Monday, January 12, 2009

အသက် ၇ နှစ် မိန်းကလေးအား ပြုကျင့်သတ်ဖြတ်သည့် စစ်အစိုးရတပ်အား ထိရောက်စွာအရေးယူသင့်

KT

ကရင်ပြည်နယ် မအူပင်ကျေးရွာမှ အသက် ၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အတင်းအဓမ္မ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူပေးရန် ကရင်အမျိုးသမီး အစည်းအရုံး (KWO) က တောင်းဆိုလိုက်သည်။

ဆိုးရွားထိတ်လန့်ဖွယ် ရာဇ၀တ်မှုကြီးတခုဖြစ်သည့်အတွက် နိုင်ငံတကာမှ မြန်မာစစ်တပ်ကို တွန်းအားပေး အရေးယူရန် ထုတ်ပြန်တောင်းဆိုရခြင်းဖြစ်သည်ဟု KWO ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ နော် Blooming Night Zan က ယခုလို ပြောသည်။


"ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်မှုကြီး တစ်ခုဖြစ်နေတယ်ပေါ့နော်၊ အသက်အရွယ်အားဖြင့် ၇ နှစ် အရွယ်လောက်သာရှိတဲ့ ကလေးငယ်လေးကို မုဒိမ်းလည်း ကျင့်တယ်၊ သတ်ပစ်လိုက်တယ်ဆိုတော့ ဆိုးဆိုးဝါးဝါး ထိတ်လန့်ဖွယ်ရာ အမှုဖြစ်တယ်၊ အဲဒါကြောင့်မို့ နိုင်ငံတကာက သိဖို့ နောက်ပြီးတော့ နိုင်ငံတကာကနေ နအဖ စစ်တပ်ကို တွန်းအားပေးပေးဖို့ပေါ့၊ ရာဇ၀တ်မှု ကျူးလွန်တဲ့ ရဲဘော်ကို ထိထိရောက်ရောက် အရေးယူပေးဖို့ရယ်၊ ရဲဘော်တယောက်အနေနဲ့ ရာဇ၀တ်မှုကြီးကျူးလွန်တာကို မျက်ကွယ်ပြုထားတဲ့ သူ့ရဲ့ တပ်မှူးကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ပေါ့၊ အဲဒါ ကျမတို့ တောင်းဆိုထားတယ်။ " ဟုပြောသည်။

မြန်မာစစ်တပ်မှ ကလေးငယ်အား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် ထိုအမှုသည် ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ်အတွင်းရှိ မအူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ စက်တာလိုက်ဖုန်းဖြင့် သတင်းရရှိထားချက်ကို နော် Blooming Night Zan က ယခုလို ပြန်လည်ပြောပြသည်။

" မြန်မာစံတော်ချိန် ညနေ ၅ နာရီ နောက်ပိုင်းလောက်ပေါ့၊ အဲဒီကလေးက သူ့အိမ်အပြင်ဖက်ကို ထွက်သွားတယ်ပေါ့နော်၊ သူတို့ အိမ်က ရွာအထဲမှာပဲ ကလေးကလည်း ရွာအပြင်ဖက်ကို ထွက်သွားတာ မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ ရွာသားတွေ သတိထားမိတာက လက်နက်ကိုင်တဲ့ နအဖ ရဲဘော်တဦး ၀င်လာတာတော့ သူတို့တွေ့ရတယ်ပေါ့နော်၊ ရဲဘော်က တယောက်ပဲ ဖြစ်ဖြစ် အုပ်လိုက်ပဲဖြစ်ဖြစ် ရွာထဲကိုဝင်လာပြီဆိုရင် ရွာသားတွေက အမြဲထိတ်လန့်ပြီး ကြောက်နေရတယ်လေ၊ အဲ့ဒီအချိန်မှာ မရှေးမနှောင်းမှာပဲ အော်သံကြားရတော့ အော်သံကလည်း ကလေး အော်သံဖြစ်နေတယ်ပေါ့၊ အဲ့ဒီ ချိန်မှာ သူတို့လည်း လှမ်းကြည့်ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဖြစ်နေတဲ့အချိန်မှာပဲ သေနတ်သံကို ဆက်ကြားရတယ်တဲ့" လို့ ပြန်ပြောခဲ့သည်။

နောက်ဆုံး သတင်းရရှိချက်အရ မုဒိမ်းကျင့်သတ်ဖြတ်ခံရသူ ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ သုံးချက်တွေ့ရှိပြီး အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများ တွေ့ရှိရကြောင်း မိဘဖြစ်သူနှင့် ဦးလေးဖြစ်သူတို့မှာ ဤအမှုအား သက်ဆိုင်ရာသို့ တင်ပြတိုင်ကြား ချက်များကိုလည်း ယနေ့ထိ အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း သိရှိရသည်။

ထုတ်ပြန်ချက်ထဲတွင် ကမ္ဘာ့နိုင်ငံတကာအနေနှင့် အရေးယူပေးရန်နှင့် အပြစ်ဒဏ်ပေးရန်၊ ပြစ်မှု ကျူးလွန်ခဲ့သည့် ရဲဘော်အားလည်း အရေးယူပေးပြီး အရေးယူရန် တာဝန်ပျက်ကွက်နေသည့် သက်ဆိုင်ရာ တပ်ခွဲမှူးကိုလည်း အရေးယူပေးရန်နှင့် ကျန်ရစ်သူမိသားစုများအား ဒုက္ခမပေးရန် တောင်းဆိုထားသည်။

" နအဖ စစ်တပ်တွေက ဒီမုဒိမ်းကျင့်မှုဆိုတဲ့ ဒီရာဇ၀တ်မှုကြီးကို လက်နက်သဖွယ် အားကိုးပြီး တော့မှ နေရာအနှံ့အပြားမှာပေါ့နော်။ အမျိုးသမီးတွေအပေါ်မှာကျူးလွန်လာခဲ့တာလည်း နှစ် ပေါင်းလပေါင်းများနေပြီ။ ရှမ်းအမျိုးသမီးများရဲ့ အစီရင်ခံစာမှာသူတို့ မုဒိမ်းကျင့်ခဲ့တာတွေ လည်းပါနေပြီ ကျမတို့ KWO က အစီရင်ခံစာထုတ်ပြီးပြီ၊ ပြီးတော့ တခြားတိုင်းရင်းသား လူမျိုး စု အမျိုးသမီးအဖွဲ့အစည်းတွေက ထုတ်တဲ့အစီရင်ခံစာတွေမှာလည်း တောက်လျှောက်ပါနေတာပဲ။ တောက်လျှောက်ကိုပါလာနေတာ။ သို့သော်ငြားလည်း နအဖ စစ်တပ်က အရေးယူမှု မလုပ်တဲ့အပြင် လျစ်လျူရှုပြီးတော့ ပိုပိုပြီးတော့နေရာအနှံ့အပြားမှာ ကျူးလွန်နေတယ်။ သူရဲ့ ရဲဘော်တပ်သားတွေကို လုံးဝမရေးမယူတဲ့အတွက်ကြောင့် နိုင်ငံတကာက ဒီကိစ္စကို မျက်စိ မှိတ်ပြီးတော့ပဲ ကြည့်နေတော့မလားလို့ကျမကပြောချင်တယ်" ဟု နော် Blooming Night Zan ကပြောသည်။

အဆိုပါ အမှုကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်မှာ ဗိုလ်ကြီးသက်ခိုင်ဦးဆောင်သည့် ခမရ-၃၅၀ တပ်ရင်း မှဖြစ်သည်။ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရသူ ကလေးငယ်၏ အမည်မှာ မေကဗျာ ဖြစ်ပြီး ကရင်ပြည်နယ်မှ မြန်မာလူမျိုးတဦးဖြစ်သည်ဟု သိရှိရသည်။

ထုတ်ပြန် ကျေညာချက်ကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများကို တောင်းဆိုထားသည်ဟု ဆိုပါသည်။


No comments:

Post a Comment