Friday, April 29, 2016
သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာ တပ်မတော်ကန့်ကွက်
မျိုးသူအောင်
သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာပါ ဖော်ပြမှုသည် တပ်မတော်ပြိုကွဲရေးနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက် များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း မြန်မာ့ တပ်မတော်က တုန့်ပြန်လိုက်သည်။
ဧပြီလ ၂၆ရက်နေ့တွင် တပ်မတော်ပိုင် သတင်းစာဖြစ်သည့် မြ၀တီသတင်းစာ၏ အင်တာနက်စာမျက်နှာတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယခုကဲ့သို့ တုန်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တုန့်ပြန်မှုအရ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ရာတွင် တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်သည့်အပြင် တပ်မတော်သားများအား သွေးကွဲစေရန် ရေးသားထားကြောင်း တွေ့ရှိရသည်ဟုတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ထားသည်။
သူရဦးရွှေမန်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သောစာပါ "ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ် ကျောင်းဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့်အတွက် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်"ဟု တပ်မတော်၏ တုန့်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက် နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့ သော ရွေးချယ်တင်မြောက်ခံ အစိုးရများအပါအ၀င် အစိုးရအဆက်ဆက် လက်ထက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွားကိုမျှ ဖော်ဆောင်လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါသည်ဟုလည်း ဆိုသည်။
တို့ညီနောင်များကလည်း ၀မ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည် ဟူသော ဖော်ပြချက်၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက် ပြောဆို လုပ်ဆောင်ခဲ့သည် များကို လစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
သူရဦးရွှေမန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် ခေါင်းစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ခေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်တွဲထိုင်နေသည့်ပုံကို ပူးတွဲဖော်ပြခဲ့ပြီး အထက်ဖော်ပြပါအကြောင်းအရာများကို ရေးသားခဲ့ခြင်း ဖြစ်သည့်အပြင် ယင်းရေးသားချက်ကို သတင်းမီဒီယာများက ထပ်ဆင့်ဖော်ပြမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်၍ သူရဦးရွှေမန်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြချက် များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ပါကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တပ်မတော်ပိုင် မြ၀တီသတင်းစာတွင် တုန့်ပြန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လိပ်ကျွန်းအမှု ပြန်လည်စစ်ဆေးရန် နိုင်ငံတကာပညာရှင်များ တိုက်တွန်း
ကျော်ခ
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် (ခေါ်) လိပ်ကျွန်းလူသတ်မှု၌ ထိုင်းရဲတပ်ဖွဲ့၏ မျိုးဗီဇ(DNA) စစ်ဆေးမှုသည် ပြည့်စုံမှုမရှိ၍ ပြန်လည် စစ်ဆေးရန် နိုင်ငံတကာ ဥပဒေရေးရာနှင့် မှုခင်းဆေးပညာသိပ္ပံ ပါရဂူများက တိုက်တွန်းလိုက်ကြောင်း သိရသည်။
လိပ်ကျွန်းအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူ နှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသို့ နိုင်ငံတကာဥပဒေရေးရာနှင့် မှုခင်းဆေးပညာသိပ္ပံ ပါရဂူများက အကြောင်းကြား လာခြင်း ဖြစ်သည်ဟု ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တဦးဖြစ်သည့် ရှေ့နေဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။
“ထိုင်းရှေ့နေများကောင်စီအနေနဲ့ အဲဒီအကြံပြုချက်တွေကို လက်ခံပြီးတော့ အစည်းအဝေးလုပ်နေပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။
လိပ်ကျွန်းအမှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်း တို့ကို ဥပဒေအရ လိုက်ပါဆောင်ရွက်ပေးနေ သော အဖွဲ့က အမှုကို တရားဝင်ကန့်ကွက်ပြီး ပြန်လည်စစ်ဆေးပေးရန်နှင့် ထိုအမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့သူများကို ပြန်လည် တရား စွဲရန်လည်း တိုက်တွန်းထားသည်။
“နိုင်ငံတကာ ပါရဂူပညာရှင်တွေရဲ့ အကြံပေးချက်က ဘာလဲဆိုတော့ အခုဒီအောက်ရုံးမှာ ပြုလုပ်သွားတဲ့ DNA စစ်ဆေးချက်တွေဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ မညီဘူး။ ဒါကြောင့်မို့ အဲဒီလိုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေကို ပြန်လည်တရားစွဲဖို့ အကြံဉာဏ်ပေး ထားတယ်လို့ သိရပါတယ်။ အဲဒါကို ရှေ့နေများကောင်စီကနေပြီး ပူးပေါင်းဆွေးနွေးနေပါတယ်”ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ယခုလောလောဆယ်တွင် ထိုင်းရှေ့နေများကောင်စီက နိုင်ငံတကာပါရဂူများ၏ တိုက်တွန်းချက်ကို ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ် နေသကဲ့သို့ တလ ရက်တိုးတောင်းထားသည့် အယူခံကာလအတွင်း လိုအပ်သည့် အချက်အလက် စုဆောင်းမှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက ထိုင်းတရားရုံးသို့ ဧပြီလ ၁၉ ရက်တွင် ရက်ထပ်တိုးပေး ရန် အယူခံတင်ခဲ့ခြင်းကို ထိုင်းတရားရုံးက လက်ခံခဲ့ပြီး အဆိုပါ အယူခံရက်သည် မေလ ၂၃ ရက်၌ ကုန်ဆုံးမည်ဖြစ်သည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂ်ျ (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ် သက် ၍ သံသယ တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခံရခြင်း ဖြစ်သည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြသော်လည်း နောက်ပိုင်း တရားရုံးချိန်းများ၌ ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကိုမကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြသော် လည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဧရာတီတိုင်းဒေသကြီးက ဆရာ/ဆရာမများကို လစာနှစ်ဆပေး၍ ဝေးလံသည့် အရပ်တွင် ခန့်ရန် စီစဉ်
စည်သူမောင်မောင်
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများကို ဝေးလံသည့်အရပ်များဟုသတ်မှတ်ကာ ကျောင်း ဆရာ၊ဆရာမများအား လစာနှစ်ဆတိုးပေးပြီး ခန့်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက ဧပြီ၂၅ရက်နေ့ တွင်မီဒီယာများသို့ပြောသည်။
"သာပေါင်းမြို့နယ်၊သဲဖြူကျေးရွာကျော်ပြီး ကညင်းငူရွာမှ မူလတန်းကျောင်းတော့ရှိတယ် ဆရာ မရှိဘူး၊ ဘာလို့လည်းမေးတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းလို၊သာပေါင်းမြို့ပေါ်နဲ့အဲဒီနေရာယှဉ်ထားလို့ရမလား၊ဘယ်သူမဆို သာပေါင်းမြို့ပေါ်မှာ နေချင်မှာပဲဝေးလံခေါင်သီလို့သတ်မှတ်လို့မရဘူးလား"ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီကပြောသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ကျေးရွာများအား ဝေးလံသည့်အရပ်များကို A၊B၊C သတ်မှတ်ထားပြီး၊ Aအဆင့်သတ်မှတ်ထားသည့်ကျောင်းမှ ဆရာများအားထပ်ပိုငွေ တစ်သိန်း၊ Bအဆင့်သတ်မှတ်လျှင် ၈သောင်းကျပ်နှင့် Cအဆင့်သတ်မှတ်လျှင် ထပ်တိုးငွေ၆သောင်းကျပ်အားခံစားခွင့်ပြုထားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။
"သာပေါင်းမြို့နယ်က ရွာတချိုကို ဝေးလံခေါင်းသီး Aအဆင့်တောင်သတ်မှတ်လို့ရတယ်၊ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်တယ်"ဟု တိုင်းလူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။
လပွတ္တာမြို့၊ပြင်စလူမြို့နယ်ခွဲမှ ကျေးရွာအုပ်စု၁၄စုအားဝေးလံခေါင်းသီး B အဆင့်သတ်မှတ်ပြီးထပ်တိုးလစာ၈၀၀၀၀ကျော်အားခံစားခွင့်ပေးထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အထက်တန်း၊အလယ်တန်းနှင့်မူလတန်းပြ ဆရာ၊ဆရာမ အင်းအား၄၉၀၆၇ဦးသည်။

ဧရာဝတီတိုင်းတွင် သတင်းရယူခွင့် ကန့်သတ်တားဆီးမှုများ ရှိနေ
DVB
ဧရာဝတီတိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့က သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်တားဆီးတာတွေ ရှိနေပါတယ်။
ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဧရာရွှေဝါခန်းမမှာ ၀န်ကြီးချုပ် မန်းဂျော်နီ အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံရာမှာ သတင်းမီဒီယာတွေကို ၀င်ရောက် သတင်းယူခွင့် မပေးခဲ့ပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ မဇ္စျိမသတင်းထောက် ကိုစည်သူမောင်မောင်က “သတင်းယူခွင့် ကန့်သတ်ခံရတယ်ဆိုတာက အားလုံးကို တန်းတူညီမျှ ကန့်သတ်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ဘက်က အမ်အာတီဗွီတို့၊ ပြန်ဆက်လိုဟာမျိုးတွေကိုတော့ တက်ရောက်ခွင့်ပေးတယ်။ ကျန်တဲ့ အခြားမီဒီယာတွေကိုတော့ အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒီလိုကန့်သတ်တာမျိုးကတော့ ဖိနှိပ်မှုတခု၊ ဒါ ၀န်ကြီးချုပ်ကော သိလား။ ဒါမှမဟုတ်ရင် အခြားအဖွဲ့အစည်း တခုခုကနေပြီးတော့ မီဒီယာကို ကန့်သတ်ဖိနှိပ် ချုပ်ချယ်ချင်တဲ့ သဘောထားလားဆိုတာ ကွဲပြားမှုမရှိဘူး” လို့ ပြောပါတယ်။
ပုဂ္ဂလိက သတင်းမီဒီယာတွေကို ၀င်ခွင့်မပေးခဲ့ပေမယ့် ပြန်ဆက်နဲ့ အမ်အာတီဗွီက သတင်းထောက်တွေကိုတော့ ၀င်ရောက်သတင်းယူခွင့် ပြုခဲ့တဲ့အပေါ်မှာ အခြား သတင်းမီဒီယာသမားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းမီဒီယာကဏ္ဍအပေါ် ထားတဲ့ မူဝါဒနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ကို မေးမြန်းခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက “နောက်တခါကျ အဲ့လိုမဖြစ်အောင် ကြိုးစားမယ်။ အခုက မသိတဲ့အတွက်ကြောင့်မို့လို့ ဒီဟာကတော့ ဒီမှာပဲ ပြီးသွားလိမ့်မယ်ပေါ့နော်။ နောက်တခါကျရင် အဲ့ဒါ ဘာဖြစ်လို့လုပ်တာလဲ မေးမယ်။ မေးပြီးတော့ နောက်ဒီလိုမလုပ်ဖို့ တားပေးမယ်” လို့ ပြန်လည်ဖြေရှင်းပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူကို မေးမြန်းခဲ့ရာ သတင်းမီဒီယာသမားတွေကို ရင့်သီးတဲ့ ပြောဆိုမှုတွေ ပြောဆိုပြီး ဖုန်းကင်မရာကို လုယူခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာမှ တာဝန်ရှိသူတဦးက အခုလို သတင်းမီဒီယာသမားတွေကို ပေးမ၀င်တာက ၀န်ကြီးချုပ်က ပေးဝင်ဖို့ ညွှန်ကြားထားတာ မရှိလို့ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတဦးက “ရုံးကိုတင်ထားတယ်ဆို ငါတို့က ခွင့်ပြုမှာပဲ။ ငါတို့က မီဒီယာတွေနဲ့လည်း တွေ့စရာအကြောင်းမရှိဘူး။ ငါတို့က ၀န်ထမ်း ငါတို့ကိစ္စ ငါတို့လုပ်ဖို့။ အစိုးရအဖွဲ့နဲ့ ပေါင်းဖို့” လို့ ပြောပါတယ်။
ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံအစိုးရသစ် တက်လာချိန်ကစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေအနေနဲ့ အစိုးရသစ်ရဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ အင်အားပြည့် ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

နယ်စပ်တရားမဝင်ဖြတ်ကျော်မှုဖြင့် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို ထောင်၆လ ချမှတ်ခံရ
အောင်ကိုဦး
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို မဟာအောင်မြေတရားရုံးက ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် နယ်စပ်တရားမဝင်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ် ၆ လ အမိန့်ချလိုက်သည်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်အား မန္တလေးမြို့ရှိ Power Hotel တွင် တည်းခိုနေစဉ် ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီက မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ ပုဒ်မ ၁၃(က)ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့အမိန့်ချခံရခြင်းဖြစ်သည်။
ထောင်ဒဏ်၆လ အမိန့်ချခံရသည့် ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်က"မတရားအမှုဆင်ပြီး ထောင်ဒဏ်ချလိုက်တာပါ။ ကျွန်တော်အနေနဲ့တရားဝင် ဝင်ထွက်သွားလာနေတာပါ။ အခုထောင်ဒဏ် ၆ လ ချလိုက်တာဟာ မှန်ကန်တဲ့ တရားစီရင်ချက်မဟုတ်ပါဘူး။ ကျွန်တော်အယူခံလည်းမတက်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားစီရင်ရေးကို အယုံအကြည်မရှိလို့ပဲ။"ဟုပြောသည်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင် မိခင် ဒေါ်ရေး က "အမေတို့ကတော့ ဒီနေ့လွတ်မယ်လို့ မျော်လင့်တာပေါ့။ လွှတ်ပေးလိမ့်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒါပေမယ့် ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်တော့ အမေတစ်ယောက်အနေနဲ့ အတော်လေးကို ဝမ်းနည်းမိတယ်။ ခံစားရတာပေါ့။"ဟု ပြောသည်။
အမှုအားလိုက်ပါ ကူညီပေးသူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က "ကျွန်တော်တို့အစွမ်းကုန်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အယူခံဝင်ဖို့တော့မရှိပါဘူး။ အမိန့်ချတာကတော့ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ အနိမ့်ဆုံးပြစ်ဒဏ်ချခဲ့တာဆိုတော့ ဘာမှပြောစရာမရှိပါဘူး။"ဟု ပြောသည်။
ဦးဂမ္ဘ္ဘီရ (ခ) ဦးညီညီလွင်သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့်အတွက် စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကာ ရဟန်းဘဝ မှ လူဝတ်လဲ၍ သြစတြေးလျ နိုင်ငံသူ Mrs. Marie Siochana နှင့် အိမ်ထောင်ပြုခဲ့သည်။

မက်စ်မြန်မာကုမ္ပဏီ သိမ်းယူထားသည့် ခြံဧက ၅ထောင် ဒေသခံများ လျော်ကြေးအပြည့်အဝ ပြန်ရလို
နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) သထုံခရိုင်၊ သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအနီး မက်စ်မြန်မာ (Max Myanmar)ကုမ္ပဏီ သိမ်းယူထားသည့် ယင်းဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ၏ ခြံမြေဧက ၅ထောင် အတွက် လျော်ကြေးအပြည့်အဝ ပြန်ရလိုသည်ဟု ဧပြီ ၂၁ ရက်နေ့က ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၅ခုနှစ်၊ စစ်အစိုးရလက်ထက်၌ ဦးဇော်ဇော် ပိုင်ဆိုင်သည့် မက်စ်မြန်မာ ကုမ္ပဏီမှ ရာဘာခြံ စီမံ ကိန်းအတွက် ရွှေရောင်ပြ၊ လာ့အို့ခယ်(ဝင်းကြီး)၊ ကြာ့တရော(ဇီးဝန်း)နှင့် ကလော်ခယ်(ခလောက်အင်း)တို့ရှိ ဒေသခံပိုင်မြေများကို သိမ်းယူပြီး လျော်ကြေးအနည်းငယ်သာ ပေးသောကြောင့် လက်ရှိ ပွင့်လင်းမြင်သာမှုနှင့် ဒေသအခြေအနေ တည်ငြိမ်လာမှုနှင့်အညီ မိမိရသင့်ရထိုက်သည့် အခွင့်အရေးကို ပြန်ရရှိရန် ယခုလို ပြော ဆိုလာခြင်း ဖြစ်သည်ဟု ၎င်းဒေသရှိ ဇီးဝန်းကျေးရွာသူ နော်မုဒါးက ကေအိုင်စီသို့ ပြောသည်။
“သူတို့(ကုမ္ပဏီ)ခြံတွေ ယူထားတော့ အဒေါ်တို့ လုပ်စရာမရှိဘူး။ သူတို့ ရော်ဘာခြံမှာ ပိုက်ဆံရဖို့ သွားအလုပ် လုပ်ရပြန်တယ်။ တကယ်ဆို ကိုယ့်မြေခြံတွေကို မပေးချင်ပေမယ့် ပြန်ပြောမရလို့ ပေးလိုက်ရတယ်။ သူတို့ ပိုက်ဆံ(လျော်ကြေး) ပြန်ပေးပြန်တော့လည်း ခြံနဲ့ ဘယ်တန်မလဲ။ ပိုက်ဆံပေးပြီး ပြန်နှောက်ယှက်လို့ မရအောင် အဒေါ်တို့ကို လက်မှတ်ထိုးခိုင်းသေးတယ်။ အခု မြေပြန်ရဖို့က မလွယ်ဘူး။ ဖြစ်နိုင်ရင် လျော်ကြေးတော့ အပြည့်အဝ ပြန်ရချင်တယ်”ဟု နော်မုဒါးက ပြောသည်။
မက်စ်မြန်မာမှ ၎င်းဒေသရှိ မြေများဝင်ရောက်သိမ်းယူသည့်အချိန်တွင် တစ်ဧကလျှင် ၂သောင်းကျပ်ဖြင့် ဒေသခံများကို ပထမအကြိမ် လျော်ကြေးပေးထားပြီးနောက် ဒေသခံဘက်မှ တစ်ဧကလျှင် ၅သိန်းပေးရန် တောင်းဆိုသည့်အခါ ၂၀၁၄-၂၀၁၅ခုနှစ်တွင် တစ်ဧကလျှင် ၂သိန်းနှုန်းဖြင့်သာ ထပ်မံ လျော်ကြေးပြန်ပေးခဲ့သည်ဟု သူမက ဆက်ပြောသည်။
ထို့အပြင် ကုမ္ပဏီသည် ဒေသခံတောင်းထားသည့် ယခင်ကာလ ပေါက်ဈေးအတိုင်းမပေးနိုင်ဘဲ လုပ်ငန်းဖြစ် မြောက်ပါက ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် စာသင်ကျောင်းများ လုပ်ပေးမည်ဟု ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်ကိုယ်တိုင် ကတိပေးထားသော်လည်း လက်ရှိအချိန်တွင် စာသင်ကျောင်းအနည်းငယ်သာ လာရောက်ဆောက်လုပ်ပေးခြင်းရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ဒေသရှိ ရွှေရောင်ပြကျေးရွာ အုပ်ချုပ်ရေးမှူး စောအောင်မိုးထွန်းက “ဦးဇော်ဇော် လာပြောတာက လုပ် ငန်းဖြစ်ရင် လုပ်ပေးမယ်။ အခု ရော်ဘာခြစ်လို့ရပြီ။ လာမလုပ်ပေးသေးဘူး။ နောက်ပြီး ဒီနေရာကို လာမလုပ်ခင် ကတည်းက ဒေသခံတွေကို လာမညှိနှိုင်းဘဲ အစိုးရက မြေလွှတ်မြေရိုင်းဆိုပြီး ဝင်လာတာ ဖြစ်ပါတယ်။ အမှန်က ဒီနေရာက ဒေသခံလုပ်ကိုင်တယ်။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေလည်း ဖြစ်တယ်။ အရင်က ပြောခွင့်မရတော့ သူတို့ပြီးရင် ပြီးရတယ်။ အခုပြောခွင့်ရလာပြီး လိုရင်တော့ ပြောရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ပဒိုစောမင်းသိန်းကလည်း “ကုမ္ပဏီတွေက မြေတွေကအများကြီး ယူပြီး လျော်ကြေး ပြန်ပေးတဲ့အခါ တချို့တွေက ရတဲ့လူရှိတယ်။ မရတဲ့ လူရှိတယ်။ ပြီးတော့ ကျေနပ်တဲ့ လူရှိတယ်။ မကျေနပ်တဲ့ လူရှိတယ်။ တကယ်ဆို အဓိက အချက်က မြေယာဥပဒေ မြေယာပေါ်လစီကို ပြည်သူတွေသိ အောင် အရင်ချပြ ပေးသင့်တယ်။ ဒီလိုနေရာ ဝင်ယူလိုက်တော့ ဒေသခံတွေ နေရာပျောက်သွားရတာပေါ့”ဟု ပြောသည်။
မက်စ်မြန်မာကုမ္ပဏီ သိမ်းယူဝယ်ထားသည့် မြေများတွင် နစ်နာသူ ၉၀ ကျော်ရှိကာ ၎င်းတို့အနက် လျော်ကြေး ပြန်ရသူများ ရှိသလို လျော်ကြေး လုံးဝမရသည့် ခြံရှင်များလည်း ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ၏ ပြုစုထားသည့် စာရင်းတွင် ဖော်ပြထားသည်။
မက်စ်မြန်မာကုမ္ပဏီ သိမ်းယူထားသည့် မြေနေရာအနီး ကြာ့တရော(ဇီးဝန်း)ကျေးရွာအနောက်ဘက်ခြမ်း၌ ယခင်စစ်အစိုးရလက်ထက်က ဒေသခံပိုင် မြေဧက ၅၀၀ ကိုလည်း မြန်မာစစ်တပ်ပိုင်အဖြစ် အဓမ္မသိမ်းယူထားကာ ယခုအချိန်အထိ ပြန်လည်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ အစိုးရဖွဲ့ခွင့်ရရှိရေး သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြတောင်းဆို
ကျော်မင်း (စစ်တွေ)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့နယ်တွင် လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး၊ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်းတောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့မှ ဦးညွှန့်အောင်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။ “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။"၎င်းကဆိုသည်။
ရခိုင်အမျိုးသားပါတီ အစိုးရဖွဲ့စည်းရေးနှင့် ၁/၂၀၁၆ ကြေညာချက်ကို ထောက်ခံဆန္ဒဖော်ထုတ်မှုများအဖြစ် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော စသည့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် လူထု ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော် ၂၃ နေရာကို အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများကို ရယူထားသော ပါတီဖြစ်ကာ လက်ရှိ အစိုးရသက်တမ်းတွင် ပြည်နယ်ဝန်ကြီးချူပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် မရသေးသမျှကာလပတ်လုံး အတိုက်အခံအဖြစ် ရပ်တည်မည် ဟု ကြေညာထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချခဲ့သည့် ဥပဒေကိုပြန်ရုပ်သိမ်းမည်
DVB
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့အပါအ၀င် နိုင်ငံရေးသမားတွေကို အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အများပြည်သူလေ့လာ အကြံပြုနိုင်ဖို့ ဖြန့်ချိထားပါတယ်။
ဒီဥပဒေကြမ်းမှာ အပုဒ် ၂ ပိုဒ်ပါဝင်ပြီး အပုဒ် ၁မှာ ဥပဒေအမည်၊ အပိုဒ် ၂ မှာတော့ နိုင်ငံတော် အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်လို့ ရေးသားဖော်ပြထားပါတယ်။
ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ စတင်သွင်းနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီဥပဒေကို ကြည့်လိုက်ရင် ၁၉၇၅ ခုနှစ်က ဥပဒေဆိုကတည်းက ဒါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ပေါ့လေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က ဥပဒေကို ခုကျနော်တို့ သွားနေ တာက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် မဟုတ်တော့ဘူး။ ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေ တာဆိုတော့ ခေတ်ကာလအားဖြင့် ဆီလျော်ခြင်းရှိမရှိပေါ့လေ။ ဒါပေမယ့် ဒီဥစ္စာက လွှတ်တော်က ဆုံးဖြတ်ရမယ့် ကိစ္စပါ”
အလားတူ စစ်အစိုးရအဆက်ဆက်လက်ထက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်ရာမှာ အသုံးများတဲ့ ပုဒ်မ ၅/ ည လို့လူသိများတဲ့ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုဥပဒေ လည်း ပယ်ဖျက်မယ့် အထဲမှာ ပါတယ်လို့ ပြောပါတယ်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်ကတော့ ပြင်ဆင် ပယ်ဖျက်မယ့် ဥပဒေပေါင်း ၄၀ လောက်ရှိကာ အမျိုးသားလွှတ်တော်မှာ ဥပဒေ ၂၀လောက်နဲ့ ပြည်သူ့လွှတ်တော်က ဥပဒေ ၂၀ လောက် ထက်ဝက်စီခွဲပြီး တင်သွင်းဖို့ရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပုဒ်မ ၁၀ (ခ) အရ နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

NCA လက်မှတ်မထိုးထားသည့် အဖွဲ့သုံးဖွဲ့က လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမည်
ဖနိဒါ
ပလောင်၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့က မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနှင့် ယခင်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ကိုယ်စားလှယ်များ၏ တွေ့ဆုံရန်ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီး လက်ရှိအာဏာရအစိုးရဖြင့်သာ တွေ့ဆုံရန်ကြိုးပမ်းမည်ဖြစ်ကြောင်း PSLF/TNLA ဥက္ကဌ တာအိုက်ဘုန်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် - TNLA နှင့် ရက္ခိုင့်တပ်မတော် - AA တို့နှင့် ယင်းကိုယ်စားလှယ်အဖွဲ့မှာထိုင်းနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။
ဧပြီ ၂၆ရက်နေ့ ရက်စွဲဖြင့် အဆိုပါ အဖွဲ့(၃)ဖွဲ့မှု ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ယခုကဲ့သို့ တွေ့ဆုံရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။
“သူတို့ အာဏာရှိတဲ့ အချိန်ကြတော့ မတွေ့ချိန်ဘူး။ ကျွန်တော်တို့နဲ့ ပါဝင်ခွင့်လည်း မပေးချင်ဘူးဆိုတော့ အခုချိန်မှာ တွေ့ချင်တယ် ဆိုတဲ့ဟာက ကျွန်တော်တို့ဘက်က စဉ်းစားစရာတခုဖြစ်လာတာပေါ့လေ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ လက်ရှိ အာဏာရတဲ့ အစိုးရနဲ့ဘဲ တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာ ဖြစ်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
၎င်းတို့ အဖွဲ့ ၃ ဖွဲ့ဖြင့် အလွှတ်သဘော တွေ့ဆုံခြင်း မဟုတ်ဘဲ တပ်ပေါင်းစုတစ်ခု ဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် တွေ့ဆုံမည် ဆိုပါက လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း သူက ပြောသည်။
လက်ရှိ အစိုးရနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆက်လက် ဆွေးနွေးသွားရန် သဘောထား ထုတ်ပြန်ထားပြီး ဖြစ်သသည့်အတွက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်လည်း ရှိကြောင်း သူက ပြောသည်။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ဧပြီ ၁၆ ရက်နေ့မှ ၂၃ ရက်ထိ မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို၊ ယနေ့ထိလည်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်၍ အလွှတ်သဘောတွေ့ဆုံမှုကို လက်မခံခြင်း ဖြစ်ကြောင်း AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
“အဓိကတော့ဗျာ။ကျနော်တို့ ဒီတိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ဒေသတွေမှာ ထိုးစစ်ဆင်နေတာရယ်၊ နောက်ပြီးတော့ အခုအချိန်မှာ ကျွန်တော်တို့ ရခိုင်တပ်မတော်ကို အပြတ်ခြေမှုန်းရေးဆိုပြီး ရခိုင်ဒေသမှာ ထိုးစစ်ဆင်နေတာရယ်။ အဲဒီထိုးစစ်တွေ မရပ်တဲ့ကာလမှာ ကျွန်တော်တို့က အလွှတ်သဘောမတွေ့သေးသင့်ဘူးဆိုပြီးတော့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
အဆိုပါ အဖွဲ့အစည်း ၃ ဖွဲ့သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ NCCT,SD တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) ကို အားလုံး ပါဝင် လက်မှတ်ရေးထိုးလိုသော်လည်း ယခင်အစိုးရ တပ်မတော်နှင့် UPWC တို့ သဘောမတူခဲ့ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
လက်ရှိ ရက္ခိုင် တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း ကိုးကန့် တပ်နှင့်မူ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေသည်ဟု သိရသည်။
PSLF/TNLA ထိန်းချုပ်ရာ နယ်မြေအချို့မှ မြန်မာ့တပ်မတော် တပ်မ ၄ ခု နောက်တန်းသို့ ပြန်လည် ဆုတ်ခွာသွားသည်ကို PSLF/TNLA က ဧပြီ ၁၇ ရက်က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ကြံ့ခိုင်ရေးမှ ထုတ်ပယ်ခံထားရမှု ပါတီ ညီလာခံ ဆုံးဖြတ်ချက် ခံယူမည်ဟု သူရဦးရွှေမန်းပြော
ထက်နိုင်ဇော်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပယ်ခြင်း ခံထားရသည့် သူရဦးရွှေမန်းက မကြာမီ ကျင်းပမည့် ပါတီညီလာခံ၏ ဆုံးဖြတ်ချက်ကို လက်ခံသွား မည်ဖြစ်ကြောင်း ယနေ့ နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
၂၀၁၂ ခုနှစ် ကြံ့ခိုင်ရေးပါတီ ညီလာခံက ရွေးချယ်ထားသည့် ဗဟိုကော်မတီများအနက် ထက်ဝက် ကျော်က အရေးပေါ် ညီလာခံ ခေါ်ယူပေးရန် ပါတီသို့ တောင်းဆိုထားပြီး ယင်းညီလာခံက ဆုံးဖြတ်သည့် ဆုံးဖြတ် ချက်ကို နာခံသွားမည်ဟု သူရဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။
သူရဦးရွှေမန်းက “ပထမအကြိမ် ပါတီ ညီလာခံက ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုကော်မတီများရဲ့ ထက်ဝက် ကျော်က တောင်းဆိုထားတဲ့ အတိုင်းဆိုလို့ရှိရင် အရေးပေါ် ပါတီ ညီလာခံ ခေါ်ယူပေးရမယ့် အနေအထား ရှိတယ်။ အဲဒါကို မလိုက်နာဘူး။ မဆောင်ရွက်ဘူးဆိုရင် မလိုက်နာ မဆောင်ရွက်သူများရဲ့ တာဝန်သာ ဖြစ် ပါတယ်။ ဥက္ကဌကြီးတို့နဲ့ မဆိုင်ဘဲနဲ့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ် ဆောင်ရွက်ချက်အပေါ်မှာ မိမိတို့ နာခံသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် ဦးရွှေမန်းက အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီထံသို့လည်း ၀င်ရောက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြဟ်ကြောင်းလည်း ပြောဆိုသည်။
သူရဦးရွှေမန်းနှင့် အဖွဲ့ဝင် ၁၆ ဦးကို ကြံ့ခိုင်ရေးပါတီက ထုတ်ပယ်မှုသည် ပါတီတခုနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာတရပ်ဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို တနည်းမဟုတ်တနည်း သက်ရောက်မှု ရှိလာနိုင်သည်ဟု ယူဆကြောင်း သူရဦးရွှေမန်းက ဆိုသည်။
“ကျနော်တို့က ပါတီစည်းမျဉ်း စည်းကမ်းနဲ့အညီ ဆောင်ရွက်စေချင်တာ။ ဒီလိုမဆောင်ရွက်ဘူးဆိုရင် အင်မတန်မှ ခက်ခက်ခဲခဲ ထူထောင်ထားရတဲ့ ပါတီကြီးတရပ်မှာ ပါတီတွင်း ပြဿနာတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ကို တကြောင်းမဟုတ်တကြောင်း ထိခိုက်သွားနိုင်တဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်သွားနိုင်တယ်။ သို့လော သို့လောပေါ့။ ဒီလိုလေးတွေ မဖြစ်လိုတဲ့အတွက် ဒီနေ့ ပြည်သူတွေကို ပန်ကြားတဲ့ သဘောပဲ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းနှင့်အတူ ပါတီမှထုတ်ပယ်ခံထားရသူ ဦးဇော်မြင့်ဖေက ပြောသည်။

ဘားမားလား မြန်မာလား
လင်းသန်
ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၂ ရက်နေ့က ပြည်တွင်း ပြည်ပ နိုင်ငံတကာ သံတမန်များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံပြီး အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါသစ်အကြောင်း ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ အမည်အား အင်္ဂလိပ်လို ပြောဆိုရာမှာ သူ့အနေဖြင့် Burma ဟု သုံးနှုန်း ခဲ့တာ အလေ့အကျင့်ဖြစ်နေသော်လည်း နောင်မှာ Myanmar ဟု သင့်သလို သုံးနှုန်းသွားမယ်လို့ ပြောဆိုလိုက်ပြီး သံတမန်များအနေဖြင့်လည်း Myanmar သို့မဟုတ် Burma ဆို သည်ကို ၄င်းတို့နှစ်သက်သကဲ့သို့ခေါ်ဆိုနိုင်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် ဘားမားလား မြန်မာလားဟု မြန်မာနိုင်ငံ၏ အမည်နာမကို အင်္ဂလိပ်လို ခေါ်ရာတွင် အချီအချ ဖြစ်နေခြင်းမှာ တဖန်အာရုံစိုက်စရာ ဖြစ်လာရသည်။
မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဟု ခေါ်ဝေါ်သုံးစွဲလာခဲ့ရာက ၁၉၈၉ ခုနှစ်က အာဏာသိမ်း နဝတ စစ်အစိုးရက Burma ကို ကိုလိုနီဝေါဟာရဟု ဆိုကာ မြန်မာအသံထွက် ဝေါဟာရ Myanmar ဟု ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့သည်။ ထို့နောက်ပိုင်း နိုင်ငံ၏ တရားဝင် အမည်အဖြစ် “Republic of the Union of Myanmar” ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ စစ်အစိုးရ အဆက်ဆက်က အတည်ပြု သတ်မှတ်ခဲ့ကြပြီး ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကလည်း နာမည်သစ်ကို ခေါ်ဆိုခဲ့ကြသည်။
ဒေသတွင်းနှင့် ကမ္ဘာ့သတင်းဌာန အချို့ပင်လျင် Myanmar ဟု ပြောင်းလဲခေါ်ဆိုကြသည်။ သို့သော် ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရေစီအရေး လှုပ်ရှားကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေး ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက နိုင်ငံအမည်ကို ဘားမား -Burma ဟုသာ ခေါ် ဆို နေခဲ့ကြပြီး Myanmar ဟု ခေါ်ဆိုခြင်း မပြုခဲ့ကြချေ။
အကြောင်းမှာ နိုင်ငံ၏ အမည်နာမပြောင်းလဲလိုက်သည့် အာဏာသိမ်း စစ်အစိုးရသည် တရားဝင် ရွေးကောက်တင်မြှောက် ထားသည့် အစိုးရ မဟုတ်သည်တကြောင်း၊ လူထုဆန္ဒခံယူပွဲ မလုပ်ပါဘဲ နိုင်ငံအမည်ကို ပြောင်းလဲခဲ့ခြင်း ကြောင့်ဟု ဆိုကြသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာ ခရီးစဉ်များနှင့် နိုင်ငံတကာ မီဒီယာများနှင့်တွေ့ဆုံတိုင်း နိုင်ငံ အမည်နာမကို အင်္ဂလိပ်လို ပြောဆိုရာ တွင် Burma ဘားမားဟုသာ အစဉ်တစိုက် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ သို့အတွက် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံ အားပေးကြသော အမေရိကန် ပြည်ထောင်စု အပါဝင် နိုင်ငံတကာ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး လုပ်သည့်နေရာတွင် အဆိုပါ အမည်နာမအပေါ် အငြင်းပွားနေမှုအပေါ် သတိကြီးကြီးထားကာ သုံးစွဲလေ့ ရှိခဲ့ကြသည်။
မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်မှ ဖြေလျှော့ပေးချိန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ မြန်မာပြည် ခရီးစဉ်တွင် သံတမန် ကျင့်ဝတ် အရ နိုင်ငံ၏ အမည်ကို အင်္ဂလိပ်လို Burma or Myanmar ခေါ်ရမည်လားဟုပင် အခက်ကြုံခဲ့ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ကနေဒါ၊ နယူးဇီလန် စသည့် နိုင်ငံများက မြန်မာနိုင်ငံအား တရားဝင် ဆက်ဆံရာတွင် အင်္ဂလိပ် လို Burma ဟုပင် တရားဝင် ဆက်သွယ် ခေါ်ဝေါ်သုံးစွဲကြသည်။ သို့သော် သြစတြေးလျ၊ ဥရောပ သမဂ္ဂတို့ကမူ Myanmar ဟု သံတမန်ရေးအရ ခေါ်ဝေါ်သုံးနှုန်းကြသည်။
၂၀၁၂ ခုနှစ်တွင် NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် ၄၀ ကျော်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် လွှတ်တော်အမတ်များအဖြစ် အသီးသီးဖြစ်လာခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာရမည်ဟု ကျမ်းသစ္စာကျိန်ဆိုထား၍ နိုင်ငံ၏ အမည်ကို Myanmar ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ယူဆချက်များ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က Burma ဘားမားဟု ဆက်လက် ခေါ်ဝေါ် သုံးစွဲခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်သည်ဟု ယခင် ကြံ့ခိုင်ရေး လွှတ်တော်နှင့် အစိုးရတို့က သတိပေးခဲ့ဖူးသည်။
မြန်မာနိုင်ငံ၏ အမည်နာမအား အင်္ဂလိပ် ဘာသာဖြင့် Burma လား Myanmar လား ကိစ္စသည် ပြည်တွင်းပြည်ပတွင်လည်း ကိုယ်စားပြုမှု၊ အနက်ဖွင့်ဆိုမှုတို့အပေါ် အခြေခံကာ ကျယ်လောင်စွာ အငြင်းပွားနေမှုသည် ယခု ဒေါ်အောင်ဆန်းစုကြည်က ၂ မျိုးစလုံး သုံးနိုင်သည်ဟု ပြောဆိုအပြီး အငြင်းပွားမှုများ အဆုံးသွားပြီလား။
ယင်းပြဿနာသည် နိုင်ငံရေးကို အခြေတည်ပြီး ဖြစ်ပွားခဲ့ရသော ငြင်းခုံမှုဖြစ်သောကြောင့် နိုင်ငံရေးတင်းမာမှု လျော့ပါးလာနေသော ယနေ့ကာလတွင် ငြင်းခုံမှုလျော့ပါးသွားကာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမည်နာမ ၂ မျိုးလုံးကို ခေါ်ဝေါ်သုံးစွဲမှု ကျယ်ပြန့်လာနိုင်ပါသည်။
သို့သော် ရှုပ်ထွေးမှုများက ကျန်ဦးမည်။ ဥပမာ နိုင်ငံ၏အမည်က Burma ဖြစ်သောကြောင့် နိုင်ငံသားနှင့် ဘာသာစကားက Burmese ဖြစ်ခဲ့သည်။ နိုင်ငံက Myanmar ဖြစ်သောအခါ နိုင်ငံသားနှင့် ဘာသာစကားကို Myanmarese ဟု ခေါ်ဝေါ်သုံးစွဲမှုများ ရှိလာနေသောကြောင့်တည်း။

ရခိုင်လွတ်မြောက်ရေးပါတီကို နယ်လုံဝန်ကြီးခေါ်ယူသတိပေး
DVB
တပ်မတော်အပေါ် စွပ်စွဲထုတ်ပြန်ခဲ့တာတွေနဲ့ပတ်သက်ပြီး မှန်ကန်တိကျခိုင်လုံမှုမရှိပါက ဖမ်းဆီးအမှုဖွင့် အရေးယူမယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးက ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တာဝန်ရှိ သူတွေကို ခေါ်ယူသတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲ လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်သူတွေ ပေါ်တာဆွဲခံ ရတာ၊ နေအိမ် တွေအဓမ္မပြောင်းရွေ့ခံရတာ၊ စစ်သုံ့ပန်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်၊ ဓားစာခံအဖြစ်စစ်မြေမှာ အသုံးချခံရတာတွေကို ရခိုင်လွတ်မြောက်ပါတီက မျက်ဝါးထင်ထင် သိမြင်ကြားနေရတယ်လို့ ဧပြီ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်လွတ်မြောက်ရေးပါတီက ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်း၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းနဲ့ ရဲဘော်ခိုင်အောင်လင်းတို့ကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီးစိန်လွင်တို့က ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ဝန်ကြီးဌာနရုံးကို ခေါ်ယူပြီး သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ ALP ပြန်ကြားရေးဌာန ဒု ဥက္ကဋ္ဌ ခိုင်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီး စိန်လွင်တို့အဖွဲ့တွေက အရေးပေါ် ဆွေးနွေးစရာ ရှိလို့ဆိုပြီး ရုံးကိုလာခဲ့ပါလို့ သူတို့ကိုယ်တိုင် ခေါ်တယ်။ ခင်ဗျားဖက်က စစ်ပွဲနဲ့ပတ်သက်လို့ ၂၄ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သလားလို့ အရင်စမေးတယ်။ ကျနော်က ဟုတ်တယ်လို့ ဖြေတယ်။ သူက ပြောတယ် ဒီကြေညာချက်တွေက ပြင်းပြင်းထန်ထန် ဖြစ်နေ တယ်။ မင်းတို့မှာ အပြစ်ရှိတယ်။ ဒီသတင်းက ဘယ်လောက်ထိခိုင်လုံမှုရှိလဲ။ ခင်ဗျားတို့ဘက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ခင်ဗျားတို့ထုတ်ပြန်ထားတဲ့ ကြေညာချက် အတိုင်း စစ်တပ်ကို စွပ်စွဲထားတဲ့ဟာတွေကို ချက်ချင်းတင်ပြရမယ်လို့ပြောတယ်။ တကယ်လို့ ခိုင်လုံမှု မရှိဘူး၊ မပြနိုင်ဘူးဆိုရင် ခင်ဗျားတို့ကို အရင်ဆုံး ဖမ်းဆီးပြီး အရေးယူရမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းပြောတယ်။”
ဒ့ါအပြင် ဒီကြေညာချက်မှာပါတဲ့ စွပ်စွဲချက်တွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးထားတင်ပြပေးဖို့နဲ့ သတ်ဖြတ်ခံထားရတဲ့ သက်သေအထောက်အထားကို ပေးဖို့ ၂ ပတ်တိတိ အချိန်ပေးထားတယ်လို့လည်း ခိုင်မျိုးထွန်းက ဆက်လက်ပြောပါတယ်။
“ကျနော်တို့ဖက်က ခိုင်လုံတိကျမှုရှိလို့ ဒီလိုကြေညာချက်ကို ထုတ်ပြန်တာပါ။ ဘယ်ရွာကဘယ် နှယောက် လမ်းပြအဖြစ်စစ်တပ်က ပေါ်တာဆွဲသွားတယ်။ ဘယ်နှယောက်ကတော့ ပြန်ရောက် တယ်။ စာရင်းဇယားတွေ ရှိပါတယ်။ ကျနော်တယောက်တည်း သဘောထားနဲ့ ထုတ်ပြန်တာ မဟုတ်ဘူး။ ရခိုင်လွတ်မြောက်ပါတီရဲ့ ဗဟိုကော်မတီဝင်များရဲ့ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာပါလို့ ပြန်ပြောပါတယ်။ ကျနော်တို့ဖက်က အချက်အလက်တွေနဲ့ ဖြစ်စဉ်တွေအကုန်ချပြမယ်။ ဗိုလ်မှူးတို့ ရဲဘော်တွေရဲ့ လုပ်ရပ်တွေကို ချက်ချင်းအရေးယူမလားလို့ မေးတဲ့အခါ။ အချိန်ပေးရမယ်။ အရေးယူပေးမယ်လို့ သူတို့ဖက်က ပြောပါတယ်။”
မနေ့က တွေ့ဆုံသတိပေး ပြောဆိုရာမှာ နယ်လုံဝန်ကြီး ဦးထိန်လင်း၊ ရဲမှူးကြီးစိန်လွင် အပါအ၀င် စစ်တပ်က အရာရှိတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။
ရခိုင်လွတ်မြောက်ရေးပါတီရဲ့ကြေညာချက်မှာ မြန်မာစစ်တပ်ဟာ ဂျနီဗာသဘောတူညီချက်တွေ အပါအ၀င် နိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာစစ်ရေးဥပဒေတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တယ်လို့ လည်း စွပ်စွဲဖော်ပြထားပါတယ်။
ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး သီးခြား လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပါတယ်။

Subscribe to:
Posts (Atom)