ထွန်းထွန်း
ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓါတ်အားပေးနေမှုကို နာရီပိုင်းအလိုက် အလှည့်ကျပုံစံဖြင့်သာ ဆက်လက် ပေးဝေ သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့မေ ၃၁ ရက်နေ့ ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ဦးဖြိုးမင်းသိန်းက “အခုဖြစ်ခဲ့တာတွေ လျှပ်စစ်မလုံလောက်မှု ပြဿနာမဟုတ်ဘဲ မီးပေးနေတဲ့စနစ်မှာ အားနည်း နေတဲ့ အပိုင်း တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ကာလအတွက် ဖြစ်ပါတယ်”ဟု ပြောသည်။
အယ်နီညို ရာသီဥတုကြုံတွေ့ခဲ့သည့် မတ်၊ ဧပြီ၊ မေလများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပြတ် တောက်မှု များ ကြုံတွေခဲ့ခြင်းမှာလည်း သဘာဝဘေးအန္တရာယ်များကြောင့် အဓိက မဟာဓါတ်အားလိုင်းတွင် တပ်ဆင် ထားသည့် စက်အချို့ ပျက်စီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူများ က ရှင်းပြ သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထားသည့် မြေအောက် လျှပ်စစ်ကြိုးများမှာလည်း နှစ်ကာလ ကြာမြင့်ပြီ ဖြစ်၍ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပြီး လျှပ်စစ်သွယ်တန်းမှုနှင့် လူတို့၏ မသမာမှုကြောင့် လျှပ်စစ် ယူနစ် ဆုံးရှုံး ရမှု များ လည်း ရှိနေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တနိုင်ငံလုံးသုံးစွဲမှု၏ တဝက်ခန့်ဖြစ်သော လျှပ်စစ် ၁၁၅၀ မီဂ္ဂါဝပ်ခန့်ကို အသုံးပြု လျက်ရှိပြီး တိုးချဲ့လာသည့် အဆောက်အအုံများနှင့် ရင်းနှီးမြုပ်နှံမှုများကြောင့် မဂ္ဂါဝပ် ၄၀၀ ခန့် ထပ်မံပေးနိုင်ရန် လိုအပ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းသို့လိုအပ်သည့် လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် သဘာဝဓါတ်ငွေ့ ဝယ်ယူကာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန် စီစဉ်လျက်ရှိသော်လည်း ကုန်ကျစရိတ်မြင့်မားမှုအတွက် သုံးစွဲသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ် ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ရောင်းချပေး သည့် လျှပ်စစ် တယူနစ်ကို ၅၇ ကျပ်ဖြင့် ဝယ်ယူကာ အများပြည်သူသို့ တယူနစ် ၃၅/၄၀/၅၀ ကျပ်ဖြင့် လည်း ကောင်း၊ စက်မှုလုပ်ငန်းများအား တယူနစ် ၇၅ ကျပ်မှ ၁၅၀ ကျပ်အထိ ဈေးနှုန်းများဖြင့် ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။
Wednesday, June 1, 2016
အကြမ်းဖက်မှုကို အလိုမရှိကြောင်း ဒီပဲယင်းအောက်မေ့ဖွယ်အခမ်းအနားတွင် မုံရွာမြို့ရှိ စာရေးဆရာများပြော
မာန်ဇာမြေမွန်
အကြမ်းဖက်မှုကိုအလိုမရှိကြောင်း မုံရွာမြို့ရှိ စာရေးဆရာများက ၁၃နှစ်မြောက် ဒီပဲယင်းအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြားသည်။
မေလ ၃၀ရက်တွင်ကျရောက်ခဲ့သည့် ၁၃နှစ်မြောက် ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဝမ်းနည်းဖွယ် ဒီအရေးအခင်းကြီးကို ဆုံးရှုံးမှုကနေ အင်အားစုဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးကို ကောင်းမွန်စွာမဖြေရှင်းပဲ လက်နက်နဲ့ အနိုင်ထက်ပြုတာလက်မခံပါဘူး။ " စာရေးဆရာကြီး အံ့မောင်က ပြောကြားခဲ့သည်။
ဒီပဲယင်းအောက်မေ့ဖွယ် အခမ်းအနားကို မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အခြားသောကဗျာဆရာများကလည်း အောက်မေ့ဖွယ်ကဗျာများဖြင့် ဂုဏ်ပြုခဲ့ကြသည်။
၁၃ နှစ်မြောက် ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၀၃ ခုနှစ်က အခင်းဖြစ်ပွားခဲ့သည့် ဒီပဲယင်းမြို့နယ် ကြည်ရွာတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်အား အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် ရုံးခန်းများကို(၇)နှစ်ကြာ ချိတ်ပိတ်ခံခဲ့ရသည်။

မုန်တိုင်းနှင့် ကြုံခဲ့ရသော်လည်း မြောက်ဦး ရှစ်သောင်းဘုရားပွဲတော် စည်ကား
စံမောင်သန်း၊ စစ်တွေ
ရှစ်သောင်းဘုရားပွဲဟု လူသိများသော ရှစ်သောင်း၊ ထုက္ကံသိမ်နှင့် အံတော်သိမ်ဘုရားများအတွက် ကျင်းပသည့် ဗုဒ္ဓပူဇနိယ ပွဲတော်သည် ယခုနှစ်တွင် ရွန်နုမုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် ဖွင့်ပွဲနေ့တွင် အခက်အခဲ အနည်းငယ် ကြုံတွေ့ခဲ့ရသော်လည်း နောက်နေ့များတွင် နှစ်တိုင်းကျင်းပသော ပွဲတော်များကဲ့သို့ စည်ကား ခဲ့သည်ဟု ရှစ်သောင်းဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေမောင်က မေ လ ၂၄ ရက်နေ့က ပြောသည်။
“ဖွင့်ပွဲနေ့မှာ မိုးရွာသွန်းတဲ့အတွက် သတ်မှတ်ထားတဲ့ ပွဲမုခ်ဦးက မဖွင့်လှစ်နိုင်ဘဲ ဘုရားရဲ့ မုခ်ဦးထဲမှာပဲ ဖွင့်လှစ်ခဲ့ရပါတယ်။ ပထမနေ့မှာ ပရိသတ်ကလည်း နည်းပါတယ်။ ဒါပေမယ့် နောက်နေ့တွေမှာတော့ ရာသီဥတု အခြေအနေ ကောင်းလာတဲ့အတွက်ကြောင့် နှစ်တိုင်းလိုစည်ကားလာပါတယ်။ ဒီနေ့ဆို ပိုပြီးတော့ စည်ကားလာပါတယ်”ဟု သူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ပွဲကျင်းပ ပြုလုပ်ရခြင်းမှာ ဒေသတွင်းရှိပြည်သူများ အန္တရာယ်ကင်း ဘေးရှင်းစေရန် ဖြစ်သည်။
“ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်တစ်ကြိမ် ပဌာန်းတရားတွေကို ရွတ်ဖတ်ပူဇော်ပြီးတော့ ဘုရားအနေကဇာတင်ပွဲ ပါပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဒေသတွင်းမှာရှိတဲ့လူတွေ အန္တရာယ်ကင်း ဘေးရှင်းစေပါတယ်”ဟု ဦးရွှေမောင်က ပြောသည်။
ယင်းပွဲတော်သို့ သြ၀ါဒစရိယ ဆရာတော်ကိုးပါးကို ပင့်ဖိတ်၍ တရားနာကြားကာ န၀ကံမ ကပ်လှူခြင်း၊ ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများအတွက် ရခိုင်ရိုးရာ လှေလော်ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးအဖွဲ့က ဖျော်ဖြေခြင်းနှင့် ဇာတ်ပွဲလည်း ပါဝင်သည်ဟု သိရသည်။
ရှစ်သောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှ စတင်၍ ကဆုန်လပြည့်ကျော် ၄ ရက်နေ့ထိ ၅ ရက်တိုင်တိုင်ကျင်းပ ပြုလုပ်သည်ဟု ဆိုသည်။
ရခိုင်ရိုးရာ လှေပြိုင်ပွဲတွင် ၆ လံ၊ ၈ လံနှင့် ၁၂ လံ အရှည် လှေပြိုင်ပွဲများပါဝင်ပြီး၊ ၁၂ လံအရှည် လှေပြိုင်ပွဲတွင် ယခင်နှစ်များက ၃ -၄ သင်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ပွဲတော်ပိုမိုစည်ကားစေရန် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်ကိုကိုယ်စားပြုပြီး ၇ သင်းကို ပါဝင်ယှဉ်ပြိုင်စေသည်ဟု ဂေါပက ဥက္ကဋ္ဌက ပြောသည်။
ရှစ်သောင်းဘုရားပွဲတွင် ဒုတိယသင်္ကြန်အနေဖြင့် ပွဲကြည့်ပရိသတ်များက လှေပြိုင်ပွဲပြုလုပ်သည့်နေရာတွင် အပျော်စီးလှေများဖြင့် ရေပက်ကာ ကခုန်ပျော်မြူးကြသည်။
“ရှစ်သောင်းဘုရားပွဲကို တစ်ခါမှ မကြုံဖူးပါဘူး။ ဒါက ပထမအကြိမ်ပါ။ ကျွန်တော့်အတွက် သိပ်ထူးထူးခြားခြား မြင်တွေ့ရပါတယ်။ ထူးခြားမှုဆိုတာက အထူးသဖြင့် လှေလှော်ပြိုင်ပွဲလုပ်ရင် တခြားနေရာတွေမှာဆိုရင် ပရိသတ်တွေက ကမ်းကနေပြီးတော့ ကြည့်ကြရတာဖြစ်ပါတယ်။ အခု ရှစ်သောင်းပွဲမှာတော့ ကုန်ပေါ်က ကြည့်တာသက်သက် မဟုတ်ဘဲ ရေထဲမှာပါ လှေကိုယ်စီနဲ့ မိသားစုလိုက်၊ သူငယ်ချင်းတွေ အုပ်စုလိုက် ကကြတယ်၊ ခုန်ကြတယ်၊ အတူတူ ရေပက်ကြတယ်။ ဒီလိုမြင်ကွင်းတွေကတော့ တစ်ခြားနေရာတွေမှာလည်း တစ်ခါမှ မကြုံဖူးပါဘူး။ မြင်လည်း မမြင်ဖူး၊ ရှိလည်း မရှိဘူးလို့ ထင်ပါတယ်”ဟု ယခုလက်ရှိ အမေရိကအပါဝင် ပြည်ပတွင် နှစ်ပေါင်း ၂၀ ခန့် နေထိုင်ပြီးမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လည်ပတ်သူ ကိုလှဌေးက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။
ယင်းကဲ့သို့ မြင်တွေ့ရ၍ အထူးကြည်နူးမိကြောင်း၊ အထူးသဖြင့် ရှစ်သောင်းဘုရားပွဲတွင် ရိုးရာလှေပြိုင်ပွဲ၊ ကျင်ပွဲများလုပ်ကြောင်း၊ ကျင်ပွဲဆိုလျှင် ခြိမ့်ခြိမ့်သဲ စည်ကားကြောင်း၊ သူ့အနေဖြင့် ဤကဲ့သို့ ကြီးကျယ်သည့် ကျင်ပွဲများကို တစ်ခါမှ မကြည့်ဖူးကြောင်း၊ ရှစ်သောင်းပွဲတော်ကို တစ်ခါမှ မကြုံဖူးသည့် ပြည်ပတွင် ရောက်နေကြသူများနှင့် မြန်မာပြည်တွင်နေထိုင် နေကြသူများအနေဖြင့် ရှစ်သောင်းဘုရားပွဲကို လာရောက်စေလိုကြောင်း ကိုလှဌေးက ပြောသည်။
“ပြည်တွင်း ပြည်ပမှ တစ်ခါမှ မရောက်ဖူးတဲ့သူတွေကို ရောက်စေချင်တယ်။ လာပြီးတော့ ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဒီပွဲက ရခိုင်ရိုးရာကျင်ပွဲတွေကို ကြည့်ရတယ်။ ပြီးတော့ ဘုရားလည်း ဖူးလို့ရတယ်။ နောက်ပြီးတော့ ဒီလှေပြိုင်ပွဲက ထူးထူးခြားခြား မြင်တွေ့ရတယ်။ အထူးသဖြင့်တော့ ချောင်းထဲမှာ ရခိုင်ရိုးရာသီချင်းတွေနဲ့ သော့သော့ညံနေတယ်။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အားလုံးက ကကြတယ်၊ ခုန်ကြတယ်၊ ရေပက်ကြတယ်၊ လှေပြိုင်ပွဲကလည်း သူ့ဟာနဲ့သူ ပြိုင်နေကြတယ်။ ဆိုတော့ ချောင်းတစ်ချောင်းလုံးဟာ သောင်းသောင်းညံနေပါတယ်။ ဒီလိုပွဲမျိုးကို အထွတ်အမြတ်အနေနဲ့ လာကြည့်စေချင်ပါတယ်”ဟု သူကပြောသည်။
ယခုနှစ်တွင် ကျင်းပသော ရှစ်သောင်းပွဲတော်သည် ၈၈ ကြိမ်မြောက်ပြီဖြစ်ကြောင်း ရှစ်သောင်းဂေါပက အဖွဲ့ဥက္ကဋ္ဌ ပြောပြချက်အရ သိရသည်။

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှု မူဝါဒအတိုင်း လုပ်မလုပ် လွှတ်တော်စောင့်ကြည့်မည်
မျိုးသူအောင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်း အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ မူဝါဒအတိုင်း တိတိကျကျ လုပ်မလုပ် လွှတ်တော်က စောင့်ကြည့်နေမည်ဟု ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက ပြောကြားလိုက်သည်။ မေ ၃၀ ရက်က တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေးတွင် မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် အထပ်မြင့်အဆောက်အဦ ကန့်သတ်ခြင်းဆိုင်ရာမူဝါဒ အသစ်များ ပြန်လည်သတ်မှတ်ခြင်းအတွက် တိကျသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်များ ထုတ်ပြန်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အထပ်မြင့်အဆောက်အဦး မဆောက်သင့်တဲ့ဇုန်တွမှာ ဆောက်ထားတဲ့ ကိစ္စတွေကို တိတိကျကျနဲ့ ပြန်လည်ပြီးတော့ အခု လက်ရှိ ဆောက်ထားတဲ့နေရာမှာပဲ ရပ်မှာလား၊ သူတို့တင်ပြထားတဲ့အထိ ဆောက်လုပ် ခွင့်တွေပေးမှာလား ဆိုတာကို တိတိကျကျနဲ့ စည်ပင်သာယာရေး ဥပဒေကနေ ရေးစွဲထားတဲ့ မူဝါဒတွေ အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးမပေးကို ကျွန်မတို့ လွှတ်တော်ကနေ စောင့်ကြည့်သွားမှာ ဖြစ်တယ်"လို့ ဒေါ်စန္ဒာမင်းက လွှတ်တော်မှတဆင့် ရန်ကုန်တိုင်းစည်ပင်သာယာရေးဝန်ကြီးကို ပြောကြားခဲ့သည်။ ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အထပ်မြင့် အဆောက်အဦ ကိစ္စများနှင့် ပတ်သက်ပြီး အထပ်မြင့် အဆောက်အဦ ကန့်သတ်ခြင်းဆိုင်ရာ မူဝါဒကို ကျော်လွန်၍ အကြောင်း အမျိုးမျိုးပြကာ ခွင့်ပြုမိန့်များပေးခဲ့သည့်အတွက် ပြည်သူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပေါ် ယုံကြည်မှု ကျလာသည် ကို တွေ့မြင်နေရကြောင်းလည်း ၎င်းက ဆိုသည်။
ယခင်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ခွင့်မရှိဘဲ ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် ဆောက်လုပ်နေဆဲဖြစ်သော အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့် တင်ထားခြင်းကို အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ခွင့်များ ဆက်လက်ခွင့်ပြုမည် မပြုမည်ကို ဆုံးဖြတ်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ တိကျသေခြာစွာ ထုတ်ပြန်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်း၏ အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက "လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေအတိုင်းသာ ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုက်နာရပါတယ်။ အဲဒီလို လိုက်နာအတွက် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိပြီးသား ဖြစ်ပါတယ်။
အခု မူအားဖြင့် သဘောတူထားတဲ့ အထပ်မြင့် အဆောက်အဦတွေ ဆောက်လုပ်ဆဲ လုပ်ငန်းတွေကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေပါတယ်။ အဲဒီအတွက် အမိန့်ထုတ်ပြန် ပေးရန်ဆိုတာကလည်း ရှိတဲ့အမိန့်အတိုင်း သတ်သတ်မှတ်မှတ် ဆက်လက်ဆောင်ရွက်နေပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ လွှတ်တော်က သတ်မှတ်ထားတဲ့ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်နေပါတယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။ တိုင်းဒေသကြီး စည်ပင်ဝန်ကြီးက ယင်းသို့ ပြန်လည်ပြောကြားခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအားမေးမြန်းရာ အဆိုရှင် ဒေါ်စန္ဒာမင်းက အဆိုအား လွှတ်တော်က မှတ်တမ်းတင်ထားရန်သာ တင်ပြခဲ့သည့်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးမည်မဟုတ်ဘဲ မှတ်တမ်းတင်ထားကြောင်း ကြေငြာခဲ့သည်။

အစိုးရတပ်မှ ငှက်ပျောခြံ နေ့စား ၂ ဦး ကို KIA မသင်္ကာမှုနှင့် ဖမ်းဆီး နှိပ်စက်
Kachinnews
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်ရှိ နမ့်ဆန်ယန်တွင် အစိုးရ တပ်မတော်သား များက ငှက်ပျောခြံ နေ့စား အလုပ်သမား ၂ ဦးကို မသင်္ကာမှုနှင့် ယမန်နေ့ က ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီး နှိပ်စက်ခံရသူ နှစ်ဦးမှာ အသက် ၃၂ ဝန်းကျင်စီ ရှိသည့် ဦးဇော်အောင် (Slg. Zau Awng) နှင့် ဦးအင်ခွမ် နော်ဆိုင်း (Nhkum Naw Seng) တို့ ဖြစ်ကြသည်။
သူတို့သည် မိုင်ဆက်ပါ (Maisak Pa) ငှက်ပျောခြံတွင် အလုပ်လုပ်နေရင်း နေ့လယ် စာ အတွက် အစိုးရတပ် စကခ (၃) မိုးကောင်း စစ်ဆင်ရေး ဌာနချုပ် အောက် ခမရ (၃၈၁) တပ်ရင်း ဗိုလ်မှူးကြီး နိုင်လင်း တို့အဖွဲ့ ရှိနေသည့် ယခင် ‘မောင်နှမ’ စားသောက်ဆိုင် အနီး မုန့်ဆိုင်တစ်ခု တွင်းသို့ ဝင်လာရာမှ ဖမ်းဆီး ခံခဲ့ရကြောင်း ဦးဇော်အောင် (Slg. Zau Awng) က ပြောပါသည်။
ဖမ်းဆီး ခံရချိန်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့် တွင် ဖြစ်ပြီး ဦးဇော်အောင် (Slg. Zau Awng) က သူ့ အား နှိပ်စက်ခဲ့သည့် ဖြစ်စဉ်ကို ကချင်သတင်းဌာန KNG ကို ယခုလို ပြန်ရှင်းပြခဲ့ပါသည်။
“ဗိုလ်မှူးရှေ့ရောက်တာနဲ့ ကျနော့်ကို ဆံပင်ဆွဲ ခေါင်းဆွဲနဲ့ တစ်ခါတည်း ပစ္စတို ချိန်ပြီး နင်တို့ ဒီမှာ ဘာလာလုပ်လဲ ဆိုပြီး မေးတယ်။ အဲနောက်မှာ ကျနော့်ကို ပါး ရိုက်တယ်။ မောက်ထားခိုင်းပြီး သူ့ခြေထောက်နဲ့ ကျနော့် လည်ပင်းကို နင်းပေးပြီး သူ့ တပ်သား တစ်ယောက်ကိုတော့ ကျွတ်ကျွတ်အိပ် ရှာခိုင်းတယ်။ ပြီးတော့ ကျနော့် ခေါင်းကို စွပ်ပေးတယ်။ ကျနော်လည်း အသက်ရှု တော်တော် ကျပ်လာတယ်။ ပြောပါ နင့်သူငယ်ချင်း က စစ်သား လား ဆိုပြီး မေးတယ်။ ပြီးတော့ တပ်သားတစ်ယောက်က ဝါးခြမ်းပြားနဲ့ ကျနော့်ခြေထောက်ကို ရိုက်ပေးတာ ကျနော့်ကို ရိုက်နက် စစ်ဆေးတာတင် တစ်နာရီလောက် ကြာသွားတယ်”
အကယ် စင်စစ် အစိုးရတပ်က ဦးနော်ဆိုင်း (Slg. Naw Seng) ကို KIA ဟု မသင်္ကာ သောကြောင့် သူ့ သူငယ်ချင်း ဦးဇော်အောင် (Slg. Zau Awng) ကို နှိပ်စက် မေးမြန်းခြင်း ဖြစ်သည်ဟု သူက ဆက်ပြောခဲ့ပါသည်။
ထို့အတူ ဦးနော်ဆိုင်း (Slg. Naw Seng) က လည်း သူအား KIA စစ်သား ဟု မသင်္ကာပြီး အစိုးရတပ်က စစ်ဆေးမေးမြန်း ခဲ့ပုံကို ယခုလို ရှင်းပြပါသည်။
“နင် KIA စစ်သား ဟုတ်တယ် မလား… ပါး ၂ ချက် အရင်ရိုက်ပြီး မေးတယ်။ အင်္ကျီတွေချွတ်ပြီး ပြန်စစ်တယ်။ နင် စစ်သား ဟုတ်တယ် မလား… မလိမ်နဲ့ ဆိုပြီး သူတို့ ဝါးခြမ်းပြား ယူပြီး ပေါင် ကို ၅ ချက်ပြန်ရိုက်တယ်”
ထို့နောက် သူတို့နှစ်ဦးနှင့် အသိ ဦး မီးရှောင် ဆိုသူ ရွာလူကြီး တစ်ဦးမှ အာမခံပေးမှုဖြင့် ညနေပိုင်း ၄ နာရီ ကျော် အချိန်တွင် ပြန်လည် လွတ်မြောက်လာကြောင်း ဦး ဇော်အောင် (Slg. Zau Awng) က ပြောပါသည်။
သူတို့ နှစ်ဦးမှာ မြစ်ကြီးနားမြို့ နေထိုင်သူများဖြစ်ပြီး ယခင် မြစ်ကြီနား-လိုင်ဇာ မော်တော်ဆိုင်ကယ် ကယ်ရီ လုပ်ကိုင်နေသူများ ဖြစ်သည်။ ယခုနှစ် မတ်လခန့်မှစပြီး အစိုးရတပ် က ယင်းလမ်းကြောင်းကို တားမြစ် ခဲ့သောကြောင့် ငှက်ပျောခြံ တွင် ဝင်ငွေရှာဖွေနေသည့် အပြစ်မဲ့ ပြည်သူများ ဖြစ်ကြပါသည်။

ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ
သက်ဆွေဝင်း
ဆယ်ကျော်သက်အရွယ်တုန်းက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ လက်တဝါးသာသာ စာအုပ်ကလေး ဖတ်မိပြီးနောက်ပိုင်း ကျနော်ဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခဲ့တယ်။ စာအုပ်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကောင်မလေးတွေကို မုဒိန်းကျင့်၊ အနိုင်ကျင့်ပြီး သားဖောက်မျိုးပွားတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့ ရေးသားချက်မျိုးတွေဟာ ကျနော့်ရဲ့ အစ္စလာမ်မုန်းတီးစိတ်ကို မီးထိုးပေးသလို ဖြစ်ခဲ့တယ်။
အဲ့ဒီတုန်းက WWF နပန်းပွဲတွေ ခေတ်စားနေတာဆိုတော့ နေ့လယ်ပိုင်းမုန့်စားဆင်းချိန် စာသင်ခန်း နောက်မှာ နပန်းသတ်တမ်း ဆော့လေ့ရှိတယ်။ အတန်းထဲမှာ မွတ်ဆလင်ကောင်လေးက နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က နှစ်ကျ၊ ကျနော့်ထက် အကောင်ကြီးတယ်။ နောက်တယောက်က အရပ်ပုပြီး လူကောင်တောင့်တဲ့ ကျနော်နဲ့ ရွယ်တူကောင်လေး။ မုန့်စားဆင်းချိန်ဆိုရင် ကျနော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က မွတ်ဆလင်ကောင်လေးကို အမြဲတမ်းခေါ်ပြီး နပန်းသတ်လေ့ရှိတယ်။
ကျနော်တို့ သုံးယောက်လောက်က သူ့ကို ဝိုင်းပြီး ကိုင်ပေါက်လိုက်၊ တက်ခုန်လိုက်နဲ့ပေါ့။ သူဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်နေလို့ဆိုတဲ့ အမုန်းစိတ်လည်း ပါခဲ့တယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်။ ကျနော်တို့ သူငယ်ချင်းတွေကြားမှာ အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ စာအုပ်ကပျံ့နှံ့နေပြီး ကျောင်းသားတွေအကြားမှာ “ကုလား”မုန်းတီးရေး ခံယူချက်တွေ ဖြစ်ပေါ်လာတယ်။ နောက်ဆုံးရလဒ်အနေနဲ့ ကျနော် အရမ်းကြိုက်တဲ့ ဒန်ပေါက်ကိုတောင် ငါးနှစ်လောက် မစားဘဲ နေဖြစ်သွားခဲ့တယ်။
ကျနော့်မှာရှိနေတဲ့ ကုလားမုန်းတီးရေးအမြင်ကို စပြီးပြောင်းသွားစေခဲ့တာက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်းမှာပါ။ ရွှေဝါရောင်တော်လှန်ရေးကို သံဃာတော်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ကြတော့ တက္ကသိုလ်ဘွဲ့ရပြီးခါစ ကျနော်လည်း ဝင်ပါခဲ့တယ်။ နေအရမ်းပူချိန် ကတ္တရာလမ်းပေါ်တွေမှာ သံဃာတော်ပေါင်းများစွာက လောကကောင်းကျိုးအတွက် မေတ္တာပွားရွတ်ဖတ် လမ်းလျှောက်နေကြရင်း ဖိနပ်မပါတဲ့သံဃာတွေကို ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ဗလီဆင်းလာတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့စီးလာတဲ့ဖိနပ်တွေချွတ်ပေး၊ ရေဘူးဝေပေးကြတာကို မြင်တော့ ကျနော့်စိတ်ထဲမှာ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် ငါတို့နိုင်ငံသားတွေအားလုံးဟာ စနစ်ဆိုးကြီးတစ်ခုရဲ့ ဒဏ်ကို အတူတူ မျှဝေခံစားနေရသူတွေပါလားဆိုပြီး စတင်နားလည်လာတယ်။
ရွှေဝါရောင်အရေးအခင်းကြီးပြီးတော့ ကျနော် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စိတ်ရောက်သွားမှာစိုးလို့ဆိုပြီး အမေက စင်္ကာပူကို လွှတ်လိုက်တယ်။ လူမျိုးစုံ၊ သာဘာစုံတဲ့ စင်္ကာပူနိုင်ငံက ကျနော့်မှာ လက်ကျန်ရှိနေတဲ့ မွတ်ဆလင်မုန်းတီးရေးစိတ်တွေကို လျှော်ဖွတ်ပေးနိုင်ခဲ့တယ်။ စင်္ကာပူမှာ မူလတန်းကတည်းက သူတို့နိုင်ငံမှာ နေထိုင်ကြတဲ့ အဓိကလူမျိုးသုံးမျိုးဖြစ်တဲ့ တရုတ်၊ မလေး၊ တမီးလ်တို့ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်း သင်ပေးတယ်၊ လုပ်ငန်းခွင် ရောက်သွားရင်လည်း ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ၊ အလုပ်လုပ်တာတော်ရင် သူနဲ့ထိုက်တန်တဲ့နေရာ ရတယ်။
ကုမ္ပဏီတခုရဲ့ ဌာနခွဲတခုမှာ ကျနော်အလုပ်ဝင်တော့ ကျနော့်ထက် ရာထူးကြီးသူတွေ အကုန်လုံးက အိန္ဒိယနိုင်ငံလာတဲ့ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေ၊ ကျနော့်ထက် ရာထူးငယ်သူတွေ အကုန်လုံးက ဘင်္ဂလားဒေ့ရှ်ကလာတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ။ လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ စကားပြောဆိုရင်းနဲ့ပဲ ဘာသာ၊ လူမျိုးဆိုတာတွေထက်စာရင် လူကောင်းနဲ့လူဆိုးဆိုပြီး ခွဲခြား မြင်တတ်လာတယ်။ ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ သုံးနှစ်လောက်နေရင်းနဲ့ ဗဟုလူ့အဖွဲ့အစည်း ဆိုတာကို နားလည် သဘောပေါက်လာတယ်။
၂ဝ၁ဝ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး နောက်တနှစ်မှာ စိတ်တူသဘောတူ မိတ်ဆွေတွေနဲ့ လူငယ် အဖွဲ့အစည်းလေးတစ်ခု ပူးပေါင်းတည်ထောင်ဖြစ်ခဲ့တယ်။ အဖွဲ့ထဲမှာ ခရစ်ယာန်၊ မွတ်ဆလင်၊ ခရစ်ယာန် ကနေ ဗုဒ္ဓဘာသာ ပြောင်းလာတဲ့ သူငယ်ချင်းသုံးယောက်လည်း ပါတဲ့အတွက် ဘာသာရေးဆိုင်ရာ အယူအဆရေးရာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ ချိန်ထိုးပြီး လေ့လာခွင့်ရခဲ့တယ်။ ဒီလိုမိတ်ဆွေတွေ ရှိတာကြောင့်လည်း ကျနော့်မှာစွဲကပ်နေတဲ့ ငါ့လူမျိုး၊ ငါ့ဘာသာမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ် ဆိုတဲ့ အယူအဆတွေပျောက်ပြီး မတူညီတဲ့အယူအဆတွေကို နားလည် လက်ခံနိုင်သူတစ်ယောက် ဖြစ်လာစေခဲ့တာပါ။ လူချင်းအတူတူ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒ မတူတာနဲ့တင် ရန်သူဖြစ်စရာ မဟုတ်ဘူးဆိုတာ ဆင်ခြင်မိလာတယ်။
ဘာသာတရားတိုင်းက လူသားတွေအပေါ် ချစ်ခြင်းမေတ္တာထားဖို့ ဟောကြားခဲ့တာချည်းပါပဲ။ ဒါပေမယ့် လူသားတွေက ဘာသာတရားကို ကိုယ်လိုချင်တဲ့ ပုံစံ အဖြစ် ပြန်ပြောင်းကြပြီးတော့ သူ့ရဲ့ တကယ့် အနှစ်သာရကို ဖျက်ဆီးပစ်ကြတာပါ။ လူအများအပြားဟာ ဗုဒ္ဓရဲ့စကားထက် ဘုန်းကြီးတွေရဲ့ စကားကို ပိုအလေးထားကြတယ်။ အလ္လာဟ်ရဲ့စကားထက်စာရင် မော်လီဆပ်တွေကို ပိုယုံကြတယ်။ ဘာသာရေးတွေဟာ ဘာသာရေး ခေါင်းဆောင်တချို့အသုံးချတာကို ခံနေကြရတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေက စခဲ့ကြတာမဟုတ်ဘဲ ဘာသာရေးအရေခြုံပြီး လူမျိုးရေးခွဲခြားမှုတွေ လုပ်ချင်တဲ့ လူတစုက စတင်ခဲ့တာလို့ ပြောလို့ရတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ မဟာဗမာဝါဒနဲ့ ဗုဒ္ဓဘာသာသည်သာ ကမ္ဘာမှာ အကောင်းဆုံးဘာသာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုဟာ အစွန်းရောက် မျိုးချစ်စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတဲ့ ဓာတ်ခံတွေပါပဲ။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ အဲ့ဒီအခံစိတ်ဟာ ကျနော်အပေါ်မှာပြောခဲ့တဲ့ အမျိုးပျောက်မှာ စိုးကြောက်စရာလို စာအုပ်မျိုးနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်လိုက်တဲ့အခါ မွတ်ဆလင်ဆန့်ကျင်ရေး၊ ဘာသာခြား ဆန့်ကျင်ရေး စိတ်ဓာတ်တွေအဖြစ် ရှင်သန်ထကြွလာကြတယ်။
အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနှောင့်အယှက်ကြီးကြီးမားမားဖြစ်စေတယ်။ ဒီမိုကရေစီစနစ်အရ မတူကွဲပြားမှုတွေကို လက်ခံပြီး တရား ဥပဒေအောက်မှာ အားလုံးတန်းတူညီမျှ အခွင့်အရေးရှိကြဖို့လိုတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သဘောထား တင်းမာတဲ့ ဘုန်းကြီးတချို့က ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ ဘာသာခြားတွေအပေါ် အနိုင်ကျင့်တာမျိုးကို ဥပဒေကြောင်းအရ ရှင်းလင်းကိုင်တွယ်ဖို့ လိုတယ်။
ဥပမာအားဖြင့် နှစ်ဆန်း တရက်နေ့က ရွှေတိဂုံဘုရားနားမှာ ဈေးလာရောင်းတဲ့ မွတ်ဆလင်တချို့ကို ဘုန်းကြီးတစုက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းသိမ်း နှင်ထုတ်လိုက်ရာမှာ ရဲတွေက ဘုန်းကြီးတွေမို့လို့ သာသနာရေး ဌာနကနေ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး လက်ရှောင်ကြတာမျိုးပေါ့။ ဥပဒေဆိုတာ စံသတ်မှတ်မှု တစ်မျိုးတည်းပဲ ဖြစ်ရပါမယ်၊ ဘုန်းတော်ကြီးတွေမို့လို့ မကိုင်တွယ်ရဲဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာရှိလာပါပြီ။
ပြီးခဲ့တဲ့နှစ်ပတ်လောက်က အိန္ဒိယမှာ ဒလိုင်းလားမားနဲ့ ကမ္ဘာ့ ပဋိပက္ခနိုင်ငံ ၁၃ ခုက လူငယ် သုံးဆယ်နီးပါး တွေ့ဆုံကြတဲ့ပွဲကို ကျနော် သွားတက်ဖြစ်ခဲ့တယ်။ အဲ့ဒီပွဲကို တက်ကြတာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဆိုမာလီ၊ အီရတ်၊ ကင်ညာ၊ ဆူဒန်၊ ဆူဒန် စတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နေကြတဲ့ လူငယ်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုလို့ ကျနော်နဲ့ နောက်ထပ်တယောက်ပဲ ပါတယ်၊ ခရစ်ယာန်နဲ့ အစ္စလာမ်တွေ များတယ်။
အဲ့ဒီပွဲမှာ ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုအကြောင်းတွေကို အချင်းချင်း ဖလှယ်ဖြစ်ကြတယ်။ အမှန်တရားအတွက် လုပ်တယ် ဆိုရာမှာ ဘာသာရေး၊ လူမျိုးရေးတွေမပါဘဲ အမှန်တရား သီးသန့်အတွက် တိုက်ပွဲဝင်နေတဲ့ ဘာသာပေါင်းစုံက လူငယ်တွေရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ဒါ့အပြင် အစ္စလာမ်နိုင်ငံတွေမှာ မြန်မာနဲ့ ပတ်သက်ရင် လူနည်းစုမွတ်ဆလင်တွေကို ဖိနှိပ်ပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေချည်းပဲ ကြားနေရတယ်ဆိုတာကိုလည်း သိလာရတယ်။
ကမ္ဘာက ဒီလိုမြင်နေတဲ့အမြင်တွေကို ကျနော်တို့တွေ ဘယ်လိုပြောင်းပေးနိုင်မလဲ။ အစ္စလာမ်အပါအဝင် တခြားဘာသာရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဗုဒ္ဓဘာသာ သာသနာကို ကာကွယ်မြှင့်တင်ပါတယ်ဆိုတဲ့ လူတစုကြောင့် ကျနော်တို့နိုင်ငံကို ကမ္ဘာက ဒီလိုမြင်နေကြတယ်။ ဗုဒ္ဓဟောတဲ့ တရားအတိုင်း မကျင့်ကြံကြတဲ့သူတွေများပြားလာ၊ မတရားမှုတွေကို နှုတ်ဆိတ်နေကြတဲ့သူတွေ များပြားနေတာကြောင့် အဓမ္မဝါဒီသမားတွေ လုပ်ချင်ရာလုပ်လို့ရခဲ့တာ။
၂ဝဝဝ ပြည့်နှစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးညီလာခံမှာ ဆရာကြီး ဦးဂိုအင်ကာပြောသွားတဲ့ “မိမိတို့ ကိုးကွယ်တဲ့ ဘာသာကို ချီးမွမ်းပြီး အခြားဘာသာတွေကို နှိမ်ချတဲ့သူတွေဟာ မိမိတို့ဘာသာကို မြှောက်စားတယ်လို့ ထင်မြင်ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ သူတို့ဘာသာကို အကျည်းတန် အရုပ်ဆိုးအောင် လုပ်ဆောင်နေခြင်းပါပဲ” ဆိုတဲ့စကားကို ကျနော်တို့ သတိပြုကြဖို့လိုပါတယ်။ ကျနော်တို့ရဲ့ရင်ထဲမှာ ရန်လိုမှု၊ မုန်းတီးမှုတွေ ပြည့်နှက်နေရင် ကျနော်တို့နဲ့ထိစပ်သမျှ အရာရာဟာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် တရားမရှိရင် လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ဖြစ်နေဦးမှာပဲ။ ကျနော်တို့မြန်မာပြည်သူတွေ တယောက်စီတိုင်း မှားမှန် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ပိုမိုပြည့်စုံလာမှသာလျှင် ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ။

မြန်မာတပ်မတော် BTR – 3U သံချပ်ကာယာဉ်များ ထပ်မံဝယ်ယူမှာလား
ဧရာဝတီ
မြန်မာ့တပ်မတော်အတွက် ယူကရိန်း လုပ် BTR-3U အမျိုးအစား စစ်သည်တင် သံချပ်ကာယာဉ်များ ၀ယ်ယူဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်နေကြောင်း ယူကရိန်း ကာကွယ်ရေးဆိုင်ရာ သတင်း Military informant က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲ တွေမှာ BTR သံချပ်ကားများကို အသုံးပြုကာတိုက် ခိုက်ခဲ့ရာမှာ လျင်မြန်စွာ စစ်ကစားနိုင်ပြီး ထိရောက်မှုရှိတဲ့ အတွက် ထပ်မံဝယ်ယူရန် ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းလုပ် BTR-3U စစ်သည်တင်ယာဉ်ဟာ ဆိုဗီယက်လုပ် BTR – 80 ကို အဆင့်မြှင့်တင်ထား ခြင်းဖြစ်ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ ယူကရိန်းနှင့် ယူအေအီး ကုမ္ပဏီတို့ ဖက်စပ်ပြုလုပ်ကာ ထုတ်လုပ် ထားခြင်းဖြစ်ပါတယ်။
BTR-3U သံချပ်ကာကားမှာ ၃၀ မီလီမီတာ အမြောက်၊ ၇. ၆၂ မီလီမီတာ စက်သေနတ်၊ လက်ပစ်ဗုံး တပ်ဆင်ပစ်ခတ်နိုင်တဲ့ ၃၀ မီလီမီတာ အော်တိုမက်တစ်လောင်ချာ၊ တင့်ကားပစ် ဒုံးကျည်တို့ တပ်ဆင် ထားသလို လက်နက်ငယ်တွေရဲ့ ပစ်ခတ်မှုနဲ့ အမြောက်ကျည်ဆန်ဒဏ်ကို ခံနိုင်ရည်ရှိအောင်လည်း ပြုလုပ်ထား တယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်ဟာ ၂၀၀၃ခုနှစ်မှာ ယူကရိန်းလုပ် BTR-3U သံချပ်ကာကား ၁၀ စီးဝယ်ယူပြီး နောက်ပိုင်းမှာတော့ ယူကရိန်း နည်းပညာများအကူအညီနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေ ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအကြား စစ်လက်နက်တပ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေရာ အိမ်နီး ချင်း ထိုင်းဘုရင့်တပ်မတော်မှလည်း ယူကရိန်းလုပ် BTR-3E1 (ဂ×ဂ) ဘီးယက် စစ်သည်တင် သံချပ်ကာယာဉ်(APC) များ ကို အသုံးပြုလျှက်ရှိပါတယ်။

ပြည်သူရွေးကောက်သည့်အစိုးရအထက်တွင် ဖွဲ့စည်းပုံရှိနေ၍ နိုင်ငံရေးတွင် တပ်မတော်လွှမ်းမိုးမှုရှိဟု နော်စီဖိုးရာစိန်ပြော
ဖနိဒါ
အစိုးရသစ်သည် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြစ်သော်ငြား ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရှိနေ၍ အဟန့်အတား အခက်အခဲရှိနေပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တပ်မတော်၏ လွှမ်းမိုးဆဲရှိနေဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုဥက္ကဌ နော်စီဖိုးရာစိန်က ပြောဆိုလိုက်သည်။
“ဒီအစိုးရက ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရှိတဲ့အတွက် စစ်အာဏာရဲ့ အောက်မှာရှိသေးတယ်။ စစ်အာဏာ စိုးမိုးမှုအောက်မှာ ရှိသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တက်လာတဲ့ အစိုးရသစ် ကတော့ တချို့လုပ်ဆောင်ချက်အပေါ်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အရေးကြီးတာကတော့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ဒီအစိုးရသစ်ရဲ့ ချမှတ်ထားတဲ့ ပေါ်လစီကတော့ ရှင်းရှင်းလင်းလင်း ဖြစ်တာတခုကတော့ ကျမတို့ တိုင်းရင်းသားတွေသွားတဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ တစ်ထပ်တည်းရှိနေဆဲပဲ”ဟု ပြောသည်။
မေလ ၃၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော နိုင်ငံရေးဆိုင်ရာ မူဘောင်ရေးဆွဲရာ တိုင်းရင်းသားများအနေဖြင့် မူဝါဒများ ချပြနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် နော်စီဖိုးရာစိန်က ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော်၏ လုပ်ဆောင်ချက်အပေါ် စိတ်မကောင်းဖြစ်ရပြီး အဟန့်အတား ဖြစ်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အနေဖြင့် ရည်မှန်းချက်တခု ရောက်ရန် အချင်းချင်း ပိုမိုနားလည်ပြီး စည်းလုံး ညီညွတ်ကြရန် တိုက်တွန်းထားသည်။
“စစ်တပ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တိုင်းရင်းသားတွေအပေါ်မှာ အများကြီး နစ်နာခဲ့တယ်။ သူတို့ကတော့ နည်းလမ်းမျိုးစုံ၊ ကျမတို့ တိုင်းရင်းသား အချင်းချင်း မညီညွတ်ဖို့ လုပ်ဆောင်လာတယ်။ ကျမတို့လည်း အများဆုံး ကြုံခဲ့ရတယ်။ နောက်ဆုံး အန်စီအေ လက်မှတ်ထိုးတဲ့ အခါမှ လက်မခံတဲ့အဖွဲ့ရှိတဲ့အပေါ့်မှာ အခက်အခဲအများကြီးကြုံခဲ့တယ်။”ဟု ပြောသည်။
အစိုးရသစ်၏ ၅ နှစ်တာကာလအတွင်း တိုင်းရင်းသားများ စုစုစည်းစည်းဖြစ်ရန် လိုအပ်ပြီး ဖက်ဒရယ်နှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ပြည်သူလူထုအား ချပြနိုင်ရေး ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
“ဘယ်လိုပဲ အခြေအနေရှိရှိ ကျမတို့ တိုင်းရင်းသားတွေ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးသွားဖို့အတွက် ဒီမိုကရေစီအစိုးရတခုထိတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ မဟုတ်သေးဘူး။ အဲဒါကြောင့် ပြည့်စုံအောင် ကျမတို့ ဝိုင်းပြီးတော့ မြန်မာပြည်သူပြည်သားအားလုံး တွန်းအားပေးပြီးတော့ ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီဖြစ်ဖို့ ဆက်လက် ကြိုးစားဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလခံ ခေါ်ယူကျင်းပခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်နိုင်ရန် နည်းလမ်းများရှာခြင်း၊ အခြေခံ မူချမှတ်ရန် ကျင်းပခြင်းဖြစ်မည်ဟု မျှော်လင့်ပြီး ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်ရန် တွန်းအားပေးရန် လိုအပ်ကြောင်း ပါရှိသည်။
လတ်တလော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပ အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ စုစည်း၍ ပြင်ဆင်နေသော မူဝါဒဆိုင်ရာ အရေးကြီး အချက်အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြန်လည် ဆက်စပ်ရန် လိုအပ်ကြောင်းလည်း ပါရှိသည်။

ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှု အစိုးရ၀န်ကြီးဌာနထက်မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်ဟု ဆို
အောင်ကိုကိုလတ်
မြန်မာနိုင်ငံကျောက်မျက်အသင်း ရန်ပုံငွေ ယူရို သန်း ၉၀ ကျော် ပျောက်ဆုံးမှုအတွက် အစိုးရ၀န်ကြီးဌာနထက် မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကျောက်မျက်ရတနာပြပွဲက ကောက်ခံရရှိတဲ့ အသင်းရန်ပုံငွေ ယူရို သန်း ၉၀ ကျော်ကို ဝန်ကြီးဌာနထက်မြင့်တဲ့ အဖွဲ့အစည်းကသာ စိစစ်သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင်က အခုလို ပြောဆိုတာပါ။
“အဲဒါတွေ ဟုတ်မဟုတ်စိစစ်နိုင်တဲ့ အင်အားက ကျနော်တို့မှာမရှိဘူး အဲတော့ကာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် အရင်တုန်းက သတ္တုတွင်း ၀န်ကြီးဌာန အခုတော့ သံယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီှးဌာနလက်အောက်မှာရှိတဲ့အတွက် ဒါကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန ကဒီတိုင်ကြားစာကို စီစစ်သင့်တယ်။ တကယ်လို့ စိစစ်တာ မှန်ခဲ့ရင် တိုင်တဲ့သူလည်းမှန်တယ် အကြောင်းအရာလည်း မှန်တယ်ဆိုရင် ဒါက အရင်အစိုးရ လက်ထက်ကလူကြီးတွေနဲ့ ပတ်သတ်နေတယ်။ ဝန်ကြီးဌာနထက် ပိုပြီးမြင့်တဲ့ အဖွဲ့အစည်း တခုက အကြောင်းအရာကို သေချာစိစစ်သင့်တယ်လို့ ကျနော်တို့ ကော်မရှင်က ဒါကို ဆုံးဖြတ်သင့်တယ်လို့ ဆုံးဖြတ်ပါတယ်။”
အခုလိုပြောဆိုခြင်းကို မေလ ၃၀ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့တာပါ။
တိုင်ကြားစာက ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌကို ဒုဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၂၄ ဦးက လက်မှတ်ရေးထိုးတိုင်ကြားလာတာဖြစ်ပြီး အဲဒီတိုင်ကြားစာအတွက်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစုဖွဲ့ ဖွဲ့ပြီး စိစစ်ခိုင်းထားတယ်လို့လည်း သိရပါတယ်။
အသင်းဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ဦးရုံးမူ လက်ထက်က ငွေကြေးအရှုပ်အရှင်းပြဿနာတွေ ရှိခဲ့ကြောင်း၊ အသင်းတည်ထောင်ခဲ့စဉ် ၂၀၀၉ ခုနှစ်ကတည်းကနေ ၂၀၁၆ ခုနှစ်အထိ ကောက်ခံရရှိခဲ့တဲ့ အခွန်ငွေ ယူရို ၈၇ သန်းကလည်း လက်ရှိအချိန်မှာ ယူရို ၇ သန်းသာ ကျန်ရှိတော့ကြောင်း၊ အနုပညာဦးစီးဌာနအတွက် သမ္မတဟောင်း ဦးသိန်းစိန်က ယူရိုငွေ ၇ သန်းထုတ်ပေးခဲ့ကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုလည်း ယူရိုငွေ ၅ သန်းပေးတာတွေ အပေါ် စိစစ်ပေးဖို့ကို တိုင်ကြားစာထဲမှာ ပါရှိတယ်လို့ သိရပါတယ်။

လယ်ယာချေးငွေကိစ္စ ဧရာဝတီတိုင်းအမတ် တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်
စည်သူမောင်မောင်
ဧရာဝတီတိုင်းအတွင်း လယ်ယာချေးငွေများနှင့်ပတ်သက်ပြီး ဝါးခယ်မြို့၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက တိုင်းလွှတ်တော်တွင် မေ ၃၀ ရက် က မေးခွန်းစတင်မေးမြန်းခဲ့သည်။ "နှစ်စဉ်အရှုံးပေါ်တောင်သူလယ်သမားများမှ နှစ်ရှည်ချေးငွေများချေးပေးစေလိုကြောင်း ဆန္ဒပြုတောင်းဆိုလာသဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးမည့်အခြေအနေအား လွှတ်တော်မှတဆင့် မေးမြန်းကြောင်း" ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးဘဟိန်းက "နှစ်ရှည်ချေးငွေများချေးပေးရန် အဓိကအားဖြင့် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ နှစ်ရှည်ချေးငွေထုတ်ချေးပေးလျှက်ရှိတဲ့ ရာသီအလိုက် မိုးရာသီဘဏ်ချေးငွေ၊ ဆောင်းရာသီဘဏ်ချေးငွေ၊ မိုးတို ချေးငွေများကို တစ်ရာသီနှစ်ချင်းဆပ် သီးနှံထုတ်လုပ်မှုဘက် ချေးငွေများအဖြစ် ထုတ်ချေးပေးပါတယ်။ နှစ်တို ချေးငွေကို တနှစ်မှာသုံးနှစ်အထိပေးဆပ်ရမည်ချေးငွေဖြစ်ပြီး စုဆောင်ဆုငွေအဆဖြင့် တောင်သူများ ဆန္ဒအရ တောင်းဆိုတင်ပြလာသော် လယ်ယာသုံးစက်ကိရိယာကို သုံးနှစ် သုံးရစ်ဆပ်စနစ်နဲ့ထုတ်ချေးထားသော်ချေးငွေဖြစ်ပါတယ်။ ၎င်းချေးငွေများအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်နှင့် စက်မှု လယ်ယာဦးစီးဌာနနှင့် အမှတ် ၂ စက်မှုဝန်ကြီးဌာနတို့ ညှိနှိုင်းမှုဖြင့် စက်ဝယ်သူတောင်သူများသို့ ထုတ်ချေးပါတယ်"ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။
နှစ်ရှည်ချေးငွေမှာ ၄နှစ်မှ ၂၀နှစ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ထုတ်ချေးထားခြင်း မရှိကြောင်း နှင့် နှစ်ရှည်ချေးငွေကို ကော်ဖီ၊ လ္ဘက်၊ ဆီအုန်း၊ ရာဘာစိုက်သူများကို ဒေသအလိုက် ထုတ်ချေးမှု ရှိကြောင်း ဝန်ကြီးက ဆက်ရှင်းပြခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ရက်မြောက်နေ့တွင် မေးခွန်းနှစ်ခုသာမေးမြန်းခဲ့ပြီး၊ မေးခွန်း နှစ်ခုလုံးကို ဝါးခယ်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဖြေရှာရခက်ခဲနေဆဲ ဒုက္ခသည်အရေး
စိုးနေလင်း
ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားက အစိုးရနဲ့ ပြည်သူလူထုတွေ အလေးထား ပြောဆိုကိုင်တွယ် ဖြေရှင်းလာရတာကတော့ ဒုက္ခသည်အရေး ဖြစ်လာနေပါပြီ။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံတွေ၊ ဒေသတွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ စစ်ပွဲတွေကနေ အသက်အန္တယ်အတွက် ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေက အများဆုံးဖြစ်ပြီး လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကြောင့် ဆင်းရဲမွဲတေ စီးပွားရေး ချွတ်ခြုံကျနေလို့၊ စားလို့အဆင်မပြေနိုင်ကြလို့ လွတ်ကင်းရာ သက်သာရာနေရာကို ရှောင်ထွက်လာကြတဲ့ ဒုက္ခသည်တွေလည်း ဒီကနေ့ ကမ္ဘာ့နေရာ အတော်များများမှာ မမြင်ချင် မကြားချင်လို့ မရအောင် တွေ့လာနေကြရပါပြီ။ ဒီဒုက္ခသည်တွေထဲမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဥရောပနိုင်ငံတချို့မှာ ခိုလှုံနေထိုင်ခွင့်ရဖို့ အင်နဲ့အားနဲ့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ၊ လစ်ဗျားနိုင်ငံမှာ ဖြစ်နေဆဲဖြစ်တဲ့ စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအရေးဟာ နိုင်ငံတကာက အလေးထား စဉ်းစားစရာ ဖြစ်လာခဲ့သလို ကျနော်တို့ မြန်မာနိုင်ငံက လူမျိုး ဘာသာရေး ခွဲခြားဆက်ဆံ နှိပ်ကွပ်လို့ ရရာ လှေသင်္ဘောတွေနဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးလာနေကြတဲ့ ရိုဟင်ဂျာလူမျိုး နိုင်ငံကူး ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အရေးကလည်း သေးငယ်တဲ့အရေး၊ သေးငယ်တဲ့ပြသနာတခု မဟုတ်ပါဘူး။ ခုဆို သတင်းမီဒီယာတွေမှာ လှေစီးလူတွေ (Boat People) ဆိုတဲ့ စကားလုံးတောင်မှ မသိသူမရှိတဲ့ စကားလုံး ဖြစ်လာခဲ့ပါပြီ။
နောက် နိုင်ငံထဲမှာ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခဖြစ်၊ စစ်မီးတောက်လောင်လာလို့ စစ်ပွဲလွတ်ရာ နီးစပ်ရာဒေသတွေကို ထွက်ပြေးခိုလှုံ နေထိုင်လာကြတဲ့ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်တွေလည်း ထောင်သောင်းချီ ရှိနေပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်လာကြတဲ့ ဒုက္ခသည်တွေကတော့ လတ်တလော တွေ့မြင်နိုင်တဲ့ ဒုက္ခသည်တွေလို့ ဆိုရမှာပါပဲ။
မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ဖြစ်လာခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်မီးကြောင့် အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကတော့ ကာလအားဖြင့် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာလာခဲ့လို့ လက်ဟောင်းဒုက္ခသည်တွေလို့တောင် ခေါ်လို့ရပါပြီ။ ထိုင်းနိုင်ငံက လူသားချင်း စာနာထောက်ထားမှုကြောင့် သူ့နိုင်ငံထဲမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးထားခဲ့လို့ ဒုက္ခသည်စခန်းထဲမှာပဲ ပွားစည်းလာခဲ့တဲ့ သားသမီးတွေတောင် အသက် ၃၀ ၀န်းကျင် ရောက်လာခဲ့ကြတဲ့ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ခုထိ ဒုက္ခသည်စခန်းတွေထဲမှာ ဗမာအပါအ၀င် တိုင်ရင်းသား လူမျိုးပေါင်းစုံဟာ နေထိုင်စားသောက်မှု အကန့်အသတ်နဲ့ နေလာကြရတာ ဆယ်စုနှစ်တွေ ကြာမြင့်လှပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စဉ်ဆက် နိုင်ငံတော်အာဏာ မတရားရယူ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်ဟာ ဒီဒုက္ခသည်အရေး၊ ဒုက္ခသည်ပြဿနာရဲ့ တရားခံပဲလို့ ပြောရင် ငြင်းလို့မရနိုင်လောက်ဘူးလို့ ဆိုရမှာပါပဲ။ အရပ်သား ဒီမိုကရေစီ အစိုးရသစ်လို့ တချို့မီဒီယာတွေက ခေါ်ဝေါ်ခဲ့တဲ့ ပြီးခဲ့တဲ့ စစ်အရေခွံလဲ အစိုးရကလည်း ဒီဒုက္ခသည် အရေးကိစ္စကို ရှင်းပေးရမယ့် ကိစ္စတခုလို့တောင် သဘောထားခဲ့၊ ထည့်သွင်းပြောဆိုခဲ့တာ မတွေ့ရပါဘူး။ သူတို့နဲ့ပဲ မဆိုင်ခဲ့သယောင် မျက်နှာလွှဲထားခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
ခု ဒီတခါတော့ တကယ်မဟုတ်သေးပေမယ့် အရပ်သားဒီမိုကရေစီ အစိုးရသစ်လို့ တခါ ခေါ်နေကြတဲ့ စစ်တပိုင်းအစိုးရ လက်ထက်မှာရော ဒုက္ခသည်အရေး ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရပါသလား။ ဒီမေးခွန်းကလည်း သိပ်မျှော်လင့်လို့ မရဘူးလို့ပဲ ဖြေရမယ့်သဘော ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ခု သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရမှာ ရှေ့စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ချန်ထားခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက ပြည်တွင်းအတွက် လောလောဆယ် ဖြေရှင်းရမယ့် အရေးတွေက တန်းစီနေတဲ့အတွက် ဒီဒုက္ခသည်အရေးဆိုတာက အလှမ်းဝေးနေလိမ့်ဦးမယ်လို့ ပြောရမှာပါပဲ။ လောလောဆယ် နိုင်ငံရေးအကျဉ်းသားကိစ္စကိုတောင် အပြီးအပြတ် မရှင်းနိုင်တာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိစ္စကို မဖြေရှင်းနိုင်တာတွေကို တွေ့နေရတဲ့အတွက် ဒီလိုပြောရတာပါ။
ဒါပေမယ့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်ရော၊ ပြည်ပ စစ်ဘေးရှောင် ဒုက္ခသည်တွေရော ကိစ္စမှာ မြန်မာနိုင်ငံဟာ အတော်အရေးထား စဉ်းစားဖြေရှင်းရမယ့် နိုင်ငံတကာကိစ္စအဖြစ် ရှိနေတယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
မကြာခင်ကပဲ ထိုင်းနိုင်ငံ သတင်းမီဒီယာကိစ္စမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ် တယောက်က ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရှိကြတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၁၀၀၀၀၀ လောက်ကို မိခင်နိုင်ငံ ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့တယ်လို့ ဖော်ပြလိုက်တဲ့အတွက် ဒုက္ခသည်တွေကြားမှာ စိုးရိမ် ပူပန်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။
ရန်ကုန်နဲ့ ဘန်ကောက်ကို လာရောက်ခဲ့တဲ့ ဖင်လန်နိုင်ငံ မစ်ရှင်အဖွဲ့ကတော့ အိမ်နီးချင်းနိုင်ငံတွေကို လှေစီးထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ လူနည်းစုတွေရဲ့ နာကျင်ခံစားမှုတွေနဲ့ သူတို့အရေးဟာ အလေးထား စဉ်းစားစရာ ဖြစ်လာပြီလို့ ပြောဆိုခဲ့ပြီး ဒီအကျပ်အတည်းကို သက်သာဖြေလျှော့နိုင်မယ့် နိုင်ငံတကာက လုပ်ဆောင်နိုင်မယ့် ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ သူတို့ တွေ့ရှိထားတာက ခန့်မှန်းခြေ လူ ၈၀၀၀၀၀ လောက်ဟာ နိုင်ငံသားဖြစ်မှုမရှိဘဲ မြန်မာနိုင်ငံထဲမှာ နေထိုင်နေခဲ့ကြပြီး အဲဒီထဲက အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်ဆိုတာပါ။
ရခိုင်ပြည်နယ်ထဲက သမားရိုးကျ ဗုဒ္ဓဘာသာဝင်တွေ၊ ရဟန်းသံဃာတွေနဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်ကြတဲ့ ရိုဟင်ဂျာတွေကြားက ပဋိပက္ခဟာ ကြီးမားပြင်းထန်လာနေပြီး တခါတလေ အကြမ်းဖက်မှု ဖြစ်လာတဲ့ အခြေအနေဖြစ်နေပြီး သမားရိုးကျ ဗုဒ္ဓဘာသာတချို့ရဲ့ မုန်းတီးစကားတွေဟာ အကြမ်းဖက်မှုကို ပိုပြီး ကြီးထွားလာစေတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။
ဒီအချိန်မှာ အမေရိကန်နိုင်ငံ ရီပတ်ဗလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းဖြစ်လာဖို့ အလားအလာရှိနေတဲ့ မစ္စတာ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ပြည်ထောင်စုထဲကို ၀င်ရောက်ဖို့ ကြိုးစားနေကြတဲ့ မွတ်ဆလင်တွေအားလုံးကို ယာယီ တားဆီးပိတ်ပင်ဖို့ ပြောဆိုလာတဲ့အပေါ် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်လည်းဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီက “ကျမတို့တိုင်းပြည်ကိုယ်တိုင်က ဒီအခြေအနေကို တုံ့ပြန်မှုအတွက် ကျမ အကြီးအကျယ် စိတ်ထိခိုက်ရပါတယ်” လို့ ဘီဘီစီက စည်းရုံးဆောင်ရွက်တဲ့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများ လှုပ်ရှားမှုပွဲမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သူက ဒေါ်နယ်လ်ထရမ့်ကို ရည်ညွှန်းပြီး “ကျမအတွက်ကတော့ အမေရိကားဟာ လွတ်လပ်မှုနဲ့ အထူးသဖြင့် ဘာသာရေးလွတ်လပ်မှုအတွက် ကမ္ဘာတ၀ှမ်းလုံးက ရောက်လာကြသူတွေနဲ့ အတူတကွ တည်ဆောက်ထားတာဖြစ်ပြီး အမေရိကန်သမ္မတဖြစ်ဖို့ ကြိုးစားနေတဲ့ သူတယောက်ဆီက ဒီစကားကတော့ နားခါးစရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အစိုးရကလည်း ဒုက္ခသည်စခန်း ၁၀ ခုမှာ ၁ သိန်းခွဲကျော်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ နေထိုင်ခွင့် ပေးလာခဲ့ပေမယ့် ခုတော့ နေရပ်ပြန်ပို့ဖို့ လေသံပစ်လာတာ တွေ့ရပါတယ်။ စခန်းတွေဖွင့် လက်ခံထားခဲ့ပေမယ့် ဒုက္ခသည်တွေက စခန်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ စခန်းထဲမှာပဲ နေကြရတာဖြစ်လို့ သူတို့တွေရဲ့ဘ၀တွေ၊ အနာဂတ်တွေနဲ့ စိတ်ကူးအိပ်မက်တွေဟာ သံဆူးကြိုးအကာအရံတွေ၊ အစောင့်တွေရဲ့ ပိတ်လှောင်မှုထဲမှာပဲ ရှိနေခဲ့ရတယ်လို့ ဆိုရမှာပါပဲ။ ခု ဆီးရီးယား၊ လစ်ဗျား စတဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ရှောင်ဒုက္ခသည်တွေကို လက်ခံပေးတဲ့ နိုင်ငံတွေရှိသလို နိုင်ငံကို စည်းရိုးပိတ်ကာ အ၀င်မခံတဲ့ နိုင်ငံတွေလည်း ရှိလာတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက အလေးပေး စဉ်းစားညှိနှိုင်းပေးနေရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ အထက်မှာတင်ပြခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီဆိုရင် ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ ပကတိအခြေအနေကို သွားရောက် လေ့လာခဲ့သလို ကချင်ပြည်နယ်က အရေအတွက် ၁ သောင်းကျော်ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကိုလည်း ကိုယ်တိုင်သွားရောက် လေ့လာမေးမြန်း စုံစမ်းခဲ့ပါတယ်။ ဒါတင်မကပဲ ရန်ကုန်မှာရှိတဲ့ ရိုဟင်ဂျာ လူနည်းစုဆီကိုလည်း သွားရောက်လည်ပတ် တွေ့ဆုံခဲ့ပြီး နေရာရွှေ့ပြောင်း နေထိုင်ကြရတဲ့ လူနည်းစု ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘ၀ အရေးကို နိုင်ငံတကာက အာရုံထားလာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ သူက “အကြီးအကျယ် စိုးရိမ်စရာ” အခြေအနေလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီဒုက္ခသည်ကိစ္စဟာ သက်ဆိုင်တဲ့ နိုင်ငံတခုတည်းကပဲ ဖြေရှင်းလို့ မရသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဌာန တခုတည်းကလည်း ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ ဒီကနေ့ တွေ့နေရတဲ့ ဒုက္ခသည်အရေးကိစ္စတွေကို ကြည့်ရင် သိနိုင်ပါတယ်။
နိုင်ငံတကာ အစိုးရတွေနဲ့ လူ့အဖွဲ့အစည်းတွေက လူသားချင်း စာနာထောက်ထားမှုရှိရှိနဲ့ ၀ိုင်းဝန်းအဖြေရှာ ဖြေရှင်းပေးကြရမယ့်ကိစ္စကြီး ဖြစ်လာနေပါပြီ။ ဒုက္ခသည်ရယ်လို့ ဖြစ်လာရတဲ့ အကြောင်းရင်းကို ဖယ်ရှင်းပစ်မှပဲ အကျိုးဖြစ်တဲ့ ဒုက္ခသည်တွေ ထပ်မံပေါ်ပေါက်မလာမှာ၊ ရှိနှင့်ပြီး ဒုက္ခသည်တွေ ဒုက္ခသည်ဘ၀က လွတ်မြောက်နိုင်ကြမှာ ဖြစ်ပါတယ်။
အပြောအရ လွယ်ပေမယ့် အဖြေရှာ ဖြေရှင်းဖို့ ခက်ခဲနေဆဲ ပြဿနာကြီး တခုအဖြစ ရှိနေဆဲဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

ပြည်သူပိုင်မြေပေါ် ဌာနဆိုင်ရာများ ကျူးကျော်သည့်ကိစ္စ ရန်ကုန်တိုင်းလွှတ်တော်တွင် အလေးအနက်ဆွေးနွေးမည်
မျိုးသူအောင်
အများပြည်သူပိုင်မြေများကို ဌာနဆိုင်ရာများက ကျူးကျော်နေမှုများရှိသည့်အတွက် အများပြည်သူ အမှန်တကယ် ပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က မေလ ၃၀ရက်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းဝေးတွင် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူလူထုအတွက် ရည်ရွယ်ထားရှိတဲ့ မြေနေရာတွေ ရှိခဲ့ပေမယ့် အဲဒီ မြေနေရာတွေဟာ ဌာနဆိုင်တွေအနေနဲ့ မိမိတို့ဌာနပိုင်ကဲ့သို့ သဘောထားပြီး အကွက်ချ ဂရမ်ထုတ် ရောင်းချတာတွေ၊ ငှားရမ်းတာတွေ၊ ကိုယ်တိုင် ကျူးကျော်တာတွေကြောင့် တဖြေးဖြေးနဲ့ ပျောက်ဆုံးနေတာကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရပါတယ်"ဟု ဦးနေမျိုးကျော်က ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင် မြေများဖြစ်သော ပန်းခြံများ၊ အားကစားကွင်းများ၊ စာကြည့်တိုက်များ၊ လမ်းများတွင် အစိုးရဌာနများမှ ဌာနပိုင်အဆောက်အဦးများ ဆောက်လုပ်နေခြင်း၊ ရောင်းချ ငှားရမ်းခြင်းများ လုပ်ဆောင်နေခြင်းကို ရည်ရွယ်ပြောဆိုခဲ့ပြီး ယင်းကိစ္စများကို ရပ်တန့်ရန်အတွက် အများပြည်သူပိုင်နေရာများကို အများပြည်သူအမှန်တကယ်ပြန်လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအဆိုအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ခံဆွးနွေးခဲ့သည်။
"အများပြည်သူပိုင်နေရာတွေဟာ အများပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် သုံးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကျွန်မတို့ ရန်ကုန်မြို့ဟာ အများပြည်သူပိုင်နေရာတွေ တစတစ လျော့နည်းလာတာကို တွေ့ရပါတယ်။ အများပြည်သူပိုင်နေရာတွေကို အစိုးရဌာနများက ပြည်သူ့အကျိုးကို စဉ်းစားခြင်းမရှိဘဲ ကျူးကျော်ခြင်း ငှားရမ်းခြင်း ရောင်းချခြင်းတို့ ပြုလုပ်နေတဲ့ ကိစ္စတွေကို ရှာဖွေဖော်ထုတ်ပြီးတော့ အများပြည်သူပိုင် နေရာတွေကို အများပြည်သူက အမှန်တကယ်ပြန်လည်ပိုင်ဆိုင်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ပြန်လည်စီမံချထားပေးဖို့ ကိစ္စမှ အလျှင်အမြန်ပဲ လိုအပ်နေပါတယ်"ဟု ဒေါ်ကြည်ပြာက ပြောသည်။
လွှတ်တော်ကိုစားလှယ် နှစ်ဦး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အသီးသီးတွင် ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်နေကြောင်းကို သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များနှင့် ဥပမာပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက" ဒီအဆိုဟာ အရေးကြီးတဲ့အဆို ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထဲမှာ အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရေး စီစဉ်ဆောင်းရွက်ပေးရန်ဆိုတဲ့ Process က ပြန်စဉ်းစားဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများပြည်သူပိုင်နေရာတွေ ကိုအများ ပြည်သူပြန်လည်ရရှိရေးဆိုတာဟာ တော်တော်ကို ယေဘူယျသဘောဖြစ်ပေမယ့် ပြန်စဉ်းစားရင် တိကျတဲ့အဖြေထုတ်ဖို့က လိုလာပါတယ်။ ဆွေးလည်း ဆွေးနွေးသင့်ပါတယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်"ဟု ပြောသည်။
တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့သည့်အတွက် လာမည့် ဇွန်လ ၆ရက်နေ့ လွှတ်တော်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။

ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်း မှားယွင်းတွက်ချက်ခဲ့မှုကြောင့် ကျပ်၂၂ သန်းကျော်ပိုနေ
DVB
ရန်ကုန်မြို့ ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်ရာမှာ မှားယွင်းတွက်ချက်ခဲ့တာကြောင့် စီမံကိန်း ခွင့်ပြုငွေထဲကနေ ပိုငွေ ကျပ် ၂၂ သန်း ကျော်ကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောပါတယ်။
ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်မှုနဲ့ ပတ်သက်ပြီး မေ၃၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆိတ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးမြန်းရာမှာ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဖြေကြားသွားတာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းခွင့်ပြုငွေ စုစုပေါင်း၂ဝဒသမ၈၇ ဘီလီယံဟာ စံနှုန်းကွာခြားတာ၊ ဒေသစံနှုန်း ကွာခြားတာနဲ့ တွက်ချက်မှုမှားယွင်းတာ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးသွင်းရန် လိုအပ်တာတွေကြောင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမယ့် ငွေမှာ ကျပ် ၂၂ သန်း ကျော်ရှိပြီး ငွေအားလုံး ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်မှာ ပြောပါတယ်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်မှုဖြေလျှော့နိုင်ဖို့ ရွှေဂုံတိုင်ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂ဝ ဒသမ ၈၇ ဘီလီယံ နဲ့ တင်ဒါအောင်တဲ့ Capital Development ကုမ္ပဏီကို တည်ဆောက်စေခဲ့တာပါ။
အလားတူ လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရာမှာ ပိုလျှံတဲ့ငွေတွေ၊ ရန်ကုန်မြို့တော် စည်ပင်အနေနဲ့ ကတ္တရာ ကွန်ကရစ်ခင်းရာမှာ ပိုလျှံတဲ့ငွေတွေနဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ပိုလျှံငွေတွေလည်း နိုင်ငံတော်ကို ပြန်ပေးသွင်းပြီးပြီလို့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြောပါတယ်။
ယခင် အစိုးရလက်ထက်က ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရှင်းဖို့ ကျပ် ဘီလီယံ ၁ဝဝ ကျော် သုံးပြီး ခုံးကျော်တံတားတွေ တည်ဆောက်ခဲ့တာပါ။ လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ခုံးကျော်တံတား နှစ်စင်းတည်ဆောက်ဖို့ လျာထားငွေ ကျပ်၃၂ ဒသမ ၂၂ ဘီလီယံကို ရန်ကုန် စည်ပင်နယ်နိမိတ်ပြင်ပရှိ ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ June, 1st,2016
( 20 )တစ်လအတွင်း တိုင်ကြားစာ ၂ ထောင်နီးပါး အစိုးရသစ် ရရှိ
( 19 )ဒီရေတောတွေပြန်ဖွဲ့ဖို့ အဆို ပြည်သူ့လွှတ်တော်လက်ခံ
( 18 ) မကွေးတိုင်း အစိုးရဟောင်း ကျပ် သန်း ၂၈ဝဝ လွှဲပေးခဲ့ခြင်း မရှိ
( 17 ) မောင်နှမမြို့တော် ပရာကျွတ်သို့ မြိတ်ကုန်သည်စက်မှုအသင်းက ချစ်ကြည်ရေးသွား
( 16 )တောင်သူအမှုတွေ ရုပ်သိမ်းဖို့ အစိုးရကို တင်ပြမယ်
( 15 )မန္တလေးတိုင်းအတွင်း တရားစွဲခံရသည့် တောင်သူ ၅၀၀ကျော် လွတ်မြောက်ရေးတောင်းဆိုမည်
( 14 )ရှမ်းပြည်တိုင်းရင်းသားပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းမှု SNLD ဝေဖန်
( 13 )လာမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများ မှန်ကန်တိကျအောင် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော
( 12 )သတင်းရယူခွင့်ပိတ်ပင်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များ အဖွဲ့ကို MCN သတင်းဌာန ရှုတ်ချ
( 11 )ခေါင်လန်ဖူးမြို့နယ် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
( 10 )အစာအိမ်နှင့် အူလမ်းကြောင်းရောင်၍ ဦးမင်းကိုနိုင် ဆေးကုသမှုခံနေရ
( 9 )အိန္ဒိယသံအမတ်ကြီး တာဝန်ကာလပြည့်၍ နှုတ်ဆက်
( 8 )ရှမ်းမြောက်တိုက်ပွဲများရန့်တန့်ရေး ကျောက်မဲဒေသခံ ၃၀၀၀ကျော် ဆန္ဒပြ
( 7 )ပင်းတယမြို့နယ် ဆရာဝန်ကြီးကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
( 6 )ရထားလမ်းအတွက် မြေအသိမ်းဆည်းခံတောင်သူများ လျော်ကြေးတောင်းရန် အစည်းအဝေးလုပ်
( 5 )မန္တလေးတွင် တန်ဖိုးနည်းအိမ်ရာ မဲနှိုက်
( 4 )ဈေးချို လူကူးတံတား ဖျက်သိမ်း
( 3 )သမီးအရင်းက ဖခင်ကို အိပ်ဆေးခတ်ပြီး ငွေကျပ် သိန်း ၃၀၀ ကျော် ခိုးယူ
( 2 )ကျောင်းဖွင့်ရာသီ လိုင်ဇာရှိ ကျောင်းအဆောက်အအုံများ ပျက်ဆီးနေ၍ ပြန်ဆောက်ရန် အကူအညီလိုအပ်နေ
( 1 )နောင်ရွေးကောက်ပွဲများတွင် မဲစာရင်းမှန်အောင်ဆောင်ရွက်နေ

Subscribe to:
Posts (Atom)