Monday, January 12, 2009

သင်းပျံ့ပျံ့ နှင်းရနံ့ ကြိုင်တဲ့နေပြည်တော်

စွာကျယ်

သင်းပျံ့ပျံ့ နှင်းရနံ့ ကြိုင်တဲ့နေပြည်တော်… ဘာပြောလိုက်တယ်။ သင်းပျံ့ပျံ့ နှင်းရနံ့ ကြိုင်တဲ့နေပြည်တော်… ဟုတ်လား။ ဒါဆိုရင် ကြပ်ပြေးနေပြည်တော်ကြီးမှာ ပန်းပေါင်းတွေ ဝေဆာဖူးပွင့်လို့ လှပသာယာပြီး ရနံ့တွေ တသင်းသင်းပျံ့ပျံ့နဲ့ ကြိုင်လှိုင်လို့နေပြီလား။ နေပြည်တော်အပန်းဖြေဥယျာဉ်ကြီးတွေ ဖန်တီးတည်ဆောက်ပြီးသွားတာလား။ နေပြည်တော် ပန်းခြံတွေက ပန်းရောင်စုံတွေ ဖူးပွင့်လို့ ရနံ့တွေ သင်းနေတာလား။ ပြင်ဦးလွင်က ပန်းပွဲတော်ကြီးနဲ့ နင်လား ငါလား အပြိုင်ကြဲလို့ လှပသာယာနေတာလား။ အဲဒါတွေကနေ သင်းပျံ့ပျံ့ နှင်းရနံ့နဲကြိုင်နေတာလား။

ဟာ… ဘယ်ကလာ ကြပ်ပြေးနေပြည်တော်ကြီးမှာ အပန်းဖြေဥယျာဉ်ကြီးတွေပြီးရမှာလဲ။ နေပြည်တော် ပန်းခြံကြီးတွေ ပြီးရမှာလဲ။ အဲဒီနေရာတွေမှာ ယခုထက်ထိ ယိုင်နွဲ့နွဲ့ဆိုင်းဘုတ်ပဲရှိသေးတာ။ ရွာသားတွေစိုက်ခဲ့တဲ့ စားပင်သီးနှံခြံနေရာတွေကို ဒင်းတို့ကသိမ်းပိုက်ပြီး နေပြည်တော်အပန်းဖြေဥယျာဉ်ကြီးတို့၊ နေပြည်တော်ပန်းခြံတို့ စတဲ့ ဆိုင်းဘုတ်တွေ လာစိုက်တာလေ။ ဟိုဟာက ဘာပင် ဒီဟာက ညာပင်နဲ့ အပင်တွေ အမည်အမျိုးမျိုးတပ်ပြီး တပါးသူလာမခုတ်ရလေအောင် နံပါတ်ပြား ရိုက်ထားရုံပဲရှိသေးတော့ ဘယ်ကမှ နှင်းရနံ့နဲ့ မသင်းပျံ့သေးဘူး။

ဒါပေမယ့် ဟိုးမှာ…လက်ညှိုးထိုးပြစရာ ပြကွက်လေးတွေတော့ရှိတယ်။ တိုင်းတပါးဧည့်သည်တွေလာရင် နှစ်ပြည်ထောင် အလံတွေစိုက်ဖို့ လမ်းဆုံတွေမှာ အဝိုင်းကြီးနှစ်ခုတော့ လူလိုသူလိုလုပ်ထားတာတွေ့ရတယ်။ အဲဒီအဝိုင်းကြီး တခုကဆိုရင် ကြာဖြူပန်းကြီးကပွင့်လို့။ ရေပန်းတွေကလည်း တဖျောဖျောကျလို့။ နောက်အဝိုင်းကြီးကတော့ သပြေကုန်းအဝိုင်းကြီး။ အဲဒီအဝိုင်းကြီးကို မြင်လိုက်ရင် ရောင်စုံပန်းပင်ပုလေး တွေနဲ့ချယ်သထား။ လိုအပ်တဲ့အခါ အလံတိုင်စိုက်လို့လည်းကောင်းပေါ့။ ရာဇသင်္ဂဟလမ်း။ ဇေယျဌာနီလမ်း။ ရာဇဌာနီလမ်း တွေ့ဆုံတဲ့အဝိုင်းပေါ့။ ဒါဆိုရင် အဲဒီအဝိုင်းတွေက ဖူးပွင့်နေတဲ့ ရောင်စုံဖြာ ပန်းတွေရဲ့ရနံ့ကနေ နှင်းလေပြေနဲ့ သင်းနေတာကို ပြောတာလား။

သိပ်လည်းမချီမွမ်းလိုက်နဲ့အုံး။ အဲဒီအဝိုင်းကြီးတွေလွန်သွားရင် မြို့မဈေးဆိုတာ ရှိနေတယ်။ နေပြည်တော် မြို့မဈေးကြီးလို့ သူတို့က ဆိုင်းဘုတ်တင်ထားပေမယ့် ကျုပ်တို့က သရဲဈေး လို့ပဲ သမုတ်တယ်။ ဟိုး… မန္တလေးမြောက်ပြင်မှာရှိတဲ့ သရဲဈေးနဲ့တော့မတူဘူး။ ဒီသရဲဈေးက ကျုပ်တို့မှည့်ခေါ်တဲ့ အမည်နဲ့ လိုက်ဖက်တယ်။ ရုံးဖွင့်ရက်တွေရဲ့ ညနေ (၅) နာရီနဲ့ (၅) နာရီခွဲ အတွင်း ရုံးဖယ်ရီကားရပ်ပြီး ကတိုက်ကရိုက် ဈေးဝယ်စားကြရတဲ့ ဝန်ထမ်းတွေအပေါ် တပြားမှမလျှော့ဘဲ တင်ထားတဲ့ စားကုန်သောက်ကုန် လက်လီဈေးနှုန်းတွေက ဆိုင်အားလုံးညှိပြီး ထားရော့လေသလား။ လားလားမှ မသက်သာဘဲ သရဲစီးသလို ခံလိုက်ရလို့ သရဲဈေးလို့ ခေါ်ကြတာ သိပ်လိုက်ဖက်သဗျာ။

အဲဒီသရဲဈေး… (အော်) မြို့မဈေးအနီးက ကြပ်ပြေးနေပြည်တော်ကြီးပေါ်ကာစ။ လက်ဦးဆုံး ဆောက်ခဲ့ကြတဲ့ ပညာသိဒ္ဓိ။ ဘောဂသိဒ္ဓိနဲ့ မင်္ဂလာသိဒ္ဓိဆိုတဲ့ ဝန်ထမ်းရပ်ကွက်တွေ။ သူတို့က ကုန်းမို့မို့လေးပေါ်မှာ ဆောက်ထားလို့ ရောက်ခါစမှာ ဝန်ထမ်းအမျိုးသမီးတွေက ရန်ကုန်မှာ ကျန်ခဲ့တဲ့ လင်တော်မောင်တွေကို အပေါ်ထပ်ဝရန်တာကနေ ထွက်ထွက်ကြည့်ပြီး မျှော်နေရလို့ အဲဒီကုန်းက အဆောင်တွေကို လင်မျှော်ကုန်းလို့ အမျိုးသားဝန်ထမ်းတွေက သမုတ်ကြပြန်တယ်။

အဲဒီအဆောင်တွေမှာ သင်းပျံ့ပျံ့ နှင်းရနံ့နဲ့ကြိုင်နေပြီဗျလို့ ဝန်ထမ်းတဦးက ပြောသံကြားတော့။ နောက်တနှစ်လောက်ကြာမှ နောက်ကျပြီး ဆောက်ရ။ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ ဝန်ထမ်းအားလုံး ကြပ်ပြေးနေပြည်တော်ကို အမြန်ဆုံး ရွှေ့ပြောင်းရဖို့စီမံချက်နဲ့ ကုမ္ပဏီတွေ အချိန်မီအောင် ကမန်းကတန်း၊ ကသမ်းကယန်း၊ ဆောက်ခဲ့ရတဲ့ ဓနသိဒ္ဓိ။ ဥာဏသိဒ္ဓိ။ ဗလသိဒ္ဓိနဲ့ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွေမှာလည်း သင်းပျံ့ပျံ့ နှင်းရနံ့နဲ့လှိုင်နေပြီလို့ နောက်ဝန်ထမ်းတဦးက အားကျမခံပြောရပြန်တယ်။

ရောက်တာမှ မကြာသေးဘူး။ ပန်းအလှပင်တွေစိုက်ကြ၊ စားပင်သီးပင်တွေစုံစုံနဲ့ အရွက်လှပင်တွေ တပြုံကြီး အဆောင်တွေမှာ စိုက်ကြလို့ ပန်းပေါင်းစုံတဲ့ ရဂုံတောလေးလို ပန်းရနံ့တွေနဲ့ သင်းပျံ့နေကြတာလား။ ၂ဝဝ၈ ခုနှစ် ဇူလိုင်မှာ အပြီးတည်ဆောက်ရမယ့် စီမံချက်ကြောင့် စစ်ထောက်ချုပ်ရုံးကနေ ဆောက်လုပ်ခွင့်ရှိ သူတွေထံကတဆင့် ခွဲဝေရရှိကြတဲ့ ဆောက်လုပ်ရေးရွာစား စိန်ဗေဒါများရဲ့ လက်သံပြောင်ပြောင်နဲ့တဖုံ၊ လက်မြန်ခြေမြန်အားသန်သန်နဲ့တသွယ်၊ ပယ်ပယ်နယ်နယ်နဲ့ ဆောက်လိုက်ကြတဲ့ လက်ရာမြောက်ဝန်ထမ်း အဆောင်တွေ။

အခုတော့ တနှစ်မပြည့်သေးဘူး၊ အပေါ့စား အပါးစား အပေါစားပိုက်မျိုးစုံကို ခပ်များများ သုံးထည့်ပြီး ဝရုန်းသုန်းကား တပ်ဆင်ခဲ့ကြတဲ့ အချို့ရေပိုက်တွေကကျိုး။ တချို့ကျတော့ပေါက်ပြီး ပြတ်ထွက်လို့ ခပ်ခက်ခက်ပြန်ပြင်ကြရ။ ဒီိအိမ်မှာတော့ ပိုက်ပိတ်လို့ လျှံကျ၊ ပြင်ရ ပြန်မရတဲ့စရိတ်။ ဟိုအဆောင်ကတော့ ရေပိုက်ခေါင်းတွေက အရစ်ပြုန်း၊ ခပ်တုံးတုံးတပ်ခဲ့လို့ ငွေအသုံးမလောက်တဲ့လစာ။ အပြင်ကရတာပါ ပြောတဲ့ အန်ကယ်ရုံးအုပ်ကြီးရဲ့အိမ်။ ဇိမ်မကျရတဲ့ ကျုပ်တို့ကို ရွှေဝန်ထမ်းတွေ။

အခုတော့ ရွှေအဆင်းလို တဝင်းဝင်းနဲ့တွေ့ရပါပြီ။ အညစ်အကြေးကန်တွေက လျှံထွက်လာ တာကတမျိုး။ ပိုက်အဆက်ကအက်လို့ ပြုတ်ထွက်တဲ့နေရာက စိမ့်ထွက်နေတာကတဖုံနဲ့ အနံ့တွေစုံနေကြပြီ။ ရွာစားစိန်ဗေဒါဆောက်လုပ်ရေး အဖွဲ့တွေကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအကုန် အပြီးလက်စသတ်ခဲ့လို့ အမြီးနှံ့ပြီးထွက်သွားကြတော့ ဒီဟာတွေပြင်ဖို့ ကျုပ်တို့ဘယ်သူ့ကို ပြောရမှာတုန်း။ သိဒ္ဓိတင်မှည့်ခေါ်ထားတဲ့ သိဒ္ဓိရပ်ကွက်သားကြီးတွေ အားလုံး သိဒ္ဓိမြောက်နေကြပြီ။ ဝဏ္ဏအဆင်း ရူပကာအပြင် ရနံ့သင်းကျူနေလို့ အခုဆို သင်းပျံ့ပျံ့နှင်းရနံ့ကြိုင်လှိုင်နေပါပြီ။

အခု ကြပ်ပြေးနေပြည်တော် စည်ပင်သာယာရေးကော်မတီကြီးရဲ့ အုပ်ချုပ်မှုအဖွဲ့ကနေ ဒီအဆောင်တွေကို လွှဲယူပြီးတဲ့နောက် ကြပ်ပြေးနေပြည်တော်စည်ပင်သာယာရေးကော်မတီက သူ့ဌာနတခုတည်းနဲ့ လုပ်ငန်းမနိုင်ဘူးတဲ့။ ဒါကြောင့် ဟိုတလောက ကြပ်ပြေးဝန်ကြီး ဌာနတွေက ညွှန်ကြားချက်တွေထုတ်ပြန်သတဲ့။ တပ်ချုပ်ကြီးရဲ့ လမ်းညွှန်ချက်အရတဲ့။

အကြီးအကဲကြီးက အပတ်စဉ် စနေနေ့တိုင်း သူ့ရဲ့ကြပ်ပြေး နေပြည်တော်ကြီးကို တိုင်းခန်းလှည့်လည်မူသတဲ့။ ဝန်ထမ်းအဆောင်တွေကို လှည့်ကြည့်ပြီး ဒင်းတို့တတွေ ရေအလကား၊ မီးအလကားပေးထားတာတောင် မစိုက်ကြမပျိုးကြဘူး။ ရက်တိုတိုနဲ့ စိုက်ပြီးစားလို့ရတဲ့ ကန်စွန်းတို့ မုန်ညှင်းတို့၊ ကိုက်လန်တို့လို စားပင်တွေကို စိုက်ပါ့လား။ တနှစ်မှာ နှစ်ကြိမ်စားရတဲ့ ဒန့်သလွန်ပင်မျိုးကိုစိုက်ရင် အသီးလည်းစားရ အရွက်လည်း စားရတယ်ဆိုတာ မသိဘူးလား။ ဘူးပင်တို့၊ ပဲလင်းမွေသီးပင်တို့လို မီးဖိုဆောင်သီးနှံမျိုးကို စိုက်ပါ့လား။ ဘုရားပန်းကအစ သရဲဈေးကနေ ဝယ်လှူနေရင် ငွေထွက်များတာပေါ့။ ဝင်ငွေနဲ့ထွက်ငွေမလောက်လို့ မသမာမှုလုပ်ရင် ငါအရေးယူလိုက်ရမယ်။ ဟင်း… ငါပြောရင်း ပြောရင်းနဲ့ လက်ယားလာပြီလို့ ပြောလိုက်လို့ တချို့ဝန်ကြီး၊ ဝန်လေးတွေက အားလုံး လိုက်နာအောင် ညွှန်ကြားလိုက်၊ အောက်ထပ်မှာနေတဲ့လူတွေက မြေကြီးမှာစိုက်ကြ၊ အပေါ်ထပ်မှာ နေတဲ့လူတွေက ခေါင်မိုးပေါ်တက်စိုက်ကြ၊ အဖွဲ့နဲ့လာစစ်မယ်၊ ဒါပဲတဲ့။

ဟာ… ဟုတ်ပြီ။ ကျုပ်တို့မြေညီထပ်နေတဲ့လူတွေက စားပင်သီးပင်တွေမုချဖြစ်ထွန်းပြီး အောင်ပြီဗျ အောင်ပြီ။ ဘာလို့လဲ။ ဟာ- ဗျာ- မုန်ညှင်းတို့၊ မုန်လာတို့၊ ကန်စွန်းတို့က ဟို…ဟို… မြေသြဇာကို အလွန်ကြိုက်တာ။ ရွှေလိုတဝင်းဝင်းနဲ့ မိလ္လာကန်တွေက လျှံထွက်နေကြတဲ့ ရေသြဇာ၊ မြေသြဇာတွေကြောင့် ကျုပ်တို့ရဲ့ ကန်စွန်းခင်း၊ မုန်ညှင်းခင်း၊ မုန်လာခင်း၊ ကိုက်လန်ခင်းတွေက သာယာစိုပြေလှပနေမှာကို မြင်ရောင်နေသလို ကျုပ်တို့ သိဒ္ဓိရပ်ကွက်ကြီးတွေမှာလည်း ဝဏ္ဏသိဒ္ဓိ၊ သုခသိဒ္ဓိတို့နဲ့ ပြီးမြောက်ရုံသာမက ယခုလို ဆောင်းရာသီ မြောက်လေညင်းနဲ့အတူ ရနံ့သိဒ္ဓိတွေနဲ့ ပါပြီးမြောက်လို့၊ သင်းပျံ့ပျံ့ နှင်းရနံ့ ကြိုင်တဲ့ နေပြည်တော်ကြီးပါလား။


No comments:

Post a Comment