Wednesday, March 23, 2011

သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရဖြစ်တဲ့ခေတ်

ရဲဘော်ဖိုးသံချောင်း

နိုင်ငံတကာ ပြက္ခဒိန်မှာ နှစ်သစ်တနှစ်ကူးတယ်ဆိုတာနဲ့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့၊ အနီးခေတ်ဗမာ့သမိုင်းမှာ ဂုဏ်ယူစရာ အကောင်းဆုံး အထိမ်းအမှတ်နေ့တွေ တခုပြီး တခုဆက်နေခဲ့ပြီး အဲဒီနောက်မှာ မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲတော်ကို ရောက်လာခဲ့ပါတယ်။ နှစ်သစ်တနှစ်ကို အင်မတန်ကျက်သရေ ရှိစွာဖြတ်သန်းရတာပါ။ ဒါပေမဲ့အခုတော့ မတ်လ၂ရက်နေ့ ရောက်တယ်ဆိုတာနဲ့ ၁၉၆၂ခုနှစ် အာဏာသိမ်းတာကို ဂုဏ်ပြုထားတဲ့ “လယ်သမားနေ့”၊ မတ်လ ၂၇ရက်နေ့ရောက်တော့ ဘုန်းကြီးတွေလည်းမချန်၊ ပြည်သူလူထုကို သေနတ်နဲ့ပစ်၊ သတ်ဖြတ်နေတဲ့ စစ်တပ်ကိုဂုဏ်ပြုထားတဲ့“တပ်မတော်နေ့” ဖြစ်နေပြန်ရော။

တကယ်ကျတော့ နအဖစစ်ဗိုလ်တွေဟာ ဒီတပ်မတော်ရဲ့“ဗြဟ္မာကြီးလေးဦး”လို့ ဆိုရမယ့် ရဲဘော်သုံးကျိပ်၊ ဘီအိုင် အေ၊ ဘီဒီအေ စတာတွေကိုမေ့ပစ်၊ ချောင်ထိုးလိုက်ကြပါပြီ။ အခုကိုပဲ လွှတ်တော်နဲ့သမ္မတရဲ့ အထက်က ကာကွယ်ရေးဦးစီးချုပ်လို့ တွေ့နေရပါပြီ၊

သမိုင်းကို ပြန်ကြည့်လိုက်ရင် တပ်မတော်ဟာ လွတ်လပ်ရေး ရကာစတုန်းက ဖဆပလအစိုးရရဲ့ ချုပ်ကိုင်မှုကို လက်ခံခဲ့ ပါသေးတယ်။ ပြည်တွင်းစစ် တိုက်နေရလို့ ရန်ကုန်အစိုးရသာသာ ကျန်တော့တဲ့အခါမှာ ဦးနုက အိန္ဒိယကနေ လက်နက်ခဲယမ်း တောင်းပေးတာ ဘာညာတွေလုပ်ပေးနေတော့ စစ်တပ်ဟာ တည်ရှိနေတဲ့အစိုးရရဲ့ အမိန့်ကို နာခံပါတယ်။ အဲဒီနောက် ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှု ဖြစ်ပွားလာတော့လည်း တည်ရှိနေတဲ့ အစိုးရက ကုလသမဂ္ဂမှာဒီကိစ္စကို ပြောနေဆိုနေ တာတွေ လုပ်နေတာဖြစ်တော့ စစ်တပ်ဟာ အစိုးရရဲ့စကားကို နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖဆပလ အတွင်း ဂိုဏ်းတိုက်ပွဲတွေစတင် ပေါ်ပေါက်လာတာနဲ့အမျှ ဆိုရှယ်လစ်အုပ်စုဟာ သူတို့ရဲ့ဆိုရှယ်လစ်ပါတီဝင်တွေဖြစ်တဲ့ စစ်တပ်ထိပ်သီးပိုင်းက လူတွေကို စည်းရုံးတာ လုပ်ပါတော့တယ်။ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်က ဖဆပလအဖွဲ့ကိုယ်စား အတိုက်အခံတွေကိုသတ်တာ၊ “ဆုံးမတာ” တွေလုပ်ပေးတာဟာ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ဘက်လိုက်လာတာကို အထင်အရှား ပြလာတာဖြစ်ပါတယ်။ တပ်မတော်ဟာ အာဏာရအစိုးရရဲ့စစ်တပ်မဟုတ် တော့ပဲ ဖဆပလရဲ့ စစ်တပ်ဖြစ်လာနေတဲ့ လက္ခဏာပါ။

ဒီလိုနဲ့ ဖဆပလအတွင်း အက်စပြုလာတော့ ဆိုရှယ်လစ်တွေဟာ စစ်တပ်ကို ကိုယ့်လူအဖြစ် အပိုင် တွက်ပါတော့တယ်။ တွက်လည်း တွက်လောက်ပါတယ်။ အဲဒီတုန်းက စစ်တပ်ထိပ်ပိုင်းရဲ့ ရာခိုင်နှုန်း၈ဝလောက်ဟာ ဆိုရှယ်လစ်ပါတီ အနွယ်တွေ ဖြစ်နေတာပါ။ ဖဆပလထိပ်ပိုင်းမှာကွဲပြီး ယိုင်နေတာ၊ ပြည်သူလူထုက ဖဆပလအစိုးရကို အယုံအကြည်လျော့နည်းလာတာ စတာတွေကို ရှစ်စပ်ကလည်တဲ့ ဗိုလ်နေဝင်းက ကောင်းကောင်းသတိထားမိပါတယ်။ အဲဒီလိုဖရိုဖရဲ အားနည်း နေတဲ့အုပ်စိုးသူကိုသေနတ်နဲ့အမိန့်ပေးရင်ရတယ်လို့ အခြေအနေမှန် တွက်လိုက်မိပါတယ်။ ဒါကြောင့် ၁၉၅၈ခုနှစ် အာဏာသိမ်းပွဲကို ဖော်ထုတ်လိုက်တာပါပဲ။ ဒီနောက်မှာတော့ အာဏာသိမ်းရတာ အင်မတန် လွယ်ကူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်စောင့် အစိုးရလို့ ကြေညာထားမိတဲ့အလျောက် ၁၉၆ဝရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပထစကို အာဏာလွှဲပေးလိုက်ပါတယ်။ တချိန်ထဲမှာပဲ သူ့အုပ်စုတခုကို အသေအချာ ပြင်ဆင် တည်ဆောက်ပါတော့တယ်။ နိုင်ငံရေး ဝင်္ကဘာရဲ့ အကွေ့အချိုးတွေမှာ သူ့ကိုအာခံမယ်လိုထင်ရတဲ့ ဆိုရှယ်လစ်စစ်ဗိုလ် အတော်များများကို တပ်ထဲက ပ'ထုတ်ခဲ့ပါတယ်။ ဒါဟာလည်း သေနတ်နဲ့လုပ်တဲ့ အစီအစဉ်မို့ မြန်မြန်ဆန်ဆန် လွယ်လွယ် ကူကူပဲ ပြီးမြောက်သွားပါတယ်။

၁၉၆၂ အာဏာသိမ်းတာဟာ ရာသက်ပန် အစိုးရတရပ် ထူထောင်တာပါပဲ။ ၅၈ ခုနှစ် အာဏာသိမ်းမှုဟာ အစမ်း အာဏာသိမ်းတာ၊ ၆၂ခုနှစ် အာဏာသိမ်းမှုဟာ တကယ်တမ်း အာဏာသိမ်းတာလို့ ဆိုရမှာပါ။ ဒီအချိန်ကစပြီး ဗမာနိုင်ငံမှာ သေနတ်ကို အမိန့်ပေးနိုင်သူဟာ အစိုးရကို အမိန့်ပေးနိုင်တဲ့ အဆင့်ကနေ သေနတ်ကို အမိန့်ပေးနိုင်သူဟာ အစိုးရလုပ်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားပါပြီ။ ဒါကိုပြောင်းပြန်ပြောရရင် သေနတ်ကို အမိန့်မပေးနိုင်ရင် အစိုးရ မလုပ်ချင်နဲ့လို့ လောဂျစ် ဆွဲယူလို့ရပါတယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် သက်တမ်းရှည်လာတော့ ဗမာပြည် စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချ အသက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းအပါ ထိပ်သီးအမြောက်အမြားဟာ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နေရာကနေ စွန့်ခွာတယ်ဆိုတာနဲ့ သေနတ်ကို အမိန့်ပေးတဲ့ တခြားတယောက်က သူတို့ကို ပြန်အမိန့်ပေးတာတွေ ခံကြရပါတော့တယ်။

ဗိုလ်ချုပ်နေဝင်းအဖြစ်ကနေ သင်ခန်းစာယူထားတဲ့ ဗိုလ်သန်းရွှေတို့ရေးဆွဲလိုက်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သူတို့ရဲ့ရွေးကောက်ပွဲတွေက တင်လာမယ့် လွှတ်တော်တွေကနေ သေနတ်ကို (တပ်ကို) အမိန့်မပေးနိုင်အောင် ကြိုးစားပမ်းစား ရေးဆွဲထားတယ်ဆိုတဲ့ အချက်ကို သတိပြုပါ။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်- သမ္မတ ခန့်ထားတာထက် ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတာတွေက ပိုပြီးကြန့်ကြာနေတာတို့ဟာ တိုင်းပြည်မှာ ဘယ်တာဝန်၊ ဘယ်ရာထူးက အရေးပါဆုံး ဖြစ်တယ်ဆိုတာကို ပြသနေတာ တမျိုးပါပဲ။ ဒါ့အပြင် အစိုးရထဲက အစိုးရဆိုတာထက်ဆိုးတဲ့ အစိုးရအပြင်က အစိုးရလို့ ဆိုရမယ့် အကလက (အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ) ဆိုတာကလဲ တသီးတခြား၊ ထီးထီးမားမား တည်ရှိနေပါသေးတယ်။

မမေ့သင့်တာက အစိုးရတရပ်ဟာ ရွေးကောက်ပွဲသဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်စေ၊ တခြားဘယ်သဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်စေ စစ်တပ်ကို ပြည်သူ လူထုချုပ်ကိုင်မှုအောက်က ခွဲထုတ်ပြီး သီးသန့် ချုပ်ကိုင်ထားရင် အဲဒီအစိုးရဟာ စစ်အာဏာရှင် အစိုးရပဲ ဖြစ်နေမှာပဲဆိုတဲ့ အချက်ပါ။ အဝတ်အစား၊ အပြောစကား၊ အရေးအကြွားတွေကိုကြည့်ပြီး သတ်မှတ်နေလို့ကတော့ နိုင်ငံရေးအရ ညံ့ဖျင်းရာ ကျလွန်းတယ်လို့ထင်ပါတယ်။

ဒီနေ့ဗမာပြည်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ အဓိက အကျဆုံး ပြဿနာဟာ တပ်မတော်ကို ပြည်သူလူထုရဲ့ ကွပ်ကဲမှု အောက်ပြန်ပို့ရေးဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ အစိုးရတရပ်ရဲ့ အမိန့်ကိုနာခံတဲ့ တပ်ဖြစ်စေဖို့ ဖြစ်ပါတယ်။ အခုတော့ နအဖရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရဆိုရင် ဒီစစ်တပ်ကြီးဟာ အကလက (အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ) နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့အမိန့်ကိုပဲ နာခံမယ်ဆိုတာလို ဖြစ်နေပါတယ်။ အခုတော့ ဒီစစ်အုပ်စု တခုရဲ့လက်ကိုင်တုတ်လိုဖြစ်နေတဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ ဂုပ်ပေါ်မှာဝဲနေတဲ့ဓား၊ တိုင်းပြည်အထက်မှာ ပျံဝဲခြိမ်းခြောက်နေတဲ့ ဗုံးကြဲလေယာဉ်ကြီးလိုဖြစ်နေပါတယ်။ စစ်တပ်ကို စစ်တန်းလျား ပို့ရမယ့်အစား လွှတ်တော်ထဲ၊ အိမ်ဦးခန်းထဲကို ခေါ်သွင်းလာခဲ့ပါပြီ။ ဒါ့အပြင် လွှတ်တော်က မချုပ်ထိန်းနိုင်တဲ့ ဒီစစ်တပ်ကို အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်တွေ ပေးထားပါတယ်။

အခုလိုပြည်သူနဲ့ စစ်တပ်ဆက်ဆံရေးမှာ ဘုရားကားအောက် မျောက်ကားအထက်ဖြစ်နေတဲ့ အနေအထားကို ပြန်မပြောင်းနိုင်သေးသရွေ့ တိုင်းပြည်ဟာ စစ်တပ်ရဲ့အနိုင်ကျင့်မှုကို ခံနေရပါလိမ့်မယ်။ ပြည်သူလူထုကို စစ်တပ်ရဲ့လုပ်စာ စားနေရတယ်ဆိုတဲ့ အမြင်မျိုးဖယ်ရှားပြီး ပြည်သူလူထုဟာ တပ်မတော်ရဲ့မွေးမိဘ၊ ကျွေးမိဘဖြစ်ကြောင်း တပ်မတော်သားတွေကို သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။ ဗမာပြည်မှာ သဘာဝကပ်ဘေးတွေ ကြုံတွေ့ရရင် တပ်မတော်ဟာ သူများနိုင်ငံတွေမှာလို ရှေ့တန်းကထွက်လာပြီး လူထုကိုကူညီ။ ကယ်ဆယ်တဲ့အနေအထား မျိုးပြန်ရောက်မှ လူထုနဲ့တပ်မတော်ဆက်ဆံရေးလည်း တဖြည်းဖြည်း ပုံမှန်ဆီ ပြန်ရောက်မှာပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,23rd,2010

( 32 )မီဇိုရမ်ရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

( 31 )Sanctions must stay in place

( 30 )မြန်မာနိုင်ငံသား ၄၂ ဦး မီဇိုရမ်ရဲကဖမ်း

( 29 )Thousands feared missing after storm

( 28 )မွန်ရိုးရာ ဆို က ရေး တီး သင်တန်း မော်လမြိုင်မြို့ တွင် ဖွင့်လှစ်

( 27 )Refugees reject ‘insurgent, criminal’ claims

( 26 )ရန်ကုန် မိုးသက်လေပြင်း တိုက်နိုင်

( 25 )Burma Says Thailand Can Do More to Stop Karen Insurgents

( 24 )အထက်နှင့် အောက်လွှတ်တော် ပြန်ပေါင်း စည်းဝေးမည်

( 23 )Skype gets banned in Burma

( 22 )ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မြန်မာ့အရေးလှုပ်ရှားသူများ သွားရောက်ဆွေးနွေး

( 21 )Shouldering China’s toxic burden

( 20 )မြန်မာများကို ကူညီသူ မလေးရှားရှေ့နေအား ဂျပန်ကုမ္ပဏီက တရားစွဲ

( 19 )Counter allegation on Burma Camp land dispute

( 18 )မုန်တိုင်းသင့် လယ်များ ရေငံမဝင်ရေး ကိုယ့်အားကိုယ်ကိုး လုပ်နေရ

( 17 )Burma (Myanmar) Bans VoIP

( 16 )စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်စီးခ ဈေးနှုန်းများ ရခိုင်တွင် မြင့်တက်နေ

( 15 )Burmese minister says Thailand prolonging conflict

( 14 )မုန်တိုင်းသင့် လယ်များ ရေငံမဝင်ရေး ကိုယ့်အားကိုယ်ကိုး လုပ်နေရ

( 13 )Thai investments to focus on Dawei: NESDB

( 12 )မုံရွာမှာ မီးလောင်

( 11 )Thailand could help curb Karen insurgents

( 10 )အစိုးရသစ်တက်ပြီး ကင်တားနား မြန်မာပြည်သွားမည်

( 9 )Counter allegation on Burma Camp land dispute

( 8 )ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လို

( 7 )Mystery cruise in Burma

( 6 )နေပြည်တော်ရှိ လိင်လုပ်ငန်းနှိမ်နင်းရေး အောင်မြင်ဖွယ်မရှိ

( 5 )Wa Leader Vows to Fight On

( 4 )သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို

( 3 )Burmese media: real information is still rare

( 2 )မောင်တောမှာ တာလီဘန် မသင်္ကာသူတွေကို လိုက်လံဖမ်းဆီး

( 1 )Portrait of a Karen Warrior

Tuesday, March 22, 2011

FTUB ဦးမောင်မောင် စစ်ဆေးရေး ကော်မရှင် NCUB ဖွဲ့

ဧရာဝတီ Tuesday, 22 March 2011

မြန်မာ အတိုက်အခံ တပ်ပေါင်းစု ခေါင်းဆောင် တဦးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံတွင်းသို့ ၃ ကြိမ် သွားရောက်ခဲ့သည် ဆိုသည့် လတ်တလော ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကော်မရှင် တရပ် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြီးခဲ့သည့်စနေနေ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ဖွဲ့စည်းခဲ့ရာ ဒေါက်တာအေးကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပဒိုစောအားတိုး၊ မိုင်ဘုန်းကျော် နှင့် ဦးသိန်းဦး တို့ ပါဝင်သည်။

၎ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို NCUB ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားပြီး လွတ်လပ်သည့် စုံစမ်း စစ်ဆေးမှုများအတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ အပ်နှင်းထားသည်။

၎င်းအဖွဲ့က လိုအပ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအား မေးမြန်းစစ်ဆေးမှုများကို အမြန်ဆုံး ပြုလုပ် သွားမည် ဖြစ်ကာ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို NCUB သဘာပတိအဖွဲ့ထံသို့ တင်ပြ အစီရင်ခံသွားမည် ဖြစ်သည်။

ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံချက်များအရ NCUB သဘာပတိအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားနာ သွားမည်ဟု အမည်မဖေါ်လိုသည့် တပ်ပေါင်းစု ခေါင်းဆောင်တဦးက ပြောသည်။

NCUB သည် ထိုင်း - မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့များနှင့် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ ပေါင်းစပ် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုအဖွဲ့တဖွဲ့ဖြစ်သည်။

ဦးမောင်မောင်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့သည်ဟု ဦးမောင်မောင်၏ မိခင်အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ၏ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက ယခုလ ၃ ရက်နေ့တွင် အင်တာနက် စာမျက်နှာများမှတဆင့် ဖွင့်ချခဲ့သည်။

အဆိုပါ ဖွင့်ချချက်များကို ထိုင်းနိုင်ငံအခြေစိုက် ဒေါက်တာလွဏ်းဆွေ ဘလော့တွင် ထပ်ဆင့် တင်ပြထားရာ ပြည်တွင်း ပြည်ပမှ ၀င်ရောက်ကြည့်ရှုသူ ၁ ရက်လျှင် သောင်းဂဏန်း နီးပါးရှိသည်ဟု သိရသည်။

ဘလော့ဂါ ဒေါက်တာလွဏ်းဆွေက “တော်လှန်ရေး ကောင်းကျိုးကို ရှေးရှုပြီး ဒီသတင်းကို တင်ပြတာပါ။ တော်လှန်ရေး ခေါင်းဆောင်တဦး အနေနဲ့ စစ်အစိုးရနဲ့ သွားတွေ့ရင် ဗိုလ်ချုပ်မြက ဦးခင်ညွန့် တို့နဲ့ သွားတွေ့သလို တရားဝင်သွားရမှာ ဖြစ်တယ်။ အခု ထွက်နေတဲ့ သတင်းအတိုင်း သွားတာဟုတ်ခဲ့ရင် ဒါ ခိုးကြောင်ခိုးဝှက်နဲ့ မရိုးသားတဲ့ ပြဿနာပဲ။ ဒီကိစ္စ မှန်ခဲ့ရင် အရေးယူ ဖော်ထုတ်နိုင်ဖို့ မီဒီယာအနေနဲ့ လူတွေ အမှန်အတိုင်းသိဖို့ တင်ပြပေးတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွပ်စွဲချက်များနှင့် ပတ်သက်၍ လုံးဝ အခြေအမြစ်မရှိကြောင်း၊ စွပ်စွဲထားသည့် ကာလများတွင် တပ်ပေါင်းစု အစည်းအဝေးများ၌ ၎င်းရှိသည့် မျက်မြင်သက်သေ များလည်းရှိကြောင်း ဦးမောင်မောင်က ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာနများကို ပြောကြားခဲ့သည်။

စွပ်စွဲချက်တွင် ပါရှိသည့် မြန်မာနိုင်ငံ ခရီးစဉ် ၃ ခုအနက် ၂ ခုကိုသာ ဦးမောင်မောင်ဘက်က သက်သေ အကိုးအကားများနှင့် ဖြေရှင်းနိုင်ခဲ့ပြီး ကျန်ခရီးစဉ် ၁ ခုနှင့် ပတ်သက်၍ ဖြေရှင်းမှု မရှိသေးကြောင်း သိရသည်။

လတ်တလော ထွက်ပေါ်နေသည့် မြန်မာ အတိုက်အခံခေါင်းဆောင် တဦးအပေါ် စွပ်စွဲချက် များနှင့် ပတ်သက်၍ တပ်ပေါင်းစု အဖွဲ့အစည်းများနှင့် မဟာမိတ်များအကြားတွင် စုံစမ်းရေး ကော်မရှင်၏ အစီရင် ခံစာကို အထူးစိတ်ဝင်စားလျက် ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု၏ တပ်မှူးကြီး တဦးက ပြောသည်။

လစ်ဗျားသတင်းကြောင့် စလောင်း ရောင်းအားကောင်း

လင်းသန့် Tuesday, 22 March 2011

အရှေ့အလယ်ပိုင်း နိုင်ငံများတွင် လူထုအုံကြွမူများ ဖြစ်ပွားနေမှုနင့် လစ်ဗျားနိုင်ငံ အာဏာရှင် ဂဒါဖီအား နိုင်ငံစုံတပ်များ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် စိတ်ဝင်စားမှုများကြောင့် မြန်မာနိုင်ငံ ရန်ကုန်နှင့်မြို့ကြီးများတွင် ဂြိုဟ်တု စလောင်း ရောင်း အား မြင့်တက်သွားသည်။

“ကမ္ဘာ့ဖလားတုန်းက သိပ်ရောင်းအားမတက်ခဲ့ဘူး၊ အခု လစ်ဗျားကိုဝင်တိုက်တော့ စလောင်းရောင်းအားက ချက်ချင်းတက် သွားတာ၊ ဒီရက်ပိုင်း သိသိသာသာပဲ”ဟု ရန်ကုန်မြို့ရှိ စလောင်း တပ်ဆင်ရောင်းဝယ်ရေး လုပ်ဆောင်နေသူ တဦးက ဧရာဝတီ ကို ပြောသည်။

မန္တလေးမြို့မှ ဂြိုဟ်တုစလောင်းနှင့်စလောင်းဖမ်းစက် ရောင်းဝယ်တပ်ဆင်ပေးသူ တဦးကလည်း“ဒီရက်ပိုင်း ၈ ပေစလောင်း ဆင်တာ အခုနည်းနည်းများလာတယ်၊ ၈ ပေ စလောင်း၊ မန္တလေး ဗန်း ပေါ့၊ သုံးသောင်းကျော် ဖမ်းစက်နဲ့ပဲ ပိုဆင်တာများတယ်၊ ယူဘီစီ(UBC)နဲ့ က လိုင်းအားကောင်းတယ်၊ ၇ သောင်း ပဲရှိတော့ နည်းနည်း တတ်နိုင်တဲ့သူတွေက အဲဒါကြိုက်ကြ တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဂြိုဟ်တုစလောင်း တပ်ဆင်အသုံးပြုသူအများစုမှာ ငွေကြေးတတ်နိုင်သူများဖြစ်ကြပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူအများစုသည် ငွေကြေးမတတ်နိုင်သောကြောင့် အဆိုပါဂြိုဟ်တုစလောင်းသတင်းများကို လက်ဖက်ရည်ဆိုင်များနှင့်နီးစပ်ရာ စလောင်းတပ်ဆင်ထားသောအိမ်များတွင် သွားရောက်ကြည့်ရှုကြရသည် ဟုသိရသည်။

“အခု ကမ္ဘာကြီးမှာ လူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတော့ မြန်မာလူထုက အလေးပေးအာရုံထားတယ်၊ စလောင်း ကတဆင့် တွေ့ရမြင်ရတာပေါ့၊ စိတ်ဝင်စားမှုမြင့်လာတယ်၊ အထူးသဖြင့်အခုရက်ပိုင်း ဂဒါဖီကို နိုင်ငံစုံတပ်တွေ ၀ိုင်းတိုက် တာကိုပေါ့၊ အားကျနေကြတာပေါ့”ဟု ရန်ကုန်မြို့နေ နိုင်ငံရေး အကဲခတ် တဦးက ပြောသည်။

ယခုတလော အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည့် သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြမှုမရှိသောကြောင့် မြန်မာပြည်သူများအနေဖြင့် ပြည် ပ အသံလွှင့် ဋ္ဌာနများနှင့် ဂြိုဟ်တုစလောင်းများကို ပိုအားထားကြသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေး တတ်နိုင်သူများက ကတ်စနစ်သုံး ၂ ပေ စလောင်း သုံးစွဲပြီး ဖမ်းစက်ဖြင့် ၈ ပေ စလောင်း ကို ငွေကြေးအနည်းငယ်သာ တတ်နိုင်သူများက သုံးစွဲကြခြင်းဖြစ်သည်။ ထိုင်းမှတင်သွင်းသော ကတ်သည် လိုင်းကောင်းသော် လည်း ဈေးမသက်သာ၍ လူသုံးနည်းပြီး တရုတ်မှ တင်သွင်းလာသော ကတ်များမှာ ဈေးနှုန်းချိုသာသောကြောင့် လူသုံးများကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂြိုဟ်တုစလောင်းနှင့်ပတ်သက်ပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်များ လက် ၀ယ်ထားရှိခြင်းဆိုင်ရာ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာန အမိန့်အမှတ်(၁/၉၃)“ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာ အမိန့်” ဖြင့် အစိုးရက ကန့်သတ်ထားသည်။

မြန်မာစစ်အစိုးရသည် ယခုအထိ ဂြိုဟ်တုစလောင်းတပ်ဆင် အသုံးပြုမှုကို လိုင်စင်ဖြင့်ခွင့်ပြုပေးပြီး နှစ်စဉ်ကြေး တနှစ် အတွက် ကျပ် ၁ဝ သိန်းအထိ တိုးမြှင့် ကောက်ခံရမည်ဆိုသည့် ညွှန်ကြားချက်ကို ၂၀၀၈ နှစ်ဆန်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စအပေါ် ပြင်ပအခြေစိုက် မီဒီယာများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သောကြောင့် ယနေ့အထိ လိုင်စင် သက်တမ်း တိုးပေးခြင်းမပြုကြောင်း၊ ထို့ကြောင့် မြန်မာတနိုင်ငံလုံး၌တပ်ဆင်ထားသော သိန်းနှင့်ချီသည့် ဂြိုဟ်တုစလောင်းဖမ်းစက်များ သက်တမ်း ကုန်ဆုံးနေကြောင်း သိရသည်။

“အစိုးရက ပြည်သူတွေကို နိုင်ငံတကာရုပ်သံလိုင်းတွေ ကြည့်တာသိပ်မကြိုက်ဘူး၊ ဒါကြောင့် စလောင်းအခွန်တွေကိုအလွန် အကျွံ ဆယ်သိန်း ဆိုပြီးဆောင်ခိုင်းခဲ့တာ၊ အခုရက်ပိုင်း စလောင်းသတင်းတွေကကောင်းတော့ နည်းနည်း တတ်နိုင်တဲ့ လူတွေက အပြေးအလွှား စလောင်းတွေပြေးဝယ်ကြတယ်၊ ဒါကလည်း နားလည်မှုနဲ့ပဲပေါ့၊ သူတို့ဆီက ရောင်းတဲ့ကတ်တွေက အခွန်ဆောင်စရာမလိုပေမယ့် ဆင်ဆာဖြတ်တယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်မြို့ခံ တဦးက“အခု Sky Net တို့ ၊ Forever Groupတို့၊ Family intertainment တို့ကို သူတို့ ရောင်းတယ်၊ အခွန် ဆောင်စရာ မလိုဘူးပေါ့၊ ဒါပေမယ့် CNN ၊ BBC ၊ အယ်ဂျာဇီးရား တို့ ကျတော့ ဆင်ဆာနဲ့ပေါ့၊ ဒါတွေက သူတို့ဟာတွေဆိုတော့ တရားဝင်လိုင်းတွေပေါ့၊ ဒါတွေကို လူတွေက မကြိုက်ကြဘူး”ဟု ပြောသည်။

ဆက်သွယ်ရေးဥပဒေအရ တရားမဝင် ဂြိုဟ်တုစလောင်း တပ်ဆင်ထားမှုကို တွေ့ရှိပါက ဆက်စပ် ပစ္စည်းများကို နိုင်ငံပိုင် အဖြစ် သိမ်းမည့်အပြင် တပ်ဆင်ကြည့်ရှုသူကိုလည်း အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ပြဌာန်း ထားသည်။

၂၀၀၈ ခုနှစ်ကလည်း အစိုးရအာဏာပိုင်များသည် စလောင်းအရောင်းဆိုင်များတွင် ၀င်ရောက်ရှာဖွေမှုများပြုလုပ်ပြီး တရားမ၀င် ဂြိုဟ်တုစလောင်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ကန့်သတ်မှုများ လုပ်ခဲ့သည်။

ယခုလည်း စလောင်းများကို ၀ယ်လိုအားကြောင့် တိတ်ဆိတ်စွာရောင်းဝယ် တပ်ဆင်ပေးနေရပြီး နိုင်ငံတကာသတင်းကြည့် လိုသူများအတွက် ဂြိုဟ်တုစလောင်းမှ ရုပ်သံသတင်းများသည် ပြတင်းတံခါး တချပ်ဖြစ်သည်ဟု နိုင်ငံတကာသတင်းများကို မပြတ်ကြည့်ရှုနေသူ ရန်ကုန်သူ တဦးက ပြောသည်။

“ဒီမှာက စလောင်းတပ်ဆင်တာက များသောအားဖြင့်သူတို့ဥပဒေဆိုတာကြီးနဲ့ငြိတယ်၊ ခင်ဗျားတို့ သတင်းဋ္ဌာနတွေက အဲဒါရေးရင် ကျနော်တို့ကြည့်နေရတဲ့ စလောင်းတွေ ပြန်သိမ်းခံရမှာ၊ အခုဟာက အားလုံးနားလည်မှုနဲ့ပဲ ကမ္ဘာကြီးကို စလောင်း ကတဆင့်မြင်နိုင် ကြည့်နိုင်နေရသေးတယ်”ဟု ရန်ကုန်မြို့ခံက ပြောသည်။

ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင် ထာဝရပိတ်မည်

ဧရာဝတီ Tuesday, 22 March 2011

ရန် ကုန်မြို့ရှိ ရွှေတိဂုံ စေတီပေါ်၌ စိုက်ထူထားသော ကျောင်းသားသပိတ် အထိမ်းအမှတ် သမိုင်းဝင် ကျောက်စာတိုင်အား နိုင်ငံရေး လှုပ်ရှား မှုများ ပြုလုပ်မည်ကို စိုးရိမ်သည့်အတွက် ဆက်လက်ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ရွှေတိဂုံစေတီ ဂေါပက အဖွဲ့တာဝန်ရှိသူ တဦးက ပြောဆိုလိုက်သည်။

အစိုးရသစ် ပြောင်းလဲသွားမည် ဖြစ်သော်လည်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ အနေနှင့် မူဝါဒပိုင်းအရသော် လည်းကောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် သော်လည်းကောင်း အပြောင်းအလဲ ရှိမည်မဟုတ်ဘဲ စေတီပေါ်၌ နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အရ တားဆီးမှုများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပက တာဝန်ရှိသူက ပြောပြသည်။

မူဝါဒပိုင်းကော၊ လုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းကော ဘာမှမပြောင်းလဲပါဘူး။ စေတီတော်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့တွေကလည်း သူတို့လုပ်ငန်းစဉ်တွေ ဆက်လုပ်ကြမယ်။ အစိုးရသစ် ဆိုပေမယ့် အရင်က လူကြီးတွေဆိုတော့ သိပ်ထူးထူးထွေထွေ ပြောင်းစရာ မရှိဘူး။ စနေထောင့်က သမိုင်းဝင် ကျောက်စာတိုင်လည်း ဖွင့်ပေးဖို့ မရှိဘူး။ အစကတည်းက တသက်လုံး ပိတ်ထားဖို့ ညွှန်ကြားထားပြီး သား။ အဲဒီနေရာကို ကျောင်းသားတွေ လာစုပြီး ဆူပူဖို့ စုဝေးတာတွေ ဖြစ်မှာစိုးလို့”ဟု ဂေါပက တာဝန်ရှိသူက ဆိုသည်။

၂၀၀၉ ခု နှစ်ကုန်ပိုင်း ကတည်းက အထူးကန့်သတ် နယ်မြေအဖြစ် ပိတ်ပင်ထားသည့် ရွှေတိဂုံစေတီ စနေထောင့်အနီး နေ လ ဘုရား နှစ်ဆူဘေးတွင် စိုက်ထူထားသော ကျောက်စာတိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောင်းသား သပိတ်ဟု ဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင်ပေါက်ဖွားရန် ရန်ကုန်ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံး သစ္စာပြုခဲ့သည့် နေရာတခုဖြစ်ပြီး ယင်းသမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် ၀န်းကျင်တခုလုံးကို သံပန်းများဖြင့် ကာရံ၍ အနီးတွင် လုံခြုံရေး ၀န်ထမ်းများ စဉ်ဆက်မပြတ် ချထားခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရှိရသည်။

ယင်းကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့် ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်း သားကြီး ၁၁ ဦးဖြစ်သော ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့၏ အမည်များနှင့် ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ် အက် ဥပဒကို သပိတ်မှောက်ရန် ကျောင်းသားများ လျှို့ဝှက်သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင် ရေးထိုးထားသည်။

ထိုသို့ ကျောင်းသားများ စတင်သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ် အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ်ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

ကိုလိုနီခေတ်စနစ်၏ ကျွန်ပညာရေးစနစ်ကို တော်လှန်သော သမိုင်းဝင်နေရာကို ပိတ်ပင်ထားခြင်းသည် သမိုင်းကိုဖျောက်ဖျက်ရန် ကြိုးစားခြင်းဖြစ်ပြီး နိုင်ငံအတွက် ရှေးဟောင်းသမိုင်းဝင် နေရာတခုဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ဂျာမန် ဧည့်လမ်းညွှန်တဦးက ပြော သည်။

“ဧည့်သည်တွေက မေးတယ်။ အဲဒီ ကျောက်တိုင်ကြီးက ဘာလဲ။ ဘာလို့ပိတ်ထားတာလဲ မေးကြတယ်။ ကျနော်တို့ကတော့ မေးရင် ရှင်းပြတယ်။ ဒီနေရာက ကျောင်းသားတွေ အင်္ဂလိပ်ကိုလိုနီကိုတော်လှန်ဖို့ဆွေးနွေးကြတဲ့ အထိမ်းအမှတ်နေရာလို့ပြောတော့ သူတို့က သမိုင်းတန်ဖိုးအရမ်းကြီးတယ်လို့ ပြန်ပြောတယ်။ သမိုင်းဝင်နေရာကို ပိတ်ပင်တာ မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ဝေဖန်ကြတယ်”ဟု ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေရာတခုဖြစ်ရုံမျှမက မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသော နေရာတခုဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရပြီးနောက်ကာလ အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုများ စတင် မွေးဖွားသန္ဓေတည်ရာ သမိုင်းဝင်နေရာတခုဖြစ်သောကြောင့် အာဏာရှင်အစိုးရအဆက်အဆက် စိုးရိမ်ကြခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း သတင်းဂျာနယ်အယ် ဒီတာတဦးက ပြောဆိုသည်။

“အာဏာရှင်တွေကြောက်မယ်ဆိုရင်လည်း ကြောက်လောက်စရာပဲ။ ဒီစေတီတော်ကြီးကို သစ္စာပြုပြီး တော်လှန်ရေးလုပ်ခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်တွေကလည်း သမိုင်းတလျှောက်မှာ နည်းမှ မနည်းပဲကိုး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို သံဃာတော် တွေ ဦးဆောင်တဲ့ တော်လှန်ရေးကြီးကလည်း ဒီစေတီတော်ကြီးကိုပဲ အခြေပြုပြီးဖြစ်ခဲ့တာဆိုတော့ အာဏာရှင်တွေ ချောက်ချားကြ တာ မဆန်းပါဘူး”ဟု ရန်ကုန်မြို့ခံတဦးကလည်း ပြောသည်။

ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်မည့် မုခ်များအားလုံးတွင် ရဲ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် အရပ်ဝတ် ထောက် လှမ်းရေးများ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့များကို ၂၄ နာရီမပြတ်ချထားပြီး ဘုရားဖူးလာသူများအား စစ်ဆေးလေ့ရှိကာ စေတီရင်ပြင် တခုလုံးတွင်“မိုင်း အသိ၊ မိုင်း သတိ” ဆိုသော ဆိုင်းဘုတ်တချို့ ထားရှိသည်ကိုလည်း တွေ့ရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနား ကြပ်ပြေးဒေသကို နေပြည်တော်ဆိုသော အမည်နှင့် မြို့တော်အဖြစ် သတ်မှတ်ပြောင်းရွှေ့ပြီးနောက် အဆိုပါမြို့သစ်တွင် ရွှေတိဂုံစေတီ ပုံတူ ဥပ္ပါတသန္တိစေတီတဆူကို တည်ထား ကိုးကွယ်လျက်ရှိသည်။

တာလီဘန်နှင့် ဆက်စပ်သူများဟု သင်္ကာမကင်းသူ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် စစ်ကြောနေ

မကြာမှီက ဖမ်းဆီးခံထားရသော တာလီဘန်များနှင့် ဆက်စပ်သူများဟု သံသယရှိသူ ခေါင်းဆောင် ၈ ဦးကို ယခုအခါ နစက ကျီးကန်းပြင် စခန်းတွင် ပြင်းပြင်းထန်ထန် စစ်ကြောနေကြောင်း သတင်း ရရှိသည်။

စစ်ကြောခံနေရသူ ခေါင်းဆောင် ၈ ယောက်မှာ (၁) အာဘူ ကာလောင် (ဘ) အဒူလ်ကွာရီ၊ (၂) ဥက္ကဌ ဟောင်း ဦးဇော်ဝင်းခေါ် ကာလူ (ဘ) မာမော့ချော်ရီ၊ (၃) ယာဘူဟောက် (ဘ) မာမောက်ဟူစိန်၊ (၄) မော်လဘီ ဖေါရိန်း၊ (၅) ဖေယာဇူဟောက် (ဘ) အာရူဂျာမာန်၊ (၆) အူနာဆိုးရီ (ဘ) ဆူလ်တန်၊ (၇) ဒီမာမတ် (အတွင်းရေးမှူး)နှင့် (၈) အဒူဇော်လီ (ဘ) အာဇိုက်ပူတင်တို့ ဖြစ်သည်။

ဒေသခံ မွတ်ဆလင် တစ်ဦးက “အခု ဖမ်းဆီးခံရထားရသူ အထဲက ခေါင်းဆောင်လို့ သတ် မှတ်ခံရတဲ့ သူ ၈ ယောက်ကိုတော့ သီးခြား စစ်ဆေး မေးမြန်းနေပါတယ်။ အဲဒီလို မေးမြန်းတဲ့အခါ မော်လဘီ ဖေါရိန်းဟာ လက်လွန်ပြီးသေသွားတယ်လို့ သတင်းတွေ ရပါတယ်။ နောက်တယောက်လည်း သေလု နီးပါးဖြစ်နေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဘယ်သူဖြစ်တယ် ဆိုတာတော့ အတိအကျ မသိရသေးဘူး”ဟု ပြောသည်။

မော်လဘီ ဖေါရိန်းမှာ ခမောင်းဆိပ်ရွာရှိ အာရ်ဘီကျောင်းတွင် အဖမ်းခံခဲ့ ရသူ ဖြစ်ကြောင်းနှင့် ယခုလ ၂၀ နေ့က သေဆုံးသွားသည်ဟု သတင်းရကြောင်း သူက ပြောသည်။

သို့သော်လည်း မော်လဘီ ဖေါရိန်း သေဆုံးမူနှင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

အခင်း ဖြစ်ပွားနေရာ ကျေးရွာများအနီးရှိ ကြိမ်ချောင်း ဒေသခံ တစ်ဦးအား မေးကြည့်ရာ နောက်ဆုံး အခြေအနေကို ယခုကဲ့သို့ ပြောသည်။

“ ခယက၊ မယကနဲ့ နစကတွေက လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ချောင်းဖျားပိုင်း ကျေးရွာ တွေဖြစ်တဲ့ ခမောင်းဆိပ်ဘက်မှာ မတည်မငြိမ် ဖြစ်နေတယ်လို့ ကြားရပါတယ်။ တချို့က ကြောက်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ကြားရပါတယ်။ ဘင်္ဂလာဘက်က လူတစ်ဦးဝင်လာပြီး ဖေါက်ခွဲရေး သင်တန်းတွေကို ရွာတွေအလိုက် ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ခုလို ဖမ်းဆီးမူတွေ များလာတယ်လို့ သိရပါတယ်။ အခု အဲဒီ ဒေသ တ၀ိုက်မှာ ဆူဆူပူပူ ဖြစ်နေတဲ့ အတွက် လူတွေ အဲဒီဘက်ကို ခရီးမသွားကြပါဘူး။ အောက်ပိုင်း ကြိမ်ချောင်းဘက်မှာတော့ ဖမ်းဆီးတာတွေ မရှိသေးပါဘူး” ဟု ပြောသည်။

ဖမ်းဆီးမူများ ဆက်လက် ရှိနေသော်လည်း မည်ရွှေ့ မည်မျှ ဖမ်းဆီးထားသည်ကို မသိရပါကြောင်း သူက ပြောသည်။

ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

သင်းအောင် Tuesday, 22 March 2011

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ NEW WAY ဖိနပ် စက်ရုံ အလုပ်သမားများသည် ယနေ့နံနက် ၇ နာရီခွဲတွင် လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြခဲ့ကြသည်။

ဝန်ထမ်း ၅၀၀ လောက်ရှိနိုင်တယ်။ စက်ရုံရှေ့မှာ မတ်တတ်ရပ်သူရပ်၊ ထိုင်သူ ထိုင်ပေါ့။ တချို့ ၀န်ထမ်းတွေလည်း ဗိုလ်ချုပ်လမ်းပေါ်က ဈေးဆိုင်တွေမှာ တစ်ခုခု ထွက်စားပေါ့။ ဆူပူအုံကြွတာ၊ ရုန်းရင်းဆန်ခတ် ဖြစ်တာမရှိဘူး။ ဘယ်သူမှ လုပ်ငန်းခွင် မ၀င်ဘဲ စက်ရုံရှေ့မှာ နေနေတဲ့ သဘောပဲ” ဟု ဗိုလ်ချုပ်လမ်းပေါ်ရှိ ဈေးဆိုင်တဆိုင်က ပြောသည်။

ယမန်နေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ဖိနပ်စက်ရုံ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်များတို့ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း၊ ယင်းနောက်တွင် ယခုကဲ့သို့ အလုပ်သမားများ လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့လယ် ၁၂ နာရီလောက်ကတည်းက ၀န်ထမ်းတွေကို စောစော ပြန်လွှတ်လိုက်တယ်။ ၀န်ထမ်းတွေကလည်း ဒီနေ့မနက် ၇ နာရီခွဲမှာ လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြကြဖို့ အဲဒီကတည်းက တိုင်ပင်ထားကြတယ်” ဟု စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ယမန်နေ့က တွေ့ဆုံ ညှိနှိုင်းရာတွင် လုပ်ခလစာ တိုးမြှင့် သတ်မှတ်ပေးရေးအတွက် ၀န်ထမ်းများ၏ တောင်းဆိုမှုကို စက်ရုံ တာဝန်ရှိသူတို့က လိုက်လျောခြင်း မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်း ဖြစ်နိုင်သည်ဟု မျက်မြင်တို့က ဆိုကြသည်။

အလုပ်သမားများ၏ လုပ်ခလစာအပြင် တခြား မည်သည့်အချက်များ တောင်းဆိုသည်ကိုမူ အသေးစိတ် မသိရသေးချေ။

ဆန္ဒပြနေချိန် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် လှိုင်သာယာရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး စက်ရုံ ၀င်ပေါက်ထိပ် ဗိုလ်ချုပ်လမ်းမအား ၀ါးလုံးရှည်များဖြင့် ပိတ်ကာလိုက်ကာ တခြားခရီးသည်များ ဖြတ်သန်း သွားလာမှုကို ခွင့်မပြုတော့ပေ။

နံနက် ၉ နာရီခန့်တွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) တံဆိပ် တပ်ထားသည့် မာဇဒါဂျစ် တစီး စက်ရုံဝန်းအတွင်း ၀င်သွားခဲ့သည်။

“မယက တာဝန်ရှိသူတွေနဲ့ မြို့နယ် အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ရောက်လာတယ်။ စက်ရုံထဲမှာ ဘာတွေ ညှိနှိုင်းကြတယ်ဆိုတာတော့ မသိပါဘူး။ မယက ကား ပြန်ထွက်သွားတာနဲ့ အလုပ်သမားတွေ စက်ရုံထဲ ပြန်ဝင်သွားကြတယ်” ဟု ဆိပ်ကမ်းသာလမ်းရှိ ဈေးသည်တဦးက ဆိုသည်။

အလုပ်သမားများ စက်ရုံတွင်း ပြန်ဝင်သွားကြသော်လည်း ရဲ၊ မီးသတ်နှင့် လုံခြုံရေးဝန်ထမ်း ၂၀ ခန့်တို့မှာ စက်ရုံဝန်းကျင်၌ ဆက်လက် စောင့်ကြည့်နေကြသည်။

နံနက် ၁၀ နာရီခန့်တွင် ၀န်ထမ်း ၁၀၀ ကို ၎င်းတို့၏ နေအိမ်များသို့ ပထမအသုတ် အဖြစ် ပြန်လွှတ်ခဲ့ကြောင်း၊ စက်ရုံအတွင်း ၀န်ထမ်း ၁၀၀၀ နီးပါး ကျန်ရှိ နေသေးကြောင်း၊ သို့ရာတွင် စက်ရုံ တာဝန်ရှိသူတို့သည် နေအိမ် ပြန်ရောက်သွား ကြပြီဖြစ်သည့် ၀န်ထမ်းများအား အိမ်များသို့ သွားရောက်ကာ ပြန်လည် ခေါ်ယူခဲ့ကြကြောင်း ဒေသခံ ဈေးသည်တို့က ဆိုသည်။

NEW WAY ဖိနပ် စက်ရုံကို တရုတ် - မြန်မာ လုပ်ငန်းရှင်များ ဖက်စပ် ပိုင်ဆိုင်ပြီး ၀န်ထမ်း ၁၀၀၀ ကျော်အလုပ် လုပ်လျက် ရှိကာ စက်ပိုင်းဆိုင်ရာနှင့် လုံခြုံရေး အမျိုးသားဝန်ထမ်း ဆယ်ဂဏန်း မျှသာ ရှိသည်။ ကျန်ဝန်ထမ်းများမှာ အမျိုးသမီးများ ဖြစ်ကြသည်။

“NEW WAY ဖိနပ်စက်ရုံ အမျိုးသမီး ၀န်ထမ်းတွေက ခုလို စုပေါင်း အရေးဆိုတဲ့ နေရာမှာ အရမ်းလူညီတယ်။ တခြား စက်ရုံတွေက အကူအညီ လာတောင်းရင်တောင် သူတို့က အင်အား သွားပေါင်းတာမျိုးတွေ ရှိတယ်” ဟု OPAL အထည်ချုပ် စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

NEW WAY ဖိနပ်စက်ရုံ၌ အလုပ်လုပ်ခဲ့ဖူးသူ ၀န်ထမ်းဟောင်း တဦးက “စက်ရုံ တာဝန်ရှိတဲ့ တရုတ်တွေက ဆက်ဆံရေး ကောင်းသေးတယ်။ ကြီးကြပ်ရေးမှူးလုပ်တဲ့ မြန်မာဝန်ထမ်းတွေက ဆက်ဆံရေး အရမ်း ရိုင်းတယ်။ အလုပ် မရှိလို့ ထိုင် နေရင်တောင် ဟိုဘက် သည်ဘက် မလှည့်ရတို့၊ အချင်းချင်း စကားမပြောရတို့ အမြဲ ဆူပူ ကြိမ်းမောင်းနေတယ်။ ကိုယ့် မြန်မာ အချင်းချင်းကို ပိုပြီး ဖိနှိပ်တယ်။ ဒါကြောင့်လည်း အခုလို ထဖြစ်တာ” ဟု ပြောသည်။

လက်ရှိတွင် ၀န်ထမ်းအားလုံးနီးပါး စက်ရုံအတွင်း ရှိနေခြင်းကြောင့် အသေးစိတ် အချက်အလက်များကို မသိရသေးချေ။ အဆိုပါစက်ရုံသည် ၀န်ထမ်းများ ဆန္ဒပြ အရေးဆိုမှု မကြခဏ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ ဖြစ်ပွားပါက ၀န်ထမ်းများအား ပုံမှန် အလုပ်ဆင်းချိန် ညနေ ၃ နာရီခွဲထက် စော၍ ဆင်းလေ့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ လခန့်ကလည်း န၀ဒေးလမ်း ဟိန်းလှိုင် ဖိနပ်စက်ရုံတွင် စက်ရုံမှူးက စက်ပြင်ဆရာ တဦးအား ခြေထောက်ဖြင့် ကန်ကျောက်၍ အလုပ်စေခိုင်းသဖြင့် မြန်မာဝန်ထမ်း စက်ပြင်ဆရာက သံတုတ်ဖြင့် ပြန်လည် ရိုက်နှက်ခဲ့သည့် အမှုအခင်း တရပ် ဖြစ်ပွားခဲ့သေးသည်။

သုံးဆူ-သံဖြူဇရပ်လမ်း မြသန်းကုမ္ပဏီ အခွန်ကောက်

သူရိန်၊ ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ကားများကို မြသန်းကုမ္ပဏီက လမ်းခွန်ကောက်ခံလျက် ရှိကြောင်း ကားသမားအသိုင်းအဝိုင်း ထံမှ သိရသည်။

“တောင်စွန်းကျေးရွာကို ဖြတ်သွားလို့ရှိရင် ဘတ် ၂၀၀ ပေးရတယ်၊ အတက်ရော အဆင်းရောပဲ။ မပေးလို့ မရဘူး” ဟု သုံးဆူ-သံဖြူဇရပ်လမ်းတွင် ပြေးဆွဲနေသည့် ကားသမားတဦးက ပြောသည်။

တောင်စွန်းကျေးရွာအနီးတွင် ၎င်းတို့၏ သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မြသန်းကုမ္ပဏီက သုံးဆူမြို့မှ တောင်စွန်းကျေးရွာထိ အရှည် ၃၀ မိုင်ရှိသည့် လမ်းကို ပြုပြင်ခဲ့သည်။

သုံးဆူ-သံဖြူဇရပ်လမ်းသည် အရှည် ၅၇ မိုင် ရှိပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲစဉ် ၁၉၉၆-၉၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် နီးစပ်သည့် ရာမညအင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်က ဖော်လုပ်ခဲ့သည်။

ယခင်နှစ်များတွင် မွန်ပြည်သစ်ပါတီက ထိုလမ်းကို နှစ်စဉ် ပြုပြင်ခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလဆန်းမှ စစ်အစိုးရနှင့် အပစ်ရပ် ပျက်ပြီးနောက် ယခုနှစ် ဖေဖေါ်ဝါရီလဆန်းတွင် မြသန်းကုမ္ပဏီက ပြုပြင်ခွင့် ရခဲ့သည်။

မြသန်းကုမ္ပဏီ လီမိတက်ကို သုံးဆူမြို့မှ ဦးတင်ဝင်းညိုက ဦးဆောင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းအပြင် ထိုင်းနိုင်ငံမှ လျှပ်စစ်နှင့် သက်ဆိုင်သည့် ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် သုံးဆူမြို့၌ သောက်ရေသန့် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

သုံးဆူ-သံဖြူဇရပ်လမ်းကို ကေအင်ယူက ပိတ်ထားခဲ့သော်လည်း ကားသမားများက နားလည်မှုယူကာ ပြေးဆွဲလျက် ရှိသည်။ နေ့စဉ် ကား ၁၀ စီးမှ ၁၅ စီးခန့် ပြေးဆွဲလျက် ရှိသည်။

နားရွက်ပြာ ရောဂါကြောင့် ၀က် ၆၀၀ ခန့် သေဆုံး

ဧရာဝတီ Tuesday, 22 March 2011

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသော ၀က်နားရွက်ပြာ ရောဂါကြောင့် မန္တလေးတိုင်း အတွင်းရှိ ၀က်ကောင်ရေ ၆၀၀ ခန့်သေ ဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာသောင်းထိုက်က“ဖေဖော်ဝါရီလဆန်းပိုင်းက စဖြစ်ပါတယ်။ အခုတော့ ဇီဝလုံခြုံရေးစနစ်နဲ့ ထိန်းချုပ်နိုင်ပါပြီ။ ဒီရောဂါက လူနဲ့တခြားတိရစ္ဆာန်တွေကို ကူးစက်ခြင်းမရှိပါဘူး။ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ ပဋိဇီဝ ဆေးမရှိပါဘူး။ ဇီဝလုံခြုံရေးစနစ်နဲ့ပဲ နောက်ဝက်တွေကို မကူးစက်ရအောင် ကာကွယ်ပေးတဲ့ နည်းလမ်းပဲ ရှိပါတယ်”ဟု ပြောသည်။

ဝက်နားရွက်ပြာ ရောဂါကြောင့် မန္တလေးခရိုင်အတွင်းမှ ၀က်ကောင်ရေ ၄၀၀ ခန့်၊ မတ္တရာမြို့နယ်မှ ၀က်ကောင်ရေ ၁၀၀ ခန့်နှင့် ပြင် ဦးလွင်မြို့နယ်မှ ၀က်ကောင်ရေ ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

“၀က်တွေမှာ အဲဒီရောဂါဖြစ်နေတယ်လို့ စကြားတဲ့အချိန်ကတော့ ၀က်သားမစားဖို့ အိမ်နီးချင်းတွေက လာပြောကြတယ်။ အခုတော့ လည်း ပြန်စားနေကြပါပြီ။ ၀က်သားဈေးလည်း သိသိသာသာ ကျဆင်းသွားတာ မရှိခဲ့ပါဘူး”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဝက်နားရွက်ပြာရောဂါသည် ၀က်များတွင် အသက်ရှုလမ်းကြောင်း ထိခိုက်ခြင်း၊ မျိုးပွားအင်္ဂါ ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ မန္တလေးတိုင်းအတွင်းရှိ ၀က်မွေးမြူသူများအား ၀က်ခြံကို သန့်ရှင်းစွာထားခြင်း၊ ပိုးသတ်ဆေးပုံမှန်ဖြန်းခြင်းတို့ ပြုလုပ်ပေး ရန် ဆော်သြထားကြာင်း ဒေါက်တာသောင်းထိုက်က ပြောသည်။

၂၀၀၉ ခုနှစ် အတွင်းကလည်း မြန်မာနိုင်ငံ၌ ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့သေးသည်။

ဝက်တုပ်ကွေး A(H1N1) ရောဂါပိုးကို၂၀၀၉ ခုနှစ် ဧပြီလတွင် မက္ကဆီကို နိုင်ငံရှိ ၀က်များမှ စတင်တွေ့ရှိပြီးနောက် လူများသို့ ကူးစက်ဖြစ်ပွားခဲ့သည်။ ထို့နောက် ကမ္ဘာအနှံ့သို့ ရောဂါကူးစက်ပျံ့ပွားခဲ့ရာ စင်္ကာပူ လေကြောင်းလိုင်းဖြင့် ၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ ပြန်လာသော အသက် ၁၃ နှစ် အရွယ်ရှိ ကျောင်းသူတဦး ထံမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကနဲလေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ဦးသိန်းစိန်ကို ဧပြီတွင် အာဏာလွှဲပေးဖွယ်ရှိ

မျိုးသန့်

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖစစ်အစိုးရက ဧပြီလပထမပတ်တွင် အာဏာလွှဲပေးဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် တက်ရောက်နေသည့် လွှတ်တော်အမတ်များက ပြောသည်။

“မတ်လ ၃၁ ရက်နေ့ဆို ဘဏ္ဍာရေးနှစ်က ကုန်ပြီ၊ အစိုးရသစ်ကတော့ ဌာနဆိုင်ရာတွေမှာ တခုခု အပြောင်းအလဲဆိုရင် ဘဏ္ဍာရေးနှစ်အစမှာ လုပ်ကြမှာပဲလေ၊ အဲဒီလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

မြန်မာနိုငံ၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့တွင် စတင်သည်။ မဇ္ဈိမက လိုက်လံမေးမြန်းသော အခြားအမတ် ၄ လေးဦးကလည်း ဧပြီလဆန်း အာဏာလွှဲပြောင်းမှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။

လက်ရှိဝန်ကြီးချုပ်ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်လည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတဦးလည်း ဖြစ်သည်။ စစ်ခေါင်းဆောင်အများစုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေသော လာဒ်စားမှု နာမည်ဆိုးမှ ကင်းလွတ်သူတဦးဖြစ်သော ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၄ နေရာရှိပြီး ဝန်ကြီး ၃ဝ ဦး ပါဝင်သည်။

ထိုစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်အဖြစ် နောက်ဆုံး တက်ရောက်ဂုဏ်ပြုခံသော မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် တပ်မတော် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပသလို တခမ်းတနား မဟုတ်ဘဲ အဆောက်အဦထဲတွင်သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်သွားဖွယ် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော်တွင် ရောက်ရှိနေသော လွှတ်တော်အမတ်များကို တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသေးဟုလည်း အမတ်များက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ လွှတ်တော်အမတ်များ တက်ရောက်ခွင့် ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

တနင်္လာနေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာမြတ်ဥာဏစိုး၏ သွင်းကုန် ထုတ်ကုန်များတွင် အခွန်လျော့ပေါ့ ကောက်ခံပေးရန် မေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည် ဖြေကြားရာတွင် ယခုကောက်ခံနေသည့် အခွန်နှုန်းများသည် အရှေ့တောင် အာရှနိုင်ငံများတွင် ကောက်ခံမှုနှုန်း အနည်းဆုံးဖြစ်ပြီး ထိုဝင်ငွေများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်သဖြင့် လောလောဆယ် အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။

အမျိုးသားလွှတ်တော်၏ တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစုခုန်တိန့်ယိမ်း၏ ကချင်ပြည်နယ်အတွင်း အစိုးရ၏ စီမံကိန်းများကြောင့် ဒေသခံပြည်သူများ နေအိမ်များ ရွှေ့ပြောင်းပေးရခြင်းအတွက် ပြန်လည် နေရာချထားပေးရေးကို စီစဉ်ထားသည့် အခြေအကိုမေးမြန်သည်။

ထိုမေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးဇော်မင်းက ပြန်လည်ဖြေကြားရာတွင် နောက်လာမည့် စီမံကိန်းများအတွက် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ထို့အပြင် ချင်းပြည်နယ်မှ ဦးဇုန်လှယ်ထျန်း၏ ချင်းပြည်နယ်အတွင်း ပင်မလျှပ်စစ် စက်ရုံတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားပေး ဖြန့်ဖြူးပေးရေး မေးခွန်းကို ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားသည် လောလောဆယ်တွင် လုံလောက်မှု ရှိနေခြင်းကြောင့် ဆောက်ရွက်ပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော် အင်္ဂါနေ့ အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ ဘုံတလာ ရေတံခွန်ကို ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် အဆိုကို ဆွေးနွေးရန်ရှိသည်။ ထိုအဆိုကို ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်က တင်သွင်းပြီး ဦးဘုန်းမြင့်အောင်က ထောက်ခံသည်။

အလားတူ တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ပညာရေးနှင့် ပတ်သက်သည့် မေးခွန်း ၃ ခု၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်သည့် မေးခွန်း ၂ ခုကို မေးမြန်းခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော်အတွင်း အဆိုတင်သွင်းမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးမောင်ညို၏ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် အမျိုးမျိုးဖြစ်နေခြင်းကို ပုံသေသတ်မှတ်ပေးရန် ဆွေးနွေးမှုကို လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည်ဖြေကြားရာတွင် မြန်မာတပြည်လုံးတွင် အချို့နေရာများတွင် ဒီဇယ်ဖြင့် စက်ရုံလည်ပတ်နေရမှု၊ ရေအားမှ လျှပ်စစ် ရနိုင်မှု စသည်များကြောင့် လျှပ်စစ်သုံးစွဲခ ကောက်ခံမှု မတူနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အင်္ဂါနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာပွင့်ဆန်း၏ လူမှုဖွံ့ဖြိုးရေး ဥပဒေသစ် ပြဋ္ဌာန်းပေးရန်အဆိုနှင့် ဦးတင်မောင်ဝင်း၏ အလုပ်သမားများ လုပ်ငန်းခွင်လုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး အဆိုတို့ကို ဆွေးနွေးရန်ရှိသည်။

မြန်မာနိုင်ငံမှာ အင်တာနက်ကြောင့် နောက်ထပ်အုံကြွလာနိုင်သလား

မန္တလာမောင်

အင်တာနက်နှင့် လူမှုမီဒီယာများမှတဆင့် သတင်း များပျံ့နှံ့သွားခြင်းကြောင့် တူနီးရှား၊ အီဂျစ်၊ ဘာရိန်း၊ ယီမင်နှင့်လစ်ဗျားတို့တွင် ဆူ ပူအုံကြွမှုဆန္ဒပြပွဲများ ဖြစ်လာသည့်အတွက် မြန်မာစစ်အစိုးရကလည်း နိုင်ငံတွင်းရှိလူငယ်များ အတုခိုးလိုက်လုပ်မည်ကို စိုးရိမ်ကြောင့်ကြနေသည်။

စစ်အစိုးရ၏ စိုးရိမ်ပူပန်မှုကို အကောင်းဆုံးပြနေသည်က အင်တာနက်ဆက်သွယ်မှု အလွန်နှေးကွေးနေခြင်းပင် ဖြစ်သည်။

ဒီတော့ အင်တာနက်မှ အစပြုသည့် အရှေ့အလယ်ပိုင်း တော်လှန်ရေးမျိုး မြန်မာနိုင်ငံတွင်ရော ပုံတူ မဖြစ်တော့ဘူးလား။ မြန်မာပြည် အခြေအနေကို အနီးကပ် စေ့စေ့စပ်စပ် ကြည့်လျှင်၊ မြန်မာနိုင်ငံ၏ ထူးခြားသော အခြေအနေများနှင့် ခေတ်နောက်ကျမှုများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ထွက်လာရေး၌ အင်တာနက် အခန်းကဏ္ဍ အလွန်နည်းပါးသည် ဆိုသည်ကို သိမြင်နိုင်သည်။

နိုင်ငံတွင်း၌ အခြေအမြစ်ကစ၍ ပြောင်းလဲမှုမျိုးဖြစ်ဖို့ဆိုသည်မှာ အခြား အကြောင်းအချက်များ ပေါ်ပေါက် ပါဝင်လာမှသာ ဖြစ်နိုင်မည်။

မြန်မာနိုင်ငံ အင်တာနက် ဆက်သွယ်ရေးအကြောင်း ကြည့်ကြရအောင်။ အင်တာနက် အသုံးပြုနိုင်သော မြို့ဆို၍ အဓိကအားဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ကြီးနှစ်မြို့သာ ရှိသည်။ အင်တာနက်ကိုလည်း အများအားဖြင့် အင်တာနက်ကဖေးဆိုင်များတွင်သာ အသုံးပြုကြရသည်။ ယင်းဆိုင်များသည် အစိုးရ၏ စည်းမျဉ်း စည်းကမ်းဖြစ်သော မည်သည့်ဝက်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုသည်ဆိုသည်ကို မှတ်သားထားနိုင်သည့် URL-tracking software ထည့်သွင်းထားရသည်၊ ဆိုင်တွင်း အသုံးပြုသူများကို စောင့်ကြည့် မှတ်တမ်းတင်နိုင်သည့် စီစီတီဗွီ ကင်မရာများ တပ်ဆင်ထားကြရသည်။

အစိုးရက ပိတ်ပင်ထားသော ဝက်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုရန် အဆိုပါဆိုင်များတွင် တားမြစ် ပိတ်ပင်ထားသည်ကိုမူ ပြောရန်ပင် မလိုပါ။

အင်တာနက် အသုံးပြုသူဦးရေကို လေ့လာကြည့်လျှင် မြန်မာပြည်၏ စိတ်ပျက်ဖွယ် ပကတိ အခြေအနေကို မြင်တွေ့နိုင်သည်။ ၂ဝ၁ဝ တွင် နိုင်ငံလူဦးရေ ၅၅ သန်း ၏ ဝ.၂ ရာနှုန်း ဖြစ်သော ၁၁ဝ,ဝဝဝ သာ အင်တာနက် အသုံးပြုနိုင်ပြီး တရုတ်ပြည်တွင် စုစုပေါင်း လူဦးရေ၏ ၃ဝ ရာနှုန်း က အင်တာနက်ကို ပုံမှန်အသုံးပြုနေသည်။

အင်တာနက် အသုံးပြုသူ ၅ သိန်းခန့်ရှိသည်ဟု ပိုပိုသာသာခန့်မှန်းလျှင်ပင် အခြေအနေမှာ မကောင်းလှပါ။ ထို့ပြင် အင်တာနက်ကို သတင်းရရှိရာ ရေသောက်မြစ်အဖြစ် အသုံး ပြုခြင်းမှာလည်း အကန့်အသတ်နှင့်သာရှိသည်။ စစ်အစိုးရကို ဝေဖန်ပြောကြားသည့် ဝက်ဆိုက်များကို တားဆီး ပိတ်ပင်ထားသည်။ ထိုအထဲတွင် ဖိုင်နင်ရှယ်တိုင်းနှင့် ဘန်ကောက်ပို့စ်လို ဘာမှမဆိုင်သည့် သတင်းစာကြီးများ၏ ဝက်ဆိုက်များလည်း ပါဝင်သည်။

ပိုဆိုးသည်မှာ တွစ်တာ နှင့် ယူကျု ကိုပိတ်ထားခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ကိုမူ ဝင်ကြည့်၍ရသည်။ သို့သော် မိမိဖေ့စ်ဘွတ်အကောင့်မှ စာတစောင်ပို့၍ရသည်ဆိုလျှင် ထီပေါက်သလောက် ဝမ်းသာရသည်။

လူငယ်အင်တာနက် အသုံးပြုသူများက ပိတ်ဆို့ထားသော ဝက်ဆိုက်များကို ဘယ်လို ကျော်လွှား ဝင်ကြည့်ရမည်ဆိုသည်ကို သိသည်။ အစိုးရ၏ စောင့်ကြပ် ထောက်လှမ်းနေမှုကလည်း ကြောက်စရာ ကောင်းသည်၊ အင်တာနက် မြန်နှုန်း နှေးကွေးလွန်းမှုက စိတ်တိုစရာ၊ မကြာခဏ မီးပျက်ခြင်းက စိတ်ပျက်စရာ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခင်က တပ်ဆင်လိုက်သည့် `မြန်နှုန်းမြင့်´ ဘရော့ဘန်အင်တာနက် ဆိုသည်ကလည်း ကြေညာထားသည့်အတိုင်း မမြန်၊ မြန်နှုန်းမြှင့်ဘို့ လိုနေသေးသည်။

ရန်ကုန်တွင် ဖန်နန်းမျှင် အင်တာနက်ကြိုးများ တပ်ဆင်နေသည်။ သို့သော် ကြော်ငြာ ထားသည့် ၃ဝ Mbps ဆိုသည့် မြန်နှုန်းကို ဘယ်အခါမျှမရပါ။ ကနဦး တပ်ဆင်ခ အမေရိကန်ဒေါ်လာ ၉ဝဝ နှင့် လစဉ်ကြေး ၃၅ မှ ၁၁ဝ ဒေါ်လာဆိုသည်ကလည်း တလလျှင်ပျှမ်းမျှ ဒေါ်လာ ၃ဝ သာဝင်သည့် သာမန်ပြည်သူများ လက်လှမ်းမီသည့် ငွေကြေးမဟုတ်ပါ။

အခြားသော ဆက်သွယ်ရေး ကိရိယာများကလည်း မြန်မာပြည်၏ အခြေခံ အဆောက်အဦး ခေတ်နောက်ကျမှု ကို ပြသနေသည်။ တကမ္ဘာလုံးတွင် မိုဘိုင်းဖုန်းဆိုသည်မှာ မရှိမဖြစ် အရေးပါသော ဆက်သွယ်ရေးပစ္စည်းတခု ဖြစ်နေသည်။

သို့သော် မြန်မာနိုင်ငံတွင်တော့ မဟုတ်ပါ။ အများဆုံးခန့်မှန်းသည့် စာရင်းများအရပင် လူဦးရေ ၃.၇ ရာနှုန်းသာ မိုဘိုင်းဖုန်းကိုင်နိုင်ပြီး မိုဘိုင်းဖုန်း အရေအတွက် စုစုပေါင်း ၂ သန်းသာ ရှိသည်။ ဤနှုန်းမှာ ရယ်စရာကောင်းလောက်အောင် နိမ့်ကျသည်။

မိုဘိုင်းဖုန်းများမှာ ဈေးကြီးလှပြီး အီးမေးလ် နှင့် အင်တာနက်ဆက်သွယ်ရေးများ လုပ်မရပါ။ အစိုးရက ချုပ်ကိုင်ထားသည့် အနည်းငယ်မျှသော မိုဘိုင်းဖုံး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကလည်း နိုင်ငံတကာ SMS နှင့် နိုင်ငံတကာ roaming ဝန်ဆောင်မှုများကို မပေးပါ။ ဂျီအက်စ်အမ် မိုဘိုင်း ဆင်းကဒ်များ၏ ဈေးကွက် ပေါက်ဈေးများ မကြာသေးခင်က ကျဆင်းသွားခဲ့သည်။

တယ်လီဖုန်းမပါ ဂျီအက်စ်အမ်ဆင်းကဒ် သက်သက်ဆိုလျှင် မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၄ဝဝ မှ ၁၆ဝဝ သာ ရှိတော့သည်။ အဆိုပါဆင်းကဒ်များ၏ တရားဝင်ဈေးနှုန်းမှာ ဒေါ်လာ ၁၇ဝ သာရှိသော်လည်း ထိုဈေးနှင့်မည်သူမျှ မရောင်းလိုကြပါ။ ကြိုတင်ငွေပေး စီဒီအမ်အေ ဆင်းကဒ်များကို ဒေါ်လာ ၆ဝဝ နှင့် ရောင်းမည်ဟူသော အစီအစဉ်သစ်တခု ပေါ်ထွက်လာပြန်သည်။ အပြင်ဈေး ဘယ်လောက်ဖြစ်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်။

လိုင်းဖုန်းများသည်ပင် လူအများ မတတ်နိုင်သည့် ဇိမ်ခံပစ္စည်း ဖြစ်နေသည်။ အိမ်ထောင်စု အနည်းငယ်သာ အိမ်ဖုန်း ရှိကြသည်။ ဖုန်းပါလျှင် ရန်ကုန်မြို့မှ သာမန်အိမ်ခန်းတခန်း၏ ငှားရမ်းခသည် ဖုန်းမပါသော အလားတူအခန်းနှင့်စာလျှင် ၅ဝ ရာနှုန်း မျှ ဈေးမြင့်သည်။ နောက်ဆုံးရ ကိန်းဂဏန်းများအရ လူဦးရေ ၁ ရာနှုန်းသာ အိမ်တွင်လိုင်းဖုန်းရှိကြသည်။

အစိုးရက လူထုကို သတင်းမှောင်ချထားရေးအတွက် တီဗီ သတင်းစာတို့ကို ကန့်သတ်မှုများ ပြုလုပ်ခြင်းဖြင့် အစွမ်းကုန် ဆောင်ရွက်သည်။ မြန်မာနိုင်ငံ ဂျီအန်ပီ ၏ ၈ဝ ရာနှုန်း ကျော်မှာ လယ်ယာကဏ္ဍ ထုတ်လုပ်မှုမှဖြစ်ပြီး လူဦးရေအများစုမှာ ကျေးလက်နေ လယ်ယာ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်သည်။

သူတို့အတွက် အစိုးရက ခွင့်ပြုထားသော တီဗီ သတင်းစာ ဂျာနယ် တို့မှလွဲ၍ အခြားသတင်းရစရာ ရေသောက်မြစ်မရှိပါ။ အဆိုပါ အစိုးရ သတင်းစာ တီဗီတို့ကလည်း အရှေ့အလယ်ပိုင်းမှ ဆူပူအုံကြွမှုများကို ရေးသားဖော်ပြခြင်း မရှိပါ။

သို့သော်ကံကောင်းသည်မှာ အစိုးရက တရားဝင် ခွင့်ပြုမထားသော်လည်း အဓိက မြို့ကြီးများနှင့် နိုင်ငံတဝှမ်းရှိ ဟိုတယ်များတွင် ဂြိုဟ်တုစလောင်းများ ဖမ်းယူ ကြည့်ရှု၍ရနေသည်။ အဆိုပါစလောင်းများအတွက် နှစ်စဉ်ကြေးမှာ အမေရိကန် ဒေါ်လာ ၄ဝဝ ပေးရသည်။

ဤစိတ်ပျက်ဖွယ် စာရင်းအင်းများကိုကြည့်လျှင် မြန်မာအစိုးရအဘို့ အင်တာနက် လူမှုကွန်ယက်မီဒီယာများမှ အုံကြွမှုများ ပေါက်ကွဲထွက်လာမည်ကို စိုးရိမ်ရန် အကြောင်းမရှိပါ။

ဤသို့ အင်တာနက်မှတဆင့် ပေါက်ကွဲလာမည့် အုံကြွမှုမျိုး မဖြစ်နိုင်ဟု ဆိုလျှင် ၁၉၈၈ တုန်းကလို၊ သံဃာတော်များဦးဆောင်သည့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမျိုးလို မြန်မာလူထုကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်နိုင်သည့် အချက်က ဘာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အရှေ့အလယ်ပိုင်းနှင့် နှိုင်းယှဉ် ပြောကြားခြင်းသည် အန္တရာယ်ရှိသည်။ အာရပ်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား အဓိက ကွာခြားချက်ကြီးများကြောင့် မကြာမတင် ကာလအတွင်း မြန်မာနိုင်ငံတွင် နောက်ထပ် ဆူပူအုံကြွှမှုတခု ဖြစ်လာမည့်အရေးမှာ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသည်။

မြန်မာနိုင်ငံက လူငယ်နှင့် အလုပ်လက်မဲ့နှုန်း အရှေ့အလယ်ပိုင်းနိုင်ငံများထက် များသော်လည်း ယဉ်ကျေးမှုနှင့် ပညာရေးမှာ အတော် ကွာခြားသည်။ အနောက်နိုင်ငံများနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံများမှာ ပဋိပက္ခကို အကြမ်းဖက်ဖြေရှင်းသည့် အစဉ်အလာများနှင့် လွန်ခဲ့သော နှစ်ပေါင်း တထောင် နှစ်ထောင် အတွင်း ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ လူဦးရေ ၉ဝ ရာနှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ယဉ်ကျေးမှုအစဉ်အလာအရ လည်း ငြိမ်းချမ်းရေး မြတ်နိုးသော အကြမ်းမဖက်လိုသော နှလုံးသားရှိကြသူများ ဖြစ်သည်။

အရှေ့အလယ်ပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်သူ ခေါင်းဆောင်အများမှာ ဗြိတိန်၊ ပြင်သစ် အမေရိကန် တို့တွင် ပညာသင်ကြားခဲ့ကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ထိုသို့ ပညာသင်ကြားခဲ့သူမှာ လက်တဆုပ်စာမျှသာရှိပြီး ပညာသင်ပြီးလျှင် ကိုယ့်နိုင်ငံ ပြန်လာလိုသူကလည်း အနည်းငယ်သာရှိသည်။

၁၉၆၄ ပုဂ္ဂလိကနှင့် မစ်ရှင် ကျောင်းများကို ပြည်သူပိုင် သိမ်းလိုက်ကတည်းက မြန်မာနိုင်ငံ၏ ပုံမှန်ပညာရေးမှာ ဂျွမ်းထိုးမှောက်ခုံ ကျဆင်းသွားခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ၏ ပညာရေး အဆင့်အတန်းမှာ ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့ပြီး နိုင်ငံရေးစိတ်ဓာတ်မရှိ၊ စာကောင်းကောင်းမတတ်သည့် မျိုးဆက်များသာ ပေါ်ထွက်လာသည်။

၁၉၈၈ နှင့် ၂ဝဝ၇ လူထုအုံကြွှမှုများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနှိမ်နင်းလိုက်သည့် အတွက်ကြောင့်လည်း မြန်မာလူထုမှာ အကြောက်တရား လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် အခါတွင်လည်း လူထုနှင့်သူ ပထမဆုံး တွေ့ဆုံစကားပြောသည်ကို သွားနားထောင်ရန် မြန်မာလူမျိုးအများအပြား ကြောက်ရွံ့နေခဲ့ကြသည်။

လျှို့ဝှက်ပုလိပ်တပ်ဖွဲ့ဝင်များက ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်တမ်းတင်မည်ကို ကြောက်နေကြသည်။ ၂ဝဝ၇ ဆန္ဒပြပွဲများ အပြီးတုန်းကလည်း ထိုဓာတ်ပုံများ ဗီဒီယိုမှတ်တမ်းများကိုကြည့်ပြီး ညအချိန်အိမ်မှ လာဆွဲသွားခဲ့ကြသည်။ လူငယ်များ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မဆန့်ကျင်လိုကြခြင်းမှာ သူတို့ကို ဖမ်းဆီးသွားသည်နှင့်မပြီး ကျန်ရစ်သည့် မိသားစုကိုပါ ဆက်ဒုက္ခပေးမည်ကို မခံလိုသောကြောင့် ဖြစ်သည်။

ယခုအထိ ထောင်ထဲတွင် အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၂ဝဝ ဆိုသည်က စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုကို အမြဲပြနေသည်။

စစ်တပ်အတွင်း အက်ကြောင်းများ၊ မကျေနပ်မှုများ၊ အချင်းချင်းအကြား မနာလိုပြိုင် ဆိုင်မှုများက စစ်အစိုးရကို ဖြုတ်ချနိုင်လိမ့်မည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူအများက ပြောဆိုကြသည်။ သို့သော် အတွေ့အကြုံများအရ ဒီမိုကရေစီ တော်လှန်ရေးထက် အာဏာသိမ်းနိုင်ချေသာ ပိုရှိသည်။ စစ်တပ်အတွင်း သီးခြား စင်ပြိုင်လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို ထူထောင်ထားပြီး ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံ၊ နေအိမ်တန်းလျားများ အပြည့်အစုံရှိပြီးဖြစ်သည်။

သူတို့သာလျှင် တိုင်းပြည်မပြိုကွဲအောင် ကယ်တင်နိုင်သည့် သူများ၊ ရေပေါ်ဆီ အထက်စီး လူတန်းစားဟု စစ်ဗိုလ်တွေ အတွေးပေါက်နေကြသည်။ အရပ်သားလူထုကို နိမ့်ကျသူများအဖြစ် အထင်သေး အမြင်သေး ဆက်ဆံကြသည်။

၁၉၈၈ ဆန္ဒပြပွဲများ ပြီးကတည်းက မြန်မာလူထု ကောင်းကောင်း သင်ခန်းစာရသွားသည်။ နောက်ထပ် အာဏာရှင်အသစ်တဦး မပါဘဲ အာဏာရှင်ဟောင်း ဦးနေဝင်းကို ဖြုတ်မချနိုင်ဟူသည့် သင်ခန်းစာပင် ဖြစ်သည်။

မြန်မာတို့၏ ဆိုရိုးစကားဖြစ်သော `နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ´ ကလည်း ရှိနေသည်။ ဤအချက်သည် မြန်မာနိုင်ငံအတွက် တကယ့်ကိုမှန်ကန်သည့် အချက်ကြီးဖြစ်သည်။ ဒါဆိုရင် တူနီးရှား၊ အီဂျစ်၊ လစ်ဗျား တို့အတွက်ကော။

အရှေ့အလယ်ပိုင်း ပြည်သူများသည် နောက်ဆုံးတွင် အာဏာရှင် အစိုးရများကို ဖြုတ်ချလိမ့်မည်ဟူသော မျှော်လင့်ချက်က ရှိနေသည်။ သို့သော်မြန်မာနိုင်ငံတွင်မူ ဖေ့စ်ဘွတ် တွစ်တာတို့ကဲ့သို့သော `ကမ္ဘာသစ်´ က အုံကြွမှုသစ်ကို လှုံ့ ဆော်ပေးလိမ့်မည်ဟု ထင်မြင်ယူဆရန် ခက်လှသည်။ မီးပွားကလေးတခုရှိလျှင်တော့ ထိုသို့ဖြစ်နိုင်ချေ ပိုရှိသည်။ လောင်စာနှင့်စားကုန်ဈေးနှုန်းများ ထိုးတက်သွားပြီး နောက် အဆိုပါမီးပွားလေးက ၂ဝဝ၇ တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။

(မန္တလာမောင်သည် ရန်ကုန်ရောက်နိုင်ငံခြားသားတဦး၏ ကလောင်အမည်ဖြစ်သည်။)

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,22nd,2010

( 38 )လယ်သမားကွန်ယက် NLD ဖွဲ

( 37 )1,000 Burmese Fisherman in Need of Rescue

( 36 )ရေမျော ၃ထောင်ကျော် ကယ်နိုင်

( 35 )Thailand Accused of Creating Instability in Burma

( 34 )NLD အခမဲ့ ဆေးခန်းဖွင့်

( 33 )April Fool’s Day likely time to inaugurate new Burmese government

( 32 )လစ်ဗျားကို ကုလသမဂ္ဂ အရေးယူမှု ထိုင်း ထောက်ခံ

( 31 )Why Burmese Resistance Has Failed So Far

( 30 )လေဘေးသင့် ရေလုပ်သား ၁၀၀၀ ခန့် မကယ်နိုင်သေး

( 29 )Thailand could help curb Karen insurgents: Myanmar

( 28 )မြန်မာနိုင်ငံသား တဦး တက်ကနက် ဆိပ်ကမ်းတွင် မသင်္ကာဖွယ်ရာ သေဆုံး

( 27 )PRRS Kills Over 500 Pigs in Second Largest City

( 26 )ကားဈေးကွက် ပြန်လှုပ်ရှား

( 25 )Funeral charity marks 100,000 cremations

( 24 )ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

( 23 )Wa army on 24-hour standby-only

( 22 )အခါမဲ့မိုးကြောင့် တပေါင်းလပြည့် ကျိုက်ထီးရိုး ဘုရားဖူး နည်း

( 21 )Shan rebel army: We are not terrorists

( 20 )NLD လွတ်မြောက်နယ်မြေ ဌာနခွဲများ ဂျပန်ငလျင်ဘေး ငွေလှူမည်

( 19 )ကမ္ဘာ့ကဗျာနေ့ မြန်မာကဗျာဆရာများ ကျင်းပ

( 18 )Myanmar town slaps ban on massage parlours

( 17 )ဝက် နားရွက်ပြာရောဂါကြောင့် သေဆုံး ဝက်ကောင်ရေ ၆၀၀ နီးပါးရှိ

( 16 )PetroChina signs refinery deal with Aramco

( 15 )ရခိုင်ဒီမိုကရေစီအဖွဲ့ မြေပုံမြို့နယ်မှာ ရေကန်တူးဖော်

( 14 )Auckland Zoo's Burma befriends horse

( 13 )ဝဒေသငြိမ်းချမ်းရေးအတွက် လက်နက်မစွန့်နိုင်ကြောင်း ဝ ဥက္ကဋ္ဌ ပြောဆို

( 12 )Myanmar emerges as top travel destination for 2011

( 11 )ဝဒေသငြိမ်းချမ်းရေးအတွက် လက်နက်မစွန့်နိုင်ကြောင်း ဝ ဥက္ကဋ္ဌ ပြောဆို

( 10 )Over 500 pigs die of blue ear disease in Myanmar second largest city

( 9 )ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်

( 8 )စစ်ပြေးဒုက္ခသည် မရှိကြောင်း ပြန်ကြားရေးဥက္ကဋ္ဌပြောဆို

( 7 )Burma's buddy a horse, of course

( 6 )အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ

( 5 )It takes a village to support a military intervention

( 4 )လစ်ဗျားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာ စစ်အစိုးရကို သတိပေးရာရောက်

( 3 )Burma: ‘It’s Baby Steps, but at Least it’s Moving’

( 2 )၀တပ်ဖွဲ့ လက်နက်မချဖို့ ဆုံးဖြတ်

( 1 )Petition against Lonely Planet Burma guide

Monday, March 21, 2011

ဝ' နှင့် လက်နက်အသင့် ဖွံ့ဖြိုးရေး

ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၂၁ ရက် ၂၀၁၁

စစ်အစိုးရဘက်က စစ်အင်အားဖြင့် တိုက်ခိုက်လာပါက ပြန်လည် ခုခံသွားရန်နှင့် ဝ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ တနင်္ဂနွေက ပြီးဆုံးသော၂ဝ၁ဝ စုံညီ နှစ်ချုပ်စည်းဝေးတွင် ဆွေးနွေးခဲ့ကြသည်။

ဝ ပါတီ လက်အောက်ရှိ ၂၇ ဌာနမှ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များက အစီရင်ခံတင်ပြခဲ့ပြီး အဘက်ဘက်မှ ဝ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားရန် ဆွေးနွေးဖြစ်ကြသည်ဟု ဝ' အရာရှိ တဦးက ပြောသည်။

“ကိုယ့်နယ်မြေကိုယ် လုပ်သင့်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်သွားဖို့။ ကျနော်တို့ ဝ' ဒေသဖွံ့ဖြိုးဖို့ ဘယ်လို လုပ်မလဲဆိုတာတွေ ပါဘဲ။ စစ်ရေး၊ နိုင်ငံရေးက သူတို့ တိုက်လာရင် ကျနော်တို့ဘက်ကလဲ ခုခံတိုက်ဖို့က နောက်ဆုံးစကားဘဲ”ဟု ဝ' ဗိုလ်မှူး တဦးက ပြောသည်။

နယ်ခြားစောင့်တပ်ကို လက်မခံသဖြင့် နအဖ တပ်မှ စစ်ရေးဖြင့် ဝ' နယ်မြေအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာပါက ပြန်လည် ခုခံရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်(မြောက်ပိုင်း) ဝ' ဌာနချုပ် ပန်ဆန်းတွင် ၅ ရက်ကြာ ကျင်းပခဲ့သည်။

၂ဝ၁ဝ နှစ်ချုပ် စုံညီ အစည်းအဝေး ပထမနေ့ ဗုဒ္ဓဟူးနေ့က ဒုဥက္ကဋ္ဌ ကျောက်ဝင်ကွင်းက ဌာနဆိုင်ရာ ကိုယ်စားလှယ်ပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့စဉ် ဝ' တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်မှုဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖိအားပေးမှုကို ငြင်းဆန်နိုင်ခဲ့သည့် အပေါ် အားရကျေနပ်သည်ဟု ပြောဆိုခဲ့သည်။

၂ဝဝ၅ ကစ၍ ဝ နယ်မြေတွင် ဘိန်းစိုက်ရပ်သွားပြီး ဘိန်းအစားထိုးသီးနှံ ရာဘာနှင့် လက်ဖက်များကိုသာ အဓိက စိုက်ပျိုး၍ ဝ' နယ်မြေတိုးတက်ဖွံ့ဖြိုးရေးကို ဆက်လုပ်သွားမည်ဟု ဝ' ဗိုလ်မှူးက ပြောသည်။

ဝ' တပ်ဖွဲ့ စစ်ရေးအရ ပြင်ဆင်မှုများ အဆင်သင့်ရှိနေသလို ဝ ဒေသဖွံ့ဖြိုးရေးများ လုပ်သွားရန် အဓိကထားဆုံးဖြတ်ခဲ့ကြသည်ဟု ဝ' ပါတီ၏ စုံညီ စည်းဝေးကို စောင့်ကြည့်နေသူ တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“သူတို့က ဒေသဖွံ့ဖြိုးရေး၊ ကာကွယ်ရေး၊ ကြံ့ခိုင်ရေးတွေဘဲ ပြောတယ်။ စာရွက်စာတမ်းတော့ မထွက်လာ သေးဘူးဗျ။၂ဝ၁၁ လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ရေးပါဘဲ။ ဝ' တပ်မှာက ခေတ်မီတပ်တွေထဲမှာရှိတဲ့ ရှိသင့်ရှိထိုက်တဲ့ လက်နက်ကြီးတွေ ရှိပါတယ်။ ဒေသကို လုံလုံခြုံခြုံကာကွယ်နိုင်တဲ့ လက်နက် တပ်ဆင်မှုကတော့ အပြည့်အဝ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

UWSP ပါတီ၏ စစ်တပ်ဖွဲ့ဖြစ်သော UWSA တွင် တပ်မဟာ ၉ ခု၊ တပ်အင်အား ၃ သောင်းကျော်ရှိပြီး စစ်ရေးတိုက်ခိုက်မှုတွင် အသုံးပြုသော လက်နက်ကြီးများ အပြည့်အစုံရှိသည်ဟု သူက ဆက်ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲမှ အသစ်တက်လာမည့် စစ်အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးမည့် သဘောရှိသည်ဟု သူက သုံးသပ်သည်။

UWSA သည် ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးအတွက် တော်လှန်နေသော ငြိမ်းအဖွဲ့တခုဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N နယ်မြေတွင် စစ်အစိုးရတပ်နှင့် ပြီးခဲ့သည့်အပတ်က တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ဒုတိယအကြိမ်တွေ့

လင်းသန့် Monday, 21 March 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ်က ဒုတိယအကြိမ် တွေ့ဆုံခြင်းသည် ခိုင်မာသည့် ဆက်ဆံရေး အတွက် ပထမခြေလှမ်းဖြစ်သည်ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကပြော သည်။

“ဒီတခေါက် ဆွေးနွေးဖြစ်တာတွေက နိုင်ငံရေး ကိစ္စတွေပါတယ်၊ NDF ပါတီဖြစ်ခဲ့တာကို ရှင်းပြတယ်၊ နောက် ဒေါ်အောင်ဆန်း စုကြည်ကမေးတဲ့ လွှတ်တော်တွင်း ကျနော်တို့ပါတီရဲ့ အခြေအနေတွေ သေချာရှင်းပြတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ NDF ထဲဝင်ပြီး ဦးဆောင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့ ပါတီများ၏ ခေါင်းဆောင် အဖြစ် တက်လှမ်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော် အတွင်းအပြင် နိုင်ငံရေး ကိစ္စတွေကို သေချာစိတ်ဝင်တစား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ဦးခင်မောင်ဆွေ က ဧရာဝတီ သို့ပြောသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့က တွေ့ဆုံခြင်းသည် နိုင်ငံရေးအရ ပူးပေါင်းဆောက်ရွက်ရန် လမ်းစများပွင့်လင်း လာသည် ဟု ၄င်းက ဆက်လက် ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)ဆိုတဲ့ ပါတီတခုရဲ့ဥခွံထဲမှာပဲမနေဘဲ အမျိုးသားနိုင် ငံရေး လမ်းမပေါ်မှာ ပါတီပေါင်းစုံနဲ့ တွဲပြီး နိုင်ငံရေးခြေလှမ်းဆက်တက်လှမ်းလာရင် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တာ တွေ ဖြစ်လာဖို့ အကြောင်းတွေ အများကြီးရှိပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် မရှိမဖြစ်တဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်”ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

သို့သော် NDF ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောင်းဘက်က မျှော်လင့်ထားသော်လည်း လွန်ခဲ့ သည့်ရက်အနည်းငယ်က ဥရောပ သမဂ္ဂ(EU) မှ သံတမန်များနှင့်တွေ့ဆုံစဉ်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအပေါ်သဘောထား မှာလည်း ကွဲလွဲနေကြဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနှင့် တရားဝင်ထုတ်ပြန်ထားသော စီးပွားရေးပိတ်ပင်မှုဆိုင်ရာ သဘောထား ကြေ ညာချက်အတိုင်းရှိနေကြောင်း၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်စဉ် အတွက် အထောက်အကူဖြစ်ရေးရည်ရွယ်ခြင်းဖြစ်ပြီး တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျရခြင်း၏ အကြောင်းအရင်းမှာ မှားယွင်းသော စီမံ အုပ်ချုပ်ရေးကြောင့်သာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို တစိပ်တဒေသပဲဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ရုပ်သိမ်းလိုက်တယ်ဆိုရင် ဒါဟာ လက်ရှိအစိုးရကို မှားယွင်းတဲ့ အရိပ်အယောင်ပြလိုက်တာပဲဖြစ်သွားမယ်”ဟူ၍ အဆိုပါ EU သံတမန်များနှင့် တွေ့ဆုံပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဧရာဝတီ သို့ပြောသည်။

NDF နှင့် တခြားသော နိုင်ငံရေးပါတီများသည် စစ်ဗိုလ်ချုပ်ကြီးများကို တိုက်ရိုက်ပစ်မှတ်မထားသော ပြည်သူလူထု ထိခိုက်နိုင်သည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးသင့်ကြောင်း EU သံတမန်များကို ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေ က ပြောကြားသည်။

အာရပ်နိုင်ငံများတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေ ရှိမရှိဆိုသည့် EU သံတမန် များ၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က“မြန်မာပြည်ရဲ့အခြေအနေဟာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်”ဟုပြော ကြားခဲ့သော်လည်း“လတ်တလောမှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိ”ဟု ဦးခင်မောင်ဆွေက ဖြေကြားခဲ့သည်ဟု ဆို သည်။

ထိုသို့ EU သံတမန်များနှင့် တွေ့ဆုံပြီးနောက်တရက်တွင် NDF ပါတီခေါင်းဆောင်များဖြစ်သော ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ တို့နှစ်ဦးသည် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NDF ပါတီခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်ပြီး NDF ပါတီ ရပ်တည်ရေးအတွက် စစ်အစိုးရက အပြစ်ရှာဖြိုခွဲမည်ကို စိုးရိမ်မှု မရှိကြောင်းလည်း ပြောဆိုသည်။

“လူတွေတော်တော်များများနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နေတာပဲဗျာ၊ ကျနော်တို့ကိုမှရွေးပြီး အပြစ်ရှာမယ်လို့ တော့ ကျနော်တော့ မထင်ဘူး”ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ ဥက္ကဋ္ဌ နှင့် နိုင်ငံရေးဦးဆောင်သူများကို ရွေးကောက်ပွဲတွင် ရန်ပုံငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး အရေးယူရန်စီစဉ်နေကြောင်း အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ရွေးကောက်ပွဲကာလ၌ ဥပဒေနှင့်မညီသော ရန်ပုံငွေသုံးစွဲမှု အပါအ၀င် နိုင်ငံရပ်ခြားမှ ငွေကြေးရန်ပုံငွေများ လက်ခံခဲ့သည် ဟူသော NDF ပါတီအပေါ် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး လွန်ခဲ့သော ၃ လ ကျော်ကတည်းက ရွေးကောက်ပွဲကော်မရှင်နှင့် အသေအချာအားလုံးရှင်းပြီးသားဖြစ်သည် ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

“ကျနော်တို့ ပါတီကို ခင်ဗျားပြောတဲ့ အရေးယူမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တော့ လုံးဝ မသိဘူး”ဟုလည်း ၎င်းက ဆိုသည်။

တာလီဘန်ဟု ယူဆရသူ ၁၀၀ ခန့် မောင်းတော၌ ဖမ်းထား

ခင်ဦးသာ Monday, 21 March 2011

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀၀ ၀န်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု နစက နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

“သူတို့ဆီက ဖမ်းမိတဲ့ပစ္စည်းတွေမှာ တာလီဘန် အစ္စလမ်မစ် အဖွဲ့ဆိုတဲ့ တံဆိပ်တွေ၊ စာရွက်စာတမ်း အထောက်အထား တွေကြောင့် တာလီဘန်လို့ ယူဆပြီးဖမ်းထားတာပါ၊ မောင်းတောက နစက တပ်မှာ စစ်ဆေးနေတုန်းပါ”ဟု ၎င်းက ပြောဆိုသည်။

နစက နှင့် နီးစပ်သူက ဆက်လက်ပြီး“တာလီဘန်တွေ အစည်းအဝေးလုပ်တာကို စစ်တပ်က မသိလိုက်တော့ ဗျူဟာမှူးက မယက ဥက္ကဋ္ဌနဲ့ ရယက ဥက္ကဋ္ဌတွေကို အရေးယူမယ်ဆိုပြီး ဆူပူကြိမ်းမောင်းထားတယ်၊ ဆက်စပ်သူတွေကိုလည်း ဆက်တိုက် ရှာဖွေဖမ်းဆီးနေတယ်”ဟုလည်း ဆိုသည်။

တာလီဘန်များသည် ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင် စသည့် ကျေးရွာများမှ ရွာသားများကို အာဖကန်နစ္စတန် တာလီ ဘန် အဖွဲ့မှ စေလွှတ်ခြင်းခံရသူဟု ယူဆရသော မော်လဗီဟာရုဒ်က ဖောက်ခွဲရေး သတင်တန်းများကို လျှို့ဝှက်ပေးခဲ့ ကြောင်း၊ ထိုကိစ္စကို ၎င်းတို့အဖွဲ့ဝင်တဦးက စစ်တပ်အား သတင်းပေးခဲ့ကြောင်း၊ ယခုအခါ မော်လဗီဟာရုဒ် မှာ ထွက်ပြေး လွတ်မြောက်နေကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။

“မော်လဗီဟာရုဒ် က ဘင်္ဂလားနယ်စပ်က၀င်ပြီးတော့ သင်တန်းတွေပေးနေတာကို ဒေသခံ နစက က တဆင့်သိရတာပါ၊ အသေးစိတ် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ”ဟု နိရဉ္စရာ၏ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။

ထိုဒေသများ၌ ယခုအခါ ခရီးသွားလာရေးခက်ခဲနေပြီး စစ်ဆေးမေးမြန်းမှုလည်း များပြားနေကြောင်း ဒေသခံများက ပြောဆိုကြ သည်။

“မောင်းတောမြို့ပေါ်နဲ့ရွာတွေမှာ ည ၁၀ နာရီထိုးရင် ညမထွက်ရ အမိန့်ထုတ်ထားတယ်၊ ၁၀ နာရီခွဲမှာထွက်ရင် ပစ်မိန့်ပေးထား တယ်၊ အမိန့်ထုတ်တာ တပတ်ရှိပြီ”ဟု မောင်းတောမြို့ခံ တဦးက ပြောသည်။

ဖမ်းမိသူများတွင် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းနှင့်လက်ရှိ ဥက္ကဋ္ဌ ၎င်း၏ညီ ဦးဇော်ဝင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့ ညီအစ်ကိုသည် အကြမ်းဖက်လုပ်ဆောင်နေသူများကို နောက်ကွယ်မှ ကူညီထောက်ပံ့ပေးနေသူများ ဖြစ် ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခုလုပ်တဲ့အစည်းအဝေးမှာ သူတို့တွေပါတာရယ်၊ အကုန်လုံးက အစ္စလမ်ဘာသာဝင်တွေဖြစ်နေတော့ တာလီဘန်တွေနဲ့ဆက်စပ်မှန်း စစ်တပ်က သတိမထားမိလိုက်ဘူးပေါ့”ဟု ဒေသခံက ဆိုသည်။

မောင်းတောမြို့ပေါ်တွင် လုံခြုံရေးထူထပ်စွာချမထားသော်လည်း နယ်စပ်သို့သွားရာ လမ်းတလျှောက်နှင့်တောင်ကြားလမ်းများ၌ စစ်တပ်များ ထူထပ်စွာချထားကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဘူးသီးတောင်၊ မောင်းတောနယ်စပ်တလျှောက်တွင် နအဖအစိုးရ၏ တပ်များထူထပ်စွာချထားသော်လည်း ထိုဒေသတ၀ိုက်၌ ဓားမြတိုက်ခြင်း၊ ၊ မုဒိမ်းကျင့်ခံရခြင်း၊ အကြမ်းဖက်ခြင်း ကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

ထိုတာလီဘန်ဟုဆိုသော အဖွဲ့သည် နယ်စပ်၌တာဝန်ကျနေသော နအဖ စစ်တပ်ကိုအခကြေးငွေ အများအပြားပေးကာ နယ် စပ် ဖြတ်ကျော်ဝင်ရောက်၍ ဘူးသီးတောင်၊ မောင်းတော ဒေသတ၀ိုက်တွင် အခြေပြုကာ ဓားမြတိုက်ခြင်း၊ အကြမ်းဖက်ခြင်း စသည်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာနိုင်ငံသားဟု နအဖအစိုးရက သတ်မှတ်
ပေးထားခြင်းမရှိသော်လည်း နအဖအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ကာ ခရီးသွားလာနေကြသူများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင် စကခမှ စစ်အင်အား ၃၀၀ ကျော် ရှမ်းပြည်နယ်သို့ စစ်ကူပို

တာကလူး

မြန်မာစစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ထိုးစစ်ဆင်နေသည့် အရှေ့ဘက် စစ်မျက်နှာတွင် အင်အားထပ်ဖြည့်ရန် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေးမှူးဌာနချုပ်မှ စစ်အင်အား ၃၀၀ ကျော်ကို ယနေ့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အက်စ်အက်စ်အေကို ထိုးစစ်ဆင်နေသည့် ရှမ်းပြည်နယ်ဘက်တွင် စစ်အင်အားထပ်ဖြည့်ရန် အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ထိုသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု အမည်အဖေါ်လိုသူ ဘူးသီးတောင်စကခမှ စစ်မှုထမ်း တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ ရှမ်းပြည်နယ်ဘက်ကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ အဓိကတော့ အက်စ်အက်စ်အေကို ထိုးစစ်ဆင်တဲ့ နေရာမှာ အင်အားထပ်ဖြည့်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းကပဲ ဘူးသီးတောင်ကနေ သင်္ဘောနဲ့ ထွက်သွားကြပါပြီ” ဟု ပြောသည်။

အဆိုပါစစ်ကြောင်းကို ဘူးသီးတောင် စကခမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်ဦးမှ ဦးဆောင်ပြီး၊ စကခ လက်အောက်ခံ အမှတ် (၃၅၄) နှင့် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းများမှ အရာရှိအပါအ၀င် စစ်သားအင်အား ၃၁၄ ယောက်နှင့်အတူ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အရှေ့ဘက်မှလာသော သတင်းများအရ ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်များသည် ရှမ်းပြည်နယ်အတွင်း အက်စ်အက်စ်အေ ထိန်းချုပ်နေမြေများကို လက်နက်ကြီးများ ပစ်ခတ်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

နအဖစစ်အစိုးရမှ ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းအများအပြားကို ယခုနှစ်နှစ်ဆန်းပိုင်းမှ စ၍ အရှေ့ဘက်ထိုးစစ်တွင် အသုံးပြုနေခြင်းကြောင့် ဒေသအတွင်းရှိ တချို့တပ်ရင်းများတွင် တပ်သားအလုံအလောက် မရှိတော့၍ တပ်လုံခြုံရေးအတွက် တပ်မိသားစုဝင်များကို လက်နက်ကိုင်ခိုင်းပြီး ကင်းစောင့် ခိုင်းထားရကြောင်း စစ်တပ်မှလာသော သတင်းများအရ သိရှိရသည်။

မောင်တောတွင် တာလီဘန်အဖွဲ့နှင့် ဆက်စပ်သူများဟု သင်္ကာ မကင်းသူများ ဖမ်းဆီးခံရမူ ဖြစ်စဉ်အကျဉ်း

ယခုလ ၄ ရက်နေ့က မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ ရယက ဥက္ကဌဟောင်း ဦးဇော်ဝင်းခေါ် ကာလူကို တာလီဘန် အဖွဲ့နှင့် ဆက်စပ်မူ ရှိသည်ဟု သတင်းအရ နစက တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှ သူထံမှ အင်္ဂလိပ်လိုရေးသားထားသော အစ္စလာမ်မစ် တာလီဘန် အဖွဲ့ဟု ဆီးလ် တံဆိပ်နှင့် စာရွက်စာတန်းများ ရရှိခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်း နစက တပ်ဖွဲ့မှ သူ့အား စစ်ဆေး ဖေါ်ထုတ်ရာ တာလီဘန် အဖွဲ့နှင့် ဆက်စပ်သူများဟု ယူဆရသူ လူပေါင်း ၁၀၀ နီးပါးခန့်ကို ဖမ်းဆီးခဲ့သည်။

နစက သတင်းရပ်ကွက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်၊ အောင်သပြေနှင့် ကွမ်းသီးပင်ကျေးရွာများမှ ရွာသား တချို့ကို အာဖဂန် နစ္စတန် တာလီဘန် အဖွဲ့မှ စေလွှတ်ခြင်း ခံရသူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှ ဘင်္ဂလာ- မြန်မာနယ်စပ် အနီးရှိ နစက နယ်မြေ (၁) နှင့် (၂) အကြားတွင် ဖေဖေါ်ဝါရီလ အတွင်းက လျို့ဝှက် ဖေါက်ခွဲရေး သင်တန်းများ ပေးခဲ့ကြောင်း သိရသည်။

ထိုအထဲမှ မွတ်ဆလင် တဦးက အဆိုပါ ဖြစ်စဉ်အား နစက တပ်ဖွဲ့သို့ သတင်းပေးရာမှ ဆက်စပ်သူများကို ဖမ်းဆီး အရေးယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နစက တပ်ဖွဲ့ဝင်များမှ အဆိုပါ ဒေသအတွင်း လုံခြုံရေးကို တင်းကျပ်ထားပြီး ညမထွက်ရ ကာဗျူး ထုတ်ထားကာ သင်္ကာ မကင်းသူများကို လိုက်လံ ဖမ်းဆီးမူများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ဖေါက်ခွဲရေး သင်တန်းပေးခဲ့သူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှာ လွတ်မြောက် နေပြီး ဘင်္ဂလာ- မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမူကြောင့် ဒေသ လူထု အတွင်း မသက်ဆိုင်သူများပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် လူပ်လူပ်ရွရွ ဖြစ်နေကြောင်း အဆိုပါ ဒေသမှ လာသော သတင်းများအရ သိရသည်။

မဏ္ဍပ်တိုင်းတွင် မိုင်းရှင်းဗုံးရှာ ကိရိယာများ ထားရမည်

ဧရာဝတီ Monday, 21 March 2011

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလတွင် မဏ္ဍပ်ဆောက်လုပ် လိုသူများအနေနှင့် လုံခြုံရေး ၀န်ထမ်းများ၊ CCTV ကင်မရာများ၊ အရေးပေါ် မိုင်းရှာ ဗုံးရှင်း ကိရိယာများ မဖြစ်မနေ ထားရှိမှသာ သက်ဆိုင်ရာက ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ် အားလုံးလိုက်နာရမည် ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီမှ မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာလိုက်ရာ အထက်ပါ အချက်များပါဝင်သည်။

မဏ္ဍပ်လုံခြုံရေးအတွက် စောင့်ကြည့်မည့် အဖွဲ့များကိုပါ ဖွဲ့စည်း ထားရမည် ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ် လုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် အတူ ပူးတွဲ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦးက ပြောသည်။

“မနှစ်ကလို ဗုံးပေါက်ကွဲမှုမျိုး ဖြစ်မှာစိုးလို့ လုံခြုံရေးကိစ္စ ဆောင်ရွက်ဖို့ ညွှန်ကြားတာပါ။ လုံခြုံရေးကိစ္စ သေချာ စီစဉ်ရမယ်၊ မဏ္ဍပ်တိုင်း လုပ်ရမယ်။ ဒီနှစ်တော့ မဏ္ဍပ် ဆောက်လုပ်ခွင့်ကိုလည်း သေသေချာချာ စိစစ်သွားမှာ ဆိုတော့ သင်္ကြန်မဏ္ဍပ် အရေအတွက်လည်း နည်းနိုင်တယ်” ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

စည်းကမ်းချက်များတွင် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ ဆက်သွယ်ရေး လွယ်ကူစေရန် မဏ္ဍပ်တိုင်းတွင် တယ်လီဖုန်းများ ထားရှိရန်၊ Light Truck ယာဉ်တစီးထားရှိရန်နှင့် မိုင်းစွန့်ရန်အတွက် ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရန် ဆိုသည့် အချက်များလည်း ပါရှိသည်။ ထို့အပြင် အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် လုံခြုံရေး ဝန်ထမ်းများကိုလည်း လုံခြုံရေး ကုမ္ပဏီများမှ အတွေ့အကြုံရှိသူများကို သတ်မှတ်ပေးထားသည့် အင်အားအတိုင်း တာဝန်ချ ပေးရမည်ဟု ဆိုထားသည်။

ယခုနှစ် သင်္ကြန်ကာလတွင် အင်းလျားကန်ဘေး တက္ကသိုလ်ရိပ်သာလမ်း တလျှောက်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုမည် မဟုတ်ကြောင်း၊ ယမန်နှစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပတ်လမ်းတွင်လည်း မဏ္ဍပ် အရေအတွက် လျှော့ချမည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X20 ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးကာ ၁၅၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူ အရေအတွက် လျော့ကျဖွယ်ရှိပြီး လူငယ်အများစုမှာလည်း ရေပက်ခံထွက်ရန် ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

“ကျနော်တို့ လူငယ်တွေ စုပေါင်းပြီး သင်္ကြန်မဏ္ဍပ် ဆောက်ချင်ကြတယ်။ ဒါပေမယ့် အိမ်က မိဘတွေက ခွင့်မပြုဘူး။ မနှစ်ကလို
ဗုံးပေါက်တာတွေ ဖြစ်မှာစိုးတယ်။ တခြား သူငယ်ချင်းတွေကလည်း ဒီနှစ်သင်္ကြန် ခရီးထွက်ဖို့ စီစဉ်နေကြတယ်။ အားလုံးက မနှစ်ကလို ထပ်ဖြစ်မှာ ကြောက်ကြတယ်” ဟု ရန်ကုန်မြို့နေ လူငယ်တဦးက ပြောသည်။

လုံခြုံရေး အစီအမံများ ပါဝင်သောကြောင့် သင်္ကြန် မဏ္ဍပ်ဆောက်ရာတွင် စရိတ်ပိုမို ကုန်ကျနိုင်ကြောင်း သင်္ကြန်ကာလ များတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။

“ပုံမှန်ဆိုရင် အသေးစားမဏ္ဍပ်တခုအတွက် အနည်းဆုံး ကျပ်သိန်း ၅၀ လောက်ကနေ စပြီး ကုန်တာလေ။ ဒါတောင် စည်ပင်ကို တင်ထားရတဲ့ စပေါ်ငွေ မပါသေးဘူး။ စပေါ်ငွေဆိုတာက ပြန်ရတော့ ကုန်ကျစရိတ်ထဲ ထည့်မတွက်တော့ဘူး။ ဒီနှစ် မဏ္ဍပ် လုံခြုံရေးအတွက် ၀န်ထမ်းအနည်းဆုံး ၁၀ ဦး ငှားရမယ်။ မဏ္ဍပ်မှာ ကင်မရာတွေ တပ်ရမယ်။ အရေးပေါ် အစီအစဉ်တွေ အကုန်လုံး လုပ်ရမယ်ဆိုတော့ စစ်ဆင်ရေး တခုလုပ်ရသလိုဖြစ်နေတယ်။ ကုန်ကျစရိတ်လည်း ပိုများမယ့်အပြင် အတော်ကို ခေါင်းရှုပ်ရမှာပါ” ဟု သူက ပြောသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွင် မြန်မာစာ အထူးပြုဘာသာရပ် တက်ရောက်သင်ကြားနေသူ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတဦးကလည်း သင်္ကြန်ကာလတွင် ရေပက်ခံ မထွက်ဘဲ တရားစခန်းဝင်မည်ဟု ဆိုသည်။

လူအများစုသည် ယမန်နှစ်ကကဲ့သို့ ဗုံးပေါက်ကွဲမည်ကို စိုးရိမ်နေသကဲ့သို့ စက်သုံးဆီဈေးများလည်း မြင့်တက်နေသောကြောင့် ကားငှားလည်ပတ်မည့်သူ နည်းပါးမည်ဟု ရန်ကုန်မြို့ခံ ကားအငှားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

“သင်္ကြန်အတွက် နယ်အငှားတွေတော့ စပြီး လက်ခံနေပြီ။ ရန်ကုန်ကတော့ ဒီနှစ်သိပ်မသေချာလို့ လက်မခံဖြစ်သေးဘူး။ ရန်ကုန်မှာ စည်မယ့်ပုံမရှိဘူး။ နယ်ဘက်တွေကိုပဲ အသွားများကြမယ်” ဟု မြန်မာပြည်သား ကားလုပ်ငန်း မန်နေဂျာက ပြောသည်။

မဟာသင်္ကြန်ကျင်းပရန် ရက် ၂၀ ကျော်သာ လိုတော့သော်လည်း ရန်ကုန်မြို့တွင်း မဏ္ဍပ်များ နေရာချထားပေးခြင်း မရှိသေးပေ။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကမူ ယခုနှစ်သင်္ကြန်ကာလ ကျရောက်မည့် နွေတွင် လာနီညာ ရာသီဥတုကြောင့် အပူချိန် လျော့နည်းမည် ဖြစ်ပြီး မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းမှုများ၊ မိုးကြိုးပစ်မှုများ၊ မိုးသက်လေပြင်း ကျရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။

မောင်တောတွင် တာလီဘမ် အဖွဲ့ဝင် ၈၀ ဖမ်းဆီးခံရ

မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်ဟု ယူဆရသူ မွတ်ဆလင် ၈၀ ခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိ ထားကြောင်း နစက သတင်း ရပ်ကွက် အရ သိရသည်။

နစကနှင့် နီးစပ်သူ မောင်တောမြို့ခံ တစ်ဦးက“ လွန်ခဲ့တဲ့ ၄ ရက်လောက်က မောင်တောမြို့ မြောက်ပိုင်းမှာ ရှိတဲ့ ကွမ်းသီးပင်ကျေးရွာ က မူဆလင် အမျိုးသားတဦးဆီက “အစ္စလာမ်မစ် တာလီဘမ်အဖွဲ့” ဆိုတဲ့ ရုံးသုံး တံဆိပ် တုံးတွေနဲ့ တခြား စာရွက်စာတန်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးပြီးတဲ့နောက်မှာ နောက်ထပ် သံသယ ဖြစ်ခံရသူ အဖွဲ့ဝင်တွေကိုလည်း ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ကျီးကန်းပြင် ဌာနချုပ်မှာ အယောက် ၈၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဖမ်းဆီးခံ အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်များထံမှ စစ်ဆေး မေးမြန်း ဖေါ်ထုတ်ချက်အရ တခြား ဆက်စပ်သူများကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“ အခုလောလောဆယ် နယ်မြေ(၁) အောင်သပြေကျေးရွာ၊ ကွမ်းသီးပင်ကျေးရွာ၊ ခမောင်းဆိပ် ကျေးရွာနှင့် တခြားကျေးရွာများမှ အဖွဲ့ဝင်များကို ယမန်နေ့က မောင်တောမြို့နယ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ကိုယ်တိုင် သွားရောက်ပြီး ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ်လည်း ဖမ်းဆီးမူတွေ ရှိနိုင်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ တာလီဘန် အဖွဲ့ဝင်များဟု သင်္ကာ မကင်းသူများကို ကျီးကန်းပြင် နစက ဌာနချုပ်မှ အရေး ပေါ် စစ်ဆင်ရေး ပြုလုပ်ကာ ဖမ်းဆီး နေပြီး တခြား ဆက်စပ်မူ ရှိသူများမှာလည်း ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။

၎င်း အစ္စလာမစ် တာလီဘမ်များ ဟု ယူဆရသူများ အနေဖြင့် မြေအောက်လှုပ်ရှားသူများ ဖြစ်ပြီး ဖေါက်ခွဲရေး ပစ္စည်းများဖြင့် ဗုံးဖေါက်ခွဲမည့် အစီစဉ်များလည်းရှိသည်ဟု နစက သတင်းရပ်ကွက်အရ သိရသည်။

အဆိုပါ ကိစ္စအတွက် လာမည့် အပတ်တွင် မောင်တောမြို့သို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သတင်း အသေးစိတ်နှင့် နောက်ဆက်တွဲ သတင်းများကို နိရဉ္စရာမှ ဆက်လက်စုံစမ်းနေ ဆဲဖြစ်သည်။

ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ

ဧရာဝတီ Monday, 21 March 2011

ရန် ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။

မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင် ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။

“ရန်ကုန် လေဆိပ်မှာ Channel (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ်တာဝန်ကျ လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။ သူတို့က ခင်ဗျားတို့ နိုင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။ ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က ကောင်တာမဖြတ်ခင် ကတည်းက ပိုက်ဆံကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ”ဟု စင်ကာပူနိုင်ငံရှိ သင်္ဘောကျင်းတခုတွင် အထွေထွေ အလုပ် သမားအဖြစ် လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားအများစုသည် ရန်ကုန်လေဆိပ်၊ လ၀က ကောင်တာကို ဖြတ် သန်းချိန် တဦးလျှင် မလေးရှား ရင်းဂစ် တဆယ် ပေးရကြောင်း၊ ရင်းဂစ် တဆယ် မပေးဆောင်လျှင် အကောက်ခွန် ၀န်ထမ်းများက ခရီးဆောင်အိတ်များ၊ လက်ဆွဲအိတ်များကို ရှာဖွေပြီး နိုင်ငံခြားငွေကို တရားဝင်ကြေညာခြင်းမပြုဘဲ သယ်ဆောင် သည်ဟုဆိုကာ ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်၍ပါသမျှ ငွေကြေးကို သိမ်းယူခြင်းများပြုလုပ်ကြောင်း မလေးရှားနိုင်ငံတွင် သုံးနှစ်ကြာ အလုပ် လုပ်ပြီး မြန်မာနိုင်ငံ ပြန်လာသည့် အလုပ်သမားတဦးက ဆိုသည်။

“မလေးရှားက အလုပ်လုပ်ပြီးပြန်လာတဲ့သူဆိုရင် ရင်းဂစ် တဆယ်၊ စင်ကာပူဆိုရင် စင်ကာပူ ဒေါ်လာ ၂၀ ၊ ဂျပန်ဆိုရင် အမေရိကန် ဒေါ်လာ ၅၀ လောက်ထိ လေဆိပ်ဝန်ထမ်းတွေက တောင်းတယ်။ ပိုက်ဆံမပေးရင်ရစ်တယ်၊ ပြဿနာရှာတယ်။ တော်တော်များများကလည်း ပြန်လာတဲ့အချိန် ပြဿနာမတက်ချင်တော့ တောင်းသမျှ ပေးကြတယ်။ လေယာဉ်တစီးဆိုက်ပြီးရင် မြန်မာ အလုပ်သမား တွေကိုစိစစ်တဲ့ လ၀က ကောင်တာမှာ နိုင်ငံခြားပိုက်ဆံတွေ ကြွပ်ကြွပ်အိတ်အမည်းတွေနဲ့ ကျူံးပြီးသိမ်းရတဲ့ အထိ ပိုက်ဆံတွေက များတယ်”ဟု လေဆိပ် ၀န်ထမ်းတဦးက ပြောပြသည်။

ရန်ကုန်လေဆိပ်တွင် ပြည်ပမှ ပြန်ရောက်လာသူများ အားလုံးကို လ၀က ၀န်ထမ်းများက လုပ်ငန်းနှင့်မသက်ဆိုင်သော မေးခွန်းများမေးမြန်းပြီး စိစစ် မှုများပြုလုပ်ကြကြောင်းလည်း သိရှိရသည်။

“ရန်ကုန်လေဆိပ်မှာ မလိုအပ်တဲ့ မေးခွန်းတွေမေးတယ်။ အလည်သွားတာလား၊ ဟိုမှာဘယ်လောက်ကြာလဲ၊ ဘာကိစ္စသွားတာလဲ၊ ဟိုမှာဘယ်သူရှိလဲ ဆိုတဲ့မေးခွန်းတွေမေးတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေးကိစ္စတွေကို ၀င်ရောက်စွက်ဖက်တာပဲ။ နိုင်ငံခြားလေဆိပ်တွေ မှာ အဲဒီလိုမမေးဘူး။ ဗီဇာပြပြီး အေးအေးလူလူဝင်သွားလို့ ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်မှ အမေးခံရ၊ အစစ်ခံရတာ။ လေဆိပ် ၀န် ထမ်းတွေက မလိုအပ်ဘဲအာဏာပြနေကြတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ပုံမှန်သွားနေသူ စီးပွားရေးသမားတဦးက ဆိုသည်။

အကောက်ခွန် အသိုင်းအ၀ိုင်း၏အဆိုအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လ၀က ၊ ရဲ၊ အကောက်ခွန် ၀န်ထမ်း နှင့် စရဖ များကို လစဉ် အပြောင်းအလဲပြုလုပ်လေ့ရှိပြီး လေဆိပ်တွင် တာဝန်ထမ်းဆောင်ခွင့်ရချိန် ၀င်ငွေအများအပြားရရှိခြင်းကြောင့် တာဝန် ထမ်းဆောင်လိုသူ များပြားကြောင်း သိရှိရသည်။

အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းကစပြီးဖြစ်နေတာ။ အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေးလာဘ်ယူ မလုပ်တဲ့သူဆိုတာ ခပ်ရှားရှားပဲ”ဟု ဝေဖန်ပြောဆို သည်။

လက်နက်ကို လက်နက်ဖြင့်တုံ့ပြန်တိုက်မည်ဟု ချင်းအမျိုးသားတပ်ဦးကပြော

KHONUMTHUNG NEWS

နအဖ စစ်အာဏာရှင် စနစ်ကို လက်နက်ချင်း ယှဉ်တိုက်နိုင် မှသာ မြန်မာ နိုင်ငံတွင်ဒီမိုကရေစီ နှင့်စစ်မှန်သောပြည်ထောင်စု စနစ် တည်ဆောက်နိုင်မည်ဟုချင်းအမျိုးသား တပ်ဦး (စီအဲန်အက်ဖ်) ကပြောဆိုလိုက်သည်။

နအဖစစ်အာဏာရှင်အား လက်နက်ချင်းယှဉ်မတိုက်ပါက မည်သည့်အခါမျှ၎င်းတို့ အသိတရားဖြင့် အာဏာ ကို လက် လွှတ်လိမ့်မည်မဟုတ်သည့်အပြင်ဒီမိုကရေစီစနစ် နှင့် စစ်မှန်သောပြည် ထောင်စုကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ဟု တထစ်ချယုံကြည်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့်ချင်းအမျိုးသားတပ်ဦး၏ (၂၃) နှစ်မြောက်
ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(စီအဲန်အက်)အထွေထွေအတွင်းရေးမှူးပူးပေါလ်စီထားက”မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေ။တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေးအရ တောင်းဆိုချက်တွေကိုလက်နက်နဲ့ဖြေရှင်းတုံ့ပြန် တာချည်းပဲဖြစ်တယ်။ ၈၈ တုန်းကကျောင်းသားပြည်သူ ရဟန်းရှင်လူ အပေါင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုတာ
ကိုလည်း လက်နက်နဲ့ အကြမ်းဖက်နှိမ်နှင်းခဲ့တယ်၊ လက်နက်ကိုလက်နက်ချင်းပြန်တိုက်ရမယ် ဆိုလိုတာ အဲဒါပဲ၊ အဲဒီအခြေအနေကို စစ်အုပ်စုတွေကပဲ ဖန်တီးထားတာဖြစ်တယ်” ဟုခိုနူမ်းထုန်ကိုပြောသည်။

ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးသည် နအဖစစ်အုပ်စုကိုထိရောက်စွာတန်ပြန်တိုက်ထုတ်နိုင်ရေးအတွက် ချင်းအမျိုးသား
တပ်မတော်အင်အားကိုအဖက်ဖက်မှ တိုးချဲ့တည် ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ထိုသို့ တပ်မတော်အင်အားတိုးချဲ့တည်ဆောက်ရာမှာအဖက်ဖက်မှ ပါဝင်ကူညီအားဖြည့်ပေးကြသည့် ပြည်တွင်း ပြည်ပရှိ

ချင်းအမျိုးသားများနှင့်ချင်းပြည်သူများအပေါ် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ချင်းအမျိုးသားတပ်ဦးကို ဆထက်တံ ပိုးပိုမို၍ပံ့ပိုးကူညီကြပါရန်၎င်းတို့ ကြေညာချက်ထဲတွင် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

” ချင်းလူမျိုးတွေအတွက် ကိုယ်အမျိုးသားကာကွယ်ရေးဖို့လက်နက်ကိုင်အင်အားကတော့ မရှိမဖြစ်ပဲ လိုတယ်၊ ချင်းအမျိုး သားတပ်မတော်ကချင်းအမျိုးသားအကျိုးစီးပွားအတွက် နအဖကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်” ဟု ချင်းအမျိုးသားတဦးက ပြောသည်။

ယနေ့အချိန်ကာလသည်တိုင်းရင်းသားလူမျိုးစုများအနေဖြင့်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်ရာတွင် တဦးကောင်းတဖွဲ့ကောင်းမျိုး မဟုတ်ပဲ နိုင်ငံရေး၊စစ်ရေးအရစုစုစည်းစည်းတိုက်ပွဲဝင်ရန် အလိုအပ်ဆုံးအချိန်ကာလ ဖြစ် သည်ဟုချင်းအမျိုးသားတပ်ဦးက ဆက်လက်ဆိုသည်။

၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
(United Nationalities Federal Council-Burma) သည် လက်ရှိပကတိတိုင်းရင်းသားလူမျိုးစုများလိုအပ်လျက်ရှိ
သည့်စုဖွဲ့မှုအသွင်သဏ္ဍန်ဖြစ်သည့်အတွက်ချင်းအမျိုးသားတပ်ဦးမှလှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း
၎င်းတို့၏ကြေ ညာချက်တွင်ဖော်ပြထားပါသည်။

” နအဖက တဖွဲ့ချင်းတိုက်ယင် အဲဒါ အားလုံးကို တိုက်တယ်လို့ပဲ ယူဆတယ်၊ အဲဒါယူအဲန်အက်ဖ်စီရဲ့ သဘောထားပဲ၊ ယခုချိန်မှာ ယူအဲန်အက်ဖ်စီကပိုမိုစုစည်းဖို့ လိုအပ်လာပြီ” ဟု ချင်းအမျိုးသားတပ်ဦးမှပြောရေးဆိုခွင့် ရှိသူတဦးကပြော သည်။

ချင်းအမျိုးသားတပ်ဦး(ချင်းအမျိုးသားတပ်မတော်)ကို ၁၉၈၈ ခုနှစ် တပြည်လုံးဒီမိုကရေစီအုံကြွမှုအရေးအခင်းကာလတွင် ပညာတတ်ချင်းကျောင်းသားများသည် စစ်အာဏာရှင်များအား လက်နက်စွဲကိုင်ပြီး ပြန်လည်တိုက်ထုတ်ရန် ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် လက်မောင်သွေးဖောက်ပြီး သစ္စာဆိုကာ ချင်းအမျိုးသားတပ်ဦး အမည်ဖြင့် တော်လှန်ရေးတိုက်ပွဲ ဆင်နွဲ့ခဲ့ကြသည်။ ထို့ကြောင့် မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ် ခေါ်ဆိုသမုတ်ခဲ့ကြခြင်းဖြစ်သည်။

ဒေါ်စုလှူဒါန်းသော ထီးတော် တင်ပွဲ တပေါင်းလပြည့်နေ့က ဂီရိမုန်တိုင်းသင့် ဒေသတွင် ကျင်းပ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျီးခေါင်းတောင် ကျေးရွာ စေတီထီးတော်မှာ ဂီရိမုန်းတိုင်းကြောင့် မြေခခဲ့ရသဖြင့် ဒေါ်စု လှူဒါန်းသော ထီးတော်ကို တပေါင်းလပြည့်နေ့က အသစ် ပြန်လည် တင်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ထီးတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်က လှူဒါန်းခြင်း ဖြစ်ပြီး ထီးတော်တင်ပွဲကို CRPP အတွင်းရေးမှူး ဦးအေးသာအောင်နှင့် NLD မှ ဒေါ်မေ၀င်းမြင့် အပါအ၀င် ခေါင်းဆောင် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။

“ ထီးတော်တင်ပွဲကို နံနက် ၇ နာရီကနေ ၉ နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဦးအေးသာအောင်တို့ ဒေါ်မေ၀င်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။ ထီးတော်ရဲ အောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူများမှ လှူဒါန်းသည်ဆိုပြီး စာရေးသားထားပါတယ်” ဟု ပြောသည်။

အခမ်းအနားသို့ ဒေသ အာဏာပိုင်များနှင့် ထောက်လှမ်းရေးများ လာရောက်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

“ NLD ခေါင်းဆောင်တွေကလည်း ထီးတော်တင်ပွဲ အခမ်းအနားမှာ ထူးထူးထွေထွေ ဘာမှ ပြောဆိုသွားတာ မရှိပါဘူး။ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းတဲ့ အတွက် ထီးတော်ကို လာရောက် တင်ပေးရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အခမ်းအနားက အေးအေးဆေးဆေး ပီးဆုံးသွားခဲ့ပါတယ်။ ကျေးရွာသားတွေလည်း လာကြတော့ အနည်းငယ် စည်ကားခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

အခမ်းအနားအပြီးတွင် ဦးအေးသာအောင်တို့ အဖွဲ့မှ ကျေးရွာသားများသို့ အ၀တ်အစားများနှင့် ဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း သူက ပြောသည်။

ဒီမိုကရေစီခရီး ဘယ်ပုံရှေ့ဆက်မည်နည်း

ဧရာဝတီ

မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဖြစ်စဉ် တခုလုံးသည် အတုအယောင်မျှဖြစ်သည်မှာ ရှင်းလင်းမြင်သာ နေသော်လည်း တိုင်းပြည်၏ နိုင်ငံရေး အဆောက်အအုံပိုင်းတွင် ပြောင်းလဲမှုတချို့ရှိလာပါလိမ့်မည်။

သမ္မတ ဦးဆောင်သည့် ဗဟိုအစိုးရတရပ်နှင့်အတူ အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ လွှတ်တော်များသည် ထိုနိုင်ငံရေး ဖြစ်စဉ်တွင် ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း တခုစီတွင် ၀န်ကြီးချုပ် ဦးဆောင်သော အစိုးရတရပ်စီ ရှိလာမည် ဖြစ်သည်။

သို့ရာတွင် နိုင်ငံရေး အဆောက်အအုံပိုင်းဆိုင်ရာ အပြောင်းအလဲသည် ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံ၏ မတူညီသော နိုင်ငံ ရေး ဗဟုဝါဒများအတွက် မည်သည့်အတိုင်းအတာအထိ လမ်းခင်းပေးမည်နည်း။ ပို၍အရေးကြီးသောမေးခွန်းမှာ ဒီမိုကရေစီ၏ ရှေ့ဆောင်လမ်းပြဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ၀င်ရောက်လာမှုမှသည် ထွန်းညှိခဲ့သော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ်ပေါင်းများစွာ ဆက်လက်တောက်လောင်နေရန် ကြိုးပမ်းခဲ့သော ဒီမိုကရေစီ မီးရှုးတိုင်သည် ငြိမ်းချုပ် ပျောက်ကွယ် သွားတော့မည်လား။

ရွေးကောက်ပွဲဆီ ဦးတည်ချဉ်းကပ်လာနေချိန်တွင် ယင်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် အလွန်အရေးကြီးသော မေး ခွန်းများ ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ အခြေခံကျသော နိုင်ငံရေးပြဿနာရပ်များသည် ဆက်လက်တည်ရှိနေပါလိမ့်မည်။ ထိုပြဿနာများ မှာ တိုင်းပြည်၏အဓိကအင်အားစုများဖြစ်သော တပ်မတော်၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအုပ်စုများအကြား စစ် မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှု၊ လက်နက်ကိုင် တိုင်းရင်းသား ပဋိပက္ခများ၊ လူ့ အခွင့်အရေး ချိုးဖောက် မှုများ၊ အကျင့်ပျက် လာဘ်စားမှုများ၊ အိမ်နီးချင်းနိုင်ငံများရှိ မြန်မာဒုက္ခသည်များအရေးနှင့် သန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေး၊ တိုင်းပြည်၏ ဘဏ္ဍာရေးကို လွဲမှားစွာစီမံခန့်ခွဲနေခြင်းကြောင့် ဖြစ်ပေါ်နေသော လူမှု အခြေခံ အဆောက်အအုံများ အဆက်မပြတ် ပျက်စီးယိုယွင်းလာခြင်းနှင့် ညံ့ဖျင်းသော စီးပွားရေးစီမံခန့်ခွဲမှုကြောင့် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လာသော ဆင်းရဲမွဲတေမှုတို့ ဖြစ်ပါသည်။

အသစ်ပေါ်ထွက်လာမည့် လွှတ်တော်တွင် အဓိက အုပ်စုကြီး ၄ ခု အတူတကွ ၀င်ရောက်နေရာယူကြပါလိမ့်မည်။ ၎င်းတို့မှာ စစ်တပ်မှ ၂၅ ရာခိုင်နှုန်းယူထားသော လွှတ်တော်တွင် အလိုအလျောက်ဝင်ရောက်လာမည့် စစ်သားအမတ်များ အုပ်စု၊ စစ်တပ်က ကြောထောက်နောက်ခံပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ၎င်းပါတီ၏ မဟာ မိတ်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ နှင့် ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် ပါတီများဖြစ်ပါသည်။

လွှတ်တော်အသစ်၏ စွမ်းဆောင်ရည်ရှိမှု၊ မျှတမှုနှင့် ဒီမိုကရေစီ၏အဓိကစံနှုန်းများဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်နှင့် စုရုံး ခွင့်တို့ကို ဘယ်လောက်ကျင့်သုံးနိုင်မည်နည်းဆိုသည်မှာ ကျင်းပမည့်ရွေးကောက်ပွဲရလဒ်အပေါ်တွင် အများကြီးမူတည်နေပါ သည်။

ဒီမိုကရေစီပါတီများအတွက်တော့ အသစ်ဖြစ်ထွန်းလာမည့် နိုင်ငံရေးအသွင်သဏ္ဍာန်တခုတွင် ၎င်းတို့အသံကို ထုတ်ဖော်နိုင်ရန် မှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့်နေရာ စုစုပေါင်းအရေအတွက်နှင့် လွှတ်တော်ထဲရောက်သည့်အခါ မဟာမိတ်ဖွဲ့မှု အပေါ် တွင် မူတည်ပါသည်။

အကယ်၍ ဒီမိုကရေစီပါတီများ ရွေးကောက်ပွဲတွင် နေရာအနည်းအကျဉ်းသာ အနိုင်ရခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။ ထိုရလဒ်သည် မြန်မာပြည်သူများနှင့် နိုင်ငံတကာက နှစ်ပေါင်းရှည်ကြာတောင်းဆိုနေခဲ့သော နိုင်ငံရေးတည်ငြိမ်မှုကို ဖြစ်ပေါ် စေနိုင် ပါသလား။

ရွေးကောက်ပွဲပြီးနောက် ၆ ရက်ကြာသည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ကြာ နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာမည် ဖြစ်ပါသည်။ သူ၏ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှု၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ ပြည်သူ အများ၏ ချစ်ခင်မှုကိုရရှိသော ခေါင်းဆောင်မှုတို့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးတွင် ပြန်လည်ဝင်ရောက်လာမှု သည် ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည်နိုးထလာပြီး အင်အားပြန်ကောင်းလာမည်မှာ သံသယမရှိပါ။

ပြည်သူကြားက နေ့စဉ်နိုင်ငံရေးဘ၀ထဲ ပြန်လည်ဝင်ရောက်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဆောင်ရွက်ချက် မှာ အကွဲအပြားဖြစ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အမျိုးသားနိုင်ငံရေးအင်အားစု (NDF) တို့အကြား ပြန် လည်ပေါင်းစီးရေးကို ဦးဆောင်ဦးရွက် ပြုလေမည်လား။ သို့ဆိုလျင် ဒီမိုကရေစီအင်အားစုများ ၏ နိုင်ငံရေးပုံရိပ်ကို ပြန်လည် ပြုပြင် နိုင်မှာဖြစ်သကဲ့သို့ နိုင်ငံရေးရင့်ကျက်မှုကိုလည်း ပြသရာရောက်ပါသည်။

တချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ယခုအခါ NDF ပါတီ ခေါင်းဆောင်ဖြစ်သော ဦးခင်မောင်ဆွေ ၏ မကြာသေးခင်က ပြောဆိုခဲ့သည့်အချက်က ဒီမိုကရေစီလှုပ်ရှားမှုကို ပါလီမန် အတွင်းနှင့်အပြင် ဆက်လက် တိုက်ပွဲဝင်သွားရန် တံခါးဖွင့်ထားလိုက်ခြင်း ဖြစ်သည်။

လောလောဆယ် NLD နှင့် NDF အကြား သဘောထားကွဲပြားမှုများသည် စေ့စပ်ညှိနှိုင်းမရ ဖြစ်နေနိုင်ပါသည်၊ NDF ခေါင်း ဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်အမြော်အမြင်နှင့် ဂုဏ်သိက္ခာအပေါ် မြင့်မြင့်မားမား လေးစားကြသူများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ဘုံရည်မှန်းချက်အတွက် သူ၏ဦးဆောင်မှုကို ခံယူသွားရန် အမြဲတမ်း အဆင်သင့်ရှိပါသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယင်းပြောဆိုချက်သည် NLD နှင့် NDF အကြား ပြန်လည်ပေါင်းစည်းရေးအတွက် ဦးခင်မောင်ဆွေ၏ တောင်းဆိုမှုလား ဆို သည်မှာ မသေချာသော်လည်း ထိုပြောဆိုမှုက ဒေါ်အောင်ဆန်းစုကြည်ကို သံလွင်ခက် ကမ်းလိုက်ခြင်းဖြစ်ပါသည်။ ထိုကမ်း လှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည် က လက်ခံမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

ဒီမိုကရေစီရေးကို အဓိကလုပ်ဆောင်နေသော အင်းအားစုများအကြား စုစည်းညီညွတ်မှုသည် ရွေးကောက်ပွဲလွန်ကာလတွင် ဒီမိုကရေစီမီးရှုးတိုင်ကို ပြန်လည်ထွန်းညှိရေးအတွက် အရေးတကြီးလိုအပ်ချက်တခုဖြစ်နေပါသည်။ အကယ်၍ NLD နှင့် NDF တို့ကသာ ထိုမီးရှုးတိုင်ကို ဆက်လက်ထွန်းညှိထားနိုင်မည်ဆိုလျှင် ဒီမိုကရေစီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင် များနှင့် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့များပါဝင်သည့် ပိုမိုကျယ်ပြန့်သော မဟာမိတ်ပြုမှုကို ထိုအလင်းရောင် က ဆွဲဆောင်နိုင်ပါလိမ့်မည်။

စည်းလုံးညီညွတ်မှုရှိမှသာလျှင် ထိုမဟာမိတ်ဖွဲ့မှုက စစ်မှန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအား လက်ခံလာစေရန် စစ်ဗိုလ်ချုပ်များ၏နှလုံးသားနှင့် စိတ်ဓာတ်များကို ဖိအားပေးနိုင်စွမ်း ရှိပါလိမ့်မည်။ ထိုလမ်းသည်သာ တိုင်းပြည်အတွက် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်ချမ်းမှု၊ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မည့် တခုတည်းသောလမ်း ဖြစ်ပါသည်။


How to Keep the Flame of Democracy Burning ကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,21st,2010

( 27 )ဧရာဝတီ ရေလုပ်သားများ လေဘေးသင့်

( 26 )Saudi oil to traverse Burma

( 25 )လှိုင်သာယာ စက်မှုဇုန် အလုပ်သမားများ ရပိုင်ခွင့် မကျေနပ်ချက်များရှိ

( 24 )Anxiety pervades Burmese border town

( 23 )မိုးဖျက်ပြီး ဆားဈေး ၂ ဆကျော် တက်

( 22 )Burma and the future of Indian Ocean politics

( 21 )မိုးရာသီအမီ ဂီရိမုန်တိုင်း ပြန်လည်ထူထောင်ရေး အခက်အခဲတွေရှိ

( 20 )Burma tries to strangle Skype

( 19 )Burmese Army ‘Demoralized’ and Under ‘Great Strain’

( 18 )တတိယ အကြိမ်မြောက် သမိုင်းဝင် ထိပ်ကျင်းတောင် အဘယသုခ စေတီပွဲတော် ဘင်္ဂလာဒေခ်ျ့တွင် ကျင်းပ

( 17 )Nearly 80 Suspected Taliban Members Arrested in Burma

( 16 )ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်း တို့ သံတွဲတွင် ဖြေဖျော်မည်

( 15 )The Libyan No Fly Zone and the Delay of Democracy

( 14 )ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံရသူ ၇၅ ဦး ရှိပြီ

( 13 )Hopes for a new beginning in Burma

( 12 )နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

( 11 )Burma tests passengers for contamination

( 10 )ဖင်လန်နိုင်ငံရောက် မြန်မာလူမျိုးနှစ်ဦး လူမှုထူးချွန်ဆု ရရှိ

( 9 )Myanmar salt prices soar amid China panic buying

( 8 )အာဏာရှင်ဆန့်ကျင်ရေး လူမှုကွန်ယက်လှုပ်ရှားမှု ကျယ်ပြန့်လာနေ

( 7 )Contestants compete for Myanmar Miss Tourism 2011

( 6 )ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု

( 5 )Burmese Court Rejects Australian Journalist’s Bail Request

( 4 )ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်

( 3 )Burma tests arrivals from Japan for contamination

( 2 )မြန်မာတချို့ ဂျပန်မှပြန်လာ

( 1 )India has abandoned Aung Sun Suu kyi, Indians have not