစ်နိုင်ဟု ဝေဖန်

( 14 )Cease-fire Groups Wary as Burmese Army Buildup Continues

( 13 )မန္တလေး ကွန်ရက်အဖွဲ့များ ချိတ်ဆက်ကာ နွေရာသီပညာဒါန သင်တန်းဖွင့်

( 12 )Burma's Commodity Price Hike Continues

( 11 )ယာဉ်စစ်ဆေးစဉ် ခရီးသည်အချို့ အကြမ်းဖက် ဖမ်းဆီးခံရ

( 10 )Burma's Gasoline Prices Peak

( 9 )အကျဉ်းကျ ရွှေဝါရောင်သံဃာတော်များ ကိုယ်စိတ်နှစ်ပါး ညှဉ်းဆဲခံနေကြရ

( 8 )Burmese Attempt Own 'Facebook Revolution'

( 7 )၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း

( 6 )US Expresses Concern over Burma-North Korea Relationship

( 5 )ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်း အတည်ပြု

( 4 )Burma Allocates 1/4 of New Budget to Military

( 3 )မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီရင်ခံမည်

( 2 )Myanmar halts rice exports over Mideast fears

( 1 )နွေ သောက်သုံးရေ ဖူလုံရေး အင်အယ်လ်ဒီ ပြင်ဆင်

Wednesday, March 2, 2011

လွှတ်တော် မူကြမ်းကော်မတီ ဥက္ကဋ္ဌ ရာထူးကြောင့် ဒွိဟပွား

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ် ဥပဒေမူကြမ်းကော်မတီ ဥက္ကဋ္ဌများသည် သူတို့၏ လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်များမှ နုတ်ထွက်သင့်မသင့်နှင့် ပတ်သက်၍ အမတ်များအကြား မရှင်းမလင်း ဖြစ်နေသည်။

အင်္ဂါနေ့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် “ဥပဒေကြမ်းကော်မတီအဖွဲ့” စာရင်းကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများက ကြေညာခဲ့ရာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်းတို့လည်း ပါဝင်နေသည်။ ထို့နောက် သူတို့ကို ကော်မတီ ဥက္ကဋ္ဌများအဖြစ် လွှတ်တော် ဥက္ကဋ္ဌများကပင် ခန့်အပ်ခဲ့သည်။

လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေမှ လွှတ်တော်ကော်မတီဝင်အဖြစ်မှ ရပ်စဲခြင်း၌ “အောက်ဖော်ပြပါ ရာထူးတခုခုသို့ ရွေးချယ်တင်မြှောက်ခံရပါက ကော်မတီဝင်အဖြစ်မှ အလိုအလျောက် ရပ်စဲသည်။ (၁) လွှတ်တော် ဥက္ကဋ္ဌ၊ (၂) လွှတ်တော် ဒုဥက္ကဋ္ဌ” ဟု ဖွင့်ဆိုထားမှုအပေါ် မရှင်းလင်းကြခြင်း ဖြစ်သည်။


“တကယ်တော့ လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ရင် ကော်မတီဝင်ကို လုပ်လို့မရတော့ဘူး။ သူက သီးသန့် ဥက္ကဋ္ဌလုပ်ရင် ကော်မတီဝင်က သပ်သပ် ၁၅ ယောက်ရွေး။ ကော်မတီဝင် ၁၅ ဦးနာမည် ကြေညာတဲ့အခါမှာ မနေ့ကလည်း ဒုဥက္ကဋ္ဌ အဖြစ်ကနေ မနုတ်ထွက်ဘူး” ဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။

“ကော်မတီဝင်ဆိုတာ ဥက္ကဋ္ဌအပါအဝင် ၁၅ ယောက်လုံးပဲလေ။ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ထောက်လို့ရတာပဲ။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက ကြေညာလိုက်တယ်။ ကြေညာလိုက်တဲ့ လူတွေကိုပဲ သီးသန့်ခေါ်တွေ့ပြီးတော့ သူတို့ လုပ်နိုင်မလုပ်နိုင် မေးတယ်။ လွှတ်တော်ကို ကန့်ကွက်ဖို့ တောင်းတာလည်း မဟုတ်ဘူး။ ချပေးတာပဲ” ဟု အခြားအမတ်တဦးက ပြောသည်။

ကော်မတီဥက္ကဋ္ဌသည် ကော်မတီအစည်းအဝေးများ၏ သဘာပတိဖြစ်ပြီး ဥက္ကဋ္ဌ မရှိပါက ကော်မတီဝင်များက မိမိတို့ထဲမှ ရွေးကောက်တင်မြှောက်သော ကော်မတီဝင်သည် အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဟုလည်း လွှတ်တော်နည်းဥပဒေတွင် ဖော်ပြထားသဖြင့် ဥက္ကဋ္ဌသည် ကော်မတီဝင်သာဖြစ်သည်ဟု အမတ်တဦးက ထောက်ပြသည်။

ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း နည်းဥပဒေတွင်လည်း ကော်မတီဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန် ထမ်းဆောင်သော ကော်မတီဝင်တဦးက လက်မှတ်ရေးထိုး တင်ပြနိုင်သည်ဟုလည်း ဖော်ပြထားရာ “ပထမတခေါက်ရွေးရင် ဒီတယောက်ဖြစ်မယ်ဗျာ၊ နောက်တခေါက်ရွေးရင် နောက်တယောက် ဖြစ်နိုင်တယ်။ သဘာပတိသည် ပုံသေမဖြစ်နိုင်ဘူး။ ကော်မတီဝင်တွေက သဘာပတိနေရာမှာလည်း ထမ်းဆောင်နိုင်တဲ့အတွက် ဥက္ကဋ္ဌသည် ကော်မတီဝင်နဲ့ ဘာမှမထူးတဲ့ ပုံစံဖြစ်တဲ့အတွက် ဥက္ကဋ္ဌသည်လည်း ကော်မတီဝင်လို့ ယူဆလို့ရနေတာပဲ” ဟု အမတ်က ထောက်ပြသည်။

ထပ်မံဖွဲ့စည်းရဦးမည့် လွှတ်တော်အခွင့်အရေး ကော်မတီ၌မူ လွှတ်တော်ဒုဥက္ကဋ္ဌသည် “ရာထူးအလျောက်” ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသော်လည်း ဥပဒေကြမ်းကော်မတီ၌မူ ယင်းသို့ဖော်ပြထားခြင်း မရှိကြောင်း အမတ်တဦးက ဆိုသည်။

“မနေ့က ခန့်ကတည်းက နည်းဥပဒေမှာ သူညွှန်ထားတာနဲ့တော့ နည်းနည်းကွဲလွဲနေတယ်လေ။ လွှတ်တော်အခွင့်အရေး ကော်မတီမှာ ဥက္ကဋ္ဌလုပ်ရမှာ ဥပဒေကြမ်းကော်မတီမှာ လာလုပ်နေတယ်။ လွှတ်တော်အခွင့်အရေး ကော်မတီ ဖွဲ့ရဦးမယ်လေ။ ဘယ်သူ ဥက္ကဋ္ဌဖြစ်မလဲ ပြန်စောင့်ကြည့်ရဦးမယ်။ ဒါတွေကလည်း အသစ်အဆန်းတွေဆိုတော့” ဟု သူက ပြောသည်။

ကြံ့ခိုင်ရေးအမတ် ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အသစ်အဖြစ် ခန့်အပ်စဉ်ကလည်း ပါတီဝင်ဖြစ်ခွင့် မရှိသဖြင့် ကြံ့ခိုင်ရေးအမတ်အဖြစ်မှ နုတ်ထွက်ကြောင်း လွှတ်တော်သို့ တရားဝင် မကြေညာခဲ့သဖြင့် လွှတ်တော် ဒုဥက္ကဋ္ဌများလည်း လျှို့ဝှက်ပြီး နုတ်ထွက်ထားကြမလားဟု သံသယများလည်း ရှိနေကြသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၁၃၇ (ခ) နှင့် ၁၅၇ (ခ) တို့တွင်မူ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉ဝ အတွင်း အဆိုတင်သွင်းနိုင်သည်ဟု ဖော်ပြထားသည်။

ဗုံးကွဲမှုကြောင့် ရန်ကုန်တွင် ရခိုင်များကို စစ်ဆေးမှု ပိုများပြားလာ

မောင်အေး

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် စနေနေ့က ဗုံးပေါက်ကွဲမှုကြောင်း ရန်ကုန် အင်းစိန်မြို့နယ်အတွင်း ရခိုင် အမျိုးသားများနေထိုင်သည့် နေအိမ်များနှင့် ရခိုင်စာသင်သားများနေထိုင်သည့် ဘုန်းတောင်ကြီး ကျောင်းများကို အာဏာပိုင်များမှ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ များမကြာမှီက ပေါက်ခွဲခဲ့သည့် ဗုံးဖောက်ကွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင် အရ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲသူ ကိုင်ဆောင်သည့် မှတ်ပုံတင်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမှ ဇော်မင်းသန်း ၂၆ နှစ်ဟု ဖော်ပြထားသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားများ နေအိမ်များကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်နေ ရခိုင်အမျိုးသားများက ပြောသည်။

“ ဧည့်စာရင်းမတိုင်ရတာတော့ကြာပြီ ဒီကျောင်းမှာ။ ဘုန်းကြီးကျောင်းတွေ ဧည့်စာရင်းမတိုင် ရတာ ကြာပြီ ။ မနေ့က ညနေကလာပြီးတော့ ဧည့်စာရင်းတိုင်ထားတော့ ကိုယ့်ဘက်က လုံခြုံတယ်ဆို တာမျိုးလာပြောတယ်။ ဒီမှာဆေးကူးဖို့ရောက်နေတဲ့ ဧည့်သည်တွေကိုလည်း နည်းနည်း မေးသွား တယ်။” ဟု ဓည၀တီကျောင်းတိုက်မှ ဘုန်းတော်ကြီးတပါးက ပြောသည်။

အလားတူ မြောက်ဥက္ကလာပရှိ ရခိုင်အမျိုးသားများနေအိမ်ကိုလည်း စစ်ဆေးခဲ့ကြောင်း ရခိုင် အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။

“များသောအားဖြင့် ရခိုင်တွေနေတဲ့ အိမ်တွေကို စစ်သွားတယ်ပေါ့။ အဲဒီနေ့က ငါတို့မှာ လူပိုတ ယောက်ရှိတယ်။ ဧည့်စာရင်းတိုင်မထားဘူး။ ဒါနဲ့ အိမ်ထောင်ဦးစီးကို ရယကရုံးကို ခေါ်သွားပြီးတော့ ရုံးမှာ ရခိုင်လူမျိုးတွေ အင်းစိန်တံတားမှာ ဗုံးဖောက်ခွဲတယ်လို့ပြောတယ်တဲ့။ အဲဒီမှာ ဗုံးခွဲသူ အမည်တွေ မိဘအမည်တွေကိုလည်း ပြောလိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဗုံးမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီး ကွမ်းယာဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်း ၂၁ နှစ်၊ မသင်သင်း ၂၅ နှစ်၊ မငြိမ်းငြိမ်းထွန်း ၃ နှစ်၊ ဇော်မင်းထိုက် ၁၃ နှစ်၊ တင့်လွင်ဦး ၂၇ နှစ်၊ ကေသီမျိုးကျော် ၂၂ နှစ်နှင့် ဝေပပဆွေ ၃၁ နှစ်တို့ ဒဏ်ရာရှိခဲ့ကြောင်း သိရ သည်။

ဇော်မင်းသန်း နေထိုင်ခဲ့သည့်အခန်းမှလည်း ယမ်းတောင့်တခုအပါအ၀င်တခြားပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု သတင်းစာတွင်ဖော်ပြသည်။

အလားတူး ရခိုင်အမျိုးသားများနေထိုင်သည့် လှိုင်ယာ၊ ကျောက်မြောင်းနှင့် ဂွတ္တလိတ်မြို့နယ်များတွင် လည်း တအိမ်ထွက် တအိမ်ဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ထပ် တော်ဝင်ပလာဇာ ကိုလည်း ဗုံးဖောက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် ရခိုင်လူငယ်တဦးက ပြောသည်။

အင်းစိန်ဗုံး မသင်္ကာသူကို ရဲ ရှာနေ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူ ၈ ဦး ဒဏ်ရာရသွားခဲ့သော အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ယာအတွင်း တနင်္ဂနွေနေ့ ဗုံးပေါက်မှုနှင့် ပတ်သက်ပြီး မသင်္ကာသည့် 'စောမြင့်အောင်' ဆိုသူကို ရဲက စုံစမ်းရှာဖွေနေသည်။

မဇ္ဈိမ ရရှိထားသော ရဲလျှို့ဝှက် ထုတ်ပြန်ချက်အရ ဗုံးကိုသယ်ဆောင်သူဟု စွပ်စွဲခံထားရသော အဖမ်းခံရသူ ကိုဇော်မင်းသန်းနှင့်အတူ ဧည့်စာရင်းတိုင် နေထိုင်သည့် 'စောမြင့်အောင်' ၏ မှတ်တမ်းဓာတ်ပုံများကို ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းများသို့ ဖြန့်ဝေ၍ ရှာဖွေနေခြင်း ဖြစ်သည်။ မှတ်တမ်းများအရ 'စောမြင့်အောင်' သည် ကာယအလှ အားကစားသမားဟု ယူဆရသည်။

"အခုရက်ပိုင်း ဧည့်စာရင်းတွေ ကြပ်ကြပ်မတ်မတ် စစ်ဆေးနေပါတယ်။ ဧည့်စာရင်းတိုင်တဲ့ အထဲမှာ ဒီလူ ပါတယ်၊ မပါဘူးဆိုတာ စစ်တယ်။ ဒီလူဟာလည်း ဖောက်ခွဲရေးသမားတဦး ဖြစ်နိုင်တယ်လို့ သံသယရှိသူ ဖြစ်နေပါတယ်။ ဒီအတိုင်းပဲ အထက်က ညွှန်ကြားလာတာပါ။ ဓာတ်ပုံမှတ်တမ်းတွေကို ရပ်ကွက်ရုံးတွေကိုလည်း ဝေငှထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက လျှို့ဝှက်အဆင့် ဖြစ်ပါတယ်" ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့၊ ည ၇ နာရီကျော်တွင် အင်းစိန်မြို့ အောင်ဇေယျ အိမ်ယာဝင်းရှိ တိုက်အမှတ် ၁ နှင့် ၂ ကြား၊ အိရွှေစင်စတိုးဆိုင်ဘေး ဗုံးကွဲကြောင်း ယခုလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာ၌ ပါရှိခဲ့ပြီး၊ မသင်္ကာသူနှင့်အတူ ၈ ဦး ဒဏ်ရာရရှိသည်ဟု ဆိုထားသည်။

ဒဏ်ရာရသူ ကိုဇော်မင်းသန်း နေထိုင်ရာ တိုက် ၄ အခန်း ၅ဝ၂ တွင် ဝင်ရှာရာ ဖော့ဘူးနှင့်ထည့်လျက် တပ်ဆင်ထားသော ဒီတိုနေတာ တခု၊ ဓာတ်ခဲ ၄ လုံး၊ နာရီတလုံး၊ စက္ကူအဝါပတ်ထားသည့် အလျား ၂ လက်မခွဲ၊ အနံ တလက်မခွဲခန့်ရှိ TNT ယမ်းတထုပ် ပါရှိသော လက်လုပ်ဗုံးတလုံးနှင့် (အလျား ၅ လက်မ x အနံ ၃ လက်မ X အမြင့် ၃ လက်မ) ရှိ စက္ကူဘူးအတွင်း ဒီတိုနေတာ ၆ ခု၊ ဝိုင်ယာ အဟောင်း ၂ ခွေ၊ ဓာတ်ခဲ ၄ လုံး သိမ်းဆည်းရမိကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။


ဒုဗိုလ်မှူးကြီးသက်ပုံက မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဂျီးနောင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပြင်ရှိ စရဖ ရုံးတွင် တွေ့ဆုံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ အကောက်ခွန်ရုံးရှေ့တွင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား TNT ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကို တွေ့ရှိပြီးနောက် KIO လက်ချက်ဟုလည်း ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲလိုက်သည်။

“KIO က အခုလို လုပ်လာတဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ စစ်အင်အားသုံး ဖြေရှင်းမယ်ဆိုတာ အကြိမ်ကြိမ် ပြောတယ်။ ဒီဗုံးက KIO လုပ်ဗုံးဖြစ်တယ်၊ အစိုးရကို ရန်စတာဖြစ်တယ်၊ (KIO လက်အောက်ခံတပ်) KIA တပ်မဟာ ၃ ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး စွပ်စွဲတာ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အစိုးရအနေဖြင့် စိတ်ရှည်သည်းခံနိုင်သည့် အတိုင်းအတာ ကုန်လာပြီဟု ဒုဗိုလ်မှူးကြီးသက်ပုံက ပြောခဲ့သေးသည်။

စရဖ-KIO တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး KIO ဗဟိုကော်မတီဝင်များ အရေးပေါ် အစည်းအဝေးကို အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် လိုင်ဇာဌာနချုပ်၌ ပြုလုပ်ကြောင်း KIO အရာရှိတဦးက ပြောသည်။

မိုင်းဗုံးများ တွေ့ရှိရာ ဒေသသည် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲတွင် ဖြစ်သည်။ သို့သော် KIO ဗုံးမဟုတ်သလို၊ စစ်အစိုးရ လုပ်ကြံမှုဟု KIO လိုင်ဇာမြို့ ဌာနချုပ်မှ အဆိုပါ အရာရှိက တုံ့ပြန်စွပ်စွဲလိုက်သည်။

“ကျနော်တို့ဗုံး မဟုတ်ဘူး၊ သိလည်း မသိဘူး။ ဒါက သူ့တို့ အကြံနဲ့ လုပ်တာပဲ။ တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ ဆိုပြီး ရေးထားပြီးတော့ ကျနော်တို့ သွားထားသလို လုပ်တာ။ ကျနော်တို့က အဲဒီလို မညစ်ပတ်ဘူး။ ကျနော်တို့ကို နာမည်ပျက်အောင် လုပ်ချင်တာလေ” ဟု သူက ပြောသည်။

ဒုဗိုလ်မှူးကြီးသက်ပုံက သိမ်းဆည်းရမိသည့် ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ၏ ဓာတ်ပုံများအား ပြသခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် မိုးမောက်၊ မြစ်ဆုံ၊ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင် တွေ့ရှိသော မိုင်းများနှင့် အရွယ်အစား၊ အမျိုးအစား တူနေသည်ဟုလည်း ပြောဆိုခဲ့ကြောင်း KIO အရာရှိက ပြန်ပြောပြသည်။

ထို့ပြင် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် မန်စီမြို့နယ် KIA တပ်ရင်း ၁၇ နှင့် စစ်အစိုးရတပ်အကြား ပစ်ခတ်မှုကို KIO စတင်ပစ်ခတ်ခဲ့မှုအဖြစ် စရဖ က အစည်းအဝေးတွင် ပြောခဲ့သေးသည်။

စစ်အစိုးရ၏ ဖိအားပေးမှုကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ KIO ပါဝင်နေသဖြင့် စစ်တပ်ခေါင်းဆောင်များ အလိုမကျ ဖြစ်နေသည်ဟုလည်း ဆိုခဲ့သည်။

“သူ ပြောတယ်၊ အခု အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်တယ်တဲ့။ ဦးဂေါင်ရီဇော်ဆိုင်း သီးခြားအဖွဲ့တွေနဲ့ ပြန်ဖွဲ့တဲ့အတွက် နေပြည်တော်က လူကြီးတွေ စိတ်ကသိကအောင့် ဖြစ်နေတယ်။ သည်းခံစိတ် ကုန်လာပြီလို့ပဲ ပြောတယ်” ဟု KIO အရာရှိက ပြောဆိုသည်။

ဖက်ဒရယ်ကောင်စီတွင် ဒုဥက္ကဋ္ဌ ၁ အဖြစ် KIO ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက တာဝန်ယူထားသည်။

တပ်ပြေးများ ထိုင်းနိုင်ငံဘက် ရောက်လာ

ဧရာဝတီ Wednesday, 02 March 2011

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင် တပ်နယ်မှ နအဖ တပ်ဖွဲ့ဝင်၂ ဦးသည် မိသားစုဝင်များနှင့်အတူ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသည်။

ထွက်ပြေးလာသူ၂ ဦးမှာ သင်္ကန်းညီနောင်တပ်နယ်ရှိ (စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (တ/၂၆၆၈၈၁) ဒု တပ်ကြပ် ကျော်မျိုးသူ ၂၇ နှစ်နှင့် ကိုယ်ပိုင်အမှတ် (တ/၄၁၇၂၉၆) တပ်သား အောင်ကျော်မိုး ၁၉ နှစ် တို့ဖြစ်ပြီး မဲဆောက်မြို့ရှိ ပြည့်သူ့ စေတနာ့ဝန်ထမ်း အသင်း(PVA)သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နအဖ တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုများကို မခံနိုင်သောကြောင့် တပ်ကိုစွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သည် ဟု ယခု ထွက်ပြေး လာသူများက ပြောသည်။

ဒု တပ်ကြပ် ကျော်မျိုးသူ က“တပ်မှာက ဖိနှိပ်မှုအတော့ကိုဆိုးတယ်၊ ရဲဘော်ရဲဘက်စိတ်ဆိုတာက တပ်ထဲမှာမရှိတော့ဘူး၊ ကြီးနိုင်ငယ်ညှဉ်းပဲ၊ အထက်အရာရှိကနေစပြီး အကြပ်တွေအထိ၊ အောက်ခြေရဲဘော်တွေဆိုရင် လူလိုသူလို သူတို့မဆက် ဆံဘူး၊ ရှေ့တန်းမှာဆိုပိုဆိုးတယ်၊ သတ်ကွင်းထဲရဲဘော်တွေကို အတင်းတိုးခိုင်းတာတွေ၊ မိုင်းကွင်းထဲတိုးခိုင်းတာတွေက အစ အမိန့်ဆိုပြီးအတင်းတက်ခိုင်းတယ်၊ ဒီထက်မက ဆိုးတဲ့ပြဿနာတွေ အများကြီးရှိသေးတယ်”ဟု ဧရာဝတီသို့ ပြော သည်။

နအဖ တပ်အတွင်း ဒု တပ်ကြပ်တဦး၏ လစာမှာ ကျပ် ၄ သောင်း ၇ ထောင်ဖြစ်သော်လည်း ဘဏ်စုငွေ ၃ ထောင်ကိုမဖြစ် မနေဖြတ်တောက်သည့်အပြင် အခြားသာရေးနာရေးအမည်ခံခေါင်းစဉ်များဖြင့်လည်းဖြတ်သဖြင့် လစာ၏ ၃ ချိုး ၁ ချိုးခန့်ပုံမှန်ဖြတ်တောက်ခံရကာ မိသားစုဝမ်းရေးနှင့်ရှေ့ရေးအတွက် တပ်ကိုစွန့်ခွာရခြင်းဖြစ်သည်ဟုလည်း ဒု တပ်ကြပ်ကျော်မျိုးသူ က ပြောဆိုသည်။

မိသားစုဝင် ၃ ဦးရှိသည့် ဒုတပ်ကြပ် ကျော်မျိုးသူနှင့်အတူ လိုက်ပါလာသည့် အိမ်ထောင်သည် တပ်သား အောင်ကျော်မိုး ကလည်း သာမန်အရပ်သားအဖြစ် နေထိုင်လိုသဖြင့် ဇနီးသည်နှင့်အတူ တပ်ကိုစွန့်ခွာလာခြင်းဖြစ်သည်ဟု ပြောသည်။

၎င်းကလည်း"တပ်ထဲမှာရဲဘော်တွေရဲ့ဘ၀က ရှေ့တန်းမှာဆိုရင်အသေခံပြီးတိုက်နေရတယ်၊ ကျနော်တို့နဲ့အတူ ဖလူး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ကျန်ခဲ့တဲ့မိသားစုတွေကို တပ်ကဘာအကူအညီမှပေးတာမရှိဘူး၊ ဒါကိုလည်း အား လုံး သိကြပါတယ်၊ အပြင်လောကမှာဆိုရင်လည်း အရပ်သားတွေကစစ်သားဆိုရင် သိတ်ပြီးတော့ အလေးပေးတာ တွေ
မေတ္တာထားတာတွေမရှိသလောက်ဘဲ၊ ဒါကြောင့် တပ်ထဲကထွက်လာတာဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါစစ်သည် ၂ ဦးကို အကူအညီပေးထားသည့် PVA အသင်း၏တာဝန်ခံ ဦးသိန်းဆန်း က“ဒုက္ခရောက်လာတဲ့လူတွေကိုကူညီပေးတာဖြစ်တယ်၊ စစ်သား ဖြစ်စေ၊ အရပ်သားဖြစ်စေ ကူညီပေးပါတယ်၊ လူမှုရေးအဖွဲ့ဖြစ်တဲ့အတွက် လူသားခြင်း စာနာစိတ်နဲ့ အကူအညီပေးတာဖြစ်ပါတယ်"ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့်ဖြစ်ပွားနေ သည့် တိုက်ပွဲများတွင် အထက်အရာရှိများ၏ မဆင်မခြင်လုပ်ရပ်များကြောင့် အောက်ခြေရဲဘော်အများစုမှာ ထိခိုက်သေ
ကြေ မှုများနှင့်ရင်ဆိုင်ကြရသဖြင့် စိတ်ဓာတ်ကျကာ တပ်မှထွက်ပြေးမှုများ နေ့စဉ်နီးပါးရှိသည်ဟု ဒုတပ်ကြပ် ကျော်မျိုးသူ က ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ ကရင်ပြည်နယ် အတွင်းရှိ စစ်မြေပြင်များမှ နည်းမျိုးစုံဖြင့် တပ်ကိုစွန့်ခွာ ထွက်ပြေး ရောက်ရှိလာသည့် နအဖ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် DKBA အဖွဲ့ တာဝန်ရှိသူ
များက ပြောသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

ဆန်ဈေးတက်၊ နယ်စပ်ဒေသသို့ ဆန်တင်ပို့မှုများပါ တင်းကျပ်

ဧရာဝတီ Wednesday, 02 March 2011

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ တိုးတက်လာခြင်းကြောင့် နယ်စပ်ဒေသများသို့ တရားမ၀င် ဆန်မှောင်ခို တင်ပို့ရောင်းချမှုများကို တင်းကျပ်စွာ စိစစ်အရေးယူမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဆန်ဈေးနှုန်းများ တက်နေခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလလယ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုများ တရားဝင် ယာယီရပ်ဆိုင်းရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် နယ်စပ်ဒေသများသို့ တရားမ၀င် ဆန်မှောင်ခိုတင်ပို့မှုများပါ စိစစ်အရေးယူရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“တမြို့ကနေ တမြို့ ဆန်သယ်ယူတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်ဆန်စပါးအသင်းရဲ့ ထောက်ခံချက်မပါရင် ဆန်သယ်တဲ့ကားကို မူရင်းနေရာဒေသဆီ ပြန်လှည့်ခိုင်းတယ်။ နယ်စပ်ဒေသသွားတဲ့လမ်းတွေက စစ်ဆေးရေး စခန်းတွေမှာလည်း ဆန်သယ်ယူမှုတွေကို တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်း၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

တားမြစ်နေသည့်ကြားမှ တရားမ၀င် ဆန်မှောင်ခိုသယ်ယူမှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ဥပဒေအရ အရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“အိမ်နီးချင်းနိုင်ငံအများစုက ဆန်လိုအပ်ချက်ရှိတဲ့ နိုင်ငံတွေပါ။ တရားမ၀င် နယ်စပ်ဆန် စီးဆင်းတာများရင် ဒီက ဆန်ဈေးက တအားတက်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခုကတည်းက ဆန်ပြတ်မသွားအောင် ကြိုတင်တားမြစ်ထားတဲ့ သဘောပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အစိုးရ၀န်ထမ်းလစာများ တိုးမြှင့်မည်ဆိုသောသတင်း၊ ကုန်တင်ယာဉ်များ အာဆီယံ စံချိန်စံညွှန်းနှင့်အညီ တန်ပို တင်ဆောင်ခွင့်မပြုမှု၊ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးများ တက်လာခြင်းနှင့် နအဖ ထိပ်သီးခေါင်းဆောင်များအတွင်း အပြောင်းအလဲ ကောလဟာလများ ထွက်ရှိမှုတို့ကြောင့် ဆန်ဈေးနှုန်းများ ဖေဖော်ဝါရီလတွင် ထိုးတက်ခဲ့သည်။

၁၀၈ ပေါင် အလေးချိန်ရှိ ဧည့်မထ ဆန်ကြမ်းတအိတ်လျှင် ယခင်ဈေး ၁၁၀၀၀ ကျပ် ၀န်းကျင်ရှိရာမှ ယခု ၁၂၅၀၀ ကျပ်၊ ဇီယာဆန် တအိတ်လျှင် ယခင် ၁၅၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ယခင်ဈေး ၃၁၀၀၀ ကျပ်မှ ၃၆၅၀၀ ကျပ်သို့ အသီးသီး ထိုးတက်ခဲ့သည်။

စပါးဈေးနှုန်းမှာလည်း တက်နေပြီး စပါးအကြမ်း တင်း ၁၀၀ လျှင် ၄ သိန်းနှင့် စပါးအချော တင်း ၁၀၀ လျှင် ၈ သိန်းရှိနေပြီး စပါးအချောဈေးနှုန်းသည် တင်း ၁၀၀ လျှင် ငွေ ၁၀ သိန်းအထိ ဈေးတက်နိုင်ကြောင်း ဆန်စပါးကုန်သည်များက ခန့်မှန်းသည်။

“မိုးတွင်းလောက်ဆိုရင် စပါးလက်ကျန်၊ ဆန်လက်ကျန်ပြတ်ပြီ။ အဲဒီအချိန်ကျရင် ဆန်ဈေး၊ စပါးဈေးတွေ ထပ်ပြီးတက်နိုင်တယ်။ ဧပြီလမှာ ၀န်ထမ်းလစာတိုးရင် ဒီနှစ်စပါးဈေးက စံချိန်တင်ဈေးဖြစ်ဖို့ သေချာတယ်” ဟု ဖျာပုံမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောသည်။

ပြည်တွင်းမှ စီးပွားရေးပညာရှင်တဦးက ဈေးကွက်ကို အာဏာဖြင့် ထိန်းချုပ်ခြင်းသည် မှောင်ခိုဈေးကွက် အရောင်းအ၀ယ်များ ဖြစ်ပေါ်စေပြီး ကုန်ဈေးနှုန်း မတည်ငြိမ်သည့်အပြင် ဈေးနှုန်းပိုမို ထိုးတက်သွားစေကြောင်း ပြောသည်။

၎င်းက “စပါးဈေး၊ ဆန်ဈေးတက်တယ်ဆိုရင် အစိုးရအနေနဲ့ လုပ်နိုင်တာတွေအများကြီးရှိတယ်။ ကုန်သည်တွေ ဈေးကစားလို့ တက်တာဆိုရင် ဈေးမကစားရဲအောင် ပြည်ပဆန် ပြန်သွင်းလိုက်တာမျိုးလည်း လုပ်လို့ရတယ်။ ပြည်သူတွေအတွက် အစိုးရက စိုက်ထုတ်ပြီး ဈေးသက်သက်သာသာနဲ့ ဆန်ရောင်းပေးတာမျိုးလည်း လုပ်လို့ရတယ်။ တောင်သူတွေကို စိုက်ပျိုးစရိတ် သက်သက်သာသာဖြစ်အောင် လုပ်ပေးတာမျိုး၊ စိုက်ပျိုးစရိတ် ချေးငွေတွေကို အတိုးနှုန်း လျှော့ချေးပေးတာမျိုး၊ အများကြီးလုပ်လို့ရတယ်။ တကယ်သာ ပြည်သူအတွက် စဉ်းစားတယ်ဆိုရင် ဖြေရှင်းနည်းတွေအများကြီး။ အာဏာနဲ့တားမြစ်လို့တော့ ဈေးနှုန်းကို ဘယ်လိုမှ မထိန်းနိုင်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ဧက သန်း ၂၀ ကျော်ရှိပြီး တစ်နှစ်လျှင် စပါးတင်း သန်းပေါင်း ၁၅၀၀ ထွက်ရှိကြောင်း၊ လူဦးရေ ၅၃ သန်းအတွက် စားသုံးရန် စပါးတင်း သန်းပေါင်း ၁၀၀၀ (သို့မဟုတ်) ဆန် တင်းပေါင်း ၃၁၈ သန်း သာ လိုအပ်ပြီး လူတဦးလျှင် တနှစ်အတွက် ဆန်ကီလို ၂၀၀ (သို့မဟုတ်) ဆန် ၆ တင်း စားသုံးကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်း၏ စစ်တမ်းများကို ကိုးကားပြီး တာဝန်ရှိသူတဦးက ပြောသည်။
စက်သုံးဆီဈေးနှုန်းများလည်း ယခုတပတ်အတွင်း မြင့်တက်လျက်ရှိရာ ဓာတ်ဆီ တဂါလန်လျှင် ယခင်က ၃၀၀၀ ကျပ်မှ ယခု ၅၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဓာတ်ဆီ အပြင်မှောင်ခို ပေါက်ဈေး ၅၀၀၀ ကျပ်အထိ ဖြစ်နေပြီး မန္တလေးမြို့တွင် ၅၂၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။

“စက်သုံးဆီ ကုမ္ပဏီဆိုင်တွေက ရောင်းပေးနေပေမယ့် တန်းစီဝယ်နေကြရတော့ အချိန်သိပ်ကုန်တယ်။ ပြီးတော့ သူတို့က မှောင်ခို ဆီသမားတွေကို ထုတ်ရောင်းလိုက်ပြီး ယနေ့ ဆီရောင်းချမှု ရပ်လိုက်ပါပြီဆို လှည့်ပြန်ကြရတယ်။ အပြင်ဆီဈေးက ဂါလန် တစိတ်ကို ၁၃၀၀ ကျပ် ဆိုတော့ တဂါလန်ကို ၅၂၀၀ ကျပ်ဖြစ်သွားပြီ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကားခများလည်း ဈေးတက်သွားကြောင်း၊ မန္တလေး-မုံရွာ ခရီးစဉ် လက်မှတ်မှာ ယခင် ၁၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း မုံရွာဒေသခံတဦးက ပြောသည်။

သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်

ထွန်းထွန်း

၁၆ နှစ်အရွယ် သားငယ်ကို စစ်တပ်ထဲမှ ပြန်ထုတ်ရန် လျော်ကြေးပေးရမည်ဟု ပဲခူးတိုင်း ဝေါမြို့ရှိ မိဘနှစ်ပါးက ပြောဆိုသည်။

ဝေါမြို့ အေးချမ်းသာယာကွက်သစ် ၂ လမ်း (ခတ္တာလမ်း)၊ အိမ်အမှတ် ၅၈၉ နေ ဖခင် ဦးအောင်နိုင်နှင့် မိခင် ဒေါ်ညိုညိုလွင်က ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် မန္တလေးတိုင်း ခြေမြန်တပ်ရင်း ခမရ ၁၅ဝ တွင် စစ်မှုထမ်းနေသော သား မောင်အောင်ဇင်ထက်က သူ့ကို လျော်ကြေးငွေပေး၍ စစ်တပ်ထဲမှ ရွေးထုတ်ရမည်ဟု ဖုန်းဆက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမေတဲ့၊ သား လျော်ရမယ်တဲ့။ အဲဒါပဲ ကြားတယ်။ ကြားတော့ ကျမကနေ သူ့ကို မေးတယ်။ သားက ဘာလျော်ရမှာလဲ၊ ပိုက်ဆံလျော်ရမှာလား၊ ဘယ်လောက်လျော်ရမှာလဲ၊ အမေ့ကို ပြော။ အမေ ပြောတာတွေလည်း သား ကြားလားလို့ဆိုတော့ သူကနေပြီးတော့ အမေပြောတာ သားကြားတယ်တဲ့။ အဲဒီလို တလုံးပြောပြီး ဖုန်းက ပြန်ကျသွားတယ်။ နောက်တခါ သူက ထပ်ခေါ်တယ်။ ထပ်ခေါ်တဲ့အချိန်က ပြန်ကျပြီးတော့ ဘာမှ မသိလိုက်ရဘူး” ဟု မိခင် ဒေါ်ညိုညိုလွင်က မဇ္ဈိမကို ပြောသည်။
---------------------------------------------------------------------------------------------

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အောင်ဇင်ထက်မှာ အလုပ်လုပ်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး၊ ရန်ကုန်၌ ရှိနေစဉ် စက်တင်ဘာတွင် စစ်သားစုဆောင်းခံရပုံကို မိဘထံ ဖုန်းဆက်ပြောခဲ့သည်။ အလုပ်ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်မှ အခေါ်ခံရကာ မန္တလေးတွင် စစ်တပ်ထဲ သွင်းခဲ့ကြောင်းနှင့် ထိုမှတဆင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးတွင် စစ်သင်တန်းတက်ခဲ့ရကြောင်း ပြောပြခဲ့သေးသည်။

“စာမေးပွဲမဖြေဘဲနဲ့ မိဘနေမကောင်းလို့ သူအလုပ်ထွက်လုပ်ရင်းနဲ့ အလုပ်လုပ်ရာကနေ စစ်သားစုဆောင်းရေး တယောက်က ခေါ်သွားတာပါ။ မန္တလေးကို ခေါ်သွားတယ်တဲ့။ လစာကောင်းကောင်းရမယ်၊ အလုပ်ပေးနိုင်တယ် ဆိုပြီးတော့ ခေါ်သွားတာပါ။ ခေါ်သွားပြီးတဲ့အချိန်မှာ ဗိုလ်မှူးစိုင်းဇော်အိမ်မှာ သူ ၃ ရက် နေခဲ့ပါတယ်တဲ့” ဟု သားနှင့် ဖုန်းဆက်ခဲ့စဉ်က သိရှိရပုံကို ဦးအောင်နိုင်က မဇ္ဈိမကို ပြောသည်။
-----------------------------------------------------------------------------------------------------------
ဒေါ်ညိညိုလွင်ကလည်း “သား ဒီထဲကို ဝင်ချင်လို့ မဟုတ်ဘူး အမေတဲ့။ သားက မပြေလည်လို့ အလုပ် လာလုပ်တာပါ အမေရယ်တဲ့။ သား စစ်ထဲဝင်မှန်း မသိဘူး၊ သားကို စစ်ထဲ ထည့်မှန်း မသိဘူး အမေတဲ့။ စစ်ထဲရောက်လာတဲ့ အခါမှ သား စစ်ထဲဝင်ရမှန်း သိတယ်တဲ့။ အဲဒီတော့မှ သား မဝင်လို့ရှိရင်လည်း ထိုးတယ်လို့ ပြောတယ်ပြောလို့ အဲဒါနဲ့ သား ဝင်လိုက်တာပါ အမေတဲ့။ အမေတို့နဲ့ပဲ ပြန်နေချင်ပါတယ်တဲ့” ဟု ဆိုသည်။
-------------------------------------------------------------------------------------------------------------
ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင်မူ ၎င်းအနေနှင့် အသက်မပြည့်သဖြင့် တပ်မှ နုတ်ထွက်ခွင့်ပြုရန် ကိုယ်ရေးရာဇဝင် တင်ထားသဖြင့် တပ်အရာရှိများ လာစစ်ဆေးခဲ့ကြောင်းနှင့် တပ်သားစုခံရစဉ် အတူပါသွားသည့် ကျောင်းသားကဒ် အမည်၊ အဖ အမည်နှင့် မွေးသက္ကရာဇ်ကို ဓားဖြင့် ဖျက်ကာ ပြောင်းရေးခဲ့သည်ဟု သားဖြစ်သူက မိဘကို ပြောခဲ့သည်။ သူသည် မြန်မာသက္ကရာဇ် ပြာသိုလဆုတ် ၇ ရက် ၁၃၅၆ ခုနှစ် (၁၉၉၅ ခုနှစ်) တွင် မွေးဖွားခဲ့ပြီး၊ ဝေါမြို့နယ် အထက ၁ ၌ ၁ဝ တန်း ကျောင်းသား ဖြစ်ခဲ့သည်။

မောင်အောင်ဇင်ထက် စစ်သားစုဆောင်းခံရပုံကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ထံ တိုင်ကြားမည်ဟု ပဲခူးအခြေစိုက် လမ်းပြကြယ်အဖွဲ့က ဆိုသည်။

“ကျနော်တို့က ဒီကနေ့ အားချင်းပဲ ဒီအကြောင်းအရာတွေ ရေးသားပြီးတော့ အီးမေးလ်ကနေတဆင့် ပို့ပါတယ်။ ILO အီးမေးလ်က ကျနော်တို့ဆီမှာ အဆင်သင့်ရှိတယ်လေ။ အင်တာနက်က ပို့တာ မြန်တယ်” ဟု လမ်းပြကြယ်မှ ဦးအေးမြင့်က မဇ္ဈိမကို ပြောသည်။
---------------------------------------------------------------------------------------------
ILO နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ ကလေးစစ်သားအရေး ကူညီဖြေရှင်းနေသည့် လမ်းပြကြယ်ထံ ယခုနှစ်အတွင်း ကလေးစစ်သားအရေး တိုင်ကြားမှု ၄ မှု ရှိထားပြီး၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုဖြင့် တိုင်ကြားသူများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် အသက် ၁၈ မပြည့်သူများကို စစ်မှုထမ်းခိုင်းပါက ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး၊ ၁၈ နှစ် ကျော်သော်လည်း မိမိဆန္ဒ၊ မိဘခွင့်ပြုချက်မပါဘဲ စစ်မှုထမ်းခိုင်းပါက အဓမ္မ စစ်မှုထမ်းခိုင်းခြင်း ဖြစ်သည်။

“ILO က လုပ်တာက မြန်မာပြည်မှာ ၂ ခုပဲ ရှိတယ်။ ကလေးစစ်သားရယ်၊ အဓမ္မလုပ်အားပေးရယ်။ ဒါပေမဲ့ ကလေးစစ်သားကျတော့ အသက် ၁၈ နှစ်မပြည့်ခင် ကလေးစစ်သားကျတော့ ILO က လုပ်ရတယ်။ ILO က လိုက်ပြီး ကူညီဆောင်ရွက်ပေးနိုင်တယ်ဆိုတာ ပြည်သူလူထုတွေက သိတယ်။ အသက်ပြည့်သွားတဲ့အခါ ကလေးစစ်သားနဲ့ မဆိုင်တော့ဘူး၊ ILO မလုပ်ပေးနိုင်တော့ဘူးလို့ သိတယ်” ဟု ဦးအေးမြင့်က မဇ္ဈိမကို ပြောသည်။
-----------------------------------------------------------------------------------------------------
သူက ဆက်ပြီး “ဒီလိုအသက်ပြည့်သွားပေမယ့် ကာယကံရှင်က သူ့ဆန္ဒမပါဘူး။ ကာယကံရှင်ရဲ့၊ လူငယ်ရဲ့ မိဘ ခွင့်ပြုချက် မပါဘူး။ မပါတဲ့ အခါမျိုးမှာ ဒါက လစာပေးပေမယ့်လည်း အဓမ္မ စစ်မှုထမ်းစေခြင်းပဲလေ။ ဖြစ်တဲ့အတွက် အဓမ္မလုပ်အားပေးထဲ ဝင်တယ်။ ဒီနေရာကို ILO ကူညီဆောင်ရွက်ပေးနိုင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ အသက်မပြည့်သေးသူများကို စစ်သားအဖြစ် စုဆောင်းခြင်းမှ တားဆီးကာကွယ်ရန် ကော်မတီတရပ်ကို ၂ဝဝ၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၈ နှစ်အောက် ကလေးများ ဆန္ဒမပါဘဲ တပ်ထဲသွတ်သွင်းခံရလျှင် စစ်စည်းကမ်း ဥပဒေအရ အရေးယူမည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သော်လည်း စစ်သားစုဆောင်းမှုများ ဖြစ်ပေါ်ဆဲရှိသည်။

ထိုကော်မတီက ၂ဝဝ၂ မှ ၂ဝဝ၅ ခုနှစ်၊ ၅ နှစ်ကာလအတွင်း ကလေးစစ်သား ၇၉၂ ဦးကို မိဘရပ်ထံ ပြန်ပို့ခဲ့ပြီး၊ တာဝန်ရှိသူ ၄၃ ဦးကို အရေးယူခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ထုတ်ဖော်ရေးသားခဲ့ဖူးသည်။

မြန်မာစစ်တပ်အတွင်း ကလေးစစ်သား ၆ဝဝဝဝ ခန့်အထိ ရှိနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ၆ဝဝဝ ခန့် ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြီးခဲ့သည့်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မေးမြန်းခန်းတရပ်တွင် မဇ္ဈိမကို ပြောဆိုခဲ့သည်။

တန်ချိန် ပိုတင်သည့် ကုန်ကားများကို အစိုးရပိုင်အဖြစ်သိမ်းမည်

ဧရာဝတီ Wednesday, 02 March 2011

မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်ကားများကို အစိုးရပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန (ကညန) ဥပဒေအရ မတ်လ ၁ ရက်နေ့က တရားဝင်အမိန့် ထုတ်ပြန်လိုက်သည်။

ဝးပြေး လမ်းများပေါ်တွင် ဖြတ်သန်းသွားလာသော ကုန်ကားများသည် အာဆီယံစံချိန်စံညွှန်းနှင့်အညီ ယာဉ်တွင်ပါရှိသည့် ၀င်ရိုးအရေအတွက်အလိုက် ခွင့်ပြုသည့် ပမာဏအတိုင်းသာ ကုန်စည်များ တင်ဆောင်ကြရန် ယမန်နှစ်ကတည်းက တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ကုန် တန်ချိန်ထက် ပိုမိုကုန်တင်ဆောင်သော ကုန်ကားများကို ယခင်က ကုန်များ လျှော့ချရန်သာ ပြောဆိုခဲ့ကြောင်း၊ ယခု အခါတွင်မူ ကုန်စည်များ လျှော့ချခိုင်းရုံ မဟုတ်တော့ဘဲ ကုန်စည်များနှင့် ကားကို အစိုးရပိုင်အဖြစ် သိမ်းယူသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအသင်းမှ ကုန်ကားပိုင်ရှင်တဦးက ပြောသည်။

အဆိုပါအမိန့်ကြောင့် ဆန်၊ ဆီ အပါအ၀င် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ပြောဆို နေကြသည်။

“အခုဟာက အရမ်း တင်းကျပ်လာတယ်။ ကုန်ကား ပိုင်ရှင်တွေကလည်း ဈေးနှုန်းတွေ မြှင့်မှာပဲ။ တချက်မှားတာနဲ့ ကုန်ကားပါ အသိမ်းခံရမှာဆိုတော့ ကုန်စည် သယ်ယူပို့ဆောင်တဲ့ စရိတ်တွေလည်း ထပ်မြင့်သွားမယ်” ဟု ကျောက်ပန်းတောင်းမှ ရန်ကုန်သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသာ အဝေးပြေး ကုန်ကားပိုင်ရှင်တဦးက ရှင်းပြသည်။

အာဆီယံစံချိန်စံညွန်း နှင့်အညီ ကုန်တန်ချိန် သတ်မှတ်တင်ဆောင်သည့် စနစ် စတင် ကျင့်သုံးစဉ် ၂၀၁၀ ပြည့်နှစ် အတွင်းကလည်း ကုန်သယ်ဆောင် စရိတ်များမြင့်တက်ခဲ့ပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။

“ဒီစနစ် စစချင်းမှာ ကုန်စည် သယ်ယူ စရိတ် နှစ်ဆလောက် တက်သွားတယ်။ အရင် ကုန်တတန် သယ်မယ်ဆိုရင် ကျပ် ၃ သောင်းလောက် ကျတဲ့နေရာမှာ ၆ သောင်းလောက် ဖြစ်သွားတယ်။ အဓိက ဆန်တွေဈေးတက်တယ်။ ကားနဲ့ သယ်ရတဲ့ တခြား ကုန်စည်တွေလည်း တက်သွားတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ပြောသည်။

ယခုအခြေအနေတွင် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိခြင်းကြောင့် ကုန်ကားများ တွက်ခြေမကိုက် ဖြစ်နေပြီး လုပ်ငန်း ခေတ္တ ရပ်နားမှုများပင် ရှိကြောင်း သိရသည်။

“ဒီဇယ်က ရန်ကုန်မှာ တဂါလန် ကျပ် ၄၀၀၀၊ နယ်တွေမှာ ၅၀၀၀ လောက်ဖြစ်နေတယ်။ နယ်တွေက တက်လာမယ့် ကုန်ကားတွေက ဒီဇယ်ဈေး တအားမြင့်နေတော့ မကိုက်ဘူး၊ လုပ်ငန်းရပ်ထားတယ်။ ဒီရက်ပိုင်းအတွင်း ကုန်စည် သယ်ယူ ပို့ဆောင်တဲ့စရိတ်တွေ ထပ်တက်ဖို့ရှိတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ဆက်ပြောသည်။

ကုန်စည်သယ်ယူစရိတ်များ မြင့်လာသည့် အပြင် လာမည့် ဧပြီလမှ စတင်ပြီး အစိုးရ၀န်ထမ်း လစာများကို ၄ ဆနီးပါး တိုးမြှင့်မည်ဆိုသော သတင်းများလည်း တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များ အပါအဝင် လူသုံးကုန် ပစ္စည်းဈေးများ တရိပ်ရိပ် တက်လျက်ရှိသည်။

လွှတ်တော်နိုင်ငံရေးနှင့် ပိတ်ဆို့ရေးသဘောထား

ခင်မောင်ဆွေ

လွှတ်တော် နိုင်ငံရေး ပေါ်ပေါက် လာသည့်အခါ မြန်မာ့စီးပွားရေးတွင် အစွမ်းအစရှိသူ တိုင်းရင်းသား ပြည်သူတိုင်း ဥပဒေအရ ပါဝင်လုပ်ကိုင်နိုင်ခွင့် ရရှိရေးကို ရည်သန်၍ အပြည့်အ၀ ယှဉ်ပြိုင်ခွင့် ဥပဒေ (Perfect Competition Law) တရပ် ပြဌာန်း အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဤသည်မှာ လက်ဝါးကြီးအုပ် စီးပွားရေး ပုံသဏ္ဍာန်မှ အများပါဝင်နိုင်သည့် မြေညီကွင်း (Level Play Field) အဖြစ် ရောက်ရှိစေအံ့သောငှာ ရည်ရွယ်ရင်း ဖြစ်သည်။

ထိုသို့ ရည်ရွယ်ရခြင်း၏ အကြောင်းမှာ ပြည်သူတို့၏ လူမှုစီးပွားရေးဘ၀ တစတစ မြင့်တက်လာစေရေးကို ကြိုးပမ်းရန် ချမှတ်ထားသည့် ပါတီ၏ (Market Oriented Mixed Economy) ဈေးကွက်အခြေပြု ရောပြွန်း စီးပွားရေးစနစ် မူဝါဒအတိုင်း ဆောက်ရွက်သွားနိုင်ရေးလည်း ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ ဖွံ့ဖြိုးပြီးစီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ကုန်သွယ်ရေး အခွင့်အလမ်း များအပြင် နိုင်ငံတကာဈေးကွက်ကြီးနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခွင့်များ ရရှိစေရေးမှာလည်း အထူးလိုအပ်ပါသည်။

ထို့အပြင် နိုင်ငံတနိုင်ငံ၏ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် အစိုးရကောင်း အုပ်ချုပ်ရေးဖြစ်စဉ် ပေါ်ပေါက်ရေးသည်လည်း အဓိက လိုအပ်ကြောင်း သတိမူမိပါသည်။ ယင်းသို့ သတိမူမိသည့်အလျှောက် သင့်လျှော်ကောင်းမွန်သည့် စီးပွားရေး စီမံခန့်ခွဲမှုတရပ် ဖြစ်ပေါ်လာရေးကို လွှတ်တော်တွင်းဥပဒေပြု အာဏာအသိုင်းအ၀န်းနှင့် အများညီသဘော ရယူ၍
ရှေ့ရှုဆောင်ရွက်သွားရန် လွန်စွာအရေးကြီးနေသည်ဟု ခံယူယုံကြည်ပါသည်။

သို့ဖြစ်သည့်အလျှောက် ပြည်သူတို့၏ စီးပွားရေး အခွင့်အလမ်းများ တရားမျှတစွာ ရရှိခံစားနိုင်ရေးအတွက် ဥပဒေပြု အာဏာဖြင့် အစိုးရကောင်း အုပ်ချုပ်ရေး ပေါ်ပေါက်လာစေရန် အပြန်အလှန် ထိန်းကြောင်းဆောင်ရွက်ရေး ကျင့်စဉ်ဖြင့် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပမှ သတင်းမီဒီယာများ အပါအ၀င် နိုင်ငံရေးပါတီများ၏ အပြုသဘော ချဉ်းကပ်ဆောင်ရွက်မှုများနှင့် ၀ိုင်းဝန်း ထိန်းမတ်ကြရေးသည် လူမှုစီးပွါးရေးဘ၀ ဖွံ့ဖြိုးလာရေးတွင် အရေးပါသည့် ဒေါက်တိုင်ကြီးလည်း ဖြစ်လာပါသည် ။

သို့ဖြစ်ရာ အရင်းအနှီးများ လာရောက်မြှုပ်နှံစေရန် စီးပွားရေးမိတ်ဖက် ဥပဒေများ၊ လူတစု လူတဖွဲ့တည်းက ချုပ်ကိုင်ထားသည့် စီးပွားရေးခွင်ထဲမှ ထွက်နိုင်ရန် အပြည့်အ၀ ယှဉ်ပြိုင်နိုင်ခွင့်ဥပဒေ (Perfect Competition Law) စသည်တို့ကို လွှတ်တော်ထဲတွင် ဥပဒေပြုနိုင်စေရန် ကြိုးပမ်းသည်နှင့် တချိန်တည်း တဘက်မှ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ ရောက်ရှိလာအောင် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းရန် လိုအပ်ပါသည်။

ထိုအခါ လူတစုကသာ ခံစားနေရသည့် အကျိုးအမြတ်များမှတဆင့် လျှံကျအကျိုး (Spill over Effect) များကို ၀င်ရောက် လုပ်ကိုင်ကြမည့် ပြည်သူများရရှိပြီး ၀င်ငွေ ခွဲဝေမှုအပေါ် အကျိုးသက်ရောက်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ယခုရောက်နေသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့် အနေအထားမှ နိုင်ငံရေးပြဿနာကို စီးပွားရေးနည်းဖြင့် ဖြေရှင်းမှရမည့်အချိန် ရောက်နေပါပြီ။ အမျိုးသား ရင်ကြားစေ့ရေးဆီသို့ အမှန်တကယ် ရောက်နိုင်စေရန် အမျိုးသားနိုင်ငံရေး အင်အားစုများအကြား နိုင်ငံရေးယုံကြည်မှု၊ စီးပွားရေး အခွင့်အလမ်းများ တိုင်းရင်းသားပြည်သူများအကြား တန်းတူညီမျှ ခံစားစေမှု၊ ထိုမှတဆင့် အမျိုးသားရင်ကြားစေ့ရေး လမ်းပေါ်မှ ဒီမိုကရေစီ လူ့ဘောင်ကို ပြည်သူ့အင်အားဖြင့် အရောက်သွားရေးကသာ ယနေ့မြန်မာ့နိုင်ငံရေး၏ လက်ငင်း တောင်းဆိုချက် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

စာရေးသူ ခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်လာသော အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,2nd,2010

( 31 )Myanmar's Young Artists and Activists

( 30 )ကျောက်တော်တွင် ယနေ့မီးလောင်

( 29 )Military prioritised as Burma expands airforce

( 28 )Heavy fire, landmines rock eastern Burma

( 27 )တောင်သူလယ်သမားများဘဝ မြှင့်တင်ရန် တိုက်တွန်း

( 26 )China, Myanmar companies jointly to produce heavy duty trucks

( 25 )ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့ တိုးချဲ့

( 24 )Myanmar to receive new batch of MiG-29s from March

( 23 )သုခ ကုသိုလ်ဖြစ်ဆေးခန်း ၄ နှစ်ပြည့်ပြီ

( 22 )Petrol prices straining consumers in Burma

( 21 )ရွှေကျင်တွင် မိုင်းဆက်တိုက် ပေါက်ကွဲနေ

( 20 )Burma's generals attempt to prevent revolution by cross-dressing

( 19 )မန္တလေးတွင် မီးလောင်မှု အဖြစ်များလာ

( 18 )UK to become top donor to Burma

( 17 )စစ်အစိုးရ တပ်က ဖာပွန် ခရိုင်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင် ပစ်ခတ်

( 16 )Junta army continues reinforcing troops in anti-Border Guard Force program

( 15 )တပ်မတော်က ၁၆ နှစ်သားကို တပ်မတော်ထဲသွင်း

( 14 )သောက်သုံးရေ ရရှီရေး အဖွဲ့ချုပ် စတင် အကောင်အထည်ဖော်

( 13 )လွယ်ဂျယ် အကောက်အခွန် ရုံးရှေ့ ဗုံးတွေ့ပြီးနောက် ဌာန ဆိုင်ရာများ အထိတ်တလန့် ဖြစ်နေ

( 12 )Myanmar allocates 23.6% of new budget to military

( 11 )ဥပဒေကြမ်း ကော်မတီတွေဖွဲ့

( 10 )Business lobby broadens its Asian horizons

( 9 )ဆန်တင်ပို့မှု ယာယီရပ်ဆိုင်း

( 8 )Myanmar, North Korea in missile nexus

( 7 )လူ့အခွင့်အရေး အပြောင်းအလဲ လက်တွေ့ဖော်ဆောင်ဖို့ အီးယူ တိုက်တွန်း

( 6 )Burmese MPs Complain of Detention-like Conditions

( 5 )ဒေါ်စု ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ချက်သမ္မတနိုင်ငံ ဆက်လက်ထောက်ခံ

( 4 )Burma's Civil Servants Expect 380 Percent Salary Hike

( 3 )အမေရိကန်ရောက် မြန်မာများက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ကူညီမည်

( 2 )EU Official to Visit Thailand, Discuss Burmese Refugee Camps

( 1 )ကရင်တိုင်းရင်းသားများက ဘန်ကီမွန်းကို လက်မှတ်ရေးထိုး မေတ္တာရပ်ခံ

Tuesday, March 1, 2011

လောင်စာဆီဈေးတက်သည့်အတွက် အခြားကုန်ဈေးနှုန်းများမြှင့်တက်နေ

ရိုးမ ၃

လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အင်တာနက်အသုံးပြုခနှင့် ကုန်ဈေးနှုန်းများ တက်သွားသည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေရသည်။

ယနေ့ နံနက်ပိုင်းမှ စတင်၍ အင်တာနက်အသုံးပြုခ တနာရီလျှင် တထောင်ကျပ်နှုန်း တောင်းယူနေသည်ဟု ဒေသခံတဦးက ပြောသည်။

“ကျနော်တို့ ဒီမှာက အစိုးရလျှပ်စစ်မီးမရှိတော့ စက်မောင်းပြီးဘဲ သုံးနေရတာ၊ ဒီဇယ်ဈေးတက်တော့ ဒီမနက်ကမှ အင်တာနက်ဈေးနှုန်းတက်သွားတာ၊ အရင်က တနာရီကို ငါးရာဘဲ ပေးရတယ်၊ အခု တထောင်တောင်းတာ” ဟု ပြောသည်။

ကလေးမြို့ပေါ်တွင် အင်တာနက်ဆိုင်(၁၀) ဆိုင်နီးပါးရှိပြီး ယင်းကဲ့သို့ အင်တာနက်အသုံးပြုခ ဈေးနှုန်းမြှင့်တက်သွားသည့်အတွက် အသုံးပြုကြသည့် ကျောင်းသားလူငယ်၊ ဒေသခံများ အခက်အခဲကြုံနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဒီဇယ်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကားခဈေးနှုန်းလဲ မြှင့်တက်သွားကြောင်း ဒေသခံတဦးက ဆက်ပြောသည်။

“အရင်က ချင်းတောင်မှာ ဒီဇယ် တဂါလံ (၅၀၀၀) ဘဲ။ အခု ၆၀၀၀ ဖြစ်သွားတယ်၊ ဒီဇယ်ဈေးတက်တော့ ကားခတွေအကုန် တက်ကုန်တယ်၊ သွားလာရတာ အရင်လိုမဟုတ်တော့ဘူး၊ကုန်ကျစရိတ်တော်တော်များတယ်” ဟု ဆက်ပြောသည်။

ယခင်က ကလေး- တီးတိန် ကားခ ဈေးနှုန်း သုံးထောင်ငါးရာကျပ်ရှိပြီး ယခုအခါ တီးတိန်အတက် ကားခ ခြောက်ထောင်ကျပ်၊ ကားအဆင်း ငါးထောာင်ကျပ် ပေးဆောင်ရကြောင်းနှင့် ကလေး- ဖလမ်း -ဟားခါး ကားခတွေလည်း တက်သွားကြောင်း ၎င်းက ဆက်ပြောသည်။

မှတ်ပုံတင်မူရင်း မပါသူများ နေပြည်တော်ဝင်ခွင့်မရှိ

စည်သူ Tuesday, 01 March 2011

အနယ်နယ် အရပ်ရပ်မှ လာသူများအား မှတ်ပုံတင် မူရင်းမပြနိုင်ပါက နေပြည်တော်သို့ အ၀င်မခံဘဲ ပြန်လွှတ်နေကြောင်း သိရသည်။

“ကျနော်စီးလာတဲ့ ကားပေါ်မှာ အမျိုးသမီး တယောက်က မှတ်ပုံတင် မူရင်းပါမလာလို့ နေပြည်တော် ထဲကို ၀င်ခွင့် မပြုဘူး။ စီလမ်းဆုံက စစ်ဆေးရေးဂိတ်မှာပဲ နေခဲ့ရတယ်။ မှတ်ပုံတင် မိတ္တူ ပြတော့လည်း မရဘူးတဲ့။ တကယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့မှ နေပြည်တော်ထဲ ၀င်ခွင့်ပြုမယ်ဆိုရင်လည်း ကြိုတင်ကြေညာ သင့်ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ နေပြည်တော်သို့ သွားခဲ့သည့် ခရီးသွားတဦးက ပြောသည်။

ယခင်က နေပြည်တော်သို့ လာရောက်သူများ အနေဖြင့် ခရီးသွားခွင့် ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ ကျောင်းသားကတ်ဖြင့် သွားလာခွင့်ရှိသော်လည်း ယခုနောက်ပိုင်းတွင် မှတ်ပုံတင်မူရင်းကိုသာ ယူဆောင်ခဲ့ရမည်ဖြစ်ကြောင်း ယာဉ်လိုင်းများမှ သိရသည်။

“ကျနော်တို့ကိုလည်း နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောထားတယ်။ မှတ်ပုံတင် မူရင်းမပါဘဲ မိတ္တူတို့၊ထောက်ခံစာတို့၊ ကျောင်းသားကတ်တို့နဲ့ ၀င်လာခဲ့ရင် ယာဉ်လိုင်း ပိတ်တဲ့အထိ အရေးယူမယ်လို့ ပြောထားတယ်” ဟု ယာဉ်လိုင်းတလိုင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

သို့သော် တချို့သော ခရီးသည်များမှာ လက်မှတ်ဝယ်စဉ်က မှတ်ပုံတင်မူရင်း ပါရှိသော်လည်း ကားပေါ်တက်သည့် အချိန်တွင် မှတ်ပုံတင် မူရင်းကို ယူဆောင်မလာသည့် ဖြစ်ရပ်များလည်း ရှိနေကြောင်း သိရသည်။

“တချို့ ခရီးသည်တွေက နားမလည်တော့ လက်မှတ်ဝယ်တုန်းသာ မှတ်ပုံတင်မူရင်း ယူလာတာ။ တကယ် ခရီးသွားတော့ ပါမလာကြဘူး။ ပျောက်မှာစိုးလို့ ဆိုပြီး ခရီးသွား ထောက်ခံစာတို့၊ မှတ်ပုံတင်မိတ္တူတို့ပဲ ယူလာကြတယ်” ဟု ယာဉ်လိုင်း တာဝန်ရှိသူ တဦးက ပြောသည်။

ထိုကဲ့သို့ မှတ်ပုံတင် မူရင်းများ ယူဆောင်စေခြင်းသည် နေပြည်တော်တွင် လတ်တလော ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများ လုံခြုံရေးအတွက်ဟုလည်း သိရသည်။

မကြာသေးမီက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နေပြည်တော်တွင် လုံခြုံရေး အစီအမံများ ပိုမို ချထားကြောင်း ဒေသခံများက ပြောသည်။

“ည ညဆို ရဲကား အစီး နှစ်ဆယ်လောက် ကင်းလှည့်နေတာ တွေ့ရတယ်” ဟု နေပြည်တော် ဒေသခံတဦးက ဆိုသည်။

ကျောက်ဖြူတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား၍ လူတဦး ပြင်းထန်စွာ ဒဏ်ရာရ

ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အနောက်ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိသည့် အုန်းတောအုပ်စု ၀က်ဆံကျေးရွာတွင် ပစ်ခတ်မှု တခုဖြစ်ပွားရာ လူတဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။

အခင်းဖြစ်ပွားရာ ကျေးရွာမှ မျက်မြင် တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ ဒီလ ၂၆ ရက်နေ့ မနက် ၆ နာရီခွဲမှာပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ရုတ်တရက်ဘာမှန်းမသိ ဦးဘီ လူးအောင်ကနေ မောင်ထူးဆိုသူကို လုပ်သေနပ်နဲ့ ပစ်တာဖြစ်တယ်။ ဘယ်ဘက်တင်ပါးမှာ ကျည်ဆံ ထိမှန်သွားတယ်။ ကျည်ထိမှန်တဲ့ တင်ပါးက သွေးတွေ ပြင်းပြင်း ထန်ထန် ထွက်တဲ့အတွက် ချက်ချင်း သူ့ကို ကျောက်ဖြူဆေးရုံးကြီးကို ယူဆောင်ပို့လိုက်ရပါတယ်” ဟု သူကပြောသည်။

အခင်း ဖြစ်ပွားပြီးနောက် ပစ်ခတ်သူမှာ လုပ်သေနတ် နှင့် ကျည်တချို့ကို ယူပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်ပြီးနောက် မနက် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့တွေရောက်တယ်။ ပစ်တဲ့သူကိုတော့ဖမ်း လို့မရဘူးပေါ့နော်။ သူ့ရဲ့တူဖြစ်တဲ့ မောင်တင်ချေကိုတော့ဖမ်းဆီးသွားတယ်“ဟုဆက်ပြောသည်။

ထွက်ပြေးခဲ့သောတရားခံမှာ ယခင်ကရဲအဖွဲ့ဝင်ဟောင်းတဦဖြစ်ပြီး သူ၏အသက်မှ ၃၃ နှစ်သာ ရှိ ကြောင်း သိရသည်။

အသေးစိတ်ကိုမသိရှိရသော်လည်း သေနတ်ပစ်ခံရသည့် မောင်ထူးနှင့်သူတို့နှစ်ဦးအကြားတွင် အိမ်နီး နားချင်းဖြစ်၍ စီးပွားရေးအရ မကျေနပ်မှုရှိရာကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အိမ်နီးနားချင်းအ သိုင်းအ၀န်းအဆိုအရသိရသည်။

စစ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်စဲရေး ကမ္ဘာအနှံ့ရှိ ကရင်များ တောင်းဆို

ဧရာဝတီ Tuesday, 01 March 2011

စစ်အစိုးရက ကရင်ပြည်သူများအား တိုက်ခိုက်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံး ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာ အစိုးရများက ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာတ၀န်းရှိ ကရင်တိုင်းရင်းသား ၈၄၀၀၀ က လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုတခုကို မကြာသေးခင်က ပြုလုပ်လိုက်သည်။

ယင်း လှုပ်ရှားမှုကို ကရင်အမျိုးသား အစည်းအရုံး(KNU) က ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ ကရင်တိုင်းရင်းသား အဖွဲ့ ၃၀ ပါဝင်ကြောင်း နှင့် ပထမဆုံး အကြိမ်ဖြစ်ကြောင်း KNU က ပြောသည်။

အဆိုပါ ကရင်တိုင်းရင်းသားများ လက်မှတ်ထိုးတောင်းဆိုချက် မိတ္တူများကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်ရွန်း ၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ်လာ့ဒ် အပါအ၀င် ဂျပန်၊ နော်ဝေး၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင် နှင့် ကနေဒါ စသည့် နိုင်ငံကာ အစိုးရများထံသို့ ပေးပို့ကြောင်းလည်း သိရသည်။


ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင်“စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံနေရတဲ့ သာမန် ကရင်တိုင်းရင်းသား ပြည်သူတွေက ကုလသမဂ္ဂကို မေတ္တာရပ်ခံ တောင်းဆိုတာပါ”ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ပြောဆိုထားသည်။

၎င်းက ဆက်လက်ပြီး“ဗမာ စစ်အစိုးရ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တာဟာ အချိန်ကြာမြင့်ခဲ့ပါပြီ”ဟုလည်း ဆိုသည်။

ကရင်ပြည်နယ်အတွင်း စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများကို ရပ်ဆိုင်းသွားစေရန်အတွက် မစ္စတာ ဘန်ကီမွန်း အနေဖြင့် ၎င်း၏ အာဏာကို သုံး၍ ဖိအားပေး ဆောင်ရွက်ရန် တောင်းဆိုကြောင်းလည်း KNU ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတကာရှိ သက်ဆိုင်ရာအစိုးရများကလည်း စစ်အစိုးရအနေဖြင့် မြန်မာပြည်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေးများအတွက် တပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်၊ ထိုမှတဆင့် ပြီးပြည့်စုံသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးများပြုလုပ်ရန်အတွက် မစ္စတာ ဘန်ကီမွန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ထားသည်။

KNU ထုတ်ပြန်ချက်၌ ကရင်အရပ်သား ပြည်သူများအပေါ် အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊ ရပ်ရွာအိုးအိမ် လယ်ယာမြေ သီးနှံများ ဖျက်ဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုများအပါအ၀င် အမျိုးသမီးနှင့် ကလေးငယ်များကို စနစ်တကျ မတရားပြု ကျင့် နှိပ်စက်ခြင်းများအား ဆယ်စုနှစ် များစွာ စစ်အစိုးရ က ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွင် လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ကျေးရွာပေါင်း ၃၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီကာလတွင် ကရင်ပြည်နယ်၌ အရပ်သား ၁၈ ဦး အသတ်ခံရပြီး ၃၈ ဦး နှိပ်စက် ညှဉ်းပန်းခံရကြောင်း၊ အရပ်သား ၅၂ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ၂၃၃၆ ဦး အဓမ္မလုပ်အားပေး ခိုင်းစေခံရကြောင်း၊ အိုးအိမ် စာသင် ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများ အပါအ၀င် အဆောက်အအုံပေါင်း ၁၉၈ ခု ဖျက်ဆီးခံခဲ့ရကြောင်း၊ လယ်ယာမြေနှင့် စိုက်ပျိုးခြံပေါင်း ၁၄၆ ခု ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ၃၀၀၀ မှာ ရပ်ရွာ စွန့်ခွာ၍ တောတောင်များထဲ၌ ရှောင်တိမ်း ပုန်းအောင်း နေ ထိုင် ခဲ့ရကြောင်း KNU စစ်တမ်းအရ သိရသည်။

၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းတည်ငြိမ်ရေးများ အ တွက် တိုးတက်မှု မဖြစ်ပေါ်စေခဲ့ကြောင်း၊ အခြေခံ ပြဿနာများဖြစ်သည့် တိုင်းရင်းသား လူမျိုးများ တန်းတူမှု နှင့် လူ့အခွင့်အရေး ပြ ဿနာများကို ဖြေရှင်း မပေးနိုင်ကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။

ထိုရွေးကောက်ပွဲပြုလုပ်ရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်အစိုးရ အာဏာ ဆက်လက်တည်မြဲရေး အတွက်သာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု အခွင့်အရေး ကာကွယ်ရေးများအတွက် မည်သို့မျှ အာမခံချက်ပေးမထားကြောင်း၊ တိုင်းရင်းသား လူမျိုးစုများအနေဖြင့် ဆိုးဝါးစွာ ခြိမ်းခြောက် ခံနေရခြင်းဖြစ်ကြောင်းလည်း KNU ကပြောဆိုသည်။

ရွေးကောက်ပွဲကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များက စတင်၍ ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် စစ်အစိုးရ တပ်များ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ဒုက္ခ သည် ၂၀၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဖြစ်ပြီး စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ကလည်း မြန်မာ စစ် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများဆီ ဒုက္ခသည်များ ထွက်ပြေးလာရသည့်အတွက် ဒေသ တွင်း ၀န်ထုပ် ၀န်ပိုးဖြစ်ရကြောင်း မကြာသေးခင်က ဝေဖန် ပြောဆိုထားသည်။

ပစ်ခတ်မှုကြောင့် လူထု ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ကျေးရွာအတွင်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ညအချိန်တွင် အစိုးရစစ်တပ် စကခ (၁၀)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ တယ်ဘိုးပလောဂွင်မှ ကျေးရွာ (၇)ရွာကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များ မြောက်များစွာဖြင့် လှမ်း၍ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံရွာသူရွာသားများသည် နီးစပ်ရာ တောင်တောင်ကြားတွင် ယနေ့အချိန်ထိ ထွက်ပြေးပုန်းအောင်းနေရဆဲဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) သစ်တောရေးရာ တာဝန်ခံတီးဝေါ်က ပြောသည်။

၎င်းက “အပစ်ခံရတဲ့ရွာတွေကတော့ စော်ကဲ့ဒဲ၊ လယ်ကလားပယ်ခို၊ ထီးမူးထာ၊ ဟော်လာထာ၊ ပလာ့လော်တယ်၊ ထီးမီးတော် ရွာတွေဖြစ်တယ်။ ညအချိန်မတော် လှမ်းပစ်ခတ်တဲ့အချိန်ကျတော့ ရွာသားတွေဟာ ၀တ်တထည် ကိုယ်တခုနဲ့ တောထဲကို ထွက်ပြေးပုန်းရှောင်နေခဲ့တာ ဒီကနေ့အထိပဲ။”ဟု ပြောသည်။

ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် နောက်နေ့မနက် ဖေဖော်ဝါရီလ ၅ရက်နေ့ ၇နာရီခန့်တွင် ၎င်းတို့ ပစ်ခတ်ခဲ့သည့် ကျေး ရွာများအတွင်း ၀င်ရောက်လာကာ ရွာသားများပိုင်ဆိုင်သည့် ကြက်၊ ၀က်၊ ဘဲ များကို ဖမ်းယူစားသောက်ပစ်သည့်အပြင် လူနေ အိမ်တချို့နှင့် စပါးကျီတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)က ပြောသည်။

လက်ရှိ တောထဲတွင် ထွက်ပြေးတိမ်းပုန်းအောင်းနေရသည့် ၎င်းရွာသူရွာသားများကို ကရင်လူမှုကယ်ဆယ်ရေးအဖွဲ့များက စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထောက့်ပံ့ကူညီပေးလျှက်ရှိသည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့(FBR) မှ အဖွဲ့ဝင်တဦးက ပြောသည်။

တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ဆက်တိုက် ထိခိုက်သေဆုံးမှုရှိနေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)အတွင်း DKBA-KNLA ပူးပေါင်းတပ်ဖြစ်သည့် ကရင်တပ် ဖွဲ့နှင့် နအဖအကြား နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားလျှက်ရှိရာ ယနေ့တိုက်ပွဲတွင် နအဖဘက်မှ ၃ဦး သေဆုံးပြီး ၃ဦး ဒဏ် ရာရရှိခဲ့သည်။

မနေ့ နေ့လည်အချိန်တွင် မြ၀တီမြို့နယ်၊ ကနဲလေးနှင့် ဘုရင့်နောင်ကုန်းအကြား၌ ကရင်တပ်ဖွဲ့နှင့် နအဖ စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ DKBA တပ် မှူးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ဒီမနက် ၁၁နာရီအချိန် ကနဲလေးနဲ့ ဘုရင့်နောင်ကုန်းကြားမှာ ကျနော်တို့နဲ့ နအဖတပ် တိုက်ပွဲဖြစ်တော့ နအဖဘက်က ၃ယောက်သေတယ်။ ၁ယောက်ဒဏ်ရာရတယ်။ နောက် ညနေ ၂း၁၃မိနစ်မှာ ဖလူးနဲ့ ကျောက်ခက်ဒေသ ဘလယ့်ဒို့မှာ နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၁၀)တပ်ရင်းက ၂ယောက် မြေမြုပ်မိုင်းထိတယ်။ ခင်ဇော်ဦးဆိုတဲ့ တပ်ကြပ်ကြီး ၁ယောက် ပါတယ်။ ဒီနေ့တိုက်ပွဲမှာ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု တစုံတရာဘာမှမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ သူတို့ရဲ့အ လစ်ကို ရုတ်တရက်တိုက်ပြီး ရှောင်ထွက်တာပဲ။” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသတွင် လူထုနေထိုင်သည့် နေရာနှင့် ဝေးသဖြင့် လူထု ထိခိုက်မှုမရှိသလို ထွက်ပြေးတိမ်းရှောင်ရခြင်း လည်း မရှိပေ။

ယခုလ ၂၄ရက်နေ့၌လည်း KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ရှိ ကနဲလေးဂွင် ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင် ဖောမုဘောထာ့ နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်ရင်းတို့အကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၁၀ဦးကျော် ထိ ခိုက်သေဆုံးခဲ့သည်။

မြန်မာစစ်တပ်မှရွာသားတစ်ယောက်ကိုရိုက်နှက်ပြီးပစ်ထား

နော်အဲဏီ၊ ကောင်းဝါသတင်းဌာန

မြ၀တီခရိုင် မုလုချိုင်း (ထိုင်းဘက်ခြမ်း)တွင် လာရောက် နေထိုင်သော အသက်(၂၇)နှစ် အရွယ်ရှိ စစ်ပြေး ဒုက္ခသည် တောင်အုပ်ထ ရွာသား စောပိထူးကို ဖေဖော်ဝါရီလ (၂၂)ရက် ညနေပိုင်းတွင် ထို့ကွာ ကျိုးတောင် ခြေရင်း ကွီးယာပလာ အင်းအနား တွင် တပ်မ(၂၂)လက်အောက်ခံ စစ်တပ်မှ ပြင်းထန်စွာ ရိုက်နှက်ပြီး ခြုံတွင် ပစ်ထားခဲ့သည်။

အရိုက်နှက်ခံရသော စောပိထူးမှာ သူ၏အဖော်တစ်ယောက်နှင့်ဟင်းစားတို့စရာခူးရန် သူးမွဲချောင်းအနား အရောက်တွင် မြန်မာစစ်တပ်မှဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု စောပိထူးမှပြောပါသည်။ “ညနေ လေးနာရီအချိန်လောက်မှာဘဲ ကျနော့်နောက်ဘက်ကနေ နအဖစစ်သားတစ်ယောက်လာပြီး ကျနော့်ကိုဖမ်းသွားတယ်။

သူမွဲချောင်းရဲ့တစ်ဘက်ကမ်းမြန်မာဘက်ခြမ်းပေါ့။ ပြီးတော့သူ့အဖော်နှစ်ယောက်ရှိတဲ့ နေရာကိုခေါ်သွားပြီး ကျနော့်ကိုဘာမှမမေးဘဲထိုးတြိတ်ထုရိုက်တယ်။ ပြီးတော့ကျနော်မေ့သွားတယ်။ ပြန်သတိရ လာတော့ ည(၈)နာရီလောက်ရှိပြီး။ ကျနော်ကိုခြုံထဲမှာသူတို့ပစ်သွားတယ်၊။ ကျနော်သတိရလာတော့ လမ်းမမှတ်မိ တော့ဘူး၊။ ကျနော်ကခြုံကြားထဲမှာ ဟိုသွားဒီသွားနဲ့ ချောင်းကိုတွေ့ ပြီးရွာဘက်ကို ပြန်ကူးလာရတယ် ”

ထိုးကြိတ်ခံရသည့် စောပိထူး၏ဒဏ်ရာအခြေအနေကို ၄င်း၏ဦးလေးတော်စပ်တူမှ ယခုလိုပြောပါသည်။ “သူပြန်လာတော့ နားနှစ်ဖက်မှာ သွေးတွေထွက်ပြီး မျက်နှာတစ်ခုလုံးဖူးရောင်နေတာဘဲ။ သူ့ကျော ရဲ့ ဘယ်ဘက်ခြမ်းမှာလဲ ညိုမဲနေတာပဲ။ ဒါဏ်ရာကအရမ်းပြင်းတယ်လေ။ သူ့ကိုအခုဆရာမ တစ်ယောက်က ဆေးတွေလာတိုက်နေတယ်။ ရေမန်း၊ဆီမန်းတွေနဲ့လိမ်းနေရတယ်။ အခုထိသူ့ခေါင်းကမူးနေတုန်းပဲ။”

ဒီကေဘီအေနှင့် စစ်အစိုးရတို့နိုဝင်ဘာလတွင်ဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် စောပိထူးတို့မိသားစုမှာ တောင် အုပ်ထရွာတွင်မနေရဲတော့ဘဲ သေ့ဘောဘိုးရွာ၏တဘက်ကမ်း မုလုချိုင်းရွာတွင် စစ်ပြေးဒုက္ခသည်အဖြစ် ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ပြီးခဲ့သည့်ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်လည်း မြ၀တီခရိုင်ဝေါ်လေဒေသဘက်တွင် မြန်မာ စစ်အစိုးရတပ်တို့မှ လူပေါတက်ကရင်ရွာတစ်ရွာကို မီးရှို့ခဲ့ရာ အိမ်ခြေ(၉)လုံးမီးလောင်ခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။

စောင့်မျှော်ကာ နေပါ့မယ်

မင်းတော်လ၀ီ

ဥပုသ်နေ့မို့ ကျိုက္မရောမြို့နယ် နိတုံရွာသားများ ဥပုသ်သီလဆောက်တည်ရန်နှင့် ရွေး ကောက်ပွဲအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များ မိမိတို့ ၀င်ရောက်အရွေးခံသည့်မဲဆန္ဒနယ်များမှ ပြည်သူများကို လာရောက်တွေ့မည့်ရက်လည်း ဖြစ်၍ ရွာလယ်ရှိ ဘုန်တော်ကြီးကျောင်းမှာ ပရိသတ်များနှင့် ပြည့်နေသည်။ရွေးကောက်ပွဲအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များသည် မိမိတို့ ၀င်ရောက်အရွေးခံသည့်မဲဆန္ဒနယ်များတွင် ကွင်းဆင်းကာ ပြည်သူ့ဆန္ဒကို လိုက်လံကောက်ခံပြီး လယ်ယာမြေအသိမ်းခံရမှုကို အရေးဆိုပေးရန်နှင့် မြေယာပိုင်ဆိုင်ခွင့် ရရေးအတွက် တင်ပြတောင်းဆိုပေးရန် ပြည်သူများက တင်ပြခဲ့ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် တင်ပြလာသည့်မွန်ပြည်သူ့ဆန္ဒများအနက် လယ်ယာအသိမ်းခံရမှုကို လွှတ်တော်တွင် အဓိက အဆိုပြုသွားမည်ဖြစ်ပြီး မွန်ပြည်သူလိုလားသည့် ပညာရေး စီးပွားရေးကဏ္ဍကိုလည်း တင်ပြသွားမည်ဟု ဂတိပေး ပြောကြားသွားသည်။

တကယ်တော့ ကျိုက္မရောမြို့နယ် နိတုံ၊ ကော့ဒွန်း၊ ကော့ပနော၊ ကွမ်ငန်း စသည့်ကျေးရွာရှိ တောင်သူလယ်သမားများသည် အာဏာရှိလူတစုနှင့် ဓနအင်အားကိုနောက်ခံပြုထား သည့်ကုမ္ပဏီများက ၄င်းတို့ကိုယ်ကျိုး စီးပွားသက်သက် ဘိလပ်မြေစက်ရုံအတွက် လယ်သ မားများလုပ်ခွင့်ရ လယ်မြေများကို သိမ်းပြီး၊ သိမ်းဆဲ ပြုလုပ်နေချိန်လည်းဖြစ်သည်။

လယ်သမားများ အားကိုးရာမဲ့ဝမ်းနည်းပက်လက်ဖြစ်နေသည့်အချိန်မှာ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များသည် ပြည်သူများ တွေ့ကြုံခံစားနေရသည့် ဒုက္ခကို ၀ိုင်းဝန်းဖြေရှင်းပေးရန် ယခုကဲ့သို့ကွင်းဆင်းလာခြင်းသည် မျက်ဖြူဆိုက်နေသည်လူနာကို အသက်ကယ်ဆေး တိုက်ကျွေးပေးလိုက်သလိုပါဟု နိတုံရွာသားများက ပြောသည်။

မွန်ပြည်နယ် ကျိုက္မရောမြို့နယ် နိတုံရွာမှာဘိလပ်မြေစက်ရုံမြေနေရာ၊ ၀န်ထမ်းအိမ်ယာ၊ သို လှောင်ရုံနှင့် ကားရပ်မည့်နေရာအတွက် မြေဧက လေးရာခန့်ကို သိမ်းယူဖို့ ဇေကမ္ဘာကုမ္ပဏီ နှင့် လယ်သမားတွေ နိတုံရွာတိုက်ကျောင်းကြီးမှာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆွေးနွေးပြီး လျှော်ကြေးငွေပေးရေးကိစ္စ ညှိနှိုင်းကြသည်။ လယ်မြေအတွက် လျှော်ကြေးငွေကိုလက်ခံသည့် လယ်သမားကနည်းပြီး လက်မခံသည့် လယ်သမားက များသည်ဟု နိတုံရွာသားတစ်ဦးက ပြောသည်။

“ငွေယူတဲ့လယ်သမားတွေ ပညာဗဟုသုတနည်းတော့ ကုမ္ပဏီကလူတွေကိုကြောက်နေ ကြတယ်၊ လယ်သိမ်းရင် လယ်သမားဘက်ကခုခံကာကွယ်ဖို့ ဥပဒေရှိတယ်၊ လယ်မြေဟာ လယ်သမားတွေအတွက် လယ်လုပ်ဖို့အဓိကပဲ အခြားနည်းသုံးတာမှမဟုတ်ဘဲ” ဟု ၄င်းရွာ သားက ဆက်ပြောသည်။

ဘိုးဘွားလက်ထက်အဆက်ဆက်က အမွေဆက်ခံလုပ်ကိုင်လာသည့် လယ်မြေတန်ဖို့ကိုသိသည့် လယ်အသိမ်းခံရသည့် နိတုံရွာသားတစ်ဦးက “မျိုးရိုးစဉ်ဆက် နှစ်ပေါင်းရာချီ လက်ဆင့်ကမ်းလုပ်ကိုင်လာတာ ဘယ်လိုလုပ်ပြီး တစ်ဧကကို ငွေသုံးသိန်းခွဲနဲ့လဲပြီ ဒီလယ်ကို ထိုးအပ်ပေးရမှာလဲ။ ငွေသုံးသိန်းခွဲမပြောနဲ့ သိန်းသုံးရာလည်း မပေးနိုင်ဘူး”။

သို့ပေမယ့် “အစိုးရနဲ့ညှိလာပြီးပြီ အစိုးရပိုင်တဲ့မြေကို အစိုးရကယူရင် ပေးရမယ်တဲ့၊ အစိုးရက သနားလို့လျှော်ကြေးပေးရင် တစ်သောင်းနှစ်သောင်းပဲရ မယ်၊ အခု ကုမ္ပဏီက သုံးသိန်းခွဲတောင်ပေးတယ်ဆိုတာ အလွန့်အလွန်တန်ပါတယ်၊ အစိုးရက အတင်းသိမ်းသွားရင် တစ်ပြားမှမရဘဲ ဖြစ်သွားမယ်” ဟု ဇေကမ္ဘာကုမ္ပဏီက ပြောသည်။

လယ်မြေ၏တန်ဖိုးကို လယ်သမားမှလွဲ၍ မည်သူမှမသိနိုင်။ မြေ၏တန်ဖိုးကြီးမားပုံကိုကြည့်ရင် မြေကြီး၏ကြီးမြတ်သည့်ဂုဏ်နှင့်တွဲပြီး လူ့ဂုဏ်၏တန်ဖိုးကကြီးမြင့်လာသည်။ မြေကြီး သနင်းမင်းတဲ့၊ မြေထုပမာမေတ္တာ၊ မြေကြီးကရွှေသီး၊ မဟာပထ၀ီမြေကြီးကိုသက်သေတည်၊ မြေရှင်ကြီး စသည့်မြေကြီး၏ဂုဏ်ပုဒ်နှင့်တွဲပြီး လူ့ဂုဏ်ကို မြင့်စေသည်ဟု အသက် ၈၀ အရွယ်ရှိ နိတုံရွာ အဖိုးအိုတစ်ဦးက ပြောသည်။

သို့သော် မြေကြီးနှင့်ရင်းပြီး ပြည့်ရိက္ခာကို ထုတ်လုပ်ပေးနေသူ၊ မြေကြီးက ရွှေသီးလာအောင် လုပ်ပေးနေသူ လယ်သမားများမှာတော့ မြေရဲ့ဂုဏ်နှင့်တွဲပြီး ၄င်းတို့ဂုဏ်ကိုတင့်ဖို့၊ မြင့်ဖို့ ခေတ်အဆက်ဆက်ကလည်း အခွင့်အရေး မရရှိခဲ့ကြပါဘူး။ ချီးမြှင့်ပေးမည့်သူလည်း မရှိကြပါဘူး။ မြေရှင်ကြီး၊ လယ်ပိုင်ကြီးလိုဘွဲ့မျိုးကိုမဆိုထားနှင့်၊ လယ်လုပ်ခွင့်ကိုတောင် မနည်းကြိုးပမ်းလုပ် ဆောင်နေကြရတဲ့သူတွေပါ၊ ကံမကောင်းအကြောင်းမလှလျှင် အချုပ်ထဲကိုတောင် ရောက်ပြီး လယ်လုပ်ခွင့်ပါ အဆုံးရှုံးခံလိုက်ရသည့် လယ်သမားများ ဒုနှင့်ဒေးပါ ဟု မဆလခေတ် န၀တ၊ နအဖ ခေတ်အထိ တာဝန်ကျေစပါးပေးသွင်းခဲ့ရသည့် လယ်သမားတစ်ဦးက ပြောသည်။

လယ်သမားများအနေဖြင့် လယ်ရှင်၊ မြေရှင်ဘ၀အဖြစ် အမည်မခံခဲ့ရသော်လည်း ဗြိတိသျှကိုလိုနီစနစ်အောက်တွင် လယ်ယာမဲ့ဘ၀၊ ချစ်တီးကုလား၏လယ်ကူလီဘ၀ဖြစ်ခဲ့ရသလို စစ်အာဏာရှင်အုပ်စိုးသည့် ၁၉၆၂ ခုနှစ်မှ ယခုအချိန်ထိ ၁၉၆၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊ လယ်ယာမြေ သီးစားချဥပဒေ စသည့် ဥပဒေကြောင့် လယ်သမားများပိုင်ဆိုင်သည့်လယ်မြေသည် နိုင်ငံတော်မှပိုင်ပြီး လယ်သမားက လယ်လုပ်ခွင့်သာရ၍ လယ်စာရင်းငှားဘ၀သို့ ရောက်သွားရသည်။

၎င်းအပြင် ၁၉၈၈ ခုနှစ်မှာတက်လာသည့် စစ်အစိုးရလည်း ၂၀၀၃ ခုနှစ်အထိကို စပါးဒိုင်သို့ တာဝန်ကျေစပါး သွင်းစေခဲ့သည်။ ၂၀၀၃ နောက်ပိုင်း နိုင်ငံတော်က စပါးမ၀ယ်တော့ဟု စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် စစ်တပ်မှ စေတနာစပါး တပ်ရိက္ခာစပါးဟု အမည်အမျိုးမျိုးတပ်ပြီး လယ်သမားထံမှ စပါး ကောက်ခံနေပြန်သည်။

၎င်းအပြင် စိုက်ဧကတိုးချဲ့ရေး၊ လယ်ယာထုတ်ကုန် မြင့်မားရေး၊ မြေသယံဇာတ မြေလွတ်မြေလပ် မြေရိုင်းဖေါ်ထုတ်ရေး၊ ခေတ်မီလယ်ယာစနစ်ကူးပြောင်းရေး စသည့်လုပ်ငန်းများကို ဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းတို့က တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံကာ လုပ်ကိုင်ခွင့်ရရှိကြသည်။ ၄င်းတို့စီမံကိန်းဧရိယာအတွင်းရှိ လယ်သမားများပိုင် မြေများပါ အနိုင်ကျင့်သိမ်းယူခြင်း များစွာရှိခဲ့သည်။

“လယ်ယာမြေကို လယ်သမားများပိုင်ခွင့်မရှိအောင် ဥပဒေပြုထားတယ်၊ နောက်ပြီး စစ်အစိုးရက မျက်နှာသာပေးထားတဲ့ လုပ်ငန်းရှင်တွေကနေ လယ်ယာစိုက်ပျိုး ထုတ်လုပ်ကူးသန်း ရောင်းဝယ်ရေးမှာ လက်ဝါးကြီးအုပ်ထားတော့ လယ်သမားစစ်စစ်က ဘာအခွင့်အရေမှ မရဘူး၊ အခုမှ လယ်ကျွန်ဘ၀လုံးလုံးဖြစ်ရပြီ” ဟု ကျိုက္မရောမြို့နယ် ခရုံဂူကွင်း၌ လယ်ဧကတစ်ထောင် တိုးချဲ့စဉ် လယ်ဧက ၂၀ အသိမ်းခံရသည့် ဘာဘူကုန်းရွာ လယ်သမားတစ်ဦးက ပြောသည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းကာလများတွင် မွန်ပြည်နယ် ရေးမြို့နယ်ဒေသများ၌ မြန်မာစစ်တပ်အခြေစိုက်နေရာယူလာကာ ၁၉၉၈ – ၂၀၀၂ ခုနှစ်များတွင် မွန်ဒေသအတွင်းရှိ စပါး၊ ရော်ဘာ၊ ကွမ်းသီးခြံနှင့် အခြားဥယျာဉ်ခြံအမျိုးမျိုးမှ ဧကပေါင်း ရှစ်ထောင်ကျော် သိမ်းယူပြီး မြေပိုင်ရှင်များကိုမူ လျှော်ကြေးတစုံတရာ မပေးခဲ့ပ။ ၂၀၁၀ ခုနှစ်အထိ မြေဧကစုစုပေါင်း ၁၂၀၀၀ ကျော် သိမ်းထားပြီဖြစ်သည်။ ၄င်းအပြင် စစ်အစိုးရ၏ စီးပွားရေးထောက်တိုင်ကုမ္ပဏီများသည် တရားဝင်လယ်လုပ်ခွင့်ရရှိထားသည့် လယ်သမားများ၏လယ်ကိုတောင် ၄င်းတို့ကုမ္ပဏီအကျိုးအတွက် ကျိုက္မရောမြို့နယ် နိတုံရွာလယ်သမားများထံမှ လယ်မြေကိုသိမ်းယူရန် သိမ်းယူဖို့စည်းရုံးရေးနည်းလမ်းနှင့်တမျိုး ခြိမ်းခြောက်မှုနည်းလမ်းနှင့်တသွယ် ဇေကမ္ဘာကုမ္ပဏီက လုပ်နေတယ်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီနည်းတူ အခြားကုမ္ပဏီတစ်ခုကလည်း ပျားတောင်ဘိလပ်မြေစက်ရုံစီမံကိန်း အတွက် မြေနေရာရယူရန် လူဆယ်ဦးပါဝင်သည့်အဖွဲ့က ကော့ဒွန်း၊ ကော့ပနော၊ ပေါက်တောနှင့် ကွမ်ငန်းရွာ အနီးအနားရှိ လယ်မြေခြံမြေများကိုလိုက်လံတိုင်းတာနေသည်။ ဘာအတွက်တိုင်းတာလဲဟု မေးသည့်အခါ အထက်ကခိုင်းသည်ဟု ကော့ဒွန်းရွာသားတစ်ဦးက ပြောပါသည်။

တကယ်တော့ လယ်သမားဘ၀က ခေတ်အဆက်ဆက် အဖိနှိပ်ခံဘ၀နှင့် ရှင်သန် ရပ်တည်လာခဲ့ရသည်။ လယ်သမားအကျိုးကို တောင်းဆိုတိုက်ပွဲဝင်ပေးခဲ့သည့် လယ်သမား ခေါင်းဆောင် ဆရာစံခေတ် ပြီးခဲ့သည့်နောက် လယ်သမားအခွင့်အရေးအတွက် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်ပေးသူမပေါ်ပေါက်တော့ပါ။ ၁၉၆၂ ခုနှစ်မှစပြီ ယနေ့အထိ စစ်အာဏာရှင်အောက် ကျရောက်ခဲ့သည့် လယ်သမားများဘ၀ကား ပြည်သူလူထုဘ၀ နည်းတူပင် ဖြစ်သည်။

သို့သော် လယ်လုပ်သူလယ်ပိုင်ခွင့် ဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် ကျင်းပမည့်လွှတ်တော်သစ်မှာ အဓိကအချက်အဖြစ် မွန်အမတ်များက တင်ပြတောင်းခံသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြောခဲ့သည်။

ဤကဲ့သို့တောင်းရခြင်းမှာ “မွန်ပြည်နယ်တွင်းက လယ်သမားများအကျိုးအတွက်သာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေအတွက်ပါပဲ” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။ နိုင်ငွေသိန်း ပြောကြားသည့်အကြောင်းသည် လယ်သမားများ အထူးလိုလားတောင့်တနေသည့် အခွင့်အရေးလည်းဖြစ်သည်။ အထူးသဖြင့် ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင် နှင့် ကျိုက္မရောမြို့နယ်များမှ လယ်သမားထုက လှိုက်လှိုက်လှဲုလှဲု ထောက်ခံနေကြသည်ဟု ပေါင်မြို့နယ် ဇင်းကျိုက်ရွာက လယ်လုပ်နေသူ အငြိမ်းစားစိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောသည်။

လယ်လုပ်သူလယ်ပိုင်ခွင့်ဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် လွှတ်တော်မှာတောင်း ဆိုမည်ဟု နိုင်ငွေသိန်ပြောဆိုမှုအပေါ် “၂၀၀၈ ဖွဲ့စည်းပုံမှာ အတည်ပြုထားတဲ့ မြေသယံဇာတကို နိုင်ငံတော်ကပိုင်တဲ့အချက် တောင်းရင် ရဖို့ကလွယ်သေးဘူး၊ လွှတ်တော်မှာတောင်းမဲ့အကြောင်းကို ကြိုတင်ရဦးမယ်၊ တောင်းပြီးရင် ကိုယ့်ဘက်က အများ စုထောက်ခံဖို့လိုတယ်’’ ဟု လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က ပြောသည်။

မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုပေးသည့်အခွင့်အရေးများကို အပြည့်အ၀ မရသည့်တိုင် အတိုင်းအတာတခုအထိ ရရှိလာလျှင်ပင် လယ်သမားထုအနေဖြင့် စောင့်မျှော်ကာ နေပ့ါမည်။

ချိတ်မကလို့ ဘီကီနီပဲ ဝတ်ရ ဝတ်ရ ...

ဟန်လေး

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,1st,2010

( 33 )မွန်ပါတီ လူငယ်အရည်အချင်းမြှင့်သင်တန်း ဖွင့်မည်

( 32 )Karen visit to Phuket full of firsts

( 31 )နယ်မြို့များ၌ စက်သုံးဆီဈေး ပိုမိုမြင့်တက်

( 30 )India to build roads along Burma

( 29 )မိုး/ ဇလ မှတ်တမ်းဟောင်းများ ပျောက်ဆုံး

( 28 )Czech’s back Suu Kyi on sanctions

( 27 )Suu Kyi Strikes a Chord

( 26 )မန္တလေး ဓာတ်ဆီဈေး ကျပ် ၁၅ဝဝ တက်

( 25 )UN’s Libya action must be reproduced

( 24 )ရန်ကုန်တိုင်း ၅ မိနစ် လွှတ်တော်၊ ကော်မတီ ၂ ရပ်ဖွဲ့

( 23 )MYANMAR: Call to build up local NGOs

( 22 )အပူမများ၊ မိုးကောင်းမည်ဟု ဦးထွန်းလွင် ခန့်မှန်း

( 21 )Foreign minister assures Suu Kyi of Czech support

( 20 )ဥရောပ စီးပွားရေးပိတ်ဆို့မှု ချက်နိုင်ငံ ဆက်ထောက်ခံ

( 19 )Burma’s Aung San Suu Kyi to speak

( 18 )ဒီဇယ်ဈေးနှုန်း ထိုးတက်

( 17 )Karen people sign human rights petition against Burma

( 16 )“စပါးပြီး စပါး၊ မယားပြီး မယား” စာရေးဆရာ ကွယ်လွန်

( 15 )India expands roads to unstable border

( 14 )မော်လမြိုင်ခရိုင် နွေစပါးစိုက်ဧက လျာထားချက် မပြည့်မီ

( 13 )Karen people sign human rights petition against Burma

( 12 )ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

( 11 )Postmaster tries to flee to Myanmar

( 10 )လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား

( 9 )Myanmar hopes to meet stringent rules to sell fishmeal to China

( 8 )မြန်မာပြည်သူများ၏ ဖြစ်ရပ်ကို နားထောင်ရန် ကုလ အထူးကိုယ်စားလှယ် အသင့်ရှိ

( 7 )THAILAND Thousands of Karen refugees in Thailand risk hunger

( 6 )အင်းစိန်ဗုံးကွဲမှုကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရ

( 5 )Burma Suspends Rice Exports after Rise in Local Price

( 4 )ဗုံးကွဲအပြီး လုံခြုံရေး တင်းကျပ်မှုကြောင့် ရန်ကုန်မြို့ခံတွေ စိတ်ပျက်

( 3 )Burmese regime certain to have last word on trailblazing newspaperman Ross Dunkley

( 2 )ကရင်ပြည်နယ် ငြိမ်းချမ်းရေး ကရင်လူထုတောင်းဆို

( 1 )Burma Arrests Two Foreigners for Spying