Tuesday, June 28, 2011

အပစ်ရပ်အဖွဲ့များ လက်နက်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်

ခင်ဦးသာ Tuesday, 28 June 2011

မွန်ပြည်နယ်အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့ဝင်များအား ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လက်နက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် ထုတ်ပြန်ကာ မွန်ပြည်နယ်၏ မြို့နယ်များ၌ ယခုလဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်နေကြောင်း၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များ၏ အစိုးရရုံးများ၌ ဇွန်လ ၂၆ ရက်ခန့်မှစ၍ ကြေညာထားကြောင်း မုဒုံ ဒေသခံနှင့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်ဟောင်းဖြစ်သူ နိုင်မွန်ချမ်းက ပြောသည်။

“ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့ဆိုတာ ရည်ညွှန်းမထားဘူး။ လက်နက်တွေ မအပ်ရင် ဘယ်လို အရေးယူမယ်ဆိုတာလည်း ရေးမထားဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်လာခြင်းသည် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် အခြေခံကာ မွန်လက်နက် ကိုင်တပ်ဖွဲ့များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် မွန်ပြည်သစ် ပါတီဝင်ဟောင်း များအနေဖြင့် လက်နက်ရှိသော်လည်း ပြန်အပ်လိမ့်မည်ဟု မထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။

“တချို့ကိစ္စတွေက စွပ်စွဲသလိုမျိုးဖြစ်နေတယ်။ လက်နက်ဆောင်ထားရင်လည်း ဘယ်သူက ငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့ဝင်ဟောင်းတို့သည် မြို့ပေါ်နှင့်ကျေးရွာ တချို့၌ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်နှင့် ထိစပ်နေသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသတ၀ိုက်၌ ယခုလအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍ အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင်သွားသည့် ရေလမ်းကြောင်းကို KNU ၏ လက်အောက်ခံ တပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။

“တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတော့ မြစ်ကြောင်းထဲက ရေလမ်းကြောင်းတချို့ ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ကြာအင်းဆိပ်ကြီး ဒေသတ၀ိုက်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

KNU အတွင်းရေးမှူး ၁ ဗိုလ်မှူး ဖဒိုစောလှငွေကမူ သံလွင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းအား KNU က ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။

“KNU ဌာနချုပ်နဲ့ဘာမှ မပတ်သက်ပါဘူး။ တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၌ မကြာသေးခင်က တိုက်ပွဲတချို့ဖြစ်ပြီး နောက်ပိုင်း အစိုးရ၏ တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခုသည် ၎င်းဒေသအတွင်း စစ်ရေးအရ ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။

အကြမ်းဖက် အာဏာရယူခြင်း ဒေါ်အောင်ဆန်းစုကြည် လက်မခံ

လင်းသန့် Tuesday, 28 June 2011

အကြမ်း ဖက်သည့် နည်းသုံး၍ နိုင်ငံ့အာဏာကို ရယူခြင်းနှင့် အကြမ်းဖက်ပြီး အစိုးရ အပြောင်းအလဲလုပ်ခြင်း အစဉ်အလာများကို ပြောင်းလဲ ရမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ပြောကြား လိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျမ အနေနဲ့တော့ ဒီ အကြမ်းဖက်မှုကို ကျမ လက်မခံဘူးဆိုတာ နိုင်ငံရေး သဘောတရားအရ လက်မခံတာ။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှုပြောင်းဖို့လို လို့။ အကြမ်းဖက်တဲ့ နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့ နည်းနဲ့ နိုင်ငံရဲ့ အာဏာကို လွှဲယူတာ။ ဒီဟာ တွေက အစဉ်အလာဖြစ်နေပြီ။ ဒီနိုင်ငံမှာ။ ဒီအစဉ် အလာကို ပြောင်းလဲရမယ် ဆိုတဲ့ ခံယူချက်နဲ့ ကျမ အကြမ်း မဖက်တဲ့နည်း၊ လမ်းကြောင်းကို သွားတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယမန်နေ့က လန်ဒန်ရောက်လူငယ်တဦး၏ “လူငယ်တွေဟာ လက်နက်ကိုင်ပြီး ဒီမိုကရေစီ အတွက် တိုက်ချင်နေသည်” ဆိုသည့် စကားကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားပုံကို ယနေ့ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ထပ်လောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည်တိုမှ လူငယ် ၁၀၀ ကျော် တက်ရောက် တွေ့ဆုံဆွေးနွေးကြပြီး ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းနှင့် လူငယ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒု ဥက္ကဌ ဦးတင်ဦးကလည်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်က“အကြမ်းဖက်တာ အမြဲမှားသလား မေးတယ်။ ဒီလိုလဲ အမြဲမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ ဘက်က ခုခံတိုက်ခိုက်တာမှာလဲ လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်ရင် အကြမ်းဖက်တာက အကြမ်းဖက်တာပဲ။ ဘာ အတွက်ပဲ လုပ်လုပ်ပေါ့။ အဲတော့ တချို့ကတော့ ပြောတယ်။ အကြမ်းဖက်တဲ့ နည်းနဲ့ မှ ရမယ်။ အဲတော့ ကျမက အ မြဲပြောတယ်။ ဒါကိုရေရှည်ကို စဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့ နည်းနဲ့ မြန်မြန်ရပြီးတော့ နောက်ဆက်တွဲ ဒဏ်ရာ တွေ ကို ဘယ်လောက်ကြာကြာ ပျောက်အောင်ကုသရဦးမှာလဲ တကယ်အကြမ်းဖက်တဲ့နည်းနဲ့ ခဏလေးလုပ်လိုက်လို့ နောင် ဒုက္ခတွေရှင်းသွားတယ်ဆို တမျိုးပေါ့နော်”ဟုလည်း ဆက်လက် ပြောကြားသည်။

လူငယ်နှင့် လူကြီး အကြား ကွာဟမှုဆိုင်ရာကိုလည်း ဆွေးနွေးပြီး နေရာယူခြင်းနှင့် တာဝန်ယူခြင်း ဆိုင်ရာများ၊ မိမိတို့၏ အားနည်းချက်၊ အားသာချက်များ စသည်တို့ကို မှန်ကန်စွာ သိပြီးမှ တိုင်းပြည် အကျိုးအတွက် အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။

“ဒီမနက်က တိုင်းနှင့် ပြည်နယ်တွေထဲက ကချင်၊ ချင်းပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က NLD လူငယ်ရော၊ NLD မဟုတ်တဲ့ လူငယ်တွေရော အားလုံးတွေ့ဆုံ ဆွေးနွေးကြတယ်။ မနက်ဖြန်တော့ အောက် မြန်မာပြည်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းနှင့် ပြည်နယ်တွေက လူငယ်တွေဆက်ပြီး တွေ့ဆုံဆွေးနွေးကြမယ်”ဟု ၄င်းက ဆက် လက်ရှင်းပြသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ် မြောက် လာပြီးနောက် နိုင်ငံရေးတက်ကြွသည့် လူငယ်များ၊ NLD လူငယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် လုပ်ဆောင် လျက် ရှိသည်။

မန္တလေးတွင် တရုတ်ဆန့်ကျင်ရေး ကြီးထွားလာ

ဟိန်းသူ Tuesday, 28 June 2011

ယမန်နေ့က ဖြစ်ပွားသော မန္တလေး ကျောက်ဝိုင်း ရန်ပွဲကြောင့် တရုတ်နိုင်ငံသား စီးပွားရေး သမားတို့အပေါ် မကျေမနပ်မှု ပိုမို ကြီးထွားနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဝိုင်းသို့ ယနေ့ ရောက်လာသော ဒေသခံ ကုန်သည်များက အရောင်းအ၀ယ် စကား မပြောဖြစ်ကြဘဲ ယမန်နေ့က ဖြစ်ခဲ့သည့် ရန်ပွဲ အကြောင်းသာ ပြောဆိုနေကြသည်ဟု မန္တလေးမှ ကျောက်ကုန်သည် ဦးအောင်ကျော်က ပြောသည်။

“တရုတ်တွေကို မကျေလည်တာကတော့ ကြာနေပြီ။ မနေ့က သူတို့လုပ်တဲ့ပုံစံက စော်ကားသလိုဖြစ်တာ ဆိုတော့ ပေါက်ကွဲကုန်ကြတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျနော်တို့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တယ်” ဟု ဦးအောင်ကျော်က ပြောသည်။

ယမန်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းတွင် အချင်းများရာမှ တရုတ်နိုင်ငံသား ကုန်သည် ၅ ဦးက ကိုမော်ကြီးဆိုသူ မြန်မာ ကျောက်ကုန်သည် တဦးကို ၀ိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုရန်ပွဲကို ရဲ လုံခြုံရေး ၁၀၀ ၀န်းကျင် သွားရောက် ထိန်းသိမ်းကာ ထို ၆ ဦးကို ဖမ်းဆီးသွားပြီး ကျောက်ဝိုင်း ပိတ်လိုက်ရသည်။ ကျောက်ဝိုင်းတခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယနေ့ ကျောက်ဝိုင်း ပြန်ဖွင့်သော်လည်း အရောင်းအ၀ယ် အေးနေကြောင်း၊ တရုတ်ပြည်မှ ကုန်သည်များ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။

အရောင်းအ၀ယ် ဖြစ်ရေးအတွက် လက်ကြီးသမားများ ဖြစ်သော တရုတ်ပြည်မှ ကုန်သည်များကို အားကိုးရကြောင်း၊ သို့သော်လည်း ဆက်ဆံရေး အဆင်မပြေကြောင်း အမည်မဖော်လိုသူ ကျောက်ပွဲစားတဦးက ရှင်းပြသည်။

“တရုတ်တွေက ဈေးနှိမ်တာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့ တွေ လုပ်နေတာတွေကို မခံချင်တာ။ ပစ္စည်းပေးရင် ရိုင်းရိုင်း စိုင်းစိုင်း ပြန်ပစ်ပေးတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့ကိုပဲ အားကိုးနေရတဲ့ ပုံစံမျိုးကို မဖြစ်ချင်တာ” ဟု ထိုကျောက်ပွဲစားက ပြောသည်။

ယမန်နေ့က ရန်ပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသင့်သည်ဟု မန္တလေးသား စာရေးဆရာ ကျော်ရင်မြင့်က ပြောသည်။

“ကိုယ်ထိ လက်ရောက် လုပ်တယ် ဆိုတာ ဘယ်သူက ဘယ်သူ့ကိုပဲ လုပ်လုပ် မကောင်းပါဘူး။ ကျုးလွန်တဲ့ ပြစ်မှုကို အရေးယူဖို့ လိုအပ်ပါတယ်။ အရေးယူ မခံရရင် ဆက်ပြီး ကျူးလွန်နေမှာပါပဲ။ စော်ကားလို့ ရရင် ဆက်ပြီး စော်ကားနေမှာပါပဲ” ဟု ဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဖမ်းဆီးထားသူများအား မည်သို့အရေးယူထားကြောင်း မဟာအောင်မြေ အမှတ် ၇၊ အမှတ် ၉ ရဲစခန်းတို့ကို ဆက်သွယ် စုံစမ်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို တရုတ် ကုန်သည်များ လွတ်မြောက်ရေး ဆောင်ရွက်နေသည်ဟု ဆိုသော မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းတွင် ယခင်က အာရှ နှင့် အနောက်နိုင်ငံတချို့မှ ကုန်သည်တို့ လာရောက်မှု များပြားသော်လည်း ယခုတွင်မူ တရုတ်နိုင်ငံမှ ကုန်သည်များသာ တွေ့နေရသည်ဟု ကျောက်ကုန်သည်တို့က ပြောသည်။

ယခုအခါ မန္တလေး ကျောက်ဝိုင်း ရန်ပွဲအကြောင်း သတင်းများ၊ ဓာတ်ပုံများမှာ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်ကို တွေ့ရသည်။

ဧရာဝတီတွင်လည်း ထိုရန်ပွဲသတင်း ဖော်ပြခဲ့ရာ စာဖတ်သူ အများအပြားက တရုတ်ကုန်သည်တို့ကို မကျေနပ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ထိုရန်ပွဲကြောင့် လူမျိုးရေး အဓိကရုဏ်း မဖြစ်သင့်ကြောင်း Bo အမည်ရှိ စာဖတ်သူက မှတ်ချက်ပေးထားသည်။

“စီးပွားရေးသမား အချင်းချင်း ဖြစ်တဲ့ ပြဿနာ ဆိုတော့ လူမျိုးရေးဘက်ကို ဦးတည် မသွားသင့်ပါဘူး။ -- လိုအပ်နေတာက တရုတ် ဆန့်ကျင်ရေး မဟုတ်ပါ” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အုပ်ချုပ်သည့် ၁၉၆၇ ခုနှစ်က ရန်ကုန်နှင့် မြို့ကြီးတချို့တွင် တရုတ် - မြန်မာ အဓိကရုဏ်း ဖြစ်ပွားပြီး တရုတ်လူမျိုးပိုင် ကျောင်း၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု တိုးမြင့်ခဲ့ပြီး ပြည်မကြီးမှ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှု များပြားလာခဲ့သည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသည့် မြန်မာနိုင်ငံတွင် တရုတ်နွယ်ဖွား ၂ သန်းခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

ရှိုင်းဆောက်လုပ်ရေး မီးလောင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း ပိုင်သော ရှိုင်းဆောက်လုပ်ရေး လုပ်ငန်းရုံးတွင် အင်္ဂါနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ ရပ်ကွက် ဂျိုးဖြူလမ်းရှိ ၁၂ ထပ်ရှိ ဂျိုးဖြူတာဝါမှ
မြေညီထပ် ရှိုင်းဆောက်လုပ်ရေးရုံး၏ ဧည့်ခန်းတွင် နံနက် ၁၁ နာရီခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“ အဓိကကတော့ ဧည့်ခန်းမှာထားတဲ့ ဆိုဖာ ကုလားထိုင်တွေကို လောင်တယ်။အဲဒီကနေ မျက်နှာကြက်ကို လောင်တယ်။” ဟု တာဝန်ကျ မီးသတ်အရာရှိ တဦးက ပြောသည်။

ဦးအောင်ဇော်ဝင်း (ခ) ဇာကီးအာမတ်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

အစိုးရအဖွဲ့ဝင်များ လူ့အခွင့်အရေးအဖွဲ့အစည်းတွင် မပါဝင်သင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများ ပြော

ကျလွန်းထော

လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်းရာတွင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ မပါဝင်သင့်ကြောင်း ပြည်ပရောက် လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် အစိုးရသစ်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးများဖြင့်သာ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတ၏ အမိန့်ကြေငြာ စာအမှတ် ၃၄/၂၀၁၁ ဖြင့် ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းစာမှာ ဖော်ပြထားသည်။

“လူ့အခွင့်အရေးကော်မရှင်မှာ အစိုးရမှားရင်လည်း မှားသလို၊ ဥပဒေမှာလည်း လူ့အခွင့်အရေးချိုးဖောက်တာရှိရင် ချိုးဖောက်သလို တိတိလင်းလင်းနဲ့ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်၊ အခုလိုမျိုး အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော် ပြောဆိုမယ့် သူက အစိုးရကိုယ်တိုင်ဖြစ်နေတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာဖြစ်တယ်၊ လွတ်လပ်ပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်နဲ့ လုံးဝကို ဆန့်ကျင်နေတာတွေ့နေရတယ်” ဟု ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။


နိုင်ငံတစ်နိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လူ့အခွင့်အရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းမည်ဆိုလျှင် နိုင်ငံတကာမှ ကိုးကားရသည့် Principle မူဝါဒ သဘောတူညီချက်ကို လိုက်နာရမည်ဖြစ်သည်။ ၄င်းမူဝါဒတွင် လူ့အခွင့်အရေးကိစ္စကို စောင့်ကြည့်မည့် နိုင်ငံတော်ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်သည့် ပုဂ္ဂိုလ်များက အစိုးရနှင့် ကင်းဝေးပြီး အမှန်အတိုင်း ပြောဆိုနိုင်ခြင်းနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပညာရှင်များသာပါဝင်ရမည်။ လူ့အခွင့်အရေးကိစ္စကို အမှန်တကယ် ဖော်ထုတ်ရေးကို လုပ်ဆောင်နိုင်သူမှသာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

လူမှုအဖွဲ့အစည်းများ၊ အဖွဲ့အစည်းခေါင်းဆောင်များ ပါဝင်မှုမရှိပဲ အစိုးရအဖွဲ့ဝင်ဖြင့် ဖွဲ့စည်းထားခြင်းမှာ လုံးဝ မဖြစ်သင့်ကြောင်း၊ ၄င်းတို့မှာ လူ့အခွင့်အရေးကို လေးစားယောင်ဆောင်ပြီး ဖွင့်ထားခြင်းဖြစ်ကြောင်း မွန်လူ့အခွင့်အရေးဖောင်ဒေရှင်းမှ လူ့အခွင့်အရေး သတင်းအချက်အလက်ကောက်ခံရေးနှင့် စုဆောင်းရေးတာဝန်ခံ ကိုအွန်းမွန်က ပြောသည်။

“ဒါကတော့ တခြားနိုင်ငံတွေကို ဗန်းပြဖို့အတွက် ဖွဲ့ထားတာပါ၊ အမျိုးသမီးရေးရာနဲ့ မိခင်နှင့်ခလေးစောင့်ရှောက်ရေးလိုပါပဲ ဘာမှအကြောင်းမထူးလာဘူး၊ မြန်မာကလည်း စီဒေါမှာ လက်မှတ်ရေးထိုးထားတယ်ဆိုတော့ အစိုးရအဖွဲ့တစ်ခုမှ ဒီလို လူ့အခွင့်အရေးအဖွဲ့ မရှိလို့မဖြစ်ဘူး၊ ဒါ့ကြောင့် လူ့အခွင့်အရေးကို လေးစားယောင်ဆောင်ပြီးတော့ ရုပ်ပြသဘောနဲ့ ဖွဲ့ထားတာပါ” ဟု ကိုအွန်းမန်က ပြောသည်။

လက်ရှိ နယ်စပ်တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ မရပ်တန့်ပဲ လူ့အခွင့်အရေးအဖွဲ့အစည်း ဖွဲ့စည်းခြင်းက လုံးဝမဖြစ်နိုင်ကြောင်းနှင့် ထိုသို့ ဖွဲ့စည်းနေခြင်းမှာ အစိုးရက သံတမန်များကို ဝါဒဖြန့်ချီရန်အတွက်သာ ဖြစ်ကြောင် ထိုင်းနိုင်ငံရောက် ကချင်အမျိုးသမီးအခွင့်အရေးမှ ရှယ်လီဆိုင်းက ပြောသည်။

“အမှန်တကယ်ဖွဲ့စည်းတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ အခု လက်ရှိ ကချင်ဒေသမှာ ဗမာစစ်တပ်တွေ ထိုးစစ်ဆင်တယ်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်နေတာတောင် ရပ်တန့်အောင် မလုပ်ဆောင်နိုင်ပဲနဲ့ ဒီအဖွဲ့အစည်း ဖွဲ့တာ၊ ဒါကတော့ ဗန်းပြရုံးအတွက်ပါပဲ” ဟု ရှယ်လီဆိုင်းက ပြောသည်။

ကချင်ဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့် ထိုးစစ်ဆင်ပြီး ကချင်အမျိုးသမီးနှင့် ခလေးငယ်များကို မုဒိန်းကျင့်မှုများ ဖြစ်ပေါ်နေသည်ကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူများကို အမှန်တကယ် အရေးယူမှုရှိမှသာ မှန်ကန်သည့် လူ့အခွင့်အရေးလမ်းစဉ် ဖြစ်မည်ဟု ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ၊ အလုပ်သမားဝန်ကြီးက ဒုဥက္ကဌ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနညွန်ကြားရေးမှုးချုပ်က အတွင်းရေးမှုး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနမှုးက တွဲဖက်အတွင်းရေးမှုး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယစစ်ဥပဒေချုပ် (စစ်ဥပဒေချုပ်ရုံး) နှင့် အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ်တို့က အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့စွဲပါ အမိန့်ကြေငြာစာအမှတ် (၅၃/၂၀၀၇) ကို ပယ်ဖျက်လိုက်ပြီး စာအမှတ် (၃၄/၂၀၁၁) ဖြင့် အစိုးရသစ် သမ္မတက အမိန့် ပြန်လည်ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ်မှ ဒေသခံ ရွာသား ၃၀၀နီးပါးကို စစ်တပ်က နေ့စဉ် လုပ်အားခိုင်းစေ

စောသိန်းမြင့် (ကေအိုင်စီ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၂၀၀ကျော်သည် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ အစိုးရတပ်များ၏ လုပ် အားပေး ခိုင်းစေမှုကို နေ့စဉ် ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ကြီးမြို့ အနောက်ဘက် (၆)မိုင်အကွာအဝေးရှိ ၀က်လာတော၊ ပတ္တလား၊ အေးနယ်၊ သာလဲ စသည့် ကျေးရွာအုပ်စု များမှ ဒေသခံရွာသူရွာသား ၂၉၀ဦးကို ဘုရားကုန်းရှိ အစိုးရတပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ (၃၄၅)တပ်ရင်းက ဇွန်လ ၁၉ရက်နေ့မှ ယနေ့အထိ နေ့စဉ် လုပ်အားခိုင်းစေနေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

ဒေသခံတဦးက “၀က်လာတောကျေးရွာအုပ်စုက အယောက် ၇၀၊ ပတ္တလားကျေးရွာအုပ်စုက ၁၅၀၊ အေးနယ်က ၁၀၀၊ သာလဲ က အယောက် ၇၀။ ဒီလ ၁၉ရက်ကနေစပြီးတော့ ဒီကနေ့အထိ ဘုရားကုန်းက ခမရ(၃၄၅) တပ်ရင်းအတွက် တပ်စခန်း ဆောက်၊ မြက်ခုတ်၊ သစ်ခုတ်၊ ၀ါးခုတ် နေ့တိုင်းပဲ သွားလုပ်ပေးနေရတယ်။ တစ်ရက်ပြီးတစ်ရက် မပြီးတတ်တဲ့အခါကျတော့ ရွာ သားတွေလည်း မခံနိုင်တော့ဘူး။”ဟု ဆိုသည်။

လုပ်အားပေး ခိုင်းစေခံရသူ ဒေသခံ ရွာသူရွာသားများမှာ တပ်စခန်းဆောက်၊ လမ်းရှင်းလင်းရေးအတွက် လိုအပ်သည့် ပစ္စည်း များအပြင် စားသောက်ရန် ထမင်းထုပ်ကိုလည်း မိမိတို့ဖာသာ ယူဆောင်သွားရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် မနက် ၈နာရီအချိန်မှစ၍ ညနေမိုးချုပ်သည့်အထိ သွားရောက် လုပ်ကိုင်ပေးရပြီး စခန်းတွင် ခံတုတ်ကျင်း ဆောက် လုပ်ရန်အတွက် ၀က်လာတော၊ နို့ဝေါ်၊ ပတ္တလား၊ သူးကဘီး၊ အေးနယ် စသည့်ကျေးရွာအုပ်စုများမှ ဆန်အိတ်အလွတ် အလုံး ၂,၀၀၀ ရှာဖွေပေးရသည်ဟု သိရသည်။

ယခုလို အစိုးရစစ်တပ်၏ နေ့စဉ် လုပ်အားခိုင်းစေမှုကို ဒေသခံများမှာ ဆက်လက် လုပ်ဆောင်နိုင်စွမ်း မရှိတော့သည့်အဆုံး ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထံသို့ လာရောက်တင်ပြကြသည်ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒိုနဲ ထူးဗျိုင်းက ပြောသည်။

“အဲဒီဒေသမှာရှိတဲ့ ရွာသားတွေအားလုံးက လယ်၊ ကိုင်း၊ ကျဘမ်းအလုပ်တွေ လုပ်ကြတာ များတယ်။ အခု နေ့တိုင်း လုပ်အား ပေးသွားရတဲ့အခါကျတော့ သူတို့ စားဝတ်နေရေးအတွက် အများကြီးနစ်နာတယ်။ ဒီလို စေခိုင်းမှုတွေကို မခံနိုင်တော့လို့ ကျနော်တို့ဆီကို လာရောက် ပြောဆိုတင်ပြတာတွေ လုပ်လာကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။

လုပ်အားခိုင်းစေခံရသည့် ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စုများသည် အစိုးရစစ်တပ်များ၏ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပြီး ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသွားလာနေသည့် နယ် မြေတစ်ခုဖြစ်သည်။

ထိုဒေသသည် ယခင်ကလည်း စစ်တပ်၏ အလားတူ လုပ်အားခိုင်းစေမှု မကြာခဏ ကြုံခဲ့ရပြီး ရွာသူရွာသားများအနေဖြင့် အစိုး ရအာဏာပိုင်များကို တိုင်ကြားမှု ရှိခဲ့ဘူးသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။

မူလအလုပ်တာဝန်အရ လုပ်ပေးရမှာကို ငွေယူပြီး ဝန်ထမ်းသက်သာဟု ပြော

မင်းတောလဝီ

မွန်ပြည်နယ်တွင် လယ်ယာမြေ များကို အစိုးရနှင့် နီးစပ်သည့် စီးပွားရေးကမ္မဏီများမှ သိမ်းဆည်းမည်ကို ကြောက်ရွံ့ နေကြသည့် လယ်သမားများမှ မိမိတို့ လုပ်ကိုင် နေသည့်လယ်မြေအတွက် နာမည်ပေါက်ပြေစာ (သို့ မဟုတ်) မိမိနာမည်ဖြင့်ပြေစာ ရရှိရန် ကြိုးပမ်းရာတွင် ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာနကို အခကြေးငွေပေးရသည်ဟု ဆိုပါသည်။

မိဘလက်ငုတ်လယ်မှ အမွေဆက်ခံရရှိပြီး နှစ်ရှည်ကြာ လုပ်လာခဲ့သော်လည်း ယခုအခါ လယ်မြေပြေစာကို လက်ရှိလုပ်သူအမည်သစ်နှင့် ပြောင်းလဲလုပ်လိုသည့်အခါ ငွေပေးပြီးမှ အမည်ပြောင်းလဲခွင့်ရရှိပြီး ယူသည့်ငွေကိုလည်း ဝန်ထမ်းသက်သာချောင်ချိရေး ရံပုံငွေဟု ပြောသည်။ ဝန်ထမ်းသက်သာချောင်ချိရေး ရံပုံငွေသည် ဝန်ထမ်းများ၏ မလောက်မပငှ ဖြစ်နေသည့် လစာအတွက် ပိုထပ်ဆောင်းငွေ ဖြစ်ပေသည်။

မိဘလက်ငုတ်လယ်မှ အမွေဆက်ခံလုပ်ခွင့်ရသည့် လယ်မြေ (၄) ဧကကို လယ်ပြေစာတွင် မိမိအမည်စာရင်း ပေါ်လိုသည့်လယ်သမားမှာ မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်၊ နိတုံကျေးရွာမှ ဘီလိုကွင်းအတွင်းမှ လယ်လုပ်နေသူ နိတုံရွာသားတဦးဖြစ်သည်။

“နာမည်ပြောင်းဖို့ မြေစာရင်းမှာ အမှုတွဲပုံစံဖြည့်ပြီး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းကို အဆင့် ဆင့်တင်ရမယ်တဲ့၊ တစ်ဧကကို ကျပ်တစ်သောင်းနဲ့ အမှုတွဲတည်ဆောက်ခအတွက်ကို ရုံးသက်သာငွေအတွက်ပေးရတယ်” ဟု ကျေးရွာအုပ်စု မြေတိုင်းစာရေးတောင်းတာကို ငွေပေးခဲ့ရသည့် ကျိုက္မရောမြို့နယ် နိတုံရွာက လယ်သမား တဦးက ပြောသည်။

ကျိုက္မရောမြို့နယ်၊ နိတုံရွာမှာ ယခုအချိန်မှာ လယ်ယာမြေကို ဘိလပ်မြေစက်ရုံအတွက် လယ်မြေသိမ်းယူမည့်ကိစ္စနှင့် ပတ်သက်ပြီး လယ်သမားနှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား အငြင်းအခုံဖြစ်နေသည့်အချိန်မှာ လယ်သမားများက လယ်မြေကို မိမိအမည်အဖြစ် ပိုင်ဆိုင်လိုကြပြီး မြေစာရင်းဌာနအနေဖြင့်လည်း လွယ်လွယ်နှင့် မလုပ်ပေးသောကြောင့် ယခုကဲ့သို့ ငွေေ

ပးပြီး လုပ်နေရသည်ဟု ထိုနိတုံရွာမှ လယ်သမားက ပြောသည်။

စိုက်ပျိုးရေးအတွက် လယ်ယာ၊ ခြံ၊ ဥယျာဉ်ခြံမြေနှင့် အိမ်ခြံအတွက် ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများ၊ အလွှဲအပြောင်းကိစ္စရပ်များ၊ လုပ်ကိုင်ခွင့်ရသူအမည်ပေါက်ရန်နှင့် မြေယာကို အခြားနည်းများ ပြောင်းလဲအသုံးပြုနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ပေးရမည့်တာဝန်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ မူလတာဝန်ဖြစ်သည်။

ထို့အပြင် လယ်ယာမြေကို အခြားနည်းဖြင့်ပြောင်းပြီးအသုံးပြုနိုင်သည့် (လ/န ၃၉) ဖြင့် ရယူ အသုံးပြုလိုလျှင် မြို့နယ် မြေစာရင်းဌာနမှ လိုအပ်သည့်အမှုတွဲကို တည်ဆောက်ပြီး အဆင့်ဆင့် ခရိုင်၊ ပြည်နယ်၊ တိုင်း မြေ စာရင်းမှတဆင့် ပြည်နယ်၊ တိုင်း၊ အုပ်ချုပ်ရေးမှုးထံ တင်ပြပြီး အတည်ပြုချက်ရယူရသည်ဟု လည်းကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အငြိမ်းစားခရိုင်ဦးစီးမှုး တဦးကပြောသည်။

အထူးသဖြင့် လယ်သမားများ အမြဲတမ်း ကူညီဖြေရှင်းပေးရမည့်ဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ အဓိကတာဝန်ဖြစ်သော်လည်း ယခုလို အခကြေးငွေရရှိမှ လုပ်ပေးတတ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ အမြဲတမ်း ကြုံတွေ့နေရသည့် ပြဿနာဖြစ်သည်ဟု လယ်သမားများပြောဆိုနေမှုကို ကြားသိနေရသည်။

မွန်ပြည်နယ် မြို့နယ်(၁၀)မြို့နယ် တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧကပေါင်း (၁၀) သိန်းကျော်ရှိပြီး မွန်လူမျိုး (၇၅) ရာခိုင်နှုန်းမှာ လယ်သမားများ ဖြစ်သည်။

မီရှဲလ်ယိုး မြန်မာပြည် ၀င်ခွင့်မရတော့

ရန်ပိုင် Tuesday, 28 June 2011

မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုးကို အာဏာပိုင်များက နာမည်ပျက်စာရင်း သွင်း၍ ပြည်ဝင်ခွင့် ငြင်းပယ် လိုက်သည့်အတွက် ရန်ကုန် လေဆိပ်မှ လှည့်ပြန်သွားရကြောင်း AFP သတင်းတွင် ယနေ့ ဖော်ပြ ထား သည်။

မီရှဲလ်ယိုးအား ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်မှပင် ပြန်ခိုင်းလိုက်သည်ဟု အမည်မဖော်လိုသည့် မြန်မာ အရာရှိတဦး၏ ပြောကြား ချက်ကို ကိုးကား၍ ယင်းသတင်း၌ ရေးသားထားသော်လည်း မည်သည့်နေ့ရက်က ရောက်ရှိလာခြင်းကိုမူ ဖော်ပြခြင်းမရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“ပြီးခဲ့တပတ်က ဖြစ်တာ ၊ လေဆိပ်ကနေ ၀င်ခွင့်မပေး ဘူး ပြောတယ်၊ ဒေါ်စု ဆီ လာတဲ့ ဧည်သည်မို့လို့ ပြန်ပို့တာ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

ယခုတခေါက် မီရှဲလ်ယိုးလာရောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည် မတွေ့မည်ကို မပြောနိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

မီရှဲလ်ယိုးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သေးသည်။

ပြင်သစ် ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးသည့် “The Lady”ဟု အမည် ပေးထားသော ရုပ်ရှင်ကား၌ မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။

The Lady ရုပ်ရှင်မှာ ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

ယင်းဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း ပါဝင်ကြောင်း ဇာတ်ကား၌ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား တဦးက ပြောသည်။

The Lady ရုပ်ရှင်နှင့် ပတ်သက်ပြီး Time မဂ္ဂဇင်းနှင့် တွေ့ဆုံခန်းတွင် မီရှဲလ်ယိုးက“ကျမ သိပ်ကံကောင်းပါတယ်။ ရုပ်ရှင်ထဲမှာ တကယ့် ဇာတ်ရုပ်အမှန် သရုပ်ဆောင်ရပါတယ်။ ကျမနဲ့ တကယ်ကို ထပ်တူကျတယ်လို့လည်း ခံစားမိပါတယ်။ ရိုက်ကွင်းမှာဆို
မြန်မာတွေက ကျမကို ဒေါ်စု(အန်တီ)လို့ပဲ ခေါ်ကြတယ်”ဟု ပြောကြားခဲ့ဖူးသည်။

မီရှဲလ်ယိုးသည် Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon ၊ Memoirs of Geisha စသည့် ရုပ်ရှင်ကားများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် သရုပ်ဆောင် မင်းသမီး တဦးဖြစ်သည်။

ရခိုင်ပါတီ မဲနိုင်၍ ကျောက်ဖြူတွင် ၀န်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး ပြစ်တင် ကြိမ်းမောင်း

နိရဥ္ဒရာ

ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ခံ ယခင်ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ယမန်နေ့က ကျောက်ဖြူမြို့တွင် ၀န်ထမ်းများနှင့် တွေ့ဆုံရာ ရခိုင်ပါတီကို မဲအနိုင်ရအောင် လုပ်ပေးသည်ဟု စွပ်စွဲ ပြောဆိုကာ ဌာနဆိုင်ရာ ၀န်ထမ်းများကို ပြစ်တင် ကြိမ်းမောင်းသွားကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက " သူက ကျောက်ဖြူ ရမ္မာဝတီ ခန်းမမှာ နေ့လည် တစ်နာရီခွဲမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါတယ်။ သူက ရခိုင်ပါတီကျတော့ ခင်ဗျားတို့ မဲနိုင်အောင် လုပ်ပေးတယ်။ ကြံ့ခိုင်ရေးကိုကျတော့ ခင်ဗျားတို့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုပီး ပြစ်တင် ကြိမ်းမောင်းသွားခဲ့ပါတယ်" ဟု ပြောသည်။

ဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး စည်းရုံးရေး ခရီးစဉ်ကို ပြုလုပ်နေရာ ယမန်နေ့က အမ်းမှ တဆင့် ကျောက်ဖြူသို့ ရောက်ရှိလာပြီး အစိုးရ ၀န်ထမ်းများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြစ်တင် ဝေဖန်သွားခြင်း ဖြစ်သည်။

" သူက ကြံ့ခိုင်ပါတီက လူကြီး တစ်ဦးသာ ဖြစ်ပါတယ်။ အစိုးရ ၀န်ကြီး မဟုတ်ဘူး။ အစိုးရ ဌာနဆိုင်ရာတွေကို သူ့မှာ ခေါ်တွေ့ခွင့် အာဏာ သူမှာ မရှိဘူး။ ဒါပေမယ့် အတင်းခေါ်တွေ့ပြီး တိုင်းချစ် ပြည်ချစ်စိတ်ရှိရမယ်။ တိုင်းပြည်တိုးတက်ရေး အတွက် အကုန်လုံး တက်ညီ လက်ညီ လုပ်ရမယ်ဆိုပီး ပြောဆိုသွားပါတယ်" ဟုသူက ဆက်ပြောသည်။

ဝန်ကြီးဟောင်း မောင်ဦးသည် ယမန်နေ့က ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် သာမက ကြံ့ခိုင်ရေး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံသွားကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမှ တခြား လူငယ် တစ်ဦးကလည်း "သူက နံနက်ပိုင်းမှာ ကြံ့ခိုင်ရေး ပါတီက လူကြီးတွေနဲ့ တွေ့တယ်။ နေ့လည် ၁ နာရီခွဲမှာ ၀န်ထမ်းတွေနဲ့ တွေ့တယ်။ နေ့လည် ၃ နာရီခွဲမှာ နဂါးကျောင်းကို သွားပြီး ဆရာတော်ကို လက်ဆောင်တွေ ဆပ်ကပ်ပြီး ဖူးမျှော်ကန်တော့တယ်။ ညနေ ၄ နာရီခွဲမှာ မြို့မိ မြို့ဖ ၁၀ ဦးကို ခေါ်တွေ့ခဲ့ပါတယ်။ မြို့မိ မြို့ဖတွေကို ဘာတွေ ပြောသွားသလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး" ဟု ပြောသည်။

မောင်ဦးသည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမှ တဆင့် ရမ်းဗြဲသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဝန်ကြီးဟောင်း မောင်ဦးသည် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းမှူးဖြင့် တာဝန်ကျစဉ်က ပြည်သူလူထုကို အထူး နှိပ်စက်ခဲ့ သဖြင့် ရခိုင်ပြည်သူများ၏ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ယခုတခါ ကြံ့ခိုင်ရေး ပါတီ ရခိုင်ပြည်နယ် တာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံရသဖြင့် လွန်ခဲ့သည့် ရွှေးကောက်ပွဲတွင် မဲရှုံးသည့် အပေါ် မကျေနပ်၍ လက်စားချေရန် ရခိုင်သို့ စေလွှတ်ခြင်း အဖြစ် ရခိုင်လူထုက မြင်နေကြကြောင်း သိရသည်။

ယခုအခါ မောင်ဦးသည် ရခိုင်ပြည်နယ် မြို့နယ် တိုင်းသို့ လှည့်လည်သွားလာပြီး ကြံ့ခိုင်ရေး ပါတီ ရခိုင်တွင် မဲရှုံးခြင်း အပေါ် မကျေမချမ်း ပြောဆိုကာ သက်ဆိုင်သူများကို ပြစ်တင် ကြိမ်းမောင်းမူများ ပြုလုပ်နေကြောင်း သိရှိရသည်။

စိုက်ပျိုးစရိတ် ထုတ်ချေးသည့် အရာရှိများ၏ ခရီးစရိတ် မာန်အောင် လယ်သမားထံမှ ဖြတ်ယူ

မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး စရိတ် ထုတ်ချေးပေးနေသည့် အရာရှိများသည် အစိုးရထံမှ နေ့တွက်နှင့် စားစရိတ် ရရှိပြီး ဖြစ်သော်လည်း လယ်သမားများထံမှ တဖန် နေ့တွက်နှင့် စားစရိတ်များကို စိုက်ပျိုးစရိတ် ချေးငွေထဲမှ ဖြတ်ယူနေကြောင်း သိရသည်။

ထိုသို့ ဖြတ်ယူရာတွင် စိုက်ပျိုးရေးဘဏ်မှ ငွေထုတ်ချေးပေးနေသည့် အရာရှိများသာမက စောင့်ရှောက်ရေး လိုက်ပါလာသော ရဲအဖွဲ့ကလည်း ဖြတ်ယူနေကြောင်း လယ်သမားများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ဖြတ်ယူနေသည်ကို လယ်သမားများမှ မပေးလိုသော်လည်း ငွေထုတ်ယူရာတွင် ပြေပြေလည်လည် ဖြစ်ရေး အတွက် သူတို့ ဖြတ်ယူသော ငွေကို ပေးဆောင်နေကြရကြောင်း ကန်တိုင်းအုပ်စုမှ လယ်သမားတဦးက ပြောသည်။

" ကျွန်တော်တို့ ကန်တိုင်းအုပ်စုမှာ လယ်သမား ၁၁၉ ဦးရှိတယ်။ ဘယ်လယ်သမားကမှ မပေးချင်ဘူး။ သူတို့က ခုလို ငွေထုတ်ချေးဖို့ ရွာတွေကို လာရတဲ့အတွက် ခရီးစရိတ် ကုန်တယ်။ စာရွက် စာတန်းခ ကုန်တယ်။ လယ်သမား တစ်ဦးဆီက ငွေတစ်သိန်းအောက်ဆိုရင် ၁၅၀၀ ပေးရမယ်။ တစ်သိန်း အထက်ဆိုရင် ကျပ် ၂၀၀၀ ပေးရမယ်။ ဒါမျိုးပြောပြီး စိုက်ပျိုးရေးဘဏ်က အရာရှိတွေ ကောက်ယူနေတာ ဖြစ်ပါတယ်။"

၎င်းပြင် အစောင့် အရှောက် လိုက်ပါလာသော ရဲအဖွဲ့ကလည်း အစောင့်အရှောက်လိုက်ပါရသဖြင့် ညောင်းညာကြေးဟု ဆိုကာ လယ်သမားများထံမှ ငွေကောက်ယူနေသည်ဟု သူက ပြောသည်။

" ရဲအဖွဲ့ကလည်း သူတို့လည်း အစောင့်အရှောက် လိုက်ပါလာရတဲ့ အတွက် ကုန်ကျစရိတ်တွေ ရှိတယ်။ စားရေးသောက်ရေးနဲ့ ညောင်းညာကြေးဆိုပီး လယ်သမား တစ်ဦးစီက ကျပ် တစ်ထောင် ကျစီ ကောက်ယူပါတယ်" ဟု သူက ပြောသည်။

ရဲအဖွဲ့၏ ညောင်းညာကြေးဆိုသည်မှာ အရက်သေစာ သောက်စားစရိတ် ဖြစ်ကြောင်း သူက ပြောသည်။

ယခုကဲ့သို့ ငွေများ ဖြတ်တောက် ကောက်ယူနေသည်ကို ဆားချက် ကျေးရွာမှ လယ်သမား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

" ဒီလို ကောက်ခံနေတာကို စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ယဉ်က မာန်အောင် တကျွန်းလုံး မှာ လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆားချက် အုပ်စုကို သူတို့ ဒီလ ၁၁ ရက်နေ့မှာ ရောက်ပါတယ်။ ဆားချက်ကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်ကနေပြီး ချေးငွေ ထုတ်ချေး ပါတယ်။ ချေးတဲ့အခါလည်း လယ်သမားတယောက် တသိန်းအောက်ကို ချေးလို့ရှိရင် တစ်ခါတည်း ၁၅၀၀ ကျပ် ဖြတ်ယူထား လိုက်ပါတယ်။ တစ်သိန်းနဲ့ တစ်သိန်းအထက် ချေးလို့ရှိရင် ၂၀၀၀ ကျပ် ဖြတ်ယူပါတယ်။ သူတို့ စိုက်ပျိုးရေး မန်နေဂျာရုံးက ၀ါဆိုသင်္ကန်းကပ်ဖို့ဆိုပြီးတော့ ကျပ် ၅၀၀ စီ တခါ ထပ် ဖြတ်ယူပါတယ်။ မပေးချင်လည်း ပေး၊ မလှူချင်လည်း လှူ၊ အဲသလို ဖြစ်နေပါတယ်။"

မာန်အောင်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးရေးဘဏ်မှ တဧကကို ကျပ်ငွေ ၂၀၀၀၀ နုန်ဖြင့် ထုတ်ချေးနေပြီး စိုက်ပျိုးရေးဘဏ်အဖွဲ့နှင့် အစောင့်အကြပ် လိုက်ပါလာသော ရဲအဖွဲ့မှ လယ်သမား များထံမှ ငွေများကို ဖြတ်ယူနေသဖြင့် မာန်အောင်တမြို့နယ်လုံးမှ သိန်းရာချီပြီး ၀င်ငွေ ရရှိနေကြောင်း သိရသည်။

" သူတို့ကို တီအေ၊ ဒီအေတွေ ပေးထားပြီးပါပြီ။ ဒီလိုကောက်တာက သူတို့ကိုယ်ကျိုးအတွက် ဖြစ်ဖို့များပါတယ်။ ဒီလို ပုံစံမျိုး ပေါ်ပေါက်နေတာကတော့ အရင် အစိုးရလက်ထက်တွေက ဖြစ်နေတဲ့ ကိစ္စပါ။ ဦးသိန်းစိန် အစိုးရက "Clean Government, Good governance" ဟု ကြွေးကြော်နေပေမယ့် င်္ဒီလို လာဒ်ပေး လာဒ်ယူမူတွေနဲ့ အကျင့်ပျက် ခြစားမူတွေကို တိုက်ဖျက်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ သိပ်လွယ်မယ့် ကိစ္စ မဟုတ်ပါ"ဟု မာန်အောင် အစိုးရ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။

ယခု လက်ရှိ အဓမ္မ ငွေများဖြတ်ယူခံခဲ့ရသော ကျေးရွာအုပ်စုများမှာ ကန်တိုင်းအုပ်စု၊ ကလွင်အုပ်စု၊ ကရူး အုပ်စုနှင့် သာယာကုန်းအုပ်စု ဖြစ်ပြီး မာန်အောင်တမြို့နယ်လုံးရှိ အုပ်စုပေါင်း ၃၆ အုပ်စုမှ ကျေးရွာပေါင်း ၁၀၈ ရွာရှိ လယ်သမားများမှ ဖြတ်ယူခံရဖွယ် ရှိကြောင်း စုံစမ်း သိရှိရသည်။

မြန်မာကျောက်ပွဲစားတဦးကို တရုတ်ကုန်သည်များက ဝိုင်းထိုးကြိတ်ရာမှ ရဲအာဏာပိုင်များနှင့် ဒေသခံများ ရုန်းရင်းဆန်ခက်ဖြစ်ပွား

ရိုးမ ၃

ယနေ့နံနက် ၁၀ နာရီ ခွဲခန့်က မန္တလေးမြို့ ကျောက်ပွဲစားတန်းတွင် မြန်မာကျောက်ပွဲစားတဦးကို တရုတ်ကုန်သည်များက ဝိုင်းထိုး ကြိတ် ရာမှ ရဲအာဏာပိုင်များနှင့် ဒေသခံများ ရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့ကြောင်း ကျောက်ပွဲစားတဦးက ပြောသည်။

“မြန်မာကုန်သည်က အခုရန်ဖြစ်တဲ့ တရုတ်ကုန်သည်ကို ပစ္စည်းသွားပြတာ သိန်း (၄၀)နဲ့ ပေးတယ် နောက်တယောက် သွားရောင်းတော့ (၄၇) သိန်းဆိုတော့ ရောင်းလိုက်တယ်၊ အဲလိုရောင်းတာကို တရုတ်က မကျေနပ်ဖြစ်ပြီး မြန်မာကုန်သည်ကို ဆွဲထိုးတယ်၊ တရုတ်က သူတို့ ဆိုင်ခန်း (၈)နဲ့ (၉) ကို ခေါ်သွားပြီး ခြောက်ယောက်လောက် ၀ိုင်းထိုးတော့ ဘေးပတ်ဝန်းကျင်က လူတွေက အမြင်မတော်လို့ဝိုင်းဆွဲသူဆွဲ ထိုးသူထိုးဖြစ်ကြတော့ အဲဒီတရုတ်က ရဲစခန်းကို အကြောင်းကြားတယ်၊ အဲဒီမှာ ရဲစခန်းက ရောက်လာတော့ ဘာဖြစ်လဲဆိုတာကို မမေးဘဲ ဘေးနားမှာ ရှိတဲ့လူမှန်သမျှကို တုတ်နဲ့ လိုက်ရိုက်တဲ့အခါကြတော့ ပြဿနာက မပြီးသွားဘဲ ဘေးက လူတွေက ရဲတွေကို ပြန်ရိုက်တာတွေ ဘာတွေဖြစ်ကုန်တာ” ဟု ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ရဲအာဏာပိုင်များ ပြန်သွားပြီးနောက် ထပ်မံ၍ ရဲအင်အားဖြည့်ကာ ပြန်ရောက်လာပြီး မနက် (၁၁)နာရီကျော်လောက်တွင် တရုတ်ကုန်သည်များကို လုံခြုံရေးတပ်ဖွဲ့များ ကားဖြင့် ခေါ်ထုတ်သွားနိုင်ခဲ့ကြောင်းလည်း မန္တလေးမြို့ခံများက ပြောသည်။

ယင်းသို့ အခင်းဖြစ်ပွားချိန်တွင် ကျောက်ပွဲစားတန်းမှ လူများ များသထက်များလာပြီး ကမ္ဘာမကျေသီချင်း၊ ဇာတိမာန်သီချင်းများကို သီဆိုကြကာ ကိုယ့်အမျိုးသားကို စောင့်ရှောက်ရန် လိုအပ်ကြောင်း ဝိုင်းပြောဆိုကြကြောင်း ၎င်းကျောက်ပွဲစားက ဆက်ပြောသည်။

“အဲဒီအချိန်မှာ ရဲတွေ ပြန်ထွက်သွားတယ်၊ မြန်မာကုန်သည်တွေက တော်တော်မကျေမနပ်ဖြစ်နေတော့ တရုတ်တွေရဲ့ တရုတ်တွေရဲ့ဆိုင်ခန်း နံပါတ်(၈) (၉)၊ ဆိုင်ခန်း (၂)ခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီးလိုက်တယ်၊ အဲဒီမှာ တရုတ်ပြည်ကို ပြန်တဲ့ လေယာဉ် လက်မှတ်ရောင်းတယ်၊ အဲဒီမှာ နောက်ထပ် ရဲတွေထပ်ရောက်လာတယ်၊ ဖြစ်ဖြစ်ချင်းတော့ ကျောက်ဝိုင်းက အစောင့်ရဲတွေရောက်တာ၊ နောက်ပိုင်း မန္တလေးတမြို့လုံးက ရဲတွေ၊ အရာရှိတွေ ရာချီပြီးရောက်လာတာ” ဟုပြောသည်။

ယင်းကဲ့သို့ ရဲအာဏာပိုင်များ၊ နယ်မြေခံ ထောက်လှမ်းရေးများ အင်အားတိုးရောက်ရှိချိန်တွင် ကျောက်ဝိုင်းအတွင်းမှ မြန်မာပွဲစား၊ ကုန်သည်နှင့် စိတ်ဝင်စားသူ ပြည်သူ တစ်သောင်းခွဲလောက်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ရဲအာဏာပိုင်များအနေဖြင့် အခင်းဖြစ်ပွားရာသို့ ရောက်လာချိန်တွင် အခြေအနေကို စုံစမ်းခြင်းမရှိဘဲ ရိုက်နှက်မှုပြုလုပ်သည့်အတွက် ဒေသခံများက မကျေမနပ်ဖြစ်ပြီး ယခုကဲ့သို့ ရုန်းရင်းဆန်ခက်ဖြစ်ပွားရာ ထိခိုက်ဒါဏ်ရာရသူ နှစ်ဦးသုံးဦးခန့် ရှိပြီး အာဏာပိုင်များဘက်တွင်လည်း ထိခိုက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း

KNG

ကချင် လွတ်မြောက် ရေး တပ်ဖွဲ့ (KIA)ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိသို့ ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယုနန်ပြည်နယ် မန်ရှီ၌ သွားရောက်တွေ့ခဲ့ဆုံစဉ် ယခုကိစ္စတောာင်းဆိုခဲ့ကြောင်း မန်ရှီသတင်းရပ်ကွက်က ဆိုသည်။

ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်များ တရုတ်နယ်စပ်တွင် အ၀င်အထွက် သွားလာလှုပ်ရှားခွင့် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ဒေသတွင်းတရုတ်စစ်အရာရှိကြီးများနှင့် နေပြည်တော်မှ မြန်မာစစ်တပ်အရာရှိများ၊ လားရှိုးမှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အရာရှိများ၊ ကောင်းခါးအခြေစိုက် ကချင်ကာကွယ်ရေးတပ် KDA အရာရှိတချို့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ရွှေလီမြစ်အတိုင်းချီတက်လာသည့် မြန်မာစစ်တပ်များ တရုတ်နိုင်ငံထဲသို့ဝင်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

KIO လိုင်ဇာဌာနချုပ်နှင့် KIA တပ်မဟာ ၃ ဒေသကိုတိုက်ခိုက်ရန် မြန်မာစစ်တပ်နှင့် မထုနော်ဦးဆောင်သော KDA တပ်များပူးပေါင်းသွားရန်လည်းရှိသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များပြောသည်။

KDA မှ ကချင်ကာကွယ်ရေးတပ်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက် ၂ ချက်ကိုလည်း မြန်မာအရာရှိများက တရုတ်ကို ရှင်းပြသည်ဟုဆိုသည်။ လူမျိုးရေးကိုရှောင်လွဲရန်နှင့် စေ့စပ်ညှိနှိုင်းနိုင်ရန်ဖြစ်သည်။ KIO လိုင်ဇာဌာနချုပ် ကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်၏ အားထုတ်မှုသည် လူမျိုးရေးဖိနှိပ်မှုအသွင်ကို ဆောင်နေသဖြင့် စေ့စပ်ညှိနှိုင်း ရန် ခက်ခဲစေသည်။

KIA အားတိုက်ခိုက်မည့်အပေါ် တရုတ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း မြန်မာစစ်တပ်နှင့် KDA တပ်များ စစ်ဆင်ရေးအတွင်း တရုတ်နယ်မြေအားဖြတ်သန်းခွင့်ပြုခဲ့သည်ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။

လူအင်အား ၈၀၀ ကျော်ရှိသည့် KDA တပ်များ လိုင်ဇာနှင့် တပ်မဟာ ၃ ကို သိမ်းပိုက်ရန် ရှေ့တန်းသို့ ချီတက်သွားကြပြီဟု KDA နှင့်နီးစပ်သူများပြောသည်။

ဇွန် ၉ ရက် ဆန်ဂန်တိုက်ပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ပြန်ဖြစ်လာသည်။ စစ်ကြောင့် မြန်မာအုပ်ချုပ်ရေးနယ်မြေမှ ဒုက္ခသည် ၂၀၀၀၀ ကျော် KIO အုပ်ချုပ်သည့် တရုတ်နယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။

မြန်မာစစ်တပ်က ခေါ်ယူမေးမြန်း နှိပ်စက်ညှင်းပန်းခြင်းနှင့် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု တိမ်းရှောင်လာသူများပြောသည်။

နမ့်ခမ်းမြို့နယ် သစ်တောရုံး ဗုံးကွဲ

သျှမ်းသံတော်ဆင့်
့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ဝင်းကန် ကျေးရွာရှိ အစိုးရသစ်တောရုံးအား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ က ယနေ့နံနက် ၄ နာရီ ခွဲခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့က ရုံးအဆောက်အဦအား သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သစ်တောရုံးက နမ့်ခမ်းကနေ မုံးဝီးဘက်ထွက်တဲ့လမ်းမှာ ရှိတယ်။ ဒီမနက် ၄ နာရီခွဲလောက်မှာ ဗုံးခွဲခံရတယ်၊ လက် နက်ငယ်နဲ့ ၄ - ၅ ချက်လောက် ရုံးအောက်ထပ်ကို ပစ်သွားတယ်၊ ဝန်ထမ်း ၂ ယောက် အပေါ်ထပ်မှာ အိပ်နေတော့ ထိခိုက်တာမရှိဘူး၊ ရုံးအဆောက်အဦ နည်းနည်းပျက်စီးသွားတယ်” ဟု သူက ဆိုသည်။

ဗုံးခွဲခံရအပြီး နံနက်ပိုင်းတွင် မြန်မာစစ်တပ်များ သစ်တောရုံးသို့ ရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်ကြောင်း သိရသည်။

ယခုလ ၂၅ ရက်နေ့ကလည်း မူစယ်မြို့နယ် စယ်လန့်ကျေးရွာရှိ အရှည် ပေ ၄၀ ခန့်ရှိ အုပ်တံတားတစ်စင်း မိုင်းခွဲခံ ခဲ့ရမှုကြောင့် အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။

၎င်းတံတားဖေါက်ခွဲမှုကို စယ်လန့်ရွာရှိ ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စယ်လန့်ရွာမှာ ရဲ ၄ - ၅ ယောက်လောက် စောင့်နေတယ်၊ တံတားကိုမိုင်းထုတ်နဲ့သွားပစ်တယ်၊ တံတား နည်းနည်း ပါးပါး ပျက်စီးသွားတယ် ဒီရွာမှာရှိတဲ့ လူငယ်တွေကို ကင်းစောင့်ခိုင်းချင်လို့ရဲတွေကိုယ်တိုင်ဖေါက် ခွဲတာ” ဟု ဆိုသည်။

ယခုအခါ မြို့တော်သစ် နေပြည်တော်အပါအဝင် မန္တလေး၊ ကချင်ပြည်နယ်နှင့် သျှမ်းပြည်(မြောက်ပိုင်း) ရှိ မြို့ ကြီး များတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

အစိုးရသစ် ပြည်တွင်းစစ် အစပြန်ဖော်နေပြီလား

ဧရာဝတီ

နိုင်ငံ၏ ဒေသများစွာ၌ လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ကာလ အတွင်း စစ်အာဏာရှင်ဟောင်းများ တည်ဆောက်ခဲ့သော “ငြိမ်းချမ်းရေး” သည် အမည်ခံ သက်သက်သာ ဖြစ်နေပြီး နောက်ဆုံး၌ စစ်ပွဲအသွင် ပြန်လည် ကူးပြောင်းရေးသို့ ဦးတည်နေသည်ကို မြင်နေရသည်။

“စစ်အာဏာရှင်ဟောင်းများ” ဆိုသည်မှာ တမင်ရည်ရွယ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အတုအယောင် ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရသစ် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ မတိုင်မီကာလ အနည်းငယ်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော သဘောထား တင်းမာသည့် စစ်ခေါင်းဆောင်များ ဖြစ်သည်။ သို့သော် အစိုးရသစ် အမည်စာရင်းတွင် သိသိသာသာ ပျောက်နေသည့် တဦးတည်းသော ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ ၄င်းသည် လက်ရှိ “အရပ်သား” အစိုးရသစ် အား သြဇာညောင်းလျက် ရှိပြီး ပဲ့ကိုင်နေသည်မှာ သေချာသလောက် ရှိသည်။

ဤကိစ္စနှင့်ပတ်သက်၍ သို့လောသို့လော ဖြစ်နေသူများအနေနှင့် ပြီးခဲ့သည့် ရက်သတ္တပတ် အစောပိုင်းကစ၍ ဖြစ်ပွားနေသော ကချင် ပြည်နယ်တွင်း တိုက်ပွဲများကို ကြည့်၍ သံသယ ရှင်းသင့်သည်။ ၁၉၉၄ ခုနှစ်က စတင်ခဲ့သော နှစ်ဘက်သဘောတူ အပစ် အခတ် ရပ်စဲရေးကို ပျက်ပြားစေသည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့၏ ယင်းတိုက်ပွဲများသည်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “အမျိုးသားပြန်လည်သွေးစည်းမှု” နောက်ဆုံးအဆင့် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုများ အတွက် အဖြေပင် ဖြစ်သည်။

ထို့ကြောင့် တရုတ်-မြန်မာ နယ်စပ်အနီး မိုးမောက်ဒေသမြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် မည်သို့မျှ အံ့သြဖွယ် ရာ မရှိပါ။ မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ငြင်းဆန်ခဲ့မှုကြောင့် တချိန်တွင် စစ်ပွဲများ မလွဲဧကန် ဖြစ်ပွားလာနိုင်သည်ဟု ကချင်ခေါင်းဆောင်များက ယမန်နှစ် အစောပိုင်းကပင် ပြောပြခဲ့ဖူးသည်။

အစိုးရအနေနှင့် KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စေ့စပ်ဆွေးနွေးမှုများ မပြုလုပ်ပါက ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းစစ်အသွင် ပြောင်းသွားနိုင်သည်ဟု KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က လွတ်လပ်သည့် အာရှအသံသို့ မကြာသေးခင်က ပြောကြားခဲ့သည်။

ထို့သို့ ပြောကြားမှုသည် အခြေအမြစ်မရှိသည့် ခြိမ်းခြောက်မှုမဟုတ်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ပြီးပြီးချင်းတွင် အပစ်အခတ်ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ချိန်မှစ၍ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ အကြား တင်းမာမှု မြင့် မားလာခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း မတ်လမှစ၍ ပဋိပက္ခများ ထပ်မံဖြစ်ပွားလာခဲ့သည်။ ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်များအကြား တိုက်ပွဲကြီးငယ်များ ဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများအတွင်း နှစ်ဘက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိ၍ အရပ် သား အများအပြားလည်း သေဆုံးကြရသည်။

နိုင်ငံရေးစစ်မြေပြင်တွင် အောင်ပွဲရခဲ့သော မြန်မာအစိုးရက တိုင်းရင်းသား အတိုက်အခံများအား ခြေမှုန်းရေးမူဝါဒကို အခိုင်အမာ အကောင်အထည် ဖော်နေခြင်းပင် ဖြစ်သည်။

သို့သော် ဤသို့ဆောင်ရွက်နေခြင်းမှာ မပြီးပြတ်သေးသော မြန်မာပြည် နယ်စပ်ဒေသများအထိ တပ်မတော်က ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းမျှသာ မဟုတ်၊ လက်ရှိအစိုးရ အာဏာတည်ရေး မဟာဗျူဟာအတွက် ပို၍ အရေးပါနေသောကြောင့်လည်း ဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ်နိုင်ငံက ရေကာတာကြီးနှစ်ခု တည်ဆောက်နေသော ဒေသတွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ ယင်း ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ၄င်းတို့၏ ဗျူဟာမြောက် အခြေစိုက်စခန်း အားဖျက်သိမ်းခိုင်းခြင်းကို ကချင်တပ်ဖွဲ့များက ငြင်းဆန်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကချင်တပ်ဖွဲ့များအား နှင်ထုတ်ရန် ရာနှင့်ချီသော အစိုးရတပ်ဖွဲ့ဝင်များကို ဖြန့်ချထားခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

တရုတ်အစိုးရကလည်း နိုင်ငံပိုင် တရုတ် ဒေတန် ကော်ပိုရေးရှင်း (China Datang Corporation)မှ အင်ဂျင်နီယာ ၃၀ ခန့် ပဋိပက္ခအတွင်း ပိတ်မိနေသည်ဟု တရားဝင် အတည်ပြု ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်အတွက် သမ္မတသစ် ဦးသိန်းစိန် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြန်မာ့တပ်မတော်က KIA ကို စစ်ဆင်ရေးဆင်နွှဲရန် ဆုံးဖြတ်ခဲ့သည်မှာလည်း တိုက်ဆိုင်မှု မဟုတ်ပေ။

ဦးသိန်းစိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုများထဲမှ ကိစ္စရပ်တခုမှာ နယ်စပ် တည်ငြိမ်ရေးပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာ အစိုးရက ကိုးကန့်တပ်မတော်ကို တိုက်ခိုက်ခဲ့သဖြင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရပြီးနောက်ပိုင်းမှစ၍ နယ်စပ်တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရက အထူး စိုးရိမ်မကင်း ရှိနေခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ မေးစရာ ရှိလာသည်မှာ တရုတ်နှင့် မြန်မာ ဗိုလ်ချုပ်ကြီးများ၏ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိသည့် စီမံကိန်းကို ကာကွယ်ရန်အတွက် KIA အား တိုက်ခိုက်ရန် တရုတ်ခေါင်းဆောင်များက ဦးသိန်းစိန်ကို မီးစိမ်းပြခဲ့လေသလား ဟူ၍ပင် ဖြစ်သည်။

အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက KIA သည် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ စနစ်တကျ စီစဉ်ပြင်ဆင် ထားသည့် စစ်ဆင်ရေးတရပ်နှင့် ရင်ဆိုင်ရပါက ၄င်းတို့၏ ခြေကုပ်စခန်းများအား ခြောက်လထက်ပို၍ ထိန်းထားရန် ခက်ခဲလိမ့် မည်ဟု KIA ခေါင်းဆောင်များက ဖွင့်ဟကြသည်။ စစ်သည် ၅၀၀၀ နှင့် ၈၀၀၀ ကြားရှိသော KIA သည် အင်အား ၄၀၀၀၀၀ ခန့် ရှိသည့် မြန်မာ့ တပ်မတော် ၏ ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်မှုကို ခံရပေလိမ့်မည်။ KIA အနေနှင့်မူ အစုလိုက်အပြုံလိုက် သွေးထွက် သံယိုမှုများနှင့် ဒုက္ခသည်အများအပြား နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှုများမှ ရှောင်ရှားနိုင်ရေးအတွက် မြန်မာအစိုးရနှင့် စေ့စပ်ဆွေး နွေးရန် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ဖွယ်ရာ ရှိသည်။

KIA အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့်သာ ၄င်းတို့၏ ဒေသများ တွင် စစ်မီးတောက်လောင်လာမည်ဟု မယူဆထားသင့်ပေ။ အစိုးရသစ်၏ အင်အားသုံးဖြေရှင်းမှုသည် အစိုးရဟောင်း၏ အကျင့် အကြံကို ဆက်လက် ကိုင်စွဲနေခြင်းပင် ဖြစ်သည်။ ထိုအချက်မှာ မြန်မာနိုင်ငံသည် ၎င်း၏ အာဏာစက်အောက်၌ စုစည်းညီညွတ်ရ မည်ဟူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးဗျူဟာကို အတည်ပြုပေးသော လုပ်ရပ်သာလျှင် ဖြစ်ပါသည်။

A New 'Civilian' Government Revives an Old Civil War ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

နမ့်ခမ်းမြို့ ပြည်သူ့စစ် ၃ ဦး တိုက်ခိုက်ခံရ၍ သေဆုံး

သျှမ်းသံတော်ဆင့်

ယခုလ ၂၆ ရက်နေ့ ည ၁ နာရီခန့်က အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်မြို့မရပ် ကွက် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း သိရသည် ။

နမ့်ခမ်းမြို့နယ် မန့်စွမ်းရွာ လှေဆိပ်၌ လုံခြုံရေး တာဝန်ယူနေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ကျန်နှစ်ဦးမှာ နမ့်ခမ်းဆေးရုံး၌ သေဆုံးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန့်စွမ်းရွာပေါ့ တရုတ်ဘက်ကမ်းက ရှောက်ရုံပန့်လို့ခေါ်တယ် ပြည်သူ့စစ်တွေက တရုတ်ဘက်ကမ်းကိုမှောင်ခို သယ်တဲ့ သစ်နဲ့ မီးသွေးတွေ အခွန်ကောက်တယ်၊ နမ့်ခမ်းမြို့မရပ်ကွက်ကပဲ၊ ခေါင်းဆောင်က အိုက်စံ ဒု ခေါင်းဆောင်က ရခိုင် လူမျိုး တခြားလူတွေကလာပစ်တာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၂ ယောက်က နမ့်ခမ်းဆေးရုံမှာ သေ တယ်” ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းပြည် (မြောက်ပိုင်း)၌ ပစ်ခတ်တိုက်ခိုက်မှုများ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေရာ မြန်မာအာဏာပိုင်များဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူစယ်မြို့နယ် တုံ့ခန်ကျေးရွာ ဥက္ကဋ္ဌအပါအဝင် ဟိုလောင် - နှင်းအီ ရွာသား ၃ ဦးကို မြန်မာစစ်တပ်မှ ယခုလ ၂၄ ရက် နေ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သတ်ဖြတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက်ရွာရှိ မြန်မာစစ်တပ် လုံခြုံရေးရှိရာ တံတားအနီး မုဒိန်းကျင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယခုလ ၂၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းကျေးရွာများတွင် ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချသည့် ဗန်းမော်မြို့ ပေါက်ကုန်း ရပ်ကွက် မှ အမျိုးသမီးဖြစ်ပြီး ၎င်းပျောက်ဆုံးပြီးနောက် ယခုရုပ်အလောင်း ပြန်တွေ့ခြင်း ဖြစ်သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,28th,2011

( 47 )No permission given to Burma Army to attack KIA from Chinese side

( 46 )ကချင်ပြည်သူ့​စစ်များ​ နယ်​မြေစိုး​မိုး​ရေး​ လုပ်​ဆောင်

( 45 )Press Monitors express concern about Burma’s domestic media

( 44 )စစ်တပ်က ဒေသခံရွာသား ၃၀၀ နီးပါးကို လုပ်အားခိုင်းစေ

( 43 )US raps Burma, others for not doing enough to end human trafficking

( 42 )မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း

( 41 )US told to cast Burma sanctions net wider

( 40 )ဟောလီး​ဝုဒ်ရုပ်ရှင်မင်း​သမီး​ ရန်ကုန်​လေဆိပ်က​နေ ပြန်ပို့​ခံရ

( 39 )Suu Kyi delivers prestigious BBC annual lecture

( 38 )Burma refuses entry to star of Aung San Suu Kyi film

( 37 )မလေးရှားနိုင်ငံမှ ပထမဆုံးအကြိမ် ကရင်နီအမျိုးသားနေ့ ကျင်းပနိုင်

( 36 )US told to cast Burma sanctions net wider

( 35 )စားသောက်ကုန်များဈေးကျသော်လည်း ရာဘာခြံဈေးမြင့်တက်လျှက်ရှိ

( 34 )Burma deports 'blacklisted' Michelle Yeoh

( 33 )မြေပြိုသောကြောင့် ကော့ကရိတ်-မြ၀တီကား လမ်းပိတ်

( 32 )The ascent of the kyat

( 31 )စီးပွားရေးသမား ၄၂ ဦးကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ရန် USCB တိုက်တွန်း

( 30 )Michelle Yeoh deported from Burma before Aung San Suu Kyi film

( 29 )လောင်းကစားမှုများ ထိရောက်စွာ နှိမ်နင်းမည်

( 28 )Lack of Enforcement Fuels Trafficking

( 27 )ရခိုင်သဟာယအသင်း ရွှေရတု အထိမ်းအမှတ် ရန်ကုန်တွင် ကျင်းပမည်

( 26 )Indian Foreign Minister Visits Burma

( 25 )အသေးစား ချေးငွေ အစီအစဉ် အောင်မြင်

( 24 )Is Aung San Suu Kyi rethinking her tactics?

( 23 )ကချင်နဲ့ မြန်မာ တင်းမာမှု ပိုမိုဆိုးရွားလာနိုင်

( 22 )India hedges its bets in Myanmar

( 21 )အင်းလေးကန်ထဲ ကျွန်းမျော မတိုးရန် ဒုသမ္မတပြော

( 20 )Suu Kyi sees Myanmar parallels with Arab Spring

( 19 )ထုတ်တင် ဂျာနယ်အချို့ကို ဆင်ဆာသတိပေး

( 18 )US backs calls for UN probe into Myanmar rights situation

( 17 )သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်

( 16 )Burmese journals free to publish without prior approval warned by censors

( 15 )ကချင်ပြည်နယ်ငြိမ်းချမ်းရန် အစိုးရမှစီစဉ် ဆုတောင်း

( 14 )Landslides Brings Border Trade to a Standstill

( 13 )James Mackay ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ PX3 ဂုဏ်ထူးဆောင် ဆု ဆွတ်ခူး

( 12 )Burmese, Chinese traders fight in Mandalay

( 11 )သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကြာသပတေးနေ့ မြန်မာပြည်သွားမည်

( 10 )Actor helps Burma’s poor on final leg

( 9 )‘Patriarch of Burma,’ priests martyred by Nazis among newly beatified

( 8 )မန္တလေးကျောက်ဈေး တရုတ်နဲ့  မြန်မာကုန်သည်တွေ ခိုက်ရန်ဖြစ်

( 7 )Chinese and Burmese gem traders clash in Mandalay

( 6 )တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်

( 5 )Burma Ranked 18th on Failed State Index

( 4 )ထားဝယ်ဆိပ်ကမ်း စီမံကိန်းမှာ မြှုပ်နှံဖို့PTT တွန့်ဆုတ်နေ

( 3 )Security Tightened in Wake of Bomb Blasts

( 2 )ဘက်စုံယိုယွင်းနေတဲ့ တိုင်းပြည်စာရင်းထဲက မြန်မာ

( 1 )Australian FM to visit Burma

Monday, June 27, 2011

ဦးရွှေမန်း မိန့်ခွန်းကို ပြန်ကြားရေးက ဆင်ဆာဖြတ်

ဧရာဝတီ Monday, 27 June 2011

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာအားလုံးက ဆင်ဆာ ဖြတ်တောက်ထားကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံးတွင် ကျင်းပသော အစည်းအဝေး၌ သူရ ဦးရွှေမန်းက မိန့်ခွန်းပြောကြားပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခွင့်ရခဲ့သည်။

သူရ ဦးရွှေမန်းက မြန်မာနိုင်ငံသည် အလွန်နိမ့်ကျလျက်ရှိပြီး အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်သော ဆူပူအုံကြွမှုမျိုး မဖြစ်ပေါ်စေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်လျှင် ပြည်သူများပင် နစ်နာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အဆိုပါ ပြောဆိုချက်များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တဦးက “ဦးရွှေမန်းက တိုင်းပြည် အင်မတန် နိမ့်ကျနေတယ်ဆိုပြီးတော့ ၀န်ခံတယ်။ သူပြောသွားတဲ့အထဲမှာ ဆူပူအုံကြွမှုဖြစ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့လည်းပြောတယ်။ သူဆိုလိုတာက တိုင်းပြည်ဆူပူရင် တပ်က အာဏာပြန်သိမ်းမယ်။ အဲလိုဆိုရင် ပြည်သူပဲ နစ်နာမယ်ပေါ့။ ဒါပေမယ့် အဲဒါတွေက အစိုးရ ရုပ်မြင်သံကြား သတင်းစာထဲမှာ မထည့်တာက အတော်ထူးခြားတယ်” ဟု ပြောသည်။

“အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့အလယ်ပိုင်း ဒေသတွေမှာလို လူထုအုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးပန်းရမယ်” ဟု သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာဖြတ်တောက်ခံရသည်။

သူရ ဦးရွှေမန်း၏ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ ရေဒီယိုများအားလုံးတွင် သတင်းအဖြစ် ဖော်ပြကြသော်လည်း မိန့်ခွန်းကိုမှု အပြည့်အစုံဖော်ပြခြင်း မပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့သည်မှာ ထူးခြားကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။

ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ပုဂ္ဂလိက သတင်းမီဒီ ယာတွေတင် မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း ပြောချင်ရာပြောလို့ မရဘူး၊ စိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှု ခံနေရတယ်ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။

သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအထိ တာဝန်ယူခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် သူရ ဦးရွှေမန်းသည် ရုရှနိုင်ငံသို့ အလည်အပတ် ထွက်ခွာသွားသည်။

သူရဦးရွှေမန်း ရုရှခရီးစဉ်အပေါ် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းနှင့် မေးမြန်းချက်

နေထူး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီလ ၂၅ ရက် ကတည်းက ရုရှနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်မှာ ဦးရွှေမန်းနဲ့ အတူ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်တို့ လိုက်ပါသွားပြီး ရုရှ ဒူးမားလွှတ်တော်ကို လေ့လာဖို့ သွားရောက်တယ်လို့ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

ဦးရွှေမန်းဟာ နအဖစစ်အစိုးရ လက်ထက်တုန်းက ၂၀၀၆ ခုနှစ်မှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းအဖြစ်နဲ့ မော်စကိုမြို့ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး အထောက်အကူ ပစ္စည်းတွေနဲ့ လက်နက်ကြီးတွေ ၀ယ်ယူရေးအတွက် ရောက်ရှိခဲ့တာလို့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အထောက်အထားတွေအရ သိရပါတယ်။

သူရဦးရွှေမန်းဟာ ရုရှကိုသွားတာဟာ လွှတ်တော်ကို လေ့လာဖို့ပဲလား၊ ဒီ့ပြင် ရည်ရွယ်ချက်တွေရော ရှိနေနိုင်ပါသလား ဆိုတာကို ရုရှမှာပညာသင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။


အခုဆိုရင် မြန်မာပြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပေါ့။ အရင်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း တဖြစ်လည်း သူရဦးရွှေမန်း ရုရှနိုင်ငံ ဒူးမားလွှတ်တော်ကို လေ့လာဖို့ ရောက်ရှိနေပြီလို့ ဆိုတယ်။ သူ့အဖွဲ့ဝင်တွေလည်း အများကြီး ပါသွားတယ်။ ပါသွားတဲ့ ပုဂ္ဂိုလ်တွေကလည်း စစ်ဘက်ခေါင်းဆောင်ဟောင်း တဖြစ်လည်း လွှတ်တော်ထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီခရီးစဉ်က တကယ်ပဲ ရုရှဒူးမားလွှတ်တော်ကိုပဲ လေ့လာဖို့လား။ ဒီ့ပြင် တခြား ထူးထူးခြားခြား ခရီးမျိုး ရှိနေလား။

“ဟုတ်ကဲ့။ ဗိုလ်ချုပ်ကြီးရွှေမန်းကတော့ အရင် ရုရှဘက်ကို စစ်လက်နက်ပစ္စည်းတွေ ၀ယ်ဖို့အတွက် သွားဖူးပါတယ်။ သူအခုသွားတဲ့ ပုံစံကလည်း အရင် မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လုပ်ဖို့အတွက် အရင်လုပ်ထားတဲ့ ရုရှနဲ့ ဆက်ဆံထားပြီးသား၊ မပြီးပြတ်သေးတာကို ဆက်လုပ်ဖို့အတွက် သွားတဲ့ပုံစံမျိုးလို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒူးမားလွှတ်တော်ကို သွားလေ့လာဖို့ဆိုတာ သိပ်ခိုင်လုံတဲ့ အကြောင်းပြချက်တခုတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သွားတဲ့လူတွေအားလုံးက

တပ်ထွက်တွေချည်းပဲ ဆိုတော့ နဂို နအဖ လက်ဟောင်းလူတွေချည်းပဲ ဆိုတော့၊ ပုံစံက နောက်ကွယ်ကနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြိုးကိုင်ပြီးတော့ စီမံခန့်ခွဲနေတယ်ဆိုတဲ့ ပုံစံကြီးက ပိုပြီးတော့ ထင်ရှားလာတယ်။”


ဆိုတော့ လက်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သွားခဲ့တာ ဘယ်တုန်းကလဲ။ အဲဒီတုန်းက သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ။

“အရင်တခေါက် သွားတုန်းကတော့ တပ်မတော်က ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ သွားခဲ့တာ။ အဲဒီအဖွဲ့ကို ခေါင်းဆောင်အနေနဲ့ သွားပေမယ့် အဲဒီအချိန်မှာ နိုင်ငံရေးအရ ရာထူးအကြီးဆုံးက ဗိုလ်ချုပ်မင်းအောင်လှိုင် ဖြစ်နေတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က ကာကွယ်ရေး ဒုဝန်ကြီးအနေနဲ့ ပါသွားတဲ့အခါကျတော့ ရုရှတွေက ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ပိုပြီးတော့ ဦးစားပေးဆက်ဆံတဲ့ အခါကျတော့ သူကအဲဒီမှာ ကိုးရိုးကားရား ဖြစ်ခဲ့တာလေးတွေ ရှိတယ်။ တကယ်တမ်း ဆုံးဖြတ်ချက်ပေးနေတာက ဗိုလ်ချုပ်ကြီးရွှေမန်း ဖြစ်နေပြီးတော့ အဲဒီမှာ ရုရှက ဦးစားပေးဆက်ဆံတာက ဗိုလ်ချုပ်မင်းအောင်လှိုင် ဖြစ်နေလို့ ကိုးရိုးကားရား ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အဲဒီတခေါက် သွားတုန်းကတော့ တပ်သား၊ အင်ဂျင်နီယာ၊ အရာရှိတွေ တော်တော်များများပါတယ်။ ကာကွယ်ရေးဦးစီးချုပ် စွမ်းအင်မှာ ညွှန်မှူးရယ်၊ နောက်ပြီးတော့ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်က ညွှန်မှူးပါတယ်။ အဲဒီတခေါက် သွားတုန်းကတော့ သူတို့က ကျနော်တို့လည်း မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မော်စကိုကို ရောက်နေတဲ့အချိန်မှာ၊ သွားပြီးတော့ ဂါရ၀ ပြုခဲ့တာဆိုတော့၊ သူတို့အဲဒီမှာ အဓိကတော့ စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့ သွားတာပါ။”

စစ်လက်နက်ပစ္စည်းလို့ တိတိကျကျပြောရင် ဘယ်လိုစစ်လက်နက် ပစ္စည်းမျိုးလို့ ပြောလို့ရမလဲ။

“သူတို့ပြောတာကတော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ၀ယ်ဖို့အတွက် သွားတာ။ အဲဒီတုန်းက ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်အမျိုးအစားတွေကို ၀ယ်ဖို့ သွားလေ့လာတာလို့ ပြောပါတယ်။ နောက်ပြီးတော့ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးကျည်အသေးစားတွေကို update (ပြုပြင်မွမ်းမံ) လုပ်ချင်တဲ့အတွက် ရုရှနည်းပညာကို ရယူဖို့အတွက် ရုရှစက်ရုံတွေကို သွားလေ့လာတဲ့ သဘောမျိုးလည်း ပါပါတယ်။”

ဒါဆိုရင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အခုဆိုရင် ဦးရွှေမန်းအဖြစ်နဲ့ လွှတ်တော်ထဲကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ သူကဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်နေပြီ၊ စစ်ရာထူးနေရာနဲ့ တာဝန်ကိုလည်း တရားဝင်ဖော်ပြချက် အရဆိုရင် ယူထားတာ မရှိလေတော့ စောစောကပြောတဲ့ စစ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ရုရှကို ရောက်နေတယ်ဆိုတာ ဘယ်လိုမျိုးကြောင့် ပြောနိုင်တာလဲခင်ဗျ။

“ဘာလို့လဲဆိုတော့ အခုသွားတဲ့ အဖွဲ့တွေအားလုံးကလည်း စစ်တပ်က ထွက်လာတဲ့ ဗိုလ်ချုပ်ဟောင်းတွေချည်းပဲ။ သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း တယောက်ပဲ။ ပြီးတော့ သူကိုယ်တိုင်က သွားတဲ့အခါတိုင်း ရုရှကို သွားတာတော့ ဒုတိယ တခေါက်ပေါ့လေ။ သူသွားတဲ့အကြောင်းအရာတိုင်းက ရုရှကိုသွားတိုင်း စစ်လက်နက်ပစ္စည်း ၀ယ်ဖို့ အတွက်လောက်ပဲ သွားကြတာဆိုတော့ ဒီရုရှနဲ့ တခြားအကြောင်း ဆက်ဆံစရာ မရှိဘူး။ အဓိက သံသယ ရှိတာတော့ အခုတခေါက်သွားတာလည်း စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေနဲ့ ဖြစ်ဖြစ် စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူဖို့ပဲဖြစ်ဖြစ် အဲလိုပဲ ပတ်သက်နေတယ်လို့ သံသယရှိပါတယ်။”


မွန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်

နိုင်မာန်၊ ဟောင်ဒိန်း

ကချင်ပြည်နယ်ဘက်မှာဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်ကြောင့်နှင့် ဖောက်ခွဲရေးသမားများ ဝင်လာမှုရှိနေသည့်သတင်းကြောင့် မွန်ပြည်နယ်အတွင်းသို့ စစ်တပ်လုံခြုံရေးဂိတ်များ တိုးပွားလာပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း မွန်ဒေသခံတို့က ပြောသည်။

“ဒီလအတွင်းမှာပဲ အဲဒီဂိတ်တွေ ထပ်တိုးလာတယ်၊ စစ်သားတွေကြီးပဲ ဂိတ်လိုမျိုးပဲ ဒါပေမယ့် သွားလာနေတဲ့ ကားတွေ လူတွေကိုတော့ စစ်ဆေးမှုတော့မပြုဘူး၊ ထူးတော့ ထူးတယ်” ဟု စစ်တပ်မှ လုံခြုံရေးဂိတ် ထပ်တိုးချဲ့ထားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ မုဒုံမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်မှာ ထပ်မံတိုးချဲ့ထားသည့် ဂိတ်များမှာ တစ်ဂိတ်လျှင် စစ်သားအင်အား ၃၀ နှင့် ၄၀ ကြားရှိပြီး၊ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည့် ဂိတ်များမှာ သဲအိတ်များဖြင့် ကတုတ်ကျင်း ပြုလုပ်ထားလည်းရှိသည်ဟု အထက်ပါ မုဒုံမြို့ခံက ပြောသည်။

ယခင် မည်သည့်ဂိတ်မှမရှိသည့် မုဒုံမြို့အဝင် ညောင်ကုန်းလမ်းဝရှိ ငါးပျံတောင်ဘုရားအဝင်လမ်းဝ၊ မော်လမြိုင်မြို့အဝင် ဖားအောက်လမ်းဝမရောက်ခင် ဘီးခွန်ကောက်ခံနေသည့်ဂိတ်နေရာနှင့် သံဖြူဇရပ်မြို့နယ် ဝဲကလီ ခြေလျှင်တပ်ရင်းအဝင်လမ်းဝများမှာ စစ်သားများသာ စောင့်သည့် လုံခြုံရေးဂိတ် သုံးနေရာ ထပ်တိုးချဲ့ထားကြောင်းသိရသည်။

ထပ်တိုးလာသည့် စစ်တပ်လုံခြုံရေးဂိတ်များမှာ ခရီးသွားများ၊ မော်တော်ကား၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းခြင်းမရှိဟုဆိုသော်လည်း ဖောက်ခွဲရေးနှင့် ပတ်သက်သည့် မသင်္ကာစရာများရှိလာသည့်အခါ စစ်ဆေးမှုပြုလေ့ရှိသည်။

ဖောက်ခွဲရေးသတင်းကြောင့် လုံခြုံရေးတိုးလာသော်လည်း မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းက ယခုလို စစ်တပ်အင်အားဖြင့် လုံခြုံရေးဂိတ်များ တိုးလာခြင်းအပေါ် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်ကြောင့်လို့ သုံးသပ်နေကြသည်။

“ကချင်ဘက်မှာ တိုက်နေတဲ့ တိုက်ပွဲအရှိန်တွေကြောင့် လုံခြုံရေးတော့ တိုးချဲ့လာမှာပဲ အဲဒီတိုက်ပွဲတွေသာ လျော့မသွားဘူးဆိုရင် တပြည်လုံး ပြန့်သွားဖို့ရှိတယ်၊ ဒါကြောင့် သူတို့ (မြန်မာအစိုးရ) တွေက ကြိုတင်တဲ့အနေနဲ့ လုံခြုံရေးတွေ တိုးချဲ့ထားတာဖြစ်နိုင်တယ်” ဟု မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် အတွင်းရေးမှူ နိုင်ထွန်းရက ပြောသည်။

ပြည်တွင်းသို့ ဖောက်ခွဲရေးသမားများ ဝင်ရောက်မှုရှိနေတယ်ဆိုပြီး ထောက်လှန်းရေးမှ သတင်းဖြန့်ထားကြောင့် မြို့ပေါ်ရှိ ဈေးသူ ဈေးသားများအပါအဝင် မြို့ခံများ ထိန့်လန့်ကြောက်ရွံ့နေကြသည်။ မော်လမြိုင်မြို့ပေါ်တွင် ညပိုင်း ရဲ၊ ထောက်လှန်းရေးများ လှည့်လည်မှုများ ရှိနေသည်။

“ခလေးတွေ ကျောင်းမှာရှိနေလည်း စိတ်ပူရတာပဲ၊ ဘာမှဖြစ်မလာရင်တော့ ကောင်းတာပေါ့ တကယ်လို့ ဗုံးဖောက်မယ် ဘာညာဆို ခလေးတွေ ဘယ်သွားယူလို့မီမလဲ” ဟု မော်လမြိုင်မြို့ခံ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

ကချင်မှာဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မကြာခင်မှာလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှာ ပါဝင်သည့် အဖွဲ့များအား ကူးစက်နိုင်ဖွယ်ရှိကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်အများစု တွက်ချက်ထားသည်။ ထိုမှတဆင့် တိုက်ပွဲများ တပြည်လုံး ကူးစက်ပြန့်နှံ့သွားနိုင်ကြောင်း သုံးသပ်နေကြသည်။

ပဲခူးရိုးမမှာ ကျွန်းသစ်များကို သစ်တောအရာရှိများက ခိုးထုတ်

မိုးမြင့်ဇင်

ပဲခူးရိုးမထဲက သစ်တောတွေကို သစ်တောဦးစီးဌာနကပဲ ပူးပေါင်း ခိုးထုတ်ရောင်းစားနေလို့ သစ်တောတွေ ဖြုန်းတီးနေပါတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့နယ် ပဲခူးရိုးမအနီး ဇီးတောကျေးရွာနားက ဇီးတောဘီနယ် ဆိုတဲ့သစ်ကွက်မှာ ကျွန်းသစ်တတန်ကို ကျပ် ၈ သောင်းနဲ့ ခိုးထုတ်ရောင်းစားနေပြီး သတင်းအရ လာရောက်ဖမ်းဆီးတဲ့ မြို့နယ်နဲ့ခရိုင် သစ်တောဦးစီးမှူးတွေကလည်း တယောက်ကို ကျပ် ၁၀ သိန်းယူပြီး မဖမ်းဘဲ ပြန်သွားတာတွေကြောင့် ပဲခူးရိုးမထဲမှာ နိုင်ငံပိုင် ကျွန်းသစ်တွေ တော်တော်များများ ပြုန်းတီးနေပါပြီလို့ ဇီးတောကျေးရွာမှ ရွာသားတယောက်က ခုလိုပြောပြပါတယ်။

ဇီးတော့ဘီနယ်က တောအုပ် ဦးဝင်းနောင်ဆိုတာက မင်းကွန်းကျေးရွာဘက်ကို ကျွန်းသစ်တတန်ကို ၈ သောင်းနှုန်းနဲ့ ပို့ပေးတယ်။ ပိန္နဲတောင်ထိကို တာဝန်ယူပြီးတော့ ပို့ပေးတယ်။ အဲဒီကနေ တဆင့် ပိန္ဒဲတောင်မှာ ရှိတဲ့သူတွေက အဲဒီသစ်ကို ထိန်းသိမ်းပြီးတော့ ၂၄ ရက် ၅ လ ၂၀၁၁ မှာ ဇီးတော့ ဘီနယ်အတွင်းမှာ ကျွန်းသစ်တွေကို ပုံရောင်းပေးတယ်။ အဲဒါကို မြို့နယ်သစ်တောက သတင်းရတော့ မြို့နယ်သစ်တောဦးစီးဌာနနဲ့ ခရိုင်ဦးစီးဌာနက သူတို့လည်း ခွဲတမ်းမရဘူးဆိုပြီး ၀င်ဖမ်းတယ်။ ဦးဝင်နောင်နဲ့ ရွာထဲမှာရှိတဲ့ လူတွေကနေပြီးတော့ မေတ္တာလက်ဆောင်ဆိုပြီးတော့ သစ်တောခရိုင်ဦးစီးဌာနကို ၁၀ သိန်း၊ မြို့နယ် ဦးစီးဌာနကို ၁၀ သိန်း ဆိုပြီး ကန်တော့လိုက်တယ်။ အဲတော့ သူတို့က လာတုန်းက ဖမ်းဖို့လာတာ။ ၁၀ သိန်းလည်း ရသွားရော ခုချိန်ထိ မဖမ်းတော့ဘူး။ အဲဒီသစ်ပုံကို ဒီအတိုင်း ပစ်ထားတာ။”

ဇီးတောဘီနယ် သစ်တောအရာရှိဟာ နိုင်ငံပိုင်ကျွန်းသစ်တွေကို အစိုးရဆီ တရားဝင်အပ်နှံမယ့် ရပ်သူရွာသားတွေကို ခြိမ်းခြောက်တဲ့အပြင် နိုင်ငံပိုင်သစ်တောကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး အလွဲသုံးစား လုပ်နေပုံတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ ကျွန်းသစ်တတန် ရှစ်သောင်းဆိုတဲ့ဈေးနှုန်းဟာ မတန်တဆ နှိမ်ပြီးရောင်းတဲ့ အောက်ဈေးလို့ ဆိုပါတယ်။ ဒီလို ခိုးထုတ်တဲ့သစ်တွေကို ပြည်တွင်းက သစ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရောင်းချနေတာဖြစ်ပြီး ကျွန်းသစ်ဟာ သစ်ဝယ်ယူခွင့် လိုင်စင်ရှိတာတောင် လွယ်လွယ်နဲ့ ၀ယ်လို့မရတဲ့ ထိပ်တန်း သစ်အမျိုးအစားလည်း ဖြစ်တာကြောင့် ခုလို သစ်တောဌာနနဲ့ပေါင်းပြီး ၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။

မိုးသည်းထန် မြေပြို၍ မြ၀တီလမ်းပိတ်

ဧရာဝတီ Monday, 27 June 2011

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီ - ကော့ကရိတ်သွား ဒေါနတောင်ကျော် ကားလမ်းတွင် မြေပြိုမှုများ ဖြစ်ပြီး လမ်းပိတ်ဆို့နေ၍ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။

ဇွန်လ ၂၄ ရက်နေ့ညကစ၍ ယနေ့အထိ မြ၀တီ-ကော့ကရိတ် လမ်းပေါ်တွင် မြေပြိုပြီး ကားလမ်းပိတ်သွားသည့်နေရာ အနည်းဆုံး ၁၀ နေရာခန့်ရှိသောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လုံးဝရပ်ဆိုင်းသွားသည်ဟု လတ်တလော ထို လမ်း၌ အငှား ဆိုင်ကယ်ပြေးဆွဲနေသူ တဦးက ပြောသည်။

၎င်းက“ကားကတော့ လုံးဝသွားလို့မရသေးဘူး၊ ၃ ရက်ရှိပြီ၊ မနေ့က လမ်းရှင်းတာ၊ ပြီးခါနီးအချိန်မှာ မိုး အဆက်မပြတ်ထပ် ရွာလို့ အခြားနေရာတွေကပါမြေတွေထပ်ပြိုတာ၊ ဒီနေ့အထိ ကားတွေသွားလို့မရသေးဘူး၊ မော်တော်ဆိုင်ကယ် ကတော့ သွားလို့ရတယ်၊ မြ၀တီဘက်မှာ ပိတ်နေတဲ့ခရီးသည်တွေ အခု ဆိုင်ကယ်နဲ့ပဲကော့ကရိတ်ကို ဆင်းနေကြတယ်၊ လူတယောက် ကို ဆိုင်ကယ်ခ ကျပ် ၁၀၀၀၀ ယူတယ်၊ အထုတ်အပိုးပါဆိုရင် ၁၅၀၀၀ ယူတယ်”ဟု ပြောပြသည်။

မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက“ဒီလိုမြေပြိုတာကို အမြန်ဆုံးမပြင်နိုင်တာက ခေတ်မီ စက်ယန္တရားတွေ မရှိလို့ပါ၊ မဲဆာက်ဘက်မှာဆိုရင် ဒီလိုမြေပြိုပြီး လမ်းပိတ်တဲ့ကိစ္စက နာရီပိုင်းလောက်နဲ့ပြီးတဲ့ကိစ္စပါ”ဟု ပြောသည်။

၃ ရက်ကြာရှိပြီဖြစ်သည့် ယင်းဒေါနတောင်ကျော်ကားလမ်းပိတ်ဆို့နေ၍ မြ၀တီမြို့မှတဆင့် ကော့ကရိတ်မြို့သို့ထွက်ခွာမည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားအစီး ၄၀၀ ခန့်မှာ မြ၀တီမြို့မှ ၁၀ မိုင်ကျော်အကွာအဝေးရှိ သင်္ကန်းညီနောင် တံတား စစ်ဆေးရေးဂိတ်တွင် သောင်တင်နေပြီး ခရီးသွားများအတွက် ဒေသခံများက ယာယီ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံဘက်မှ ရန်ကုန်နှင့်အခြားမြို့များသို့တင်ပို့မည့် ပန်းသီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ လိမ္မော်သီး အပါအ၀င် သစ်သီးမျိုးစုံတင်ထားသည့် ကုန်ကားများမှာ ရက်ကြာလာသောကြောင့် ပစ္စည်းများပျက်စီးလာ၍ တချို့ကိုမြ၀တီသို့ ပြန်သယ်သွားကြရသည်ဟု သစ်သီးကုန်သည်တဦးက ပြောသည်။

သစ်သီးကုန်သည်က ဆက်လက်၍“နောက် ၃ ရက်နေလို့မှ ကားဆင်းလို့မရရင် ကျပ် သိန်း ၁၀၀ ဖိုးရှိတဲ့ သစ်သီးဝလံတွေအကုန်လုံး ပစ်လိုက်ရတော့မယ်၊ ဒီပစ္စည်းတွေကအားလုံးရှယ်တွေချည်းပဲ၊ ရန်ကုန်ကဈေးကြီးတွေမှာ ရောင်းမယ့်ပစ္စည်း တွေ”ဟုလည်း ဆိုသည်။

ကော့ကရိတ်မြို့မှ ရောက်ရှိလာသော ကဏန်းကုန်သည်တဦးကလည်း ထိုင်းနိုင်ငံသို့တင်ပို့မည့် ငါး၊ ပုစွန်၊ ကဏန်း စ သည့် မြန်မာ ရေထွက်ကုန်ပစ္စည်းများ ကော့ကရိတ်မြို့တွင် ပိတ်မိနေသောကြောင့် ကုန်သည်များမှာ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့နေရသည်ဟု ပြောပြသည်။

ယမန်နှစ် ဇူလိုင်လမှ စတင်ကာ မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီချစ် ကြည်ရေးတံတားကို ပိတ်လိုက်ရာမှစ၍ နယ်စပ်ကုန်သွယ်ရေး ရပ်တံ့သွားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးရပ်တံ့မှုကြောင့် နှစ်ဘက်ကုန်သည်များက တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုကြရာ လစဉ် ထိုင်း ဘက်မှ ထိုင်းကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှလည်း မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ခန့်ကို မဲဆာက်ဘက် တင်သွင်းကြသည်ဟု နှစ်ဘက်ကုန်သည်ကြီးများက ခန့်မှန်းပြောဆိုကြသည်။

လက်ရှိ မြ၀တီမဲ-ဆောက် နယ်စပ်ကုန်သွယ်ရေး ရပ်နားသွားသော်လည်း နေ့စဉ်မြန်မာနိုင်ငံသား ၇၀၀ ခန့် လှေများဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ဝင်ရောက်မှုမှာ လုံးဝကျဆင်းသွားခြင်းမရှိဟု နယ်စပ် သောင်ရင်းမြစ်အတွင်း စက်လှေမောင်း နေ သူများက ပြောသည်။

ယခုလ ၁၁ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်ရှိ ချောက်ကမ်းပါးအလွန် နှစ်ထပ်ကွေ့တွင်ရှိသည့် မိုင် တိုင် အမှတ် ၇၂ / ၁ /၂ တွင် တောင်ပြိုလမ်းပိတ်မှု တနေရာဖြစ်ပွားခဲ့သောကြောင့် နယ်စပ်ကုန်သွယ်ရေး၂ ရက်ကြာ ရပ်နားခဲ့ရသေးသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်

လင်းသန့် Monday, 27 June 2011

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး (CoI) ကို ပထမဆုံးထောက်ခံခဲ့သော သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရုဒ်(Mr. Kevin Rudd) သည် မြန်မာနိုင်ငံသို့ ယခု သတင်းပတ်တွင် လာရောက်မည်ဖြစ်သည်။

၎င်း၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များကို တွေ့ဆုံမည်ဟုလည်း သိရသည်။

“ဒီတပတ်ထဲမှာ တွေ့ဖို့ရှိတယ်။ ဒါပေမယ့် ရက်အတိအကျကို အသေးစိတ် မသိရသေးဘူး။ သြစတြေးလျက အရေးကြီး တယ် လို့ ကျနော်တို့ သတ်မှတ်တယ်။ သူတို့က အာရှသားတွေလို့ခံယူထားတဲ့ နိုင်ငံဖြစ်လို့ EU(ဥရောပသမဂ္ဂ) ထက် ပို အလေးထား ဆက်ဆံဖို့ရှိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီ ကို ပြောသည်။

မစ္စတာ ကယ်ဗင် ရုဒ်သည် မြန်မာ အစိုးရထိပ်တန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံပြီး အခြားသော စီးပွားရေးဆိုင်ရာ နှင့်၂ နိုင်ငံ ဆက်ဆံရေးအပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာများနှင့် စစ်မှန်သော အမျိုးသားပြန် လည် သင့်မြတ်ရေးဖြစ်ထွန်းစေရန် တိုက်တွန်းပြောကြားမည်ဟုလည်း ၄င်းက ဆိုသည်။

လူ့အခွင့်အရေးပြဿနာများ၊ ဒီမိုကရေစီရေးပြဿနာများကိုသြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NLD က ဆွေးနွေးမည်ဖြစ် ပြီး CoI ကိစ္စလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ဆက်လက်ပြောသည်။

CoI ကိစ္စ အကောင်အထည်ဖော်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော်သို့ ပေးပို့သော ဗီဒီယို မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့ပြီးနောက် အမေရိကန်နှင့် မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲများ လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိမရှိ၊ ရှိခဲ့သော် မည့်ကဲ့သို့ပုံစံမျိုးနှင့် ကျူးလွန်နေသည်၊ စွပ်စွဲ ထားသည့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အမှန်တကယ် ရှိမရှိ၊ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ ကုလ သမဂ္ဂမှ စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးနိုင်ရန် ယခုကဲ့သို့ အမေရိကန်နှင့် မိတ်ဆွေ နိုင်ငံများက ဆက်လက်အကောင် အထည် ဖော်လျက်ရှိချိန်နှင့်လည်း မစ္စတာ ကယ်ဗင် ရုဒ် ၏ ခရီးစဉ် သည် တိုက်ဆိုင်နေသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန် ကွန်ဂရက်လွတ်တော်မှာ တိုက်တွန်းချက်ကပေါ်လာပြီ။ ဒီ CoI ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က သတိထားပြောခဲ့တယ်။ New York Times နဲ့တွေ့တုန်းကလည်း ပြောခဲ့တဲ့ စကား ရှိတယ်။ ကျမဟာ ဒီစစ်ဗိုလ်တွေကို စစ်ရာဇ၀တ် ခုံရုံးကို တင်မယ်လို့ ဘယ်တုန်းကမှလည်း မပြောခဲ့ဖူးဘူးလို့ပြော ထားခဲ့တယ်။ ဒါက Comission of Inquiry ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စွပ်စွဲချက်တွေ မှန်မမှန် စစ်ဆေးတဲ့ Comission သာပဲဖြစ်တယ်။ ဒါက အမှန်တရား ပေါ်ထွက်လာရေး အတွက်သာပဲဖြစ်တယ်”ဟု ဦးဝင်းတင်က ရှင်းပြသည်။

ကယ်ဗင် ရုဒ်သည် ယခင်က ၀န်ကြီးချုပ် တာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပြီး ယခု နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံ ၏ ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်အနေနှင့် မြန်မာပြည်သို့ လာရောက်ခြင်း လည်း ဖြစ်သည်။

သြစတြေးလျ နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုက္ခသည်များအရေး အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ကူညီပေးနေသည့် နိုင်ငံတနိုင်ငံလည်းဖြစ်ပြီး ယမန်နှစ်က အမေရိကန် ဒေါ်လာ သန်း ၃၀ နီးပါး အကူအညီပေးခဲ့ကာ ယခုနှစ်တွင် ဒေါ်လာ သန်း ၅၀ နီးပါးအထိ တိုးမြှင့်၍ အကူအညီပေးကြောင်း သိရသည်။

မီဒီယာကော်နာ ပလက်ဖောင်းပေါ် မတက်ရ

ယုယမိုး Monday, 27 June 2011

ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် မီဒီယာကော်နာ ဆိုင်ခန်းများ ထပ်မံ ဆောက်လုပ်ခွင့် ရတော့မည် မဟုတ်ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့က ပြောသည်။

ပလက်ဖောင်းဈေးသည်များကို စီမံချက်နှင့် ရှင်းလင်းနေသည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက မီဒီယာကော်နာ ဆိုင်ခန်းများ ထပ်မံ ဆောက်လုပ်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခြားနိုင်ငံတွေမှာလည်း အခုလို မီဒီယာကော်နာတွေကို ဒီလိုပဲ လမ်းဘေးတွေမှာ ဖွင့်လှစ်ထားတာပါပဲ၊ ကျနော်တို့ မီဒီယာကော်နာဆိုင်ခန်းတွေ ဆိုရင် အဆောက်အအုံ ပုံစံရော ကွာလတီပါ ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု စာပေနှင့်စာနယ်ဇင်း တွဲဖက် အတွင်းရေးမှူး မောင်ခိုင်ခန့်က ဧရာဝတီကို ပြောသည်။

လုပ်ငန်း လည်ပတ်နေသည့် မီဒီယာကော်နာ ဆိုင်ခန်း ၁၃ ခုကို ပိတ်မည် မဟုတ်ကြောင်း၊ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်ခွင့် မရတော့ပါက လွတ်ကင်းသည့် နေရာတွင် ဆောက်လုပ်နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

ရန်ကုန်တွင် ဆိုင်ခန်းပေါင်း ၂၉ဆိုင် အထိ ဖွင့်လှစ်သွားရန် ယခင်က စီစဉ်ထားသည်ဟု သိရသည်။

လက်ရှိ မီဒီယာကော်နာဆိုင်ခန်းများကို ပန်းဘဲတန်း၊ ဗိုလ်တထောင် အစရှိသည့် မြို့နယ်များတွင် တွေ့နိုင်သည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့က ဦးစီးသည့် မီဒီယာကော်နာဆိုင်သည် ယခုနှစ် မေလ ၂ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် စတင် ပေါ်ပေါက်လာသည်။

ဖွင့်ပွဲအခမ်းအနား တခုတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက “မီဒီယာလုပ်ငန်းဟာ နိုင်ငံ တစ်နိုင်ငံရဲ့ အမျိုးသားအ ကျိုးစီးပွား ကို အရေး ကြီးတဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ ရန်ကုန်ပြီးရင် မန္တလေး၊ နေပြည်တော်မှာပါ မီဒီယာကော်နာတွေ ထူထောင်သွားပါမယ်။ နောက် ဒီဆိုင်တွေမှာ ကမ္ဘာ့ရှားပါး စာအုပ် ၊ စာပေများ ထားရှိနိုင်အောင်လည်း ကူညီလုပ်ဆောင်ပေးပါမယ်” ဟု ပြောကြားကြောင်း စာပေ နှင့် စာနယ်ဇင်း အဖွဲ့ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မန္တလေး ကျောက်ဝိုင်း ရုတ်ရုတ်သဲသဲဖြစ်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်းတွင် တနင်္လာနေ့နံနက်က တရုတ်ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည် အကြား အချင်းများကာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက်ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်သည်။

ဈေးဖြတ်ထားပြီးသည့် ကျောက်တလုံးကို တရုတ်ကုန်သည်များက ဝယ်ရန် ငြင်းဆန်ရာက ခိုက်ရန်ဖြစ်ပွားကြသည်ဟု မြင်တွေ့လိုက်ရသည့် ကျောက်ကုန်သည်များက ပြောသည်။

ဖြစ်ပွားသည့် အခြေအနေကို ရှင်းလင်းစွာ မသိရသေးသော်လည်း တရုတ်ကုန်သည်များက မြန်မာအမျိုးသား ကိုမော်ကြီးကို ဝိုင်းဝန်း ထိုးနှက်ပြီးနောက် ဒေသခံများက ပြန်လည် ထိုးကြိတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။

“တရုတ်တွေရှိတဲ့ ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက် လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြတ် အော်နေတယ်။
မြန်မာတွေလည်း လူစုမခွဲဘဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်” ဟု ဒေသခံတဦးက သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့ အမှတ် ၇ အပိုင် ရဲစခန်းမှ ရဲအရာရှိ တဦးက “ ကျောက်ဝိုင်းဆိုတော့ နည်းနည်းအုံးအုံး ဖြစ်သွားတာပေါ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ အထက်လူကြီးတွေအားလုံး သွားလာလှုပ်ရှားနေကြတုန်းပါ ခင်ဗျ” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုပွဲ ဒေလီတွင် ကျင်းပ

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁

မဆလ တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ဦးဆောင်ရင်း ကြိုးပေးကွပ်မျက်ခံရသည့် ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး ၃၅ နှစ်မြောက် အောက်မေ့ဂုဏ်ပြုပွဲ တရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့သည်။

ချင်းကွန်မြူနတီ ကွန်ယက် (အိန္ဒိယ) Chin Community Network – CCN (India) က ယင်းအခမ်းအနားကို မြန်မာရိပ်သာခန်းမ BCRC ၌ တနင်္ဂနွေ ညနေပိုင်းတွင် ဦးစီးကျင်းပရာ ချင်း၊ ရခိုင်၊ ကရင်နှင့် ဗမာများ အပါအ၀င် မြန်မာ့ဒီမိုကရေစီအင်အားစု ဦးရေ ၈၀ ကျော် တက်ရောက်ခဲ့သည်။

‘‘တိုင်းပြည်အတွက် အသက်စွန့်ပေးဆပ်သွားတဲ့ ဆလိုင်းတင်မောင်ဦးကို လေးစားဂုဏ်ပြုလိုတဲ့အတွက် အခမ်းအနား ကျင်းပတာပါ။ နောက်တခုက ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူငယ်တွေအကုန်လုံး ဆလိုင်း တင်မောင်ဦးကို လေးစား အားကျစေလိုတဲ့အတွက် ဖြစ်ပါတယ်’’ ဟု အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို CCN ဥက္ကဋ္ဌ ကိုဆလုံးက မဇ္ဈိမကို ပြောပြသည်။

CCN သည် တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားများအကြား ချိတ်ဆက်လှုပ်ရှားနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

၁၉၇၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အလုပ်သမားသပိတ်ကြီးနှင့် ဦးသန့်အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦးနှင့်အတူ ပါဝင်လှုပ်ရှားခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ဦးဖြူဝင်းက “သူ (ဆလိုင်းတင်မောင်ဦး) နဲ့ ကျနော် ကြုံတာက ကျိုက္ကဆံကွင်းကနေ ဦးသန့်အလောင်းကို ကျောင်းသားတွေနဲ့ သံဃာတော်တွေ လုယူခဲ့ပြီး အပြန်မှာ ရန်ကုန်တက္ကသိုလ်နားရောက်ရော မိုက်နဲ့အော်နေတဲ့လူ လက်ထဲကနေ သူက မိုက်ကို လုယူလိုက်ပြီး တက္ကသိုလ်ထဲ ချိုးကွေ့ ချိုးကွေ့ဆိုပြီး သူက ဦးဆောင်အော်ခဲ့တယ်” ဟု အခမ်းအနားတွင် ပြောပြခဲ့သည်။

ဆလိုင်းတင်မောင်ဦးမှာ ၁၉၇၂ ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒဘာသာရပ် အဓိကဖြင့် ပညာသင်နေရင်း နိုင်ငံရေး လှုပ်ရှားမှုဖြင့် ယင်းနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၉၇၃ ဇန်န၀ါရီ ၃ ရက်နေ့အထိ ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၁၉၇၄ အထွေထွေ အလုပ်သမားသပိတ်၌ ပါဝင်ကာ ဗိုလ်ချုပ်ကြီးနေ၀င်း၏ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား ဆန့်ကျင်ခဲ့သည်။

၁၉၇၄ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်သူ ဦးသန့် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) အရေးအခင်း၌ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်ချစ်ပါတီထံ ဆက်သွယ်ကာ ကျောင်းသားလှုပ်ရှားမှုအား ကူညီရန် ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်တွင်းသို့ ပြန်ဝင်လာပြီးနောက် ၁၉၇၅ ဇွန် ၆ ရက်နေ့ အလုပ်သမား နှစ်ပတ်လည် အရေးအခင်း၌ ပါဝင်လှုပ်ရှားခဲ့ပြန်သည်။

မဆလ အစိုးရက သူ့ကို ဖမ်းဆီးရန် သတင်းစာမှပင် ကြေညာခဲ့ရသည်။ ၁၉၇၆ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် မှိုင်းရာပြည့် အရေးအခင်းအတွက် ကြိုးပမ်းနေစဉ် တရက်အလိုတွင် သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမား တန်းလျား၌ ဖမ်းဆီးခံရသည်။ ထို့နောက် အင်းစိန်ထောင်၌ အကျဉ်းရုံး စစ်ဆေးကာ ၁၉၇၆ ဇွန်လ ၂၆ ရက် မနက်လင်းအားကြီးတွင် အာဏာပိုင်များက တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခဲ့သည်။

ကြိုးစင်မတက်မီ “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။ မင်းတို့ ငါ့ခန္ဓာကို သတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး” ဟု သူက ကြွေးကြော်ခဲ့သည်။

ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ယနေ့ခေတ်လူငယ်များ အတုယူသင့်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဒေလီအခမ်းအနား၌ တိုက်တွန်းပြောဆိုခဲ့သည်။

“ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်တာ ကောင်းသလို ပြည်ထောင်စု တခုလုံးအတွက် လုပ်ပါလားဆိုတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးအမြင် ထားသင့်ကြတယ်လို့ ဒီနေ့လူငယ်တွေကို မေတ္တာရပ်ခံ ထောက်ပြပါရစေ။ ပြည်ထောင်စုကြီး တခုလုံးအတွက် အသက်ပေးသွားခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ကောင်းရာသုဂတိ လားပါစေလို့လည်း ဆုတောင်းပါတယ်” ဟု သူက ဆိုသည်။

အရှိုချင်းမျိုးနွယ်ဖြစ်သူ ဆလိုင်းတင်မောင်ဦးကို ဖခင် ဦးလှဒင်နှင့် မိခင် ဒေါ်နှင်းမြိုင်တို့က ၁၉၅၁ နိုဝင်ဘာ ၉ ရက်နေ့တွင် ပဲခူးတိုင်း တောင်ငူမြို့၌ မွေးဖွားခဲ့ကာ မွေးချင်း ၈ ဦးအနက် အကြီးဆုံး ဖြစ်သည်။

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုပွဲများကို အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါအပါအဝင် နိုင်ငံအချို့တွင်လည်း ချင်းအမျိုးသားများက စုပေါင်းကျင်းပခဲ့ကြရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ကျန်ရစ်သူ မိသားစုဝင်များက ဦးစီးပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားထားသည့် ဗီဒီယိုမိန့်ခွန်းတရပ် ပေးပို့ခဲ့သေးသည်။