စွာကျယ်
ကြပ်ပြေးနေပြည်တော်ပေါ်ခါစကနေ အခုဆိုရင် (၂) နှစ်ကျော် (၃) နှစ် အတွင်း ချင်းနင်းဝင်ရောက်လာလို့ ဒို့ရွှေဗမာဝန်ထမ်းတွေ ကြပ်ပြေးနေပြည်တော်မှာနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရ အခြေကျသလို ဖြစ်နေပြီပေါ့လို့ ရန်ကုန်ကိုပြန်ရင်း ဒီမေးခွန်း အမေးခံရတယ်။
သေချာတာပေါ့၊ ကျုပ်တို့ အခုနေပြည်တော်မှာ ဘယ်နားသွားရင် ဘာရှိတယ်၊ ဘယ်စားစရာက ဘယ်မှာဝယ်လို့ရတယ်၊ ဘာပစ္စည်းဆိုရင် ဘယ်မှာရတယ်၊ ဆေးရုံဆိုရင် ဘယ်လောက်ဝေးတယ်၊ ဘယ်လိုသွားရတာ ခက်တယ်နဲ့ အခုဆို မြို့မသုသာန်က ဘယ်ကိုရွှေ့လို့ ဘယ်ကို ရောက်သွားပြီဆိုတာတွေပါ သိကြပြီ၊ ကြားကြရပြီ၊ ကိုယ်တွေ့လဲမြင်ရပြီဆိုတော့ စောစောက မေးခွန်းကို ဘာမှမစဉ်းစားရဘဲ ပျဉ်းမနားနေပြည်တော်အကြောင်း ပြောနိုင်ကြပြီ။
ပျဉ်းမနား-တောင်ညိုကားလမ်းက သေးသေးလေး။ ဒါ ဟိုးလွန်ခဲ့တဲ့ကာလတွေကပေါ့၊ ပျဉ်းမနား ဆင်ရုပ်ရှိတဲ့နေရာကနေ အနောက်ယွန်းယွန်းဆီ ဦးတည်နေတာ။ တောင်ညိုကနေ ဆက်သွား ရင်တောင်တွင်းကြီး၊ ဒါဆိုရင် ဒီလမ်းက ဘယ်ရောက်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး။ တောကဈေးပတ်ကားတွေနဲ့ မြို့တက်ဈေးလာဝယ်တဲ့ ကတ္တရာစပ်စပ်သာရှိတဲ့ လမ်းသေးပါပဲ။ လမ်းဆိုပေမယ့် လမ်းဆိုး၊ လမ်းကြမ်း၊ လမ်းသေး၊ ပျဉ်းမနားကနေ တောင်တွင်းကြီးဘက်ကို အရင်တုန်းက ဌာနဆိုင်ရာကားတွေသာ အလျင်လိုရင် သုံးတဲ့ဖြတ်လမ်း ဖြစ်ပေမယ့် လမ်းဆိုးလို့ သိပ်အသုံးမများခဲ့တဲ့လမ်း။ ခန့်မှန်း ၉၂-၉၃ ခုနှစ်လောက်က။ အဲဒီတုန်းက အကြီးအကဲ ဖြစ်ကာစအချိန်ပေါ့။
အခုလိုပဲ မှန်ပြောင်းကြီးတကားကားနဲ့ အမိုးဖွင့်ကားကနေ ပျဉ်းမနား-တောင်ညိုလမ်း၊ တောင်ကြောပတ်လမ်းတွေကို ကြည့်ခဲ့ဖူးတာကို တီဗွီမှာ ပြန်အမှတ်ရမြင်နေမိတယ်။ အဲဒီလိုကြည့်ခဲ့လို့ အခုဒီနေရာမှာ ကြပ်ပြေးနေပြည်တော်ကြီး ပေါ်လာရတယ်လို့ဆိုရင် ရပါလိမ့်မယ်။
အခုပျဉ်းမနားကနေ အနောက် (၆) မိုင်ခန့်ဝေးတဲ့ ကြပ်ပြေးရွာလေးကိုဖယ်ရှား။ သပြေကုန်း ဆိုတဲ့ ပန်းပင်အလှအပတွေ ချယ်သထားတဲ့ အဝိုင်းကြီးဆောက်လုပ်။ ဒီနေရာကနေ တောင်သို့လားသော် ဟိုတယ်ဇုံတဲ့။ အနောက်သို့လားသော် တောင်ညိုခေါ်သတဲ့။ မြောက်သို့ လားသော် ငါးလိုက်ချောင်း ကျော်လို့ ဖောက်ထားတဲ့ အရှည်ဆုံးကွန်ကရိလမ်းကြီးတွေ။ ဒီလမ်းကြီးတွေကနေ ဝန်မင်းကြီး၊ ဝန်မင်းလေးတို့ရဲ့ ရုံးပေါင်းစုံကို ရောက်တယ်။ ဒါကြောင့် ကြပ်ပြေး သပြေကုန်းနေရာက၊ အလယ်ကျ၊ အခရာကျတဲ့နေရာ၊ ဒီနေရာက မူလအိမ်ခြေရှိတဲ့ ရပ်ကွက်ကို နေပြည်တော်မြို့မ သပြေကုန်းရပ်ကွက်လို့ မှည့်ခေါ်ပြီး ကြပ်ပြေးအမည်ပျောက်၊ သပြေကုန်းအမည်ရောက်စေ။
ကြပ်ပြေးအမည်ပျောက်ပေမယ့် ပျဉ်းမနားကနေလာရင် အရင်ဆုံးတွေ့ရတဲ့ ပြန်ကပြေး ရွာကတော့ ''ပြန်ကပြေး'' ပါပဲ။ တော်ဝင်လို့မှည့်ခေါ်တဲ့ ဦးပိုင်က လိုင်းကားစီးရင် ''ပြန်ကပြေး'' ပါသလားလို့ မှတ်တိုင်မေးတဲ့ရွာပါ။ ညဆိုရင် ပျဉ်းမနားကနေ နေပြည်တော်ကို ဦးတည်လာတဲ့လမ်းမကြီး တစ်လျှောက်လုံး မှောင်မဲနေတာ ဘာမှမဆန်းပါဘူး။ သပြေကုန်းမြို့မ ရပ်ကွက်ရောက်ခါနီး နေပြည်တော် စည်ပင်သာယာရေးရောက်မှ ထိန်ထိန်ငြီးတဲ့ မီးတိုင်တွေစထူထားတာ။
ဦးရွှေ ဗမာဝန်ထမ်းတွေကတော့ စောစောကပြောတဲ့ သပြေကုန်းအဝိုင်းကြီးကနေ ရုံးများသို့ လို့ ညွှန်ပြထားတဲ့ ဆိုင်းဘုတ်အပြာနောက်ကို လိုက်တဲ့ ကွန်ကရိလမ်းကြီးအတိုင်း နိစ္စဓူဝ ဖယ်ရီစီး၊ ဟိုငေးဒီငေးနဲ့ နေ့စဉ် (၈) နာရီခွဲ ရုံးကို ရောက်ရတယ်။
တောင်ကုန်းတောင်စွယ်တွေကို ပုန်းကွယ်ပြီး အကြောင်းဗျူဟာနဲ့ ဆောက်ယူထားတဲ့ ဒင်းတို့ ဝန်မင်းကြီး၊ ဝန်မင်းလေးတွေရဲ့ရုံးတွေကို ရေပြင်ညီကနေကြည့်ရင် ဘယ်ရုံးမှမမြင်ရဘူး။ ကုန်းစောင်းရှိတဲ့ ချိုင့်နေရာတွေကိုရွေး။ သုံးထပ်ရှိတဲ့ရုံးအဆောက်အဦး အလယ်ထပ်ကို ကုန်းကမ်းပါးမှာ မေးတင်ပြီးဆောက်ထားတော့ အောက်ဆုံးထပ်ဝန်ထမ်းတွေ အပေါ်ထပ်တက် မှ မြေပြင်ကိုရောက်တဲ့ပုံစံ၊ “ခင်ဗျားတို့ရုံးတွေက အလိုလိုနေရင်း အောက်ဆုံးတစ်ထပ်က မြေမျိုနေတာ” လို့ကျုပ်တို့ အပြောခံရပေမယ့် အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။
ဒီမှာက ရုံးတွေက ပုံစံတူ၊ အရွယ်တူ၊ ဆိုက်တူတွေ၊ အကျယ်အဝန်းတူတွေမှာ ကျုပ်တို့အတူတူ နေကြပြီး၊ ဘယ်ကိုမှထွက်လို့မရအောင် ဆယ်ပေခန့်အကွာ ပတ်ချာလည်မှာ သံဇကာခြံစည်းရိုးအပေါ်မှာ သွပ်ဆူးကြိုးတထပ်၊ ထပ်ပတ်ထားလိုက်သေး။
ကမ္ဘာစစ်ကို ပြန်ရိုက်ထားတဲ့ ဂျာမန်စစ်ကားထဲက သုံ့ပန်းစခန်းတွေလိုလိုနဲ့ နေ့စဉ် တိတ်နေတဲ့အသံ၊ ကြိတ်ပြီးခံနေတာ၊ အခုဆို နှစ်နှစ်ကျော်လာပြီလေ၊ အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။
ရုံးရောက်တော့ ဖယ်ရီကားကို ကားကွင်းမှာရပ်၊ ခြံစည်းရိုးအဝင်ဂိတ်တံခါးကို တစ်ယောက်ခြင်း တန်းစီ ဝင်ဖြတ်ကြရတာ။ ဟိုးအရင်တုန်းက အောင်ဆန်းအားကစားကွင်း တောင်ဘက် ပွဲကြည့်စဉ်တန်းကို ဒလက်ဂိတ်လှည့် ဝင်ခဲ့ရတာကိုတောင် ပြန်ပြီးသတိရစရာပ။
တစ်ချို့ရုံးတွေ ကတော့ တစ်ယောက်ဝင်ရင် တတီတီမြီတဲ့အသံ ထည့်ထားတဲ့ စက်တပ်ထားလိုက်သေးလို့ ကျုပ်တို့ကို အကြမ်းဖက်သမားလို့ ထင်ရော့သလား။ ညနေ (၄) နာရီ (၄၅) မှာ ဘဲလ်တီးရင် သဲကြီးမဲကြီး ရုံးမှာလုပ်မနေတော့နဲ့ ဖယ်ရီမမှီရင် ဆိုင်ကယ်ကယ်ရီကို စီးရ။ အလကား မရဘူး။ ရုံးကနေ အဆောင်တွေဆီကို အနည်းဆုံးပေးရမှာက (၁,၅ဝဝ) ကျပ်။
ရုံးဆင်းကားနီး ကားကွင်းမှာ ကားတွေတန်းစီရပ်ထားရ။ ခရာသံကြားမှ ကားစတတ်နိုးရပြီး စထွက်ရတယ်။ ကားတွေမထွက်မီ တန်းစီရပ်ထားတဲ့ ကားတွေပေါ်မှာထိုင်ပြီး ကားထွက်ချိန် စောင့်ရတဲ့မြင်ကွင်းက အတင်းပြောရရင် ထိန်ပင်လိုလို ရေဝေးလိုလိုနဲ့ နေချိုမှ နေ့စဉ်ပြန်ရတဲ့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ဒီရုံးတွေက တနေရာနဲ့တနေရာ မမြင်ရပေမယ့် ကြာလာတော့ ဘယ်ရုံးက ဘယ်နားမှာ၊ ဘယ်လောက် ဝေးတယ်ဆိုတာ ကျုပ်တို့ထက်ပိုသိနေတဲ့ ဆိုင်ကယ်ကယ်ရီတွေက ဒက်ကနဲချက်ကနဲ သွက်ကနဲမို့ သူတို့ကိုပဲ အားကိုးသွားလာနေကြရတာ။
ဒါဟာလဲ တဒုက္ခပဲလေ။ မင်းတို့မကျေနပ်ရင် ထွက်လာကြည့်ပါလား။ ရုံးတွေကနေ တန်းစီလှည့်လည်ပြီး အော်ကြည့်ပါလား။ ဘယ်ရုံးက ထွက်လာထွက်လာ မင်းတို့ ဇေယျဌာနီလမ်းမကြီးအတိုင်းပဲ လာရမှာ။ ဘယ်လောက်ဝေးဝေး လမ်းလျှောက်လာပြီး မကျေနပ်တာ အော်ကြည့်။ အဖော်မရှိဘူး၊ မခံနိုင်ပေါင် အလံတိုင်ထောင်ပြီး ချီတက်ကြည့်ပါလား။ အဲဒီဇေယျဌာနီလမ်းမကြီးက သပြေကုန်းအဝိုင်းကိုပဲ လာဆုံရမှာ။ အဲဒီသပြေကုန်း အဝိုင်းမရောက်မီ၊ တွေ့လား ဟိုမှာ။ မင်းတို့သတ္တိရှိရင် ရဲချုပ်ရုံး။ ထပ်ကျော်လာရင် ငလိုက်ချောင်းတံတား။ ဘယ်လိုများ ကျော်လို့ရမတုန်း။ ပြည်ထဲရေးဝန်မင်းကြီးရုံးက ထိပ်ဆုံးကစောင့်နေတာ အသင့်။ မင်းတို့- မင်းတို့ ဘယ်လိုမှ ပြေးစရာမြေမရှိဘူးဟေ့လို့ အကွက်ကျကျနဲ့ ဆောက်ထားတဲ့ရုံးနေရာတွေ။ ပုန်းနေတာလိုဖြစ်အောင် လုပ်ထားလို့ ကျုပ်တို့ဘဝအသားကျနေပြီ။
ရုံးပိတ်ရက်မှာ ဟိုး (၁ဝ) မိုင်လောက်ဝေးတဲ့ ပျဉ်းမနားကိုသွားပြီး ဈေးဝယ်စရာမလိုဘူး။ မြို့မဈေးကြီး “ငါ”တို့စီစဉ်ထားတယ်။ ငါတို့ ကိုယ်စီကိုယ်စီ ဆိုင်ခန်းတွေယူထားပြီး ပြန်ငှားထားတဲ့ ဆိုင်တွေမှာ “မင်း”တို့ဝယ်ဖို့အတွက် စားစရာတွေရှိတယ်၊ သောက်စရာတွေရှိတယ်၊ ဝတ်စရာရှိတယ်၊ လိုတာတွေအားလုံး ရောင်းပေးဖို့ ရှိတယ်။ ဘာပူစရာလိုသေးလို့လဲ။
အဆောင်ကနေ သွားဖို့လာဖို့လဲ ငါတို့စီစဉ်ထားတဲ့ တော်ဝင်ဆိုတဲ့ အဲယားကွန်းကားကြီးတွေ။ ဒါပေမယ့် အဲယားမွန်းလို့ခေါ်ကြတာ မဆန်းဘူးလေ။ လူတွေနဲ့ ပြည့်ကြပ်ပြီးမှ မောင်းတဲ့ကား။ ဒီမြို့မဈေး စည်ကားအောင် ဘယ်ကလာလာ ဒီတော်ဝင်ကားတွေက ဒီမှာ ဂိတ်အစုံလုပ်ထားပြီး ဒီမှာတင် ကားပြောင်းစီးရတယ်။ ဒီမှာ ဆင်းရတယ်။ ဒီမှာ ဈေးဝယ်ရတယ်။ ဒီကပဲ လှည့်ပြန်ရတာ။
ဘယ်မှဆက်မသွားရတော့ ပျဉ်းမနားဆိုတာ မင်းတို့သွားစရာမလိုတဲ့ နေရာပေါ့။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာ အဲဒီ ရုံးပေါင်းစုံဆီသွားတဲ့ ဇေယျဌာနီလမ်းမကြီးပေါ်မှာ ဘယ်တော်ဝင်ကား မှမသွားကြ၊ မလာကြ၊ အဆက်ဖြတ်ထားကြတော့ ခြောက်ကပ်ကပ်နဲ့ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ကြပ်ပြေးမြေရောက်စက ရန်ကုန်မြေ ပြန်ချင်ပေမယ့် အခုတော့ အောက်ခြေဝန်ထမ်းတွေ ပြန်စရာ သွားစရာထက် စားစရာက ပိုပြီးအရေးကြီးနေလို့ ရန်ကုန်ကို ပြန်ချင်စိတ်တွေ လျော့နည်းလာကြပြီ။
လစာနည်း အောက်ခြေဝန်ထမ်းအများစုက လစာ (၃) သောင်းကျော် (၄) သောင်းနဲ့ ဘယ်လိုပြန်ကြ၊ ဘယ်လိုစားကြမလဲ။ လက်လီစားသောက်ကုန်တွေက နဂိုဈေးနှုန်းကနေ လားလားမှမကျလေတော့ ကျုပ်တို့အပတ်စဉ်ရုံးမှာ ချဉ်ပေါင်းဟင်းနဲ့ ဘဲဥကြော်၊ ငရုပ်သီးလှော်ပြီး လျှာပူပူတိုက်နေကြရတဲ့ ဝန်ထမ်းများ ရုံးတွေမှာအော်နေကြပြီ ပေါ့။ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။
ဟုတ်ပြီ-- အဲဒီလို အသားကျနေရတော့ ကျုပ်တို့ဘဝတွေကို ခံနိုင်ရည်ရှိရှိနဲ့ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရဆိုတဲ့ စကားအတိုင်းဆိုပေမယ့် ကြပ်ပြေးနေပြည်တော်မှာ ပျော်လဲမပျော်ရ၊ တော်ရာနေရာလဲ မဟုတ်တဲ့နေရာမှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အချိန်တွေကုန်ခဲ့ရပြီ။
ကျုပ်တို့အတွက် အခုဆိုရင် ကွင်းကြီးဆိုတဲ့ နေရာ ဟိုး ဥတ္တသီရိမြို့သစ်ကိုကျော်သွားပြီး အကြာကြီး ကားမောင်းသွားရတဲ့နေရာ၊ ကွေ့ပတ်တဲ့တောင်ကုန်း တောင်စောင်းတွေကနေ ဆင်း-ဆင်းသွားပြီး ဘုံကွဲချောင်းဆည်လို့ခေါ်မယ့် လျှိုကိုကျော်၊ ကားတော်တော် မောင်းပြီးမှ မြောက်ပိန်းချောင်းဆည် သတ်မှတ်မယ့်နေရာမရောက်ခင် လျှိုလိုလို မြောင်လိုလို ဖြစ်နေတဲ့ ကွင်းကြီးဆိုတဲ့နေရာမှာ မီးသဂြိုဟ်စက်ဆောက်ပြီး စောင့်နေပြီဆိုတော့ ကျုပ်တို့ဘဝ ပိုပြီးအသားကျနေပြီပေါ့။
အခုတော့ ကြပ်ပြေးနေပြည်တော်ကြီးမှာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်လာကြတဲ့ ကျုပ်တို့ အောက်ခြေ ဝန်ထမ်းအများစုက အညာနေပူပူ လေပူပူမှာနေရလို့ နဂိုကအသားလတ်တဲ့လူက အသားတွေညို၊ အစားတွေကလဲ “ချို” စားရတော့ အသားအရေကပါ မစိုနိုင်။ အသွေးအရောင်က ပွေးခြောက် ပေါင်မှာစွဲသလို မွဲခြောက်ခြောက် အရောင်နဲ့ဘယ်လို စိုပြီး ပြောင်နိုင်ပါ့မလဲ၊၊
ဂျိုးဖြူရေ သောက်သုံးခဲ့ကြတဲ့ ကျုပ်တို့ရန်ကုန်လူမျိုးတွေ ဒီကြပ်ပြေးမှာ နိစ္စဓူဝနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ သောက်ရတဲ့ အခြေအနေတွေက လေပွေထဲပါသွားသလို။ ကျုပ်တို့ ဘဝတွေထဲမှာ ဟိုသူကပိန် ဒီသူကပါးနဲ့ “အသား”မရှိတော့။
ဟိုသူကျတော့ ရန်ကုန်ဆေးပြန်ကု၊ အခုတယောက်ကျတော့ နေမြင်ညပျောက်နဲ့ မနေ့ကပဲ ရက်လည်ဆွမ်းသွတ်တယ်သတဲ့။ ပေါင် (၁၄ဝ) လောက်ရှိတဲ့လူ ရန်ကုန်ပြန်ရောက်မှ ပေါင်ချိန်ကြည့်လို့သိရတာ ပေါင် (၁ဝဝ) ကျော် ရုံပဲ ရှိတော့တယ်။
ကျုပ်တို့ဘဝတွေရဲ့ အဆီတွေ အသွေးတွေ အသားတွေ လျောကျလာတာ အသေအချာဆို တော့ နေပြည်တော်မှာကျုပ်တို့ဘဝ “အသား” ကျနေပြီ လေ။
Saturday, February 28, 2009
ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။
စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။
ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။
ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။
ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။
နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။
၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။
ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။
ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။
ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။
အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။
၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

နစက ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦး သေဆုံး
ငြိမ်းချမ်း စနေနေ့၊ ဖေဖေါ်ဝါရီလ 28 2009
ဘင်္ဂလားဒေ့ရှ် (မဇ္ဈိမ)။ ။ မြန်မာနယ်စပ် နတ်မြစ်အတွင်း နယ်စပ်ဒေသေ စိစစ်ကြီးကြပ်ရေး - နစက က ပစ်ခတ်သဖြင့် ယခုလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်တဦး သေဆုံးကာ၊ တဦး ဒဏ်ရာ ရရှိခဲ့သည်။
မြန်မာနိုင်ငံဘက်ခြမ်း မောင်တောသို့ လှေတစီးဖြင့် ငါးဝယ်သွားစဉ် နံနက် ၆ နာရီခန့်တွင် ငခူရ အခြေစိုက် အမှတ် ၄ နစက ပစ်ခတ်ခဲ့သဖြင့် ဝိုက်ကျောင်းကျေရွာနေ ၃ဝ နှစ်အရွယ် စူလတန် အာမက် (Sulatan Armad) သေဆုံးခဲ့ပြီး ၃၂ နှစ်အရွယ် စိုးယွတ်ဟူဆင် (Soyout Hossain) မှာ ညာဘက်ရင်ဘတ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
“ငခူရ နစက လှမ်းပစ်တာ သေနတ် သုံးချက်ပစ်တယ်။ ပထမ တချက်မှာ ကျနော့် ရင်ဘတ်ကိုမှန်ပြီး ဒဏ်ရာရသွားတဲ့ အချိန်မှာ စူလတန်က လှေကို ကျနော်တို့ နိုင်ငံဘက်ကို ပြန်လှည့်တဲ့အချိန်မှာ တတိယ ကျည်ဆံက သူ့ကို မှန်ပြီးတော့ ရေထဲကို ကျသွားတယ်” ဟု သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ခံထားရသူ စိုးယွတ်ဟူဆင် (Soyout Hossain) က မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် အခြား ငါးဖမ်းလှေများက ရင်ဘတ်တွင် ဒဏ်ရာရခဲ့သူ စိုးယွတ်ဟူဆင် လှေကို ဘင်္ဂလားဒေ့ရှ်သို့ ဆွဲလာပြီး ကော့စ်ဘာဇာ ဆေးရုံသို့ ပို့ခဲ့ကြသည်။ ယခုအခါ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိတော့ပါ။
ပစ်ခတ်မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် ၄၃ ရိုင်ဖယ်က ဗိုလ်မှူး ဟေလာခမ်း (BDR of Major Hallakhan) ဦးဆောင်ပြီး သေဆုံးသူ၏ ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ ကျေးရွာ ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူ ဘဲဂွန်းခါလက်တို့က အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင် နစက နှင့် တွေ့ဆုံကာ သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်တောင်းခဲ့သည်။
သေဆုံးသွားသူနှင့် ဆွေးမျိုးတော်စပ်သူ မူဟာမက် ယူစွတ်က (MD, Usout) “ကျန်ရစ်သူ မိသားစုကလည်း သေဆုံးသွားတဲ့ အလောင်းကို လိုချင်တယ်၊ မြင်ချင်တယ်။ ခင်ပွန်းသည်ရဲ့ နောက်ဆုံး သွားရာလမ်းမှာ အလောင်းကို မူစလင် ထုံးစံအရ လုပ်ချင်လို့ အလောင်းကို ပြန်တောင်းနေတာ မရဘူး။ သူတို့က ငါတို့ဆီမှာ မရှိဘူးလို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။
တက္ကနာမြို့နယ် ထောက်လှမ်းရေး မူဟာမက် နိုဒူ (MD, Nodu) ကလည်း “ဆွေးနွေးပွဲမှာ အလောင်းပြန်ရဖို့၊ နောက်ထပ် ဒီပြဿနာမျိုး မဖြစ်ဖို့ ဆွေးနွေးကြတယ်။ ဘယ်အချက်ကိုမှ သဘောတူညီချက် မရသေးဘူး” ဟု ဆိုသည်။
နောက်ဆက်တွဲသတင်းအရ သေဆုံးသူ၏ ရုပ်ကလာပ်ကို ယခု ၂၆ ရက်နေ့တွင် တက္ကနာမြို့အနီး နတ်မြစ်အတွင်းက ပြန်ရခဲ့ပြီး လက်ဝဲဘက် ရင်အုံတွင် ကျည်ဆံ ထိမှန်ခဲ့ကြောင်း ယူစွတ်က အတည်ပြု ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် လာရောက် သစ်ခုတ်သဖြင့် နစက တပ်၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်းက သေဆုံးမှုအချို့ ရှိခဲ့သည်။

မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွင်တားနားနှင့် အင်တာဗျူး)
မဇ္ဈိမသတင်းဌာန
အခြား အကျဉ်းသား ၆ဝဝဝ ကျော်နှင့်အတူ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးမျှ လွှတ်ပေးလိုက်ခြင်းသည် လူ့အခွင့်အရေး အခြေအနေများ ထူးထူးခြားခြား တိုးတက် ကောင်းမွန်လာခြင်းဟု ပြောဆိုရန် မလုံလောက်ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ၆ ရက်ကြာ သွားရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ်စ်အိုဟေး ကွင်တားနား - Tomas Ojea Quintana က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်အထိ ဒုတိယအကြိမ် သွားရောက်ခဲ့သည့် မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု ရှိသည်ကို သူ မမြင်တွေ့ခဲ့ရပါဟု ပြောသည်။
လူ့အခွင့်အရေး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန် လိုလိုလားလား ရှိကြောင်း ပြသသည့် အနေနှင့် သူ၏ ထောက်ခံတင်ပြထားချက်များကို မြန်မာစစ်အစိုးရက အကောင်အထည်ဖော်ရန် လိုအပ်သည်ဟုလည်း သူက ပြောသည်။
သို့သော် ခန့်မှန်းခြေအားဖြင့် လာမည့် နွေရာသီ အစောပိုင်း ကာလလောက်တွင် သွားရောက်နိုင်ဖွယ်ရှိသည့် နောက်တကြိမ် ခရီးစဉ်အတွင်း သူ၏ ထောက်ခံ တင်ပြချက်များကို အကောင်အထည် ဖော်ရန် မြန်မာစစ်အစိုးရကို ဆက်လက်၍ တွန်းအားပေးသွားမည်ဟု မစ္စတာ ကွင်တားနားက ဆိုသည်။
သူ၏ မကြာသေးခင်က သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍၎င်း၊ သူ စစ်ဆေးကြည့်ရှုခဲ့သော လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍၎င်း ပိုမိုသိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဆော်လမွန်က မစ္စတာ ကွင်တားနားနှင့် သီးသန့် ဆက်သွယ် မေးမြန်းမှု ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လို ထင်ပါသလဲ။ မကြာသေးခင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကျေနပ်မှု ရှိပါသလား။
ကျနော် ပြောနိုင်တာကတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေဟာ တိုးတက်မှု မရှိသေးဘူး ဆိုတာပါပဲ။ ဒီအကြောင်းကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ခရီးစဉ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တချို့ အစိတ်အပိုင်းတွေအပေါ်မှာ သဘောကျ ကျေနပ်မှု ရှိပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ဆွေးနွေးပြီး နားလည်မှု ရခဲ့တာမျိုးပေါ့။ သူက ကျနော့် ထောက်ခံ တင်ပြချက်တွေကို လက်ခံပါတယ်။
ခင်ဗျားရဲ့ ခရီးစဉ်မှာ အဓိကရည်မှန်းချက်က ဘာလဲခင်ဗျ။ ဘာတွေ အောင်မြင်ခဲ့ပါသလဲ။
ဒါ ကျနော်ရဲ့ ဒုတိယခရီးစဉ်ပါ။ ကျနော် အစိုးရကို မေတ္တာရပ်ခံခဲ့တဲ့အတိုင်း နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်ဖို့ ဖြစ်ပါတယ်။ ကျနော် အင်းစိန်ထောင်ကိုသွားပြီး ၄ နာရီကျော်ကြာ နေခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ၂ နာရီ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့တယ်။ ကျနော့်ခရီးစဉ်ရဲ့ ရည်မှန်းချက်တရပ်က ကျနော့် ထောက်ခံ တင်ပြချက်တွေကို မြန်မာအစိုးရက ဘယ်လောက်အထိ တုံ့ပြန် ဆောင်ရွက်လိုစိတ် ရှိသလဲဆိုတာကို တိုင်းတာ အကဲဖြတ်ဖို့ ဖြစ်ပါတယ်။
ကျနော့် ထောက်ခံ တင်ပြချက်တွေထဲက တခုကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို အခုပဲ ချက်ချင်း စတင်သင့်တယ်လို့ ကျနော် ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။
ခင်ဗျားက နိုင်ငံရေး အကျဉ်းသားတချို့နဲ့ တွေ့ခဲ့ရတယ်ဆိုတော့ သူတို့ အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အကဲဖြတ်ချက်က ဘယ်လိုပါလဲ။
ဟုတ်ပါတယ်၊ လက်ရှိ အခြေအနေအရ ကျနော့်အမြင်အရ ပြောရမယ်ဆိုရင် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်တွင်းက လူ့အခွင့်အရေး အခြေအနေ အားလုံးကို ကိုင်တွယ်ဖြေရှင်းတာမျိုး လုပ်သင့်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအတွက်ချည်း ပြောနေတာ မဟုတ်ပါဘူး။ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ ကရင်ပြည်နယ်က အခြေအနေတွေလည်း ပါပါတယ်။ ဒေသခံ မူဆလင်တွေ နေထိုင်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက ရခိုင်ပြည်နယ် အခြေအနေတွေလည်း ပါပါတယ်။ ဒါတွေဟာ ကျနော်ရဲ့ ယေဘုယျအမြင်တွေပါ။ ဘာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ကောင်စီကို မတ်လမှာ တင်ပြတဲ့အခါကျရင် စံကျတဲ့ ပြဿနာတွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
သွားချင်တဲ့နေရာ အကုန်လုံးကို သွားခွင့်ရခဲ့ပါသလား။ တွေ့ချင်တဲ့သူ အားလုံးနဲ့ရော တွေ့ခွင့်ရခဲ့ရဲ့လား။
ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကျနော့် ပြဿနာတွေက ကျနော့် မေတ္တာရပ်ခံချက် အားလုံးကို အစိုးရက လက်မခံခဲ့တာပဲ ဖြစ်ပါတယ်။ တချို့ကိုတော့ လက်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီပေါ်မှာ ကျနော် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲ နောက်တကြိမ် သွားနိုင်ဖို့ စတင် ဆွေးနွေးနေပါပြီ။ ဒါကြောင့် ကျနော်ထင်ပါတယ်၊ အခု ကျနော့် လုပ်ပိုင်ခွင့်ကို အတားအဆီး ဖြစ်နေတဲ့ ကိစ္စတွေ ပြေလည်သွားအောင် ဒီနည်းနဲ့ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်တွင်းကို သွားပြီး ကိုယ်တိုင်ကိုယ်ကျ သက်သေ အထောက်အထားတွေကို ရရှိဖို့ဟာ ကျနော့်အတွက် အလွန် အရေးကြီးပါတယ်။ ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာရေးအတွက် ကျနော့် ထောက်ခံ တင်ပြချက်တွေကို အစိုးရက အကောင်အထည် ဖော်ရေးအတွက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
နောက်တကြိမ် ဘယ်တော့သွားမှာလဲ ခင်ဗျာ။
ဒီကိစ္စနဲ့ ပတ်သက်လို့ နေ့ရက်အတိအကျ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကျနော့် ဒုတိယ အကြိမ်ခရီးစဉ်အတွင်း ဒီနှစ်ထဲမှာ တတိယအကြိမ်မြောက် ခရီးစဉ် သွားရောက်နိုင်ဖို့ စတင် ဆွေးနွေးခဲ့ပါတယ်။ နွေရာသီ အစောပိုင်းမှာ ဖြစ်ပါလိမ့်မယ်။
ခင်ဗျားရဲ့ ခရီးစဉ်ကို အစိုးရက ထိန်းချုပ်ထားတယ်လို့ ခံစားမိပါသလား။
မှန်ပါတယ်။ ပြဿနာက အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းခြင်း ဆိုတဲ့ ပြဿနာပါ။ ဒါပေမဲ့ ကျနော့်ခရီးစဉ်နဲ့ ပတ်သက်လို့ကတော့ ကျနော် ကရင်ပြည်နယ်က ဘားအံထောင်နဲ့ ရန်ကုန်က အင်းစိန်ထောင်တို့ကို သွားရောက်နိုင်ခဲ့တယ်။ ကျနော့်ရဲ့ ထောက်ခံ တင်ပြချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကျနော် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ဘာပဲဖြစ်ဖြစ် ကျနော့်မျှော်လင့်ချက် တချို့ကိုတော့ ဖြည့်ဆီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တကြိမ် ခရီးစဉ်အတွင်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရရှိဖို့ မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် အခြေအနေတွေနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။
သာမန် အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ပြောရရင် သူတို့က အစားအသောက်နဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းပစ္စယတွေရဖို့ သူတို့မိသားစုတွေအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်ပါတယ်။ ဒါ တကယ့် ပြဿနာပါ။ တချို့ အကျဉ်းသားတွေက ဒီလို အစားအသောက်နဲ့ ပစ္စည်းတွေ ပို့ပေးမယ့် မိသားစုတွေ မရှိကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရော ခွင့်တောင်းခဲ့ပါသေးသလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကျနော် ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ကျနော့်ရဲ့ မေတ္တာရပ်ခံချက်ကို ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ နောက်တကြိမ် ခရီးစဉ်အတွင်း ထပ်ပြီး တွေ့ခွင့်တောင်းပါဦးမယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဒီကိစ္စကို ကျနော် မပြောတတ်ပါဘူး။ ဘာ့လို့လဲဆိုတော့ အစိုးရက ဘာအကြောင်းပြချက်မှ မပေးလို့ပါပဲ။ ဒါပေမဲ့ ကျနော့် အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အရေးယူထားတာဟာ စည်းမဲ့ကမ်းမဲ့ အရမ်းကာရော အရေးယူထားတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်တွေကို ဆန့်ကျင်နေရုံသာ မကပါဘူး၊ ပြည်တွင်း ဥပဒေကိုလည်း ဆန့်ကျင်ပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ သူမဟာ လက်လွတ်စပယ် ဖမ်းဆီး ထိန်းသိမ်းခံထားရတယ် ဆိုတာကို ဒီခရီးစဉ်အတွင်း ကျနော် ရှင်းလင်း ပြောပြခဲ့ပါတယ်။ သူမဟာ ဘယ်တရားရုံးကိုမှလည်း သွားရောက် တိုင်တန်းခွင့် မရခဲ့ပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီက လူ့အခွင့်အရေး ကျွမ်းကျင်သူ တယောက်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ ဒီလို လက်လွတ်စပယ် ထိန်းသိမ်းထားခြင်းကို လေ့လာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရဖို့ကော ခင်ဗျား ခွင့်တောင်းခဲ့ပါသေးသလား။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် အများအပြားနဲ့ တွေ့ခွင့်ရဖို့ ကျနော် မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ခွင့်မပြုခဲ့ပါဘူး။
အစိုးရက အကျဉ်းသား ၆ဝဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လို ထင်ပါသလဲ။ ခင်ဗျားရဲ့ ခရီးစဉ်အပြီး ဖြစ်ထွန်း တိုးတက်မှု တရပ်အဖြစ် ခင်ဗျား ရှုမြင်ပါသလား။
ဟုတ်ကဲ့၊ ကျနော့် ထောက်ခံ တင်ပြချက်တခုက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက်ပြီး လွှတ်ပေးနေဖို့ ဖြစ်ပါတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အခုလို အစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း များစွာကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ ကျနော့် ထောက်ခံ တင်ပြချက်ကို တစိတ်တပိုင်း ဖြည့်ဆီးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့် နောက်ဆုံးအစီရင်ခံစာထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူပေါင်း ၂ဝဝဝ ကျော် ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အခုထိ ကျနော် သိရသလောက်၊ ကျနော်ရရှိတဲ့ သတင်း အချက်အလက်တွေအရ အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ရာမှာ ဒီလို အကျဉ်းသားမျိုးက ၂၄ ဦးပဲ ပါတယ်လို့ သိရပါတယ်။
လူ့အခွင့်အရေး သံတမန်တဦးအနေနဲ့ လွတ်လပ်မှု ပြဿနာကို ကျနော် ကိုင်တွယ် ဆောင်ရွက်ရပါမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့် စတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးမှာ ဖော်ပြထားတဲ့ လွတ်လပ်ခွင့်တွေပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေရဲ့ လွတ်လပ်ခွင့် အခွင့်အရေးတွေ ကျင့်သုံးခွင့်ရရေး အတွက်လည်း ကျနော် ကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာရေးအတွက် မြန်မာစစ်အစိုးရကို ဘာများ အကြံပေးချင်ပါသလဲ။
ဟုတ်ကဲ့၊ ဒီအချက်ကို ခင်ဗျား ကျနော့် အစီရင်ခံစာထဲမှာ တွေ့နိုင်ပါတယ်။ ကျနော် လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေ ညီလာခံကို တင်ပြထားတာပါ။ ကျနော့် အစီရင်ခံစာထဲမှာ အစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို စတင်ပြီး လွှတ်ပေးသင့်တယ်လို့ တင်ပြထားပါတယ်။ ဒုတိယ အချက်အနေနဲ့ တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေမှာ တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုလည်း မရှိ၊ ဘက်လိုက်ခြင်းလည်း မကင်းလို့ပါ။ ဒါကြောင့် တရား ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းမှာ ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် တရားစီရင်ရေး စနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေကို အခုချက်ချင်း စလုပ်သင့်ပါတယ်။
တတိယအချက်အနေနဲ့ ဥပဒေပြုရေး ကဏ္ဍဆိုင်ရာ ကိစ္စအားလုံးကို အစိုးရအနေနဲ့ ပြန်သုံးသပ်တာ လုပ်သင့်ပါတယ်။ စတုတ္ထ အချက်အနေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးတွေ လေးစား လိုက်နာရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အစိုးရက စလုပ်သင့်ပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ၊ နိုင်ငံတွင်းက တချို့ဒေသတွေမှာ လူ့အခွင့်အရေးအတွက် အလွန် အန္တရာယ်ကြီးမားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ တချို့သော အခြေအနေတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်နေနိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော် ထောက်ခံ တင်ပြခဲ့ပါတယ်။
ဘယ်အချက်တွေမှာ တိုးတက်မှုတွေ ရှိတယ်လို့ မြင်ပါသလဲ။ ပထမ ခရီးစဉ်အတွင်း ထောက်ခံ တင်ပြချက်တွေထဲမှာ အစိုးရက ဘာတွေ တုံ့ပြန်ဆောင်ရွက်ထားပါသလဲ။
ကျနော် အမြဲတမ်း ပြောခဲ့သလိုပါပဲ၊ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ တိုးတက်မှု မရှိသေးပါဘူး။ ကျနော် မြန်မာနိုင်ငံက ထွက်ခွာလာတဲ့အခါ အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၄ ဦး အပါအဝင် အကျဉ်းသား ၆ဝဝဝ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒါ အရေးကြီးတယ်လို့ ကျနော် ပြောပါမယ်၊ ဒါပေမဲ့ ဒါလောက်နဲ့တော့ မလုံလောက်ပါဘူး။
ကရင်ပြည်နယ် ခရီးစဉ်အတွင်း ကရင်ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခင်ဗျား ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဘာလို့ KNU နဲ့ မတွေ့ခဲ့တာလဲ။ ဒါမှမဟုတ် KNU နဲ့ တွေ့ဖို့ ကြိုးစားခဲ့ပါသေးသလား။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေကို သွားရောက် စူးစမ်းလေ့လာဖို့ ကျနော် ကရင်ပြည်နယ်ကို သွားရောက်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီခရီးစဉ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေနဲ့ပဲ ကျနော် တွေ့ခဲ့ပါတယ်။ နောက်ခရီးစဉ်အတွင်း KNU နဲ့ တွေ့ခွင့်ရအောင် ကျနော် ကြိုးစားပါမယ်။
တခြား နောက်ထပ်ပြောချင်တာများ ရှိပါသေးသလားခင်ဗျာ။
ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော် မြန်မာနိုင်ငံက ထွက်ခွာလာပြီးတဲ့နောက် အကျဉ်းသားတွေကို လွှတ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါနဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ဟာ အာဆီယံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေ၊ အစိုးရတို့နဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး နယ်ပယ် အားလုံးမှာ တိုးတက်မှုတွေ ရရှိဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အာဆီယံဟာ ဒေသတွင်း အင်အားကောင်းတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။

ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေအတွင်း မီးလောင်၊ လူနေအိမ်များ မီးသင့်လုဖြစ်
သတင်းနှင့်မီဒီယာ ကွန်ယက်။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ မိုင်ဂျာယန်ကျေးရွာ အနီးတွင် ယနေ့နေ့လည် ပိုင်းက ကြံခင်း မီးရှို့ရာမှ ရွာအနီးနားသို့ မီးကူးစက်လောင်ရာ ဒေသခံလူထုနှင့် အတူ တရုတ်နိုင်ငံဘက်မှ မီးသတ်ကားများ လာရောက်ငြိမ်း သတ်ခဲ့ရသည်။
မီးလောင်နေစဉ်အတွင်း လေများ တိုက်ခတ်နေသဖြင့် မိုင်ဂျာယန်ကျေးရွာသို့ မီးကူးစက် လာမှာကို စိုးရိမ်ပူပန် မှုများရှိနေခဲ့ကြောင်း ဒေသခံများက ပြောသည်။
နေ့လည်မွန်းလွှဲပိုင်းအတွင်း မိုင်ဂျာယန်မြို့ပြင်ရှိ တောင်ကုန်းများပေါ်တွင်ရှိသည့် ကြံစိုက်ခင်းများတွင် ကြံခုတ်ပြီး ကျန်ရှိသည့် ကြံရွက်အခြောက်နှင့် အမှိုက်သရိုက်များ မီးရှို့ရာမှ စတင်ကူးစက် လောင်ကျွမ်းခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။
“တရုတ်တွေကို ဌားရမ်းပေးထားတဲ့ မြေတွေမှာ တရုတ်ကကြံတွေ စိုက်တာရှိတယ်။ ကေအိုင်အိုက ငှား သလား၊ ရွာကဘဲ ငှားသလား ဆိုတာတော့ မပြောတတ်ဘူး။ တောင်ပေါ် တွေမှာ တရုတ်တွေက အခင်းတွေလုပ်တာရှိတယ်၊ အဲဒီမှာ ကြံခင်းမှာ မီးရှို့နေတုန်း လေကလည်း တိုက်နေတော့ ရွာကိုရောက်လာတာ။ အိမ်တွေတော့ မပါဘူး။ မီးသတ်ကားတွေ တရုတ်ဘက်က နေသွားတယ်။ ဒီတရုတ် ကျန်းဖုန်းဘက်ကနေ သွားရတာပေါ့။”
ကြံခင်းမီးမှာ လူနေအိမ်များသို့ ကူးစက်လုနီးဖြစ်ခဲ့သည်ဟု မီးလောင်နေစဉ်အတွင်း ဖုန်းအဆက်အသွယ်ရသူ ရွှေလီဒေသခံတဦးက အခုလိုပြောသည်။
“ကျမသူငယ်ချင်းက အဲဒီမှာ မီးလောင်နေတုန်း ဖုန်းဆက်လာတာ။ စိုးရိမ်နေကြတာတဲ့။ ကျမ သူငယ်ချင်း အိမ်နားအထိကို မီးရောက်လာ တာတဲ့။ လေကလည်း အရမ်းတိုက်တယ်တဲ့။ အခုတော့ တရုတ်မီးသတ်ကားတွေကော ရောက်နေပြီတဲ့။ နေအိမ်တွေတော့ မီးမကူးဘူးတဲ့။ မိုင်ဂျာယန် အပြင် ဘက်မှာ ဖြစ်တာတဲ့။ ”
မိုင်ဂျာယန်ကျေးရွာဟု ဆိုသော်လည်း ကာစီနိုလောင်ကစားရုံများ၊ တိုက်တာ အဆောက် အဦများ၊ စတိုးဆိုင်များရှိသလို ကေအိုင်အိုအဖွဲ့မှ ဖွင့်လှစ်သည့် ကွန်ပြူတာနှင့် ဆိုင်သည့် သင်တန်း၊ တရုတ်စာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများ ပေးနေသည့်နေရာလည်း ဖြစ်၍ ကေအိုင်အိုအတွက် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးပါသည့်နေရာလည်း ဖြစ်သည်။
မကြာသေမီးက မိုင်ဂျာယန်ရှိ ကာစီနိုလောင်ကစားရုံတွင် တရုတ်နိုင်ငံသားများအား လောင်းကစားရုံမှ ပြန်ပေး ဆွဲသည့်သတင်း ပေါ်ထွက်ခဲ့ပြီးနောက် ကေအိုင်အိုနှင့် တရုတ် အာဏာပိုင်များ အကြား တွေ့ဆုံဆွေးနွေး နေရသလို လောင်းကစားရုံများကို ပိတ်ဖို့ ဖိအားပေးသည့် အနေဖြင့် တရုတ်ဘက်မှ မိုင်ဂျာယန်သို့ပေးနေသည့် လျပ်စစ်မီးများ အခုလ အစောပိုင်းက ဖြတ်တောက်ထားခဲ့သည်။
ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် တောင်ယာမီးရှို့ရာမှ စတင်လောင်နေခဲ့ပြီး (၂၂)ရက်နေ့တွင် တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော် မီးကူးစက်လာခဲ့ရာ တရုတ်နိုင်ငံ ဘက်မှ နယ်ခြားစောင့်တပ်နှင့် မီးသတ် အင်အား ၃၀၀၀ ကျော် ငြိမ်းသတ်ခဲ့ရသည်။

နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်တောင်းဆို
နွယ်လေး။
နာဂစ်မုန်တိုင်းလွန်ကာလတွင် မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုး ဖောက်မှုများကို ဖော်ပြ သည့် အစီရင်ခံစာ တစောင်ကို အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) နှင့် ဂျွန်ဟောပ်ကင်းတက္ကသိုလ်က ပြည်သူ့ကျန်းမာရေးနှင့် လူအခွင့်အရေး ဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
(After the Storm: Voice form the Delta) မုန်တိုင်းအလွန် မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ပေါ်သံများဟု အမည်ပေးထားသော ယင်းအစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းစာဆရာများ အသင်း တိုက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
နာဂစ်လွန်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးပေါ်ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ အတွင်းရေးမှူး ဆရာမန်းမန်း က ယခုလို ပြောသည်။
“အဓိကကတော့ ကူညီပစ္စည်းတွေ ထိရောက်တဲ့ နေရာမရောက်တာတွေ၊ ကူညီပစ္စည်းဖွက် ထားတာ ရောင်းစားတာတွေရယ်၊ သွားရောက်ကူညီမယ့်နေရာကို ကန့်သတ်မှုပေးတာတွေ၊ အဓမ္မလုပ်အားပေး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မပြုကျင့်မှုလေးတွေကို ထောက်ပြတယ်။”
ယင်းအစီရင်ခံစာထုတ်ပြန်ရခြင်းသည် နာဂစ်ဖြစ်ပြီးနောက်ပိုင်း လူထုများ ခံစားရသည့် လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် ယခုချိန်ထိ ကူညီထောက်ပံ့မှု လုံလောက်မှု မရရှိသေးသည့် လူထုအဖြစ်မှန်ကို ဖော်ထုတ်နိုင်ရန်၊ နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည့် လူသားတာဝန်မကျေမှုကို နိုင်ငံတကာမှ အရေး ယူဆောင်ရွက်ပေးနိုင်ရန်နှင့် အာစီယံ၏ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူမှာ မှားယွင်းကြောင်း လူသားချင်းစာနာမှုသည် လူသားတိုင်းနှင့် သက်ဆိုင် သည်ဟု ဆရာမန်းမန်း က ထောက်ပြပြောဆိုသည်။
နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါဝင်ကူညီသည့် လူရွင်တော် ဇာဂနာတို့ ကဲ့သို့သော လူမှုအဖွဲ့အစည်း များကို ဖမ်းဆီးထောင်ချခြင်းများ မပြုလုပ်ရန်၊ လူမှုရေး ကူညီသည့် စုစည်းမှုနှင့် လူမှုအဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကူညီခွင့်ပေးရန် အာစီယံမှ မြန်မာအစိုးရအား ဖိအားပေးရန် တောင်းဆိုသည်။
ယမန်နှစ် မေလ ၂ ရက်နေ့တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အသေအပျောက် ၁သိန်း ၄သောင်းခန့်ရှိပြီး လူပေါင်း ၆ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,28th,2009
( 30 )We'll take Bengalis, not Rohingya
( 29 )မြန်မာ့အရေး ဟွေဟင်တွင် စက်ဘီးစီး ဆန္ဒပြ
( 28 )Civic groups barred from Asean meeting
( 27 )Anger as rights activists barred from ASEAN talks
( 26 )Burma claims it will take back Rohingya's
( 25 )ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်
( 24 )လယ်သမားကို ဓါတ်မြေသြဇာ အခမဲ့ ပေးပါလျက် အာဏာပိုင်က ကြားမှ ငွေတောင်း
( 23 )Rights activists barred from talks with ASEAN leaders
( 22 )Myanmar, Cambodia bar rights activists from talks
( 21 )ဘင်္ဂလားဒေ့ရှ် စစ်ရဲတပ်တွင်း ပုန်ကန်မှု ကျန်တပ်များကို ကူးစက်ပျံ့နှံ့
( 20 )Junta to take Rohingya back
( 19 )ASEAN relevancy questioned
( 18 )မူဆယ်တွင် ( ၄၃ ) ကြိမ်မြောက် မဟာသတိပဌာန် ညီလာခံပွဲ ကြီးကျင်းပ
( 17 )နားကောင်းမူး အုပ်စုတွင်း လမ်းပြုပြင်မွမ်းမံ ဒေသခံများ ပိုက်ဆံ သိန်းချီ ထည့်ရ
( 16 )စိတ်ကြွဆေးထုတ်လုပ်မှု မြန်မာပြည် ထိပ်ဆုံး
( 15 )Myanmar's stand on refugees
( 14 )Myanmar to cooperate on Rohingya refugee issue
( 13 )အာဆီယံက မြန်မာကို ဖိအားပေးမည် မဟုတ်
( 12 )တရုတ်မီးသတ်သမား(၅၀၀)ကျော် မြန်မာနိုင်ငံဘက် ၀င်ရောက်မီးငြိမ်းပေး၊ မြန်မာဖက်ခြမ်းတွင် လောင်ကျွမ်းဆဲဖြစ်
( 11 )Activists demand Asean action against Myanmar
( 10 )ကုန်ဈေးနှုန်း၊ နယ်စပ် ကုန်သွယ်ရေး
( 9 )Myanmar curbs cyclone plan ahead of election
( 8 )Asean all at sea over Rohingya problem
( 7 )ပြည်ပ အလုပ်အကိုင်တွေ ရှား၊ အေဂျင်စီ တချို့ရပ်နား
( 6 )Countries threaten boycott on rights talks
( 5 )Independent observer allege abuse of Cyclone Nargis victims
( 4 )လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမည်
( 3 )Production sidetracks raw talent
( 2 )Push boat people back
( 1 )အဓမ္မအလုပ်ခိုင်းစေမှု တိုင်ကြားရေးရုံး မြန်မာနိုင်ငံမှာ ဆက်ထားမည်

Friday, February 27, 2009
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လမ်းလျောက် စကားပြောစက်တွေကို စစ်တပ်ကသိမ်း
Narinjara News
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေသော လမ်းလျှောက် စကားပြော စက်များကို စစ်တပ်က သိမ်းယူနေကြောင်း သတင်း ရရှိသည်။
ယခုကဲ့သို့ သိမ်းယူရခြင်းမှာ အဆိုပါ လမ်းလျှောက် စကားပြောစက်များကို အသုံးပြုပြီး ရဲတပ်သားများက င်္စီးပွားရေး သမားများနှင့် မှောင်ခိုသမားများထံမှာ လာဒ်ငွေ ရှာဖွေနေ၍ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။
သူက “ လမ်းလျှောက်စကားပြောစက်တွေနဲ့ သူတို့က မှောင်ခိုသမားတွေဆီက ပိုက်ဆံ ယူပြီး အကာအကွယ် လုပ်ပေးနေတာမျိုးတွေ ရှိနေတယ်။ တချို့ရဲတွေ ဆိုရင်လည်း မှောင်ခိုသမားတွေဆီက ငွေယူပြီး လမ်းကြောင်း ရှင်းပေးတာမျိုး လုပ်တာတွေလည်း ရှိတယ်။ သူတို့က စကားပြောစက် ကိုင်ထားတော့ ချက်ချင်း သတင်းပို့နိုင်တယ်လေ။” ဟု ပြောသည်။
ရဲတပ်ဖွဲ့ဝင်များ စကားပြောစက်များကို လာဒ်ပေး လာဒ်ယူမူများကြောင့် စစ်တပ်က သိမ်းပိုက်နေသော်လည်း စစ်တပ်အရာရှိများကမူ လာဒ်ပေးလာဒ်ယူမူကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်ဟု သိရသည်။

ဝန်ကြီးအောင်သောင်းအားရိုဟင်စစ်ဆင်ရေး တာဝန်ပေး
NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေချိန်တွင် ပြန်လည်ချေပ နိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
ကိုဝိုင်း သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေတြိဂံ ဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်း ဒေသ အတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှား နေသော မူးယစ်ဂိုဏ်း တခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွား ခဲ့သည်။
ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။
“နအဖ ဘက်က ခမရ ၅၂၆ နဲ့ ၃၅၉။ တိုက်ပွဲက မိုင်းဖုန်းတိုက်နယ်ထဲမှာ ဖြစ်တာ။ သူ့ (စိုင်းနော်ခမ်း) ကို အခုထိ မမိသေးဘူး။ သူနဲ့အတူ အင်အား ၃၀-၄၀ လောက်နဲ့ ပါသွားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။
ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်ကလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာက အမ်တီအေ အကြွင်းအကျန် စိုင်းနော်ခမ်းတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ပဲ ကြားသိရပါတယ်။ အဲဒီ သတင်းကို ဒီလ ၂၂ ရက်လောက်တုန်းက ကြားသိရတာပါ။ ဖြစ်တဲ့နေရာက ရွှေတြိဂံဂွင်ထဲက မိုင်းဖုန်းရဲ့ အပေါ်ပိုင်း ဝမ်းပုံရွာဘေးနားမှာလို့ ပြောပါတယ်” ဟု သူက ပြောသည်။
တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘောတစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။
စိုင်းနော်ခမ်းသည် ယခင်က တာချီလိတ်မြို့ပေါ်တွင် နေခဲ့စဉ်ကတည်းက မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် နီးစပ်ခဲ့သော်လည်း နောက်ပိုင်း၌ မူးယစ်ဆေး အမြောက်အမြားနှင့် လက်နက်များ ဖမ်းမိသွားရာမှ ထွက်ပြေးခဲ့ရသူဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။
ယခုအခါ မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ထိစပ်ရာ ရွှေတြိဂံဒေသ မြန်မာဘက် မိုင်းဖုန်းတိုက်နယ်အတွင်း၌ မူးယစ်ဆေးနှင့် ကုန်သည်များထံမှ ဆက်ကြေး ကောက်လျက်ရှိပြီး သူ၏ လက်နက်ကိုင်များကို ဒေသခံ ရွာသားအများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက် ဝနှင့် မိုင်းလားဒေသများဘက်မှ ထိုင်းနှင့် လာအိုနိုင်ငံများသို့ တင်သွင်းမည့် မူးယစ်ဆေးဝါးများအား မဲခေါင်မြစ်တလျှောက် တရုတ်သင်္ဘောများနှင့် ခိုးသယ်လာလေ့ရှိပြီး၊ စိုင်းနော်ခမ်းတို့အဖွဲ့က ကြိုတင်သတင်းရရှိလျှင် တားဆီး၍ အခွန်ကောက်လေ့ရှိကြောင်း အခွန်မရပါက ပစ်ခတ်လေ့ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။
ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာက ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး စီမံကိန်းများ လုပ်ဆောင်နေသည်။
စိုင်းနော်ခမ်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ်စစ်သင်္ဘောကို ပစ်ခတ်ခဲ့ဖူးပြီး၊ တရုတ်အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်မြန်မာ ရိုဟင်ဂျာပြဿာနာရှောင်နေဟု စွပ်စွဲခံရ
NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေသည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာလာခဲ့သော်လည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာ စစ်အစိုးရ ဖြေရှင်းရမည်ဟု မလေးရှားက တောင်းဆိုထားမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုင်းနိုင်ငံ လာရောက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝ အာဏာရပြီး ပထမဆုံးအကြိမ် လာရောက်သည့် မြန်မာစစ်အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။
ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်လာသည့် အလျောက် မြန်မာစစ်အစိုးရ ဘက်က တစုံတရာ ဖြေရှင်းစေလိုကြောင်း ယမန်နေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ ရေစ့်ယာတင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပင်လယ်မျော ရိုဟင်ဂျာများ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ စစ်အစိုးရဘက်က ပြဿနာကို ရှောင်ရှားနေပုံရသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရအား ပြောဆိုရာတွင် အင်ဒိုနီးရှား နှင့် မလေးရှား ပူးပေါင်းသင့်သည်ဟုပါ ဒေါက်တာရေစ့်က ဆက်လက် ပြောဆိုသည်။
“မြန်မာ စစ်အစိုးရ နားလည်ထားရမှာက ဒီပြဿနာဟာ မြန်မာ ပြဿနာဖြစ်သလို ကျနော်တို့ တတွေရဲ့ ပြဿနာလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အားပေး ခံရတယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် တကယ့်အဖြစ်အပျက်ကို ကျနော်တို့ မသိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆို စေချင်ပါတယ်” ဟု ဒေါက်တာရေစ့်က ပြောသည်။
မြန်မာ စစ်အစိုးရဘက်မူ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မယူဆသော်လည်း ပင်လယ်မျော ရိုဟင်ဂျာများအနက် မြန်မာနိုင်ငံမှာ မွေးဖွားသူများဖြစ်ကြောင်း၊ အထောက် အထားပြနိုင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဖို့ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကာာဆစ်က အာဆီယံ အစည်းဝေး၌ သတင်းထောက်များကို ပြောသည်။

မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်းနှင့် ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ
မင်းထက်အောင်
၁၉၉၇ ခုနှစ် ဧပြီလမှစ၍ ၁၉၉၈ခုနှစ်ဖေဖော်ဝါရီလအထိK.T.D Kanchanaburi Tavoy Development နှင့် K.L.N Kyaw Lynn Naing ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းပိုင်းဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်မှ ထားဝယ်မြို့အရှေ့ဘက်မေတ္တာကျေးရွာအထိ (ယခုမေတ္တာမြို့နယ်ခွဲ) ကားလမ်းအူကြောင်း လမ်းကြမ်းကို စတင်ဖောက်လုပ်ခဲ့ကြသည်။
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလလယ်တွင် K.T.D နှင့်K.N.Lကုမ္မဏီတို့ ဒေသအတွင်းလုံခြုံမှုမရှိဟုအကြောင်းပြကာ ကားလမ်းဖောက်နေမှုများကို ယာယီရပ်ဆိုင်းပစ်ခဲ့ကြသည်။သို့သော်လည်း ၁၉၉၈ မှ ၂ဝဝ၄ ခုနှစ်အထိ ကမ်းရိုးတမ်းဒေသတိုင်း စစ်ဌာနချုပ် (ကရခ) အစီအစဉ်ဖြင့် မြန်မာနယ်စပ်အတွင်းပိုင်းရှိ လမ်းကို ဒေသခံများ လုပ်အားပေးခေါ်ယူ၍၎င်း၊ ရဲဘက်အကျဉ်းသား လုပ်အားများဖြင့်၎င်း၊ ချောဆွဲခေါ်ယူခဲ့သည့် ပေါ်တာလုပ်အား များဖြင့်၎င်း ပြုပြင်ဖောက်လုပ်ခဲ့ပြီး ရှေ့တန်းတပ်များအတွက် ကါးများဖြင့် ရိက္ခာများပို့ပေးနိုင်ခဲ့သည်။
၂ဝဝ၄ -၂ဝဝ၆ ခုနှစ်များအတွင်း ကရခခွင့်ပြုချက်ဖြင့် ထိုင်း K.T.D ကုမ္မဏီသည် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ “မယ်တမီ” နယ်စပ် လမ်းကြောင်းမှတဆင့် ထားဝယ်မြို့နယ်အရှေ့တောင်ဘက် “အမိုး” ကျေးရွာအထိ ကီလိုမီတာ ၂ဝခန့်် ကားလမ်းကြမ်းကို ဖောက်လုပ်ပြီးစီးခဲ့သော်လည်း မိုးရာသီတွင်ယာယီရပ်ဆိုင်းခဲ့ပြန်သည်။
ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်း ဖောက်လုပ်မှုစီမံကိန်းကြီး အထမြောက် အောင်မြင်မှုမရှိ ဖြစ်နေရခြင်းမှာ ထိုင်းအပေါ်ထားရှိသည့် နအဖ၏မရိုးသားမှုကို လက်တွေ့သက်သေပြနေသည်ဟု ဆိုရပေမည် ။ ထိုင်းနိုင်ငံအပေါ်ထားရှိသည့် သဘောထားမမှန်ကန်နေသည်ကို ထိုင်းကုန်သည်များက ထိုင်းအစိုးရကိုထောက်ပြနေကြပါသည်။ ဤစီမံကိန်းကြောင့် အနာဂါတ်ကာလတွင် ထိုင်းအစိုးရ ရရှိလာမည့် အကျိုးအမြတ်ကို တွက်ဆမိပြီး နအဖ မနာလိုဖြစ်နေဟန်တူသည်။
စီမံကိန်းကြီးမစတင်မီတွင် ထိုင်းအစိုးရထံမှ နအဖတို့ ငွေများချေးယူရာ မအောင်မြင်ခဲ့ပါ။ သို့သော် နအဖကို ချေးငွေများ ထုတ်ချေးပေးခဲ့သော စင်ကာပူနိုင်ငံအစိုးရကို မျက်နှာသာပေးပြီး ဤစီမံကိန်းကြီး နှောက်နှေး ကြံ့ကြာစေရန် အချိန်ဆွဲနေခြင်းလည်းဖြစ်နိုင်ပါသည်။ ဤစီမံကိန်းကြီး ပြီးမြောက်ပါက ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ပင်လယ်ရေနက်ဆိပ်ကမ်းတခုပေါ်ပေါက်လာမည်ကို မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ မလိုလားကြပေ။ နအဖကို ချေးငွေများထုတ်ချေးပေးခြင်း၊ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းများတို့ကို အကြွေးစနစ်ဖြင့် ရောင်းချပေးသောကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတွင် မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ကို နအဖက ပိုမိုဦးစားပေးနေသည် တွေ့ရှိရသည်။ လက်ရှိထိုင်းနိုင်ငံ ပင်လယ်ပြင် ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများတွင် စင်ကာပူနိုင်ငံရှိ ရေနက်ဆိပ်ကမ်းနှင့် မလေးရှားနိုင်ငံရှိ “မာလာကာ” ရေလက်ကြားကို အားထားနေရပြီး ထိုင်းတို့ ကိုယ်ပိုင်ရေနက်ဆပ်ကမ်းတခု တည်ဆောက်နိုင်ပါက မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ကို အားထားစရာမလိုတော့ပါ။ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ အရှေ့တောင်အာရှဒေသတွင်း ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ၌ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ကို ရင်ဘောင်တန်းယှဉ်ပြိုင်လာနိုင်တော့မည်ဟု ထိုင်းတို့ မျှော်လင့်ယုံကြည် နေကြသည်။
ဤကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီး ဖောက်လုပ်ရေးစီမံကိန်းကြီးကြောင့် ကရခမှ KNU တပ်မဟာ(၄)ဌာနချုပ်နှင့် မြိတ်ထားဝယ်ခရိုင်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ KNU ထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်သန်းသွားရသည့်အတွက်ကြောင့် ကရခသည် တပ်မ(၅၅) အကူအညီကိုရယူကာ ၉၊၂၊ ၁၉၉၇ ရက်နေ့တွင်စတင်တိုက်ခိုက်ပြီး KNU တပ်မဟာ(၄)ဌာနချုပ် “မယ်တမီ” စခန်းအပါအဝင် တပ်မဟာ(၄)ကွပ်ကဲမှုအောက် တပ်စခန်းများ အားလုံးကို ၂၆၊ ၂၊ ၁၉၉၇ ရက်နေ့တွင် အပြီးအပိုင်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။
ကရခ၏ ထိုးစစ်များကြောင့် စစ်ဆင်ရေးၟဧရိယာ ကျရောက်နေသော ထားဝယ်ခရိုင် အရှေ့ဘက်နယ်စပ် ဒေသကျေးရွာများကို ကရခမှရွှေ့ပြောင်းပစ်ခဲ့ရာ ၉၊၂၊ ၁၉၉၇ ခုနှစ်မှ ယနေ့(၁၂)နှစ်တာ ကာလအတွင်း ၎င်းမူရင်းကျေးရွာများသို့ ပြန်လည်နေထိုင်ခွင့်မရကြသေးပေ။ စစ်ဆင်ရေးလမ်းကြောင်း တလျှောက်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံများ ထိုင်းနယ်စပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့
ကြရသည်။ ဒေသခံများမှာ ယနေ့အချိန်အထိ ထိုင်းနိုင်ငံ၊ လှချဘူရီခရိုင်၊ စွန်ဖီးမြို့နယ်၊ သကိုးလန်းကျေးရွာ အနီးရှိ “ထန်းဟင်” ဒုက္ခသည်စခန်းနှင့် ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ “တွန်းယံ”ဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင်နေကြရဆဲဖြစ်ပြီး အချို့မှာ UNHCR ၏အစီအစဉ်ဖြင့် တတိယနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင် ခဲ့ကြရပါသည်။
ဤ ကန်ချနပူရီ- ထားဝယ် ကားလမ်းစီမံကိန်းသည် ၁၉၉၇ခုနှစ် ဖေဖော်ဝါရီလ၂၆ မှ ယနေ့အချိန်အထိ ၁၂ နှစ်တိတိ ကာလတွင် ထိုင်းဘက်မှမြန်မာနယ်စပ်အတွင်းပိုင်း ကားလမ်းကီလိုမီတာ ၂ဝ ခန့်သာ ဖောက်လုပ်နိုင်ခဲ့သည်၊ မပြီးဆုံသေးသည့် ပြည်တွင်းစစ်ကြောင့် နယ်မြေမတည်ငြိမ်မှုနှင့် ရေရှည်ကာလတွင် လုံခြုံရေးအစီအမံများ မပြုလုပ်နိုင်၍ အပြီးသတ် မအောင်မြင်နိုင်သည်ကို နအဖအနေဖြင့် အခြေအနေမှန်များ သိနားလည်သော်ငြား ထိုင်းတို့ထံမှ ငွေများနှိုက်ယူကာ အလုပ်တန်လန်းဖြစ်စေပြီး မီးစင်ကြည့်ကသည့် ပေါ်လစီကို သုံးနေပါသည်။ ထိုင်းတို့ အခက်ကြုံလေ နအဖတို့ သဘောတွေ့လေဖြစ်သည်။ ဤသည်မှာ ခေတ်အဆက်ဆက်က မြန်မာအစိုးရများကဲ့သို့ပင် နအဖက ထိုင်းအပေါ်ထားရှိသည့် လက်ရှိမူရင်းသဘောထားကို ပေါ်လွင်ထင်ဟပ်စေပါသည်ဟု ဆိုပါရစေ။
မင်းထက်အောင်
အထက်ပါစစ်ဆင်ရေးကာလတွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ကျေးရွာများသို့ အတင်းပြောင်းရွေ့ခံခဲ့ရသည့် ကျေးရွာများ
၁။ ကမိကျေးရွာ၊ အိမ်ခြေ ၃၇ ၊ လူဦးရေ ၂၂၈ ဦး၊ ညောင်တုံးကျေးရွာသို့ရွေ့ပြောင်း၊
၂။ ကျေးသားအင်းကျေးရွာ၊ အိမ်ခြေ ၅၇ ၊ လူဦးရေ ၃၂ဝ ဦး၊ သဗြုချောင်းကျေးရွာ သို့ရွေ့ပြောင်း၊
၃။ ကြံတလုံးကျေးရွာ ၊ အိမ်ခြေ ၂ဝ၊ လူဦးရေ ၇ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊ ၊
၎။ ခေါင်းဆေးချောင်းကျေးရွာ ၊ အိမ်ခြေ ၃၅၊ လူဦးရေ ၂၁၄ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊
၅။ ကလစ်ကြီးကျေးရွာ ၊ အိမ်ခြေ ၅၇၊ လူဦးရေ ၂၈၉ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊
၆။ ဆာမူထော်ကျေးရွာ ၊ အိမ်ခြေ ၉ဝ၊ လူဦးရေ ၃၉ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊
၇။ ဆိတ်ကူးကျေးရွာ အိမ်ခြေ ၊ ၇၅၊ လူဦးရေ ၃၂ဝ ဦး ၊ မေတ္တာကျေးရွာ သို့ရွေ့ပြောင်း၊
၈။ ကျောက်တွင်းကျေးရွာ အိမ်ခြေ ၅ဝ၊ လူဦးရေ ၂၄၆ ဦး၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊
၉။ ဖွတ်လက်တိုကျေးရွာ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅ဝ ဦး၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊
၁ဝ။ ပျားသားချောင်းကျေးရွာ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၃ဝ ဦး ၊ ဖောင်းတောကျေးရွာ သို့ရွေ့ပြောင်း၊
၁၉၉၇ ခု KNU တပ်မဟာ(၄)ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ် ကရခနှင့် တပ်မ(၅၅) ကွပ်ကဲမှုအောက် တပ်များ စစ်ဆင်ရေးလမ်းကြောင်းတလျှောက် မီးရှို့ဖျက်ဆီးခဲ့သော ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှ ကျေးရွာများ
၁။ ကနဲဖိုးကျဲကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၄၆ ဦး
၂။ ဘဝရှောင်ကျေးရွာ ၊ အိမ်ခြေ ၂ဝ ၊လူဦးရေ ၁ဝဝ ဦး
၃။ ထီးဖိုးဖလးကျေးရွာ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅ဝ ဦး
၎။ အိုင်ဝိုင်းကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၃၅ဝ ဦး
၅။ ဆင်ဖြူတိုင်ကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၃၃၅ ဦး
၆။ အမိုးကျေးရွာ၊ အိမ်ခြေ ၆ဝ၊ လူဦးရေ ၃၉၆ ဦး
၇။ ထီးထာကျေးရွာ ၊ အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၇၅ဝ ဦး
၈။ အမလာကျေးရွာ ၊ အိမ်ခြေ ၄ဝ၊ လူဦးရေ ၂ဝဝ ဦး
၉။ အထူကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၄ဝ ဦး
၁ဝ။ မောထာကျေးရွာ ၊ အိမ်ခြေ ၅ဝ၊ လူဦးရေ ၂၅ဝ ဦး
၁၁။ ခေါသကကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅ဝ ဦး
၁၂။ မင်းထိုင်ထာကျေးရွာ ၊ အိမ်ခြေ ၂ဝ၊ လူဦးရေ ၉၄ ဦး
၁၃။ မင်းထိုင်ခီးကျေးရွာ ၊ အိမ်ခြေ ၄ဝ၊ လူဦးရေ ၁၈၅ ဦး
၁၄။ ထောင်းမဖြူးကျေးရွာ ၊ အိမ်ခြေ ၇ဝ၊ လူဦးရေ ၃၈၅ ဦး
၁၅။ ထောင်းမမောကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၆၅ ဦး
၁၆။ ခေမာခီးကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၆ဝ ဦး
၁၇။ လေးကဗျာကျေးရွာ ၊ အိမ်ခြေ ၃ဝ၊ လူဦးရေ ၁၅၅ ဦး
အထက်ဖော်ပြပါကျေးရွာများမှာ ကရင်လူမျိုးများနေထိုင်ကြသော ကျေးရွာများဖြစ်ပြီး KNU မြိတ်/ထားဝယ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ခေါသကမြို့နယ်၏ ကွပ်ကဲမှုအောက်ကျေးရွာများဖြစ်ကြသည်။ ထိုစဉ်က ထိုင်းနိုင်ငံသို့အားလုံး ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်ကြလျှက် အချို့မှာ တတိယနိုင်ငံများသို့ ပြောင်းရွေ့သွားကြသည်။
မှတ်ချက်။ ။မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB ၏အစီရင်ခံစာတရပ်ကို မှီငြမ်းပါသည်။

၃၃ နာရီကြာ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ပုန်ကန်မူ ပြီးဆုံးအနည်းဆုံး လူပေါင်း ၃၀ ခန့် သေဆုံးခဲ့
Narinjara News 2/27/2009
၃၃ နာရီကြာ ဖြစ်ပွားခဲ့သော ဘင်္ဂလာဒေခ်ျ့ ရိုင်ဖယ် တပ်ဖွဲ့ ပုန်ကန်မူမှာ ယမန်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပုန်ကန်မူ အတွင်း စစ်တပ်အရာရှိကြီးများ အပါအ၀င် လူပေါင်း ၂၁ ဦးအလောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ထိုအထဲတွင် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့မှ အဆင့်မြင့် စစ်ဘက်အရာရှိ (၉)ဦး၊ ဘင်္ဂလာရိုင်ဖယ် တပ်သား (၇)ဦး၊ အရပ်သား (၄)ဦးနှင့် တခြားအမည် အဆင့်မသိသူ ဘင်္ဂလာရိုင်ဖယ် အဖွဲ့ ၀င် တဦးတို့ ဖြစ်သည်။
တခြား စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀၀ အခြေအနေကိုမူ တိကျစွာ မသိရသေးကြောင်းနှင့် သူတို့မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းများက ဖေါ်ပြသည်။
ယခုအချိန်တွင် ဘီဒီအာရ်ခေါ် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ဌာနချုပ်အား ၀င်ရောက်ထိမ်းသိမ်းထားလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ ၀င်များ က ရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။
ဝန်ကြီးချုပ် ချစ်ခါးဆီးနာမှ ပုန်ကန်သူ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ဝင်များကို လက်နက်ချပြီး မိမိတပ်စခန်းသို့ ပြန်ရန်နှင့် မလိုက်နာကပါ ပြင်းထန်သော ဆိုးကျိုးများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားပြီးနောက် ပုန်ကန်သူများမှာ ဘီဒီအာရ်ဌာနချုပ်မှ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ပုန်ကန်မူ ဖြစ်ပွားရခြင်းမှာ ပုန်ကန်သူများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အငြင်ပွားမူမှ စတင်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် လစာ မလုံလောက်မူနှင့် အထက် အရာရှိများ၏ ဖိနှိပ်မူနှင့် အရာရှိကြီးများ ခြစားမူတို့ အပေါ် ဆန့်ကျင်ရာမှ ပုန်ကန်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပုန်ကန်မူ အတွင်း ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ၏ အကြီးဆုံး Director General မှာသေဆုံးသွားကြောင်း သိရသည်။
ယခုအချိန်ထိ ပုန်ကန်သူ ဘီဒီအာရ် တပ်သား ၄၂ ဦးကို ဖမ်းဆီးထားကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောသည်။

အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့
ဆောင်းရက် ကုန်ခါနီးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ရုတ်တရက် အအေးဓာတ်က ပိုလာတယ်။ မြူတွေဆိုင်းနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းလေးကို တောတွေ တောင်တွေကြားမှာ တွေ့ရမယ်။ တောတောင်အလယ်က ပြားဝပ်နေတဲ့ စခန်းလေးကိုမြင်ရင် ကျမစိတ်ထဲ လွမ်းရမလို၊ ဆွေးရမလိုနဲ့ တမျိုးပဲ ခံစားရတယ်။ အနှစ် ၄၀ ကျော် ဖြတ်သန်းခဲ့ရတဲ့ ကျမဝန်းကျင်နဲ့ လားလားမှမတူတဲ့ ဒီဝန်းကျင်ကို ဒုက္ခသည်အဖြစ်နဲ့ ရောက်နေရတဲ့အဖြစ်က ကျမအတွက် အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။
ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ဒုက္ခသည်ဆိုတာကို တွေးထင်မထားခဲ့ဘူး။ ဒီဘဝကို ကျမက ရွေးချယ်ခဲ့တာ မဟုတ်ဘဲ၊ အခြေအနေတွေက ကျမကို ရွေးချယ်ခဲ့တယ်။
ဒုက္ခသည်စခန်းထဲမှာ ကျမတို့ဘဝတွေကို ဘယ်အချိန်ထိ မြှုပ်နှံထားရမယ်၊ ဘယ်အချိန်မှ တတိယနိုင်ငံ ထွက်ရမယ်၊ ဘယ်အချိန်မှ အမိမြေကို ပြန်ခွင့်ရမယ်ဆိုတာ ဘယ်သိပါ့မလဲ။ ကျမရဲ့ ဘဝတွေကို မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်ဆိုရင် သိပ်များ ကြီးကျယ်သွားမလား။ ကြီးကျယ်တယ်လို့ မထင်ပါနဲ့။ စစ်အာဏာရှင်တံတိုင်းကို ဘဝနဲ့ ရိုက်ချိုးပြခဲ့တဲ့ ဖခင်နဲ့ ခင်ပွန်းသည်တို့ရဲ့ သမီးဘဝ၊ ဇနီးသည်ဘဝနဲ့ မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတာ ကျမအသက် ၄၂ နှစ်တိုင်တဲ့ ဒီကနေ့ အချိန်အထိပါပဲ။
ကျမတို့ဘဝတွေထက် ဆိုးရွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝကလည်း ကြေကွဲနာကျင်စရာ။ တောတောင်ထဲမှာ အိုးအိမ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်အဖြစ် နေနေရတာ ပြည်တွင်းစစ် နှစ် ၆၀ ကျော်တဲ့ ဒီကနေ့အထိပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်လယ်မြေမှာ စိတ်ချလက်ချ စိတ်အေးလက်အေး မနေနိုင်တဲ့ ဘဝတွေ၊ စာသင်ခန်းထဲ ဝင်နိုင်ဖို့ထက် ဗမာစစ်သားမြင်ရင် ပြေးရမယ်ဆိုတဲ့ ဘဝအသိနဲ့ ကြီးပြင်းရတဲ့ ကလေးတွေ၊ မြေကြီးပေါ် ထမင်းပုံပြီး စစ်ပြေးရင်း ပုန်းရင်း စားရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကလေးတွေကို မောင်းထဲထည့်ထောင်း၊ မိန်းမပျိုလေးတွေကို အဓမ္မကျင့်၊ မီးဖိုထဲ အရှင်လတ်လတ် မျက်နှာအပ် အသတ်ခံရသူတွေ အို --- နာကျင်စရာ ကောင်းလိုက်တာ။
ကျောင်းစာသင်ခန်းနဲ့ ဆရာ၊ ဆရာမကို သူတို့ကလေးဘဝမှာ မမြင်ခဲ့ရဖူးတဲ့၊ ပလိုင်းတွေထဲ လွယ်ပိုးပြီး ဆင့်ထက်ကဲ ချီပိုးပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ကြီးပြင်းရတဲ့ သူတို့ မျက်နှာစိမ်းတဲ့သူကို သတိထားဆက်ဆံတတ်တယ်။ စစ်ရေးအမြင်နဲ့ ကြည့်မြင်တတ်သူတွေ ဒုက္ခကို ခံစားရပုံချင်း မတူပေမယ့် ဒုက္ခရောက်ရတာချင်းကျတော့ အတူတူပါပဲ။
ကျမတို့ရဲ့ ဒုက္ခနဲ့ သူတို့ဒုက္ခတွေ ပေါင်းစည်းသွားတော့ ကျမတို့ တသားထဲ ဖြစ်သွားပါတော့တယ်။ သဘာဝတရားကလည်း တောတောင်ရေမြေကို လောကလက်ဆောင်အဖြစ် ပေးပြီး၊ ကျမတို့ ဒုက္ခသည်စခန်းလေးကို သာယာအောင် ဖန်တီးပေးတယ်။
နို့ဖိုးဒုက္ခသည်စခန်းဘေးက တောင်ကြီးကို အဝေးကကြည့်ရင် ကိုယ်ဝန်ဆောင်မိန်းမ ပက်လက်လှန်အိပ်နေသလို မြင်ရမယ်။ ကျောက်တောင်ကြီးရဲ့ထိပ် အဖုအထစ်တွေက သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားမြတ်အသီးလေးအတိုင်း ရှိနေတာလည်း အံ့သြစရာ။
အဲ့ဒီတောင်ကြီးဘေးမှာ သက်ကယ်၊ အင်ဖက်မိုး၊ ဝါးခင်း၊ ဝါးကပ်ကာ အိမ် မည်ကာမတ္တ တဲလေးတွေထဲမှာ ဒုက္ခသည်တွေရဲ့ ဘဝမျိုးစုံ ရှိပါတယ်။ အရောင်အသွေးစုံ၊ ဘဝစုံ၊ ရည်ရွယ်ချက်အစုံနဲ့ စိတ်ကူးတွေကလည်း နို့ဖိုးတောင်ထက် ကြီးပါတယ်။ ညနေစောင်းရင် မြန်မာပြည်ဘက်ကို တဖြေးဖြေး နိမ့်ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ကျမတို့ လွမ်းရပြန်ရော။
မြန်မာပြည်အလွမ်းတွေနဲ့ ကျမတို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့ကို ဒုက္ခသည်စခန်းထဲမှာပဲ ကျင်းပခဲ့ကြတယ်။ မနက်စောစောမှာတော့ စခန်းရုံးထဲမှာ လူတွေ ပြည့်နေပြီ။ ရိုးသားပွင့်လင်း ကရင်လူမျိုးတွေ ရိုးရာအဝတ်အစားတွေနဲ့ လှပတင့်တယ်နေကြတယ်။ စင်ပေါ်မှာတော့ ဖားစည်ပုံပါတဲ့ ကရင်အမျိုးသားအလံက ဝင့်ဝင့်ကြွားကြွား။
ကရင်အမျိုးသားကြီးတွေက လွယ်အိတ်လွယ်သူ၊ ခေါင်းပေါင်းပေါင်းသူနဲ့ ဆေးတံကိုက်သူကိုက် လွတ်လွတ်လပ်လပ် ထိုင်နေကြတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်နေတဲ့ ကရင်အဖိုးအိုက ကရင့် တော်လှန်ရေးသမားဟောင်းကြီးလို့ ပြောပါတယ်။ အသက်အရွယ်နဲ့အမျှ စူးရှတောက်ပတဲ့ မျက်ဝန်းတွေကလည်း ကရင့်တော်လှန်ရေး မပြီးဆုံးသေးဘူးလို့ ပြောနေသရောင်။
ကရင်အမျိုးသားနေ့အတွက် အခမ်းအနား စတင်တဲ့အခါ စခန်းဥက္ကဋ္ဌ ဦးလှရွှေက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပြုတဲ့ ထိုင်းတော်ဝင် အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ တက်ရောက်လာသူတွေကို “ဝါလေးကေ” လို့ ကရင်လို နှုတ်ဆတ်လိုက်တော့၊ ပရိသတ်ကလည်း “ဝါလေးကေ” လို့ ပြန်နှုတ်ဆတ်လိုက်တာ ခန်းမတခုလုံး ဟိန်းထွက်သွားတယ်။ “ဝါလေးကေ'' ဆိုတာ ကရင်လို ''မင်္ဂလာနံနက်ခင်းပါ” လို့ အဓိပ္ပာယ်ရပါတယ်။
ဦးလှရွှေ မြန်မာလို ပြောတဲ့အထဲမှာ “ကရင်လူမျိုးတွေကို အမြဲတမ်း ဖိနှိပ်သတ်ဖြတ်ညှဉ်းဆဲတဲ့ ဗမာစစ်အစိုးရကို မုန်းသလို ဗမာလူမျိုးတွေကိုလည်း မုန်းခဲ့တယ်။ ကရင်တွေကိုမှ ဗမာစစ်အစိုးရက ညှဉ်းပန်းတာ သတ်ဖြတ်တာလို့ ထင်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်လာတော့မှ ဗမာပြည်သူလူထုပါ သတ်ဖြတ်နှိပ်စက် ခံရတာလို့ သိခဲ့ရတယ်။ ဒါကြောင့် ဗမာနဲ့ ကရင် အတူတူပါပဲ” လို့ ပြောသွားတယ်။
KNU ဗိုလ်ချုပ်မန်းကျော်ဖေကတော့ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်ပုံကို ပြောပြပါတယ်။ အခုတတ်ရောက်နေတဲ့ စခန်းထဲက လူမျိုးစုံတွေကိုမြင်တော့ ပင်လုံ ညီလာခံလားလို့ ထင်မြင်မိတဲ့အကြောင်း စတင်ပြောပါတယ်။
“ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့လို့ ဘာကြောင့် သတ်မှတ်ရသလဲဆိုတော့ ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်မှာ မြန်မာတပြည်လုံး ကရင်လူမျိုး ၄ သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ တောင်းဆိုချက်တွေက (၁) ကရင်ပြည် ချက်ချင်းပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ၊ (၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အလိုမရှိ ဆိုတဲ့ တောင်းဆိုချက်တွေပါပဲ။
ကရင်တွေ သွေးတစက်မှမကျဘဲ ကရင်ပြည်ရအောင် တောင်းမယ်လို့ ခေါင်းဆောင် စောဘဦးကြီးက ပြောခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ကရင်အမျိုးသားတွေ လိုလားတယ် ဆိုတာကို ပြသနေပါတယ်။ ကရင်တွေရဲ့ တောင်းဆိုချက်ကိုကြည့်ရင် အကြမ်းဖက်တာကို မလိုလားပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် ကရင့်အမျိုးသား ငြိမ်းချမ်းရေးနဲ့ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မရှောင်မလွှဲသာ လိုက်ခဲ့ရပါတယ်။ ရွေးစရာလမ်းမရှိလို့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးခဲ့ရတာပါ” လို့ ကြေကြေကွဲကွဲ ပြောသွားပါတယ်။
ဗိုလ်ချုပ်ဆိုပေမယ့် ဘာအဆောင်အယောင်မှ မရှိရှာဘူး။ တင်းတိမ်ရောင့်ရဲမှုတွေ၊ ဖြူစင်မှုတွေသာရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များပါ။
ခေါင်းတွေ ဖွေးဖွေးဖြူနေတဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဗလာဒူးက “ဟိုတုန်းက ကျနော်တို့ ကရင်တွေနဲ့ ဗမာတွေက ၃ နဲ့ ၄ ပါ။ အခုအချိန်မှာ စစ်အစိုးရရဲ့ ဖိနှိပ်ကို အတူခံနေရတဲ့အတွက် ၄ နဲ့ ၃ ဖြစ်သွားပါပြီ” တဲ့။
ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း တိုင်းရင်းသားတွေလည်း ရိုးရာဝတ်စုံတွေနဲ့ ကရင့်အမျိုးသားနေ့ကို တတ်ရောက်အားပေးကြပါတယ်။ တယောက်ကိုတယောက် မှီတွယ်ပေါင်စည်းလျက်ရှိတဲ့ ခွန်အားတွေ၊ စိတ်ဓာတ်တွေက မြစ်ကြီးတခုထဲကို ရေပေါင်းများစွာ ပေါင်းစပ်စီးဆင်း နေသလိုပါပဲ။
ရိုးရာအစားအစာတွေကိုလည်း ပြပွဲလုပ်သွားပါတယ်။ ကရင်လူမျိုးတို့ရဲ့ ရိုးရာအမှတ်အသား အစားအစာဖြစ်တဲ့ “တာလပေါ” ဟင်းကို ကရင်စာသင်တဲ့ ကျောင်းဆရာကြီးက ရှင်းပြတော့ ကျမမှာ အံ့သြချီးမွမ်း တုန်လှုပ်သွားရတယ်။ ပြောတတ်လိုက်တာလို့လည်း နှုတ်က ဖွင့်ဟမိတဲ့အထိပါ။
“ကျနော်တို့ ကရင်လူမျိုးတွေမှာ ဖူလုံတဲ့ အစားအစာနဲ့ မဖူလုံတဲ့ အစားအစာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကို နှိမ့်နှိမ့်ချချ တာလပေါစားကြီးတဲ့ ကောင်တွေလို့ ပြောကြတယ်။ တာလပေါဆိုတာ ဆန်ကိုလှော်ပြီး အသီးအနှံမျိုးစုံနဲ့ ချက်တဲ့ဟင်းကို ပြောတာပါ။ ကျနော်တို့ ဒေသတောင်ယာတွေက ထွက်တဲ့ ဆန်၊ အသီးအနှံတွေ ရောချက်ထားတဲ့၊ ဖူလုံရင်တော့ အသားငါး ထည့်ပါတယ်။ တာလပေါထဲမှာ ကြိမ်ဖူးလည်း ပါပါတယ်။ ကြိမ်ဖူးက ဆိမ့်သက်ပြီး စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဒါကြောင့် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာလပေါထဲကို ကြိမ်ဖူးထည့်ပေးတယ်။ တာလပေါစားပြီး ကရင့်တော်လှန်ရေးကို တိုက်ပွဲဝင်နေကြတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။
တာလပေါစားပြီး အသက်ဆက်ရတဲ့ ကရင့်တော်လှန်ရေးက ကြေကွဲဖွယ်ရာ တာလပေါအကြောင်း နားထောင်ပြီးတော့ ပရိသတ်က ငြိမ်သက်သွားတယ်။
ကျမတို့ ဗမာအစားအစာကတော့ ကြက်သားနဲ့ ဘူးသီး ကာလသားချက်နဲ့ လက်ဖက်ပွဲပါ။ ကြက်သားနဲ့ ဘူးသီးကို အလွယ်တကူမို့သာ ချက်ရတယ်။ ရိုးရာဟင်းတော့ မဟုတ်ပါဘူး။ ရိုးရာမဟုတ်ပေမယ့် ပျော်စရာအဖြစ် ကာလသားတွေ ကြက်ခိုး၊ ဘူးသီးခိုးပြီး အပျော်ချက်စားကြပါတယ်။ ကြက်သားချက်ရင် ဆရာကြီးသော်တာဆွေ ပြောတဲ့ စကားကို သတိရမိပါတယ်။ သဘာဝအလျောက် ပျော်ရွှင်နေတဲ့၊ သေရမယ်မှန်းမသိတဲ့ ကြက်က ပိုချိုတယ်တဲ့။ ဒါကြောင့် ထင်ပါရဲ့၊ တောရွာတွေရောက်လို့ ဆွေမျိုးတွေ ချက်ကြွေးတဲ့ ကြက်သားဟင်းက သိပ်စားလို့ ကောင်းပါတယ်။ ကြက်ဆိုရင် တောင်ပံ၊ ဆီဖူး လူမဦးစေနဲ့လို့ အဆိုရှိပါတယ်။ ကာလသားချက်က ဆီနည်းနည်းနဲ့ အရည်သောက်ဟင်းမို့ ထမင်းမိန်ပြီး စားကောင်းတယ် ဆိုတဲ့အကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသွားပါတယ်။
ဗမာအသင်းတာဝန်ခံ ကိုထိန်လင်းအောင် က ကျမကို လက်ဖက်ပွဲအကြောင်း ပြောပြပေးပါတဲ့။ တာလပေါဟင်းအကြောင်းလို ရသစုံအောင် ပြောနိုင်ဖို့ ကျမဘက်က ကြိုတင်ပြင်ဆင်မထားနိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြောခဲ့ပါတယ်။
တာလပေါအကြောင်း နားထောင်နေတုန်းက ကျမရင်ထဲ ခံစားရပါတယ်။ ဒေသအစားအစာဆိုတာ ကိုယ့်ဒေသထွက်တဲ့ ထွက်ကုန်ပေါ်မှီပြီး အသက်ရှင် ရပ်တည်ကြရတာမို့လား။ တောင်ယာစိုက်ခင်းများမှ၊ ရာသီဥတုကောင်းပါမှ ဒေသခံများ ဖူဖူလုံလုံ စားရတာပါ။ ကျမရောက်ဖူးတဲ့ ပုံတောင်ပုံညာ ယောနယ်ဘက်မှာ ရာသီဥတု မကောင်းလို့၊ စိုက်ပျိုးစရာ တောင်ယာနည်းလို့ သုံးလွန်းတင်စားရတယ် ကြားတော့ ဘာ့လို့ သုံးလွန်းတင်ခေါ်လည်း မေးကြည့်မိတယ်။ ကြွေဥ၊ ပြောင်း၊ ဆန်အနည်းငယ်ရောပြီး ချက်ရတယ်။ ဆန်တမျိုးထဲ မစားနိုင်ပါဘူး။ ဒါကြောင့် သုံးလွန်းတင်လို့ ခေါ်တာပါတဲ့။
ဒီအကြောင်းကို မြန်မာပြည်မှာ စာရေးဖော်ပြခွင့် မရှိပါဘူး။ ဒါ့ကြောင့် တော်တော်များများ ဒီအကြောင်းကို မသိကြပါဘူး။ တကယ်ဆင်းရဲကြသူတွေ ထမင်းနှစ်နပ် စားခွင့် မရှိပါဘူး။ မနက်စာ၊ ညစာ ပေါင်းပြီး တနပ်ထဲ စားရသူတွေ တောရွာတွေမှာတင် မဟုတ်ပါဘူး။ မြို့ပြတွေမှာလည်း ရှိပါတယ်။ အာဟာရခမ်းခြောက်ပြီး ဘဝလမ်းပျောက်နေရတဲ့ ပြည်သူလူထုတွေ မြန်မာပြည်မှာ အများကြီးပါ။
လက်ဖက်ကို ဘယ်အချိန်ကတည်းက စတင်စားသုံးတယ် ဆိုတာကိုတော့ ကျမ မသိပါဘူး။ လက်ဖက်ကတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတင် မဟုတ်ဘဲ ရိုးရာနတ်တင် ကတော့ပွဲပြင်ရင် လက်ဖက်နဲ့ တင်ရပါတယ်။လက်ဖက်ကို ကြားခံ သံခင်း၊ တမန်ခင်းအဖြစ် အသုံးပြုကြတာ မြန်မာ့ရိုးရာဓလေ့လို ဖြစ်နေပါပြီ။ အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်သည်ကို မွန်မြတ်တဲ့ အစားအစာအဖြစ် လက်ဖက်နဲ့ ဧည့်ခံပါတယ်။
ကျေးလက်တွေမှာ တရားတဘောင်ဖြစ်လို့၊ ပဋိပက္ခဖြစ်လို့ တဖက်နဲ့ တဖက် ကျေအေးချင်လို့ ကျေအေးမယ်ဆိုရင် လက်ဖက်ပွဲ ပြင်သွားကြပါတယ်။ လက်ဖက်ပွဲကို တဖက်လူက ဖွင့်စားတယ်ဆိုရင် အမျက်ပြေ ကျေအေးတယ်လို့ ယူဆပါတယ်။
ဒါ့ကြောင့် ကျမတို့ လက်ဖက်ပွဲကို ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်အမျိုးသားများ စားပြီး ဗမာပြည်သူလူထုကို အမျက်ဖြေကြပါ။ ဒီလက်ဖက်ပွဲကို ကြည့်ရင် လက်ဖက်ပွဲလို့ ထင်ကြမယ်။ ရိုးရိုးလက်ဖက် မဟုတ်ပါဘူး။ လက်ဖက်အသားက ရှမ်းပြည်က ထွက်ပါတယ်။ ကြက်သွန်ကြော်၊ နှမ်း၊ ပဲကြော်က ကျမတို့ အညာမြေလတ်က ထွက်ပါတယ်။ ဒီငြုပ်သီးလေးက နို့ဖိုးဒုက္ခသည်စခန်းက ကရင်အမျိုးသမီးလေးတွေ စိုက်ထားတဲ့ ငြုပ်သီးမို့ ကျမတို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု လက်ဖက်ပွဲဆိုရင် မမှားပါဘူး။
ကရင်အမျိုးသားနေ့ကို ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရပေမယ့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အကြောင်းကို သီဆိုတီးမှုတ် ဖျော်ဖြေသွားကြသူတွေက ရခိုင်အမျိုးသားအဆိုတော်၊ တယောထိုးသူက ချင်းအမျိုးသား၊ ဂစ်တာ ဒရမ်တီးသူတွေက ကရင်အမျိုးသားတွေ တပ်မဟာ ၂၄ က တော်လှန်ရေးသမားများ။ ဗမာ၊ ရခိုင်၊ မွန် အမျိုးသားတွေ ဝိုင်းဝန်းသီဆိုသွားပါတယ်။ သီချင်းသံက စခန်းအတွင်းက ပရိသတ်ပါ အားမာန်တက်ကြွ မြူးခုန်ကြတာ မဟုတ်ပါဘူး။ ကောင်းကင်က လမင်းနဲ့ ကြယ်တွေပါ ကခုန်နေကြတာများ ကြယ်တွေဆိုတာ တဖျပ်ဖျပ်နဲ့။
ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်ခဲ့တယ်ဆိုတာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက သက်သေပြခဲ့ပါပြီ။
ကရင့်အမျိုးသားတွေ ငြိမ်းချမ်းရေးကို လိုချင်ပေမယ့် အခြေအနေက လက်နက်ကိုင် တော်လှန်ရေးကို တွန်းပို့ခဲ့တယ်ဆိုတာကို ကျမတို့ နားလည်ခံစားခဲ့ရတဲ့ နေ့ပါပဲ။
ဆက်လုပ်သင့်တဲ့ Credentials Challenge လှုပ်ရှားမှု
မိုးချမ်း
ယနေ့  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေချိန်ဟာ မြင့်တက်လို့လာ နေပါပြီ။ ၂၀၁၀ ရောက်ဖို့  (၁၀) လပဲ ကျန်ပါတော့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့  ဆက်လက်ကျင်းပ သွားမယ် ဆိုရင် ကျနော်တို့  ပြည်သူတွေအားလုံး ရင်တထိတ်ထိတ်နဲ့ နအဖရဲ့ အန္တရာယ်ကို ရင်ဆိုင်ရ တော့မှာ ဖြစ်ပါတယ်။ သေချာတာကတော့ ၂၀၁၀ ကို နအဖ လက်ထဲ မအပ်ဘဲ ကိုယ့်ပြည်သူလက်ထဲ ရောက်ဖို့  အထူးလိုအပ် နေပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက တိုင်းပြည်ဟာ ပြည်သူ့ လက်ထဲ ရောက်ပြီလို့  အများပြည်သူတွေ အနေနဲ့  ယူဆခဲ့ကြတာပါ။ မဲရုံသွားခဲ့တဲ့ (၈၀) ရာခိုင်နှုန်း ထက်မကတဲ့ ပြည်သူတွေက သူတို့အတွက် ကမ္ဘာ့အလယ်မှာ ကိုယ်စားပြုဖို့  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ခေါင်းဆောင်များအဖြစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ နောက်ပိုင်း ပြည်ပရောက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင်များကအစ၊ မြန်မာနိုင်ငံ လွတ်မြောက်ရေး စိတ်အားထက်သန်စွာ ၀င်ရောက်နှိုးဆော်ပေးတဲ့ Activists များကပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကသာလျှင် မဲနိုင်ခဲ့တဲ့ပါတီ ဖြစ်တဲ့အတွက် နအဖက တရားဝင် အာဏာလွှဲပေးရမယ့် တာဝန်ရှိတယ် ဆိုတဲ့အထိ နိုင်ငံတကာမှာ ပြောဆိုခဲ့ရပါတယ်။ အဲဒီကနေတဆင့် နအဖက ဒေါ်စုတို့ နဲ့  Dialogue လုပ်ဖို့  အတွက်ပါ နှိုးဆော်ခဲ့ရပါတယ်။ ပြည်ပမှာ ဒီလို နှိုးဆော်ခဲ့တာ (၁၈) နှစ်ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
၉၀ ရွေးကောက်ပွဲ ပြီးလို့ (၁၈) နှစ်အကြာ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ဦးဆောင်ပြီး ကုလသမဂ္ဂမှာ Credentials Challenge လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ တရားဝင် အစိုးရ မဟုတ်တဲ့ နအဖက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဖြစ်သင့်ကြောင်းနဲ့  ဒါကို ပြန်လည် ဆန်းစစ်ပြီးတော့ တရားဝင် ပြည်သူ့ကိုယ်စား လှယ်နဲ့  အစားထိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကျနော်တို့လည်း ဒီိကိစ္စအပေါ် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်လိုရပါတယ်။ ဘာလဲဆိုတော့ နအဖက ကျနော်တို့ ပြည်သူနဲ့ နိုင်ငံကို တကယ်ပဲ ကိုယ်စားပြုနေသလား။ သူတို့ က မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရလား။ De-facto အစိုးရပဲ ပြောအုံးတော့ သူတို့ အနှစ် (၂၀) လောက် အုပ်ချုပ်ခွင့် ရှိသလား။ ပြည်တွင်း လှုပ်ရှားမှုနဲ့ ကမ္ဘာရဲ့ ဖိအားပေးမှုတွေမရှိခဲ့ရင် နောင်အနှစ်တစ်ရာမက အုပ်ချုပ် ပါလိမ့်မယ်။ ဒါ့ကြောင့် လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဒီလို Credentials Challenge လုပ်ဆောင်ချက်က အရေးကြီးပါတယ်။ ဒီလုပ်ရပ် အောင်မြင်ခဲ့ရင် နအဖခေါင်းဆောင်များ အကျပ်ရိုက်ပြီ ဆိုတာ သေချာသလောက်ပဲ။
မနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးလည်း ရှိနိုင်ပါတယ်။ လွတ်လပ်ရေးလိုချင်ပါတယ်ဆိုတဲ့ ပြည်သူတွေအတွက် မရမချင်း တိုက်ရမဲ့ တာဝန်ဟာ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဆိုတာ အခိုင်အမာ နှလုံးသွင်းထားဖို့လိုပါ လိမ့်မယ်။ ကိုယ့်လူမျိုးအခွင့်အရေး အတွက် တိုက်ခဲ့တဲ့ Martin Luther King၊ တောင်အာဖရိက အရေးမှာ လူမည်း လွတ်မြောက်ဖို့  တိုက်ခဲ့တဲ့ Nelson Mandela၊ အိန္ဒိယ က ဂန္ဒီ တို့ကို စံနမူနာ ယူရဦးမှာ ဖြစ်ပါတယ်။ အကောင်အထည် မဖေါ်ရသေးပဲနဲ့  ရှုံးဖို့ ကို တွေးမနေသင့်ပဲ၊ နိုင်မယ်ဆိုတာ ဘယ်သူကမှ အတပ်မပြောနိုင် ပေမဲ့လို့  အမှန်တရားက ကိုယ့်ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ ကမ္ဘာကငြင်းလို့  မရပါဘူး။
ဒီလိုလှုပ်ရှားမှုဟာဖြင့် အခုမှ စတင်တာ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်းကလည်း UNseat Campaign ဆိုပြီး Free Burma Coalition အဖွဲ့ က လုပ်ခဲ့ပါသေးတယ်။ ဒီလှုပ်ရှားမှုကလည်း Activists များရဲ့  ရှုထောင့်ကနေပြီး ကုလသမဂ္ဂမှာ ထိုင်နေတဲ့ နအဖ သံအမတ်ကို “မြန်မာ” ဆိုတဲ့ ထိုင်ခုံကနေ ဖယ်ရှားဖို့ ဆိုပြီး ကြိုးစားခဲ့တာပါ။ အဲဒီတုန်းကလည်း ထောက်ခံတဲ့လူ တွေရှိခဲ့သလို ငြင်းပယ်တဲ့ လူတွေလည်း ရှိခဲ့သေးတယ်။ ဘာလို့ မထောက် ခံတယ် ဆိုတာ ဃဂဏန မသိခဲ့ရပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးက လက်မခံလို့ ဆိုပြီး ရပ်လိုက်ရပါတယ်။ ဘာဖြစ်လို့  လက်မခံလဲလို့  မေးခဲ့တော့ တိကျတဲ့ အဖြေကို မရခဲ့ပဲ FBC ရဲ့  အထက်က တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်နဲ့  နောက်လိုက်တွေလည်း ရပ်ခဲ့ရပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့  အကြံပြုချင်တာက ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးကလည်း ဖြေရှင်းချက်တွေ ရှိလာနိုင်ပါတယ်။ အားလုံးတိတိကျကျ လေ့လာပြီးမှ ကောက်ချက်ချကြဖို့ လည်း စာဖတ်သူများကို သတိပေးပါရစေ။
တဖန် ယခုပြုလုပ်တဲ့ Credentials Challenge ကျပြန်တော့ ပြည်ထောင်စုမြန်မာနိုင်ငံညွန့် ပေါင်း အစိုးရက “မူအရ” ထောက်ခံတယ်ဆိုပြီး လက်တွေ့ မှာ မထောက်ခံတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်း အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၀၈ သြဂုတ် (၁) ရက် စာရဲ့ နောက်ဆုံး အပိုဒ်မှာတော့ “မြန်မာ့ ဒီမိုကရေစီ အင်အားစုများက နအဖ စစ်အုပ်စု၏ တရားမ၀င်မှုနှင့် မြန်မာပြည်သူတို့အား ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်မရှိခြင်းအား စိန်ခေါ်သည့် လှုပ်ရှားမှုများသည် နိုင်ငံရေးအရ၊ မူအရ မှန်ကန်သော ဦးဆောင်လှုပ်ရှားမှုများအဖြစ် မိမိတို့  အမျိုးသားညွန့် ပေါင်းအစိုးရ က သဘောတူ ကြိုဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်” လို့  ဖေါ်ပြထားပါတယ်။ ဒီလိုဖေါ်ပြထားခြင်းဟာ တကယ်တော့ ကျနော်တို့  အချင်းချင်းလုပ်တဲ့ လှုပ်ရှားမှုကို အားပေးသလိုဖြစ်ပြီး ညီညွတ်ရေးသို့ ဦးတည်စေပါတယ်။ ညီညွတ်ရေးရဖို့ ဆိုရင် လူတစ်ယောက် (၀ါ) တစ်ဖွဲ့  ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို နောက်တစ်ယောက် (၀ါ) တစ်ဖွဲ့ က ထောက်ခံအားပေး သို့ မဟုတ် အသိအမှတ်ပြုမှုကို မလွဲမသွေ လုပ်ရပါလိမ့်မယ်။
Credentials Challenge လုပ်ရခြင်း အကြောင်းကို ကျနော် လေ့လာထားသလောက် အတိုချုံးပြီး တင်ပြလိုက်ပါတယ်။ ကျနော်တို့  CC လုပ်ဖို့  စပြင်ခဲ့တဲ့ အချိန်မှာ ဒီ လှုပ်ရှားမှုနဲ့  ပတ်သက်လို့  နောက်ခံသမိုင်းတွေ၊ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း ပညာရှင်များ နဲ့  ကမ္ဘာ့ ဥပဒေ ပညာရှင်တို့ ရဲ့ မှတ်တမ်းဖေါ်ပြချက်တွေအရ ကုလသမဂ္ဂမှာ ၁၉၄၅-၁၉၉၀ ထိ (၄၅) နှစ် သက်တမ်းမှာ ကြီးကျယ်တဲ့ Credentials Challenge လှုပ်ရှားမှု အနည်းဆုံး (၇) ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှု (၇) ကြိမ်ဆိုရာမှာ တောင်အာဖရိကနိုင်ငံ၊ တရုတ်၊ ဟန်ဂေရီ၊ ကွန်ဂို၊ ယီမင် နဲ့  ကမ္ဘောဒီးယား အရေး (၂) ကြိမ် တို့ပဲဖြစ်တယ်။ ၁၉၉၀-၂၀၀၀ ကြားကာလမှာတော့ Credentials Challenge လှုပ်ရှားမှု (၄) ကြိမ်လောက်ရှိခဲ့တယ်။ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား (တတိယအကြိမ်)၊ ဟေတီ နဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ ပဲဖြစ်ပါတယ်။
ဒီနေရာမှာ တချို့ နိုင်ငံတွေရဲ့ Credentials Challenge နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဘယ်လို ရှိခဲ့သလဲ ဆိုတာ တင်ပြပါ့မယ်။ ကမ္ဘာ့ ဥပဒေ ပညာရှင်တွေ ဖေါ်ပြထားတာကိုပဲ ကိုးကား ဖေါ်ပြ လိုက်ပါတယ်။ အခုလို ဖေါ်ပြလိုက်ခြင်းက CC နဲ့ ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ စဉ်းစား တွေးခေါ်ပုံကို အကျိုးပြုစေလိမ့်မယ်လို့  ထင်ပါတယ်။
ပထမဖေါ်ပြချင်တာကတော့ CC လုပ်ပြီဆိုရင် ကုလသမဂ္ဂမှာ ဘယ်လိုအဆင့်တွေကို ဖြတ်ကျော် ရသလဲပေါ့။ ဒီနေရာမှာ ဗဟုသုတ အဖြစ် ဝေမျှချင်တာက အဲဒီလုပ်ငန်း အဆင့်ဆင့် ဘယ်လို လုပ်ရသလဲဆိုတာ ကျနော်တို့  မြန်မာနိုင်ငံသားတွေ သာမက တခြား ကုလ သံအရာရှိ တချို့လည်း ဃဂဏန နားမလည်တာတွေရှိခဲ့တယ်လို့ သိလိုက်ရပါတယ်။ သူတို့ တွေလည်း ဥပဒေပညာရှင်တွေနဲ့  အမြဲတိုင်ပင် မေးမြန်းကြရတယ်။ ဒါဟာ ကျနော်တို့ အားလုံး စံနမူနာယူရမယ့် အချက်ပါပဲ။ ဘာဖြစ်လို့  လဲဆိုတော့ ကမ္ဘာကြီးမှာ သိသလိုလို နဲ့  မသိတာတွေ အများကြီးရှိတဲ့အတွက် မသိသူက နားလည် တတ်ကျွမ်းတဲ့သူတွေနဲ့  တွေ့ဆုံ မေးမြန်းပြီး ဆွေးနွေးမှ စစ်မှန်တဲ့ အချက်အလက်တွေ ရမှာပါ။ ဒါမှ ကိုယ်က ဆုံးဖြတ်ချက်ချ တဲ့အခါ မှန်ကန်မှု ရာခိုင်နှုန်းအား ပိုကောင်းပြီး ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
CC နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူ ဆုံးဖြတ်ရတဲ့ အဆင့် (၃) ဆင့်ရှိပါတယ်။ စင်ပြိုင်အစိုးရ ပဲဖြစ်ဖြစ်၊ အာဏာရ အစိုးရပဲဖြစ်ဖြစ် မိမိကို တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့  ကုလသမဂ္ဂက အသိအမှတ်ပြုဖို့  ပထမဦးစွာ အထွေထွေအတွင်းရေးမှူးရုံးသို့  တင်သွင်းရပါ တယ်။ ပြီးတော့ ဒီတင်သွင်းချက်ကို ကုလသမဂ္ဂရဲ့ ဥပဒေဘောင်ဝင်မ၀င် အထွေထွေအတွင်း ရေးမှူးရုံးက စစ်ဆေးပြီး ဘောင်ဝင်ရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Credentials Committee သို့ပို့ပါတယ်။ အကယ်၍ ကုလရဲ့ ဥပဒေဘောင်မ၀င်ဘူးလို့  အထွေထွေအတွင်းရေးမှူးရုံးက ဆုံးဖြတ်ခဲ့ရင်တောင်မှ Credentials Committee ထဲပါတဲ့ နိုင်ငံများအနေနဲ့  တောင်းဆို စစ်ဆေးခွင့် ရှိပြီး ဆွေးနွေးလို့  ရပါတယ်။ (Credentials Committee ထဲမှာ နိုင်ငံပေါင်း (၉) နိုင်ငံရှိပါတယ်။ ပုံမှန်အားဖြင့် U.S., China, Russia တို့ ပါဝင်ပြီး ကျန်တဲ့ (၆) နိုင်ငံကိုတော့ တနှစ် တစ်ခါ General Assembly ဆိုတဲ့ အထွေထွေညီလာခံက ရွေးချယ်ပါတယ်။) ပြီးတော့ Credentials Committee ကနေ မဲခွဲ ဆုံးဖြတ်ပြီး ရှုံးရှုံးနိုင်နိုင် တတိယအဆင့်ဖြစ်တဲ့ အထွေထွေညီလာခံသို့  တင်ပြရပါတယ်။ အထွေထွေညီလာခံ အနေနဲ့  ပုံမှန်အားဖြင့် Credentials Committee က ဆုံးဖြတ်တဲ့အတိုင်း လိုက်ပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။ အကယ်၍ ကုလအဖွဲ့ ဝင် အခြားနိုင်ငံတစ်ခုကနေ Credentials Committee ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းမယ်ဆို ငြင်းခွင့် ရှိပါတယ်။ နောက်ဆုံးမှာတော့ ကုလအဖွဲ့ ဝင် အားလုံး တက်ရောက်တဲ့ အထွေထွေညီလာခံကနေ မဲခွဲပြီး ဆုံးဖြတ်ချက်ပေးရပါတယ်။
ယနေ့ အခြေအနေမှာတော့ မြန်မာနိုင်ငံပြည်သူတွေရဲ့  အရေးကို မိမိကိုယ်တိုင် အားကြိုးမာန်တက် မလုပ်ရင်တော့ ဘာရလာဒ်မှ မရှိနိုင်ပါဘူး။ ဆိုလိုတာက ကုလသမဂ္ဂရဲ့ အဆင့်တိုင်းမှာ လမ်းစတွေ ဖွင့်ထားပါတယ်။ ကျနော်တို့မှာ လုပ်မယ်ဆိုရင် တကယ်လုပ် စရာတွေ အများကြီးပါ။ စည်းရုံးရေးက အစပြုပါတယ်။ ယနေ့  မြန်မာ့အရေးမှာ ကျနော်တို့ ဘက်က အမှန်တရားဆိုတာရှိနေရဲ့သားနဲ့ ကမ္ဘာ့အလယ် နအဖကို စိန်မခေါ်ဝံ့ဘူး ဆိုရင် ပြည်သူတွေကို ကျေးဇူးမဆပ်ပဲ လစ်လျူရှု ထားတယ်လို့  ပြောမယ်ဆိုရင် မှားမယ်မထင်ဘူး။
ဥပမာအနေနဲ့  ကုလသမဂ္ဂမှာ Credentials Challenge လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ လှုပ်ရှားမှု တွေကို ကြည့်နိုင်ပါတယ်။ ဥပဒေပညာရှင်တွေ အဆိုအရ ၁၉၉၀ မတိုင်ခင် ကုလသမဂ္ဂ Credentials Committee က တိုင်းပြည်တပြည်ရဲ့အစိုးရလို့  အသိအမှတ်ပြုဖို့ ဆိုရင် အဲဒီအစိုးရက အာဏာ ထိန်းချုပ်ထားနိုင်ရမယ်၊ ပြီးတော့ နယ်မြေရှိရမယ် ဆိုတဲ့ အချက်တွေအပေါ် အဓိကထားပြီး ထောက်ခံဆုံးဖြတ်လေ့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေရှိလာပြီး ၁၉၉၂ ကာလ လောက်က ဖြစ်ခဲ့တဲ့ ဟေတီနိုင်ငံရဲ့ အဖြစ်အပျက်၊ ၁၉၉၆-၂၀၀၀ အတွင်း ဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံရဲ့အဖြစ်အပျက်၊ ၁၉၉၇ ကာလလောက်က ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ရဲ့ အဖြစ်အပျက်တွေကတော့ ကျနော်တို့  လေ့လာအတုယူစရာ သက်သေ အနေနဲ့  ရှိခဲ့ပါတယ်။
အတုယူစရာ သက်သေများအနက် ကျနော် ဟေတီနဲ့  ကမ်ဘောဒီးယားနိုင်ငံ တို့ရဲ့ အဖြစ်အပျက်ကို အနည်းငယ် ဝေမျှလိုက်ပါတယ်။ ဘာလို့  ဒီနှစ်နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ရွေးချယ်ရသလဲ ဆိုတော့ သူတို့ ဟာ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့  ခပ်ဆင်ဆင် ဖြစ်နေခဲ့ပြီး၊ ကုလသမဂ္ဂ Credentials Committee ရဲ့တုံ့ပြန်ချက်များကို နားလည်ထားခြင်းအားဖြင့်လည်း မြန်မာ့အရေး အတွက် အကျိုးပြုတန်ကောင်း၏ ဆိုပြီး တင်ပြလိုက်ပါတယ်။
၁၉၉၁ စက်တင်ဘာ လောက်မှာ ဟေတီနိုင်ငံရဲ့ စစ်ဗိုလ်ချုပ်တဦးဟာ ပြီးခဲ့တဲ့ ၁၉၉၀ ဒီဇင်ဘာလ တုန်းက ဒီမိုကရေစီနည်းနဲ့  ပြည်သူလူထုက တင်မြှောက်ခဲ့တဲ့ သမ္မတ ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) ကို ဖယ်ပြီး အာဏာသိမ်း လိုက်ပါတယ်။ နောက်တော့ အာဏာသိမ်းခံ ရတဲ့ သမ္မတဟာ ပြည်ပသို့  ထွက်ပြေးခဲ့ရ ပါတယ်။ အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ် ကတော့ ဟေတီနိုင်ငံကို ဆက်လက် ဖိနှိပ်အုပ်ချုပ်ပါတယ်။ လက်ရှိ မြန်မာ နအဖလို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဟေတီ အာဏာရှင်တွေဟာ ကုလသမဂ္ဂက သူတို့ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တင်ပြခဲ့ရာမှာ Credentials Committee က လက်ခံဖို့  ငြင်းဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်အတွင်း အမေရိကန် သမ္မတ ကလင်တန် က ကုလသမဂ္ဂနဲ့ ပေါင်းပြီး ဟေတီအာဏာရှင်နဲ့ ပြည်ပရောက် သမ္မတ တို့ကို ညှိနှိုင်း ပေးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၉၄ ဇူလိုင်လမှာ ဟေတီပြည်သူတွေ ဟာ ပိုပြီး ဖိနှိပ် ခံရတာက တကြောင်း၊ စစ်အာဏာရှင်တွေက ကုလသမဂ္ဂနဲ့ မပူးပေါင်းတာက တကြောင်းတို့ကြောင့် လုံခြုံရေးကောင်စီက ကုလပြဋ္ဌာန်းချက် အခန်း (၇) ပါ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တနည်းအားဖြင့် ဟေတီ အာဏာရှင်တွေက ပတ်ဝန်းကျင် ငြိမ်းချမ်းရေးကို ထိပါးလာပြီး ရန်လိုသူအဖြစ် သတ်မှတ်ခံရလို့ လုံခြုံရေး ကောင်စီက နိုင်ငံတကာ စစ်အင်အားတွေ စုစည်းဖို့ ဆုံးဖြတ်ချက်ပေးခဲ့ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဟေတီကို ၀င်ရောက်ခဲ့ပါတယ်။ ပြည်ပရောက် ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) လည်း ၁၉၉၄ အောက်တိုဘာမှာ သမ္မတအဖြစ်နဲ့  ဟေတီနိုင်ငံကို ပြန်လည် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။
ဆက်လက်ပြီး ကမ္ဘောဒီးယား အနေအထားကို တင်ပြပါ့မယ်။ ၁၉၉၇ တုန်းက ကမ္ဘောဒီးယား နိုင်ငံက သူ့ ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ တင်သွင်းခြင်းနဲ့  ပတ်သက်ပြီး တတိယအကြိမ် အငြင်းပွားခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရအဖြစ် တင်သွင်းတာ နှစ်ဖွဲ့ ဖြစ်နေလို့ ပါပဲ။ Ranariddh’s Royalist Party နဲ့  Hun Sen’s CCP ဆိုတဲ့ နှစ်ဖွဲ့  က ကုလသမဂ္ဂအနေနဲ့ သူတို့ကို အသိအမှတ်ပြုဖို့  အပြိုင်တင်သွင်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံက Ranariddh ကိုထောက်ခံခဲ့ပြီး၊ Hun Sen ကိုတော့ အတင်းအဓမ္မ အာဏာလုယူမှုကြောင့် ဆန့်ကျင် ခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာက Credentials Committee အနေနဲ့  ကမ္ဘောဒီးယား ကိစ္စကို စဉ်းစားပြီး အထွေထွေ ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ “တစ်ဖွဲ့ ကိုမှ အသိအမှတ်မပြုဘဲ (၅၂) ကြိမ်မြောက် ညီလာခံမှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ ထိုင်ခုံကို မည်သူမှမထိုင်ရ” ဆိုပြီး ဆုံးဖြတ် လိုက်ပါတယ်။ နောက်တော့ နှစ်ဖွဲ့ လုံးက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၁၉၉၈ ဒီဇင်ဘာမှာ Credentials Committee ရဲ့ ထောက်ခံမှုနဲ့  အထွေထွေညီလာခံက ကမ္ဘောဒီးယား နိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်ညွန့်ပေါင်းအစိုးရကို လက်ခံလိုက်ပါတယ်။
ဒီတော့….မြန်မာ့အရေး ပြန်ကြည့်မယ်ဆိုရင် လောင်းကစားသမားလို ရှုံးမယ်၊ နိုင်မယ် ဆိုတဲ့ အပေါ်ကြည့်ပြီး နိုင်ငံရေးမလုပ်သင့်ပါဘူး။ ဒီလိုသာစဉ်းစားပြီးလုပ်ရင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ချင်မှ ဖြစ်မှာပါ။ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ လည်း လက်နက်ချရတော့မယ့် ကိန်းဆိုက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထား“ တဲ့။ ဦးဝင်းတင်ကလည်း ထွက်ပေါက်ကို ရှာဖို့ထက် “ဖေါက်ထွက်” ကြလို့  မှာပြီးပြီ။ တဖန် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားကို ထပ်သုံးပြီး နိုင်ငံနဲ့  ပြည်သူအတွက် “ပြတ်ပြတ်သားသား” ဆောင်ရွက်ကြတဲ့။ ခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံပြီး ကျနော်တို့မှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့အတွက် တွေဝေနေမှုကို ရပ်သင့်ပြီ။
ယနေ့  နအဖ အကြောက်ဆုံးက ကျနော်တို့ ရဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားလား။ စဉ်းစားစရာပါ။ ဒါပေမယ့် သေချာတဲ့ သူတို့ အကြောက်ဆုံး အချက်တစ်ချက်က ကျနော်တို့ အားလုံး ညီညွတ်မယ့်အရေးပဲ ဖြစ်ပါတယ်။ သူတို့  ရင်တုန်မယ့်လုပ်ရပ်မျိုးကို ကျနော်တို့  အကောင်အထည် မဖေါ်နိုင်သမျှ နအဖက ဒိုင်ရာလော့ခ် (Dialogue) မလုပ်သလို ဘယ်သူ့ ကိုမှ ဂရုမစိုက်ပါဘူး။
မြန်မာ့လွတ်မြောက်ရေး ရဖို့ဆိုတဲ့နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နိုင်မှ အံကိုက်ဖြစ် လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နအဖနဲ့  စကားပြောဖို့တောင် ဖိတ်ခေါ်ထားတယ်။ ကျနော်တို့ အချင်းချင်း နောက်ကျော ဓါးနဲ့ ထိုးဖို့ထက် ညီညွတ်ရေးကို တည်ဆောက်သင့်ပါတယ်။ သဘောထားကြီးကြဖို့ အချိန်တန်ပါပြီ။
သီးလေးသီးနဲ့  မြပုဏ္ဏမာအငြိမ့် ပြောခဲ့တဲ့ နအဖရဲ့ မူနှစ်ရပ် “အခုတစ်မျိုး၊ တော်ကြာတစ်မျိုး” ဆိုတဲ့အတိုင်း ကျနော်တို့  မပြုလုပ်မိဖို့  အထူးသတိထားရပါလိမ့်မယ်။ တကယ်တော့ Credentials Challenge လုပ်ရပ်ကို ၁၉၉၀ နဲ့  အစောပိုင်းကာလ ကတည်းက လုပ်သင့်တာ ပါ။ အတိတ်မှာ မလုပ်နိုင်ခဲ့ပေမယ့် ယခုတော့ Credentials Challenge ကိစ္စကို နိုင်ငံရေးနဲ့မူ အရ ထောက်ခံတယ် ဆိုရင် လက်တွေ့မှာလည်း ထောက်ခံဖို့  အရေးကြီးပါတယ်။ လက်တွေ့ မှာ ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖေါ်ဖို့  အခက်အခဲရှိခဲ့ရင်လည်း လုပ်ဆောင်နိုင်မယ့် သူတွေကို အားပေးသင့်၊ ထောက်ခံပေးသင့်ပါတယ်။ ထောက်ခံတယ် ပြောပြီး မထောက်ခံ သလိုလုပ်တော့ ချို့ယွင်းနေတဲ့ တော်လှန်ရေး ပိုလို့တောင် ပျက်စီးရပါတယ်။ ကျနော်တို့ Next Generation တွေရဲ့ မျက်နှာများနဲ့ ရင်သွေးအသစ်တို့ရဲ့ ဘ၀ကောင်းစားရေး ရှေးရှုပြီး အခြားသော မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုများနဲ့အတူ Credentials Challenge ကို ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လေးစားရတဲ့ ပြည်သူလူထုကို အသိပေးရင်း ပြည်ပရောက်ခေါင်းဆောင်များအား တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,27th,2009
( 48 )သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း
( 47 )Rohingya 'a regional problem'
( 46 )နစ်မြုပ်နေသော သင်္ဘောပျက်များကို စစ်တပ်က ရှာဖွေ
( 45 )Rohingyas to be sent back
( 44 )ရိုဟင်ဂျာ မဟုတ်ဘူး။ ဘင်္ဂါလီ ဟု နိုင်ငံခြားရေး ၀န်ကြီးပြော
( 43 )New Report Slams Junta for Nargis ‘Crimes’
( 42 )၀ တွေကို မှတ်ပုံတင် ထုတ်ပေး
( 41 )Global Fund Discusses Possible Return to Burma
( 40 )အိုင်အယ်အိုနှင့် စစ်အစိုးရနား လည်မှုစာချွန် သက်တမ်းတနှစ်တိုး
( 39 )Wa Receive Permanent Identity Cards
( 38 )မြန်မာ့အရေး ယှဉ်ပြိုင် အာဆီယံအဖွဲ့ ဆွေးနွေး
( 37 )People's Militia Guards Border
( 36 )စစ်အစိုးရနှင့် ILO သဘောတူ စာချုပ် သက်တမ်းတိုး၊ ILO အရာရှိနှင့် ဆက်သွယ်မေးမြန်းချက်
( 35 )Will US Oil Companies Return to Burma?
( 34 )သိမ်းဆည်းထားသောမော်တော်ကားများ မော်လမြိုင်မြို့တွင်လေလံတင်ရောင်းမည်
( 33 )Strong Kyat Hits China Border Trade
( 32 )Asean Human Rights Body Lacks Power to Punish
( 31 )မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဆွေးနွေးရန် အာဆီယံကို အေအိုင် တောင်းဆို
( 30 )လူ့အခွင့်အရေး ချိုးဖောက်သည့် မြန်မာ စစ်အစိုးရကို အမေရိကန် ပြစ်တင်ရှုတ်ချ
( 29 )Myanmar offers to take Rohingya boat people back with conditions
( 28 )ကျိုက်ထိုမှာ မီးလောင်
( 27 )Asean's human rights body
( 26 )မြန်မာနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် ပြုလုပ်သူနည်းပါးလာ
( 25 )Myanmar keen on Vietnam market, investments
( 24 )မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နှစ်ဦး၏ အုတ်ဂူ၌ အမှတ်တရ ရုပ်ပုံကပ်
( 23 )Myanmar junta slammed over cyclone response
( 22 )မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင်
( 21 )Push back Rohingya refugees
( 20 )Myanmar PM leaves for ASEAN summit in Thailand
( 19 )Myanmar gov't, ILO extend supplementary understanding on forced labor affairs
( 18 )Burma blocked aid supplies
( 17 )Asean parliamentarians urge action on Burma
( 16 )အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်
( 15 )Malaysia wants Myanmar to be open about refugee problem
( 14 )‘Positive Signals’ From Myanmar
( 13 )Burmese election will be a sham and change nothing
( 12 )မဲဆောက်တွင် မြန်မာ အလုပ်သမားများကို ထိုင်းအာဏာပိုင်က ဖမ်းဆီး
( 11 )မြစ်ကြီးနားထောင်၌ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ဟု လွတ်လာသူပြော
( 10 )Boat people to be sent back to Myanmar and uncertain fate
( 9 )မြန်မာနိုင်ငံနှင့် ဆက်ဆံခွင့် အမေရိကန် လက်မလွှတ်သင့်
( 8 )Asean urged to press Myanmar and protect refugees
( 7 )အဖွဲ့ချုပ် မတ္တရာမြို့နယ် ဒု-ဥက္ကဌ ခန္တီးထောင်မှ ပြန်လွတ်
( 6 )Warm welcome in Phoenix after jungles, wire fences
( 5 )မြန်မာနိုင်ငံ လူ့အခွင့်အရေး အာဆီယံ အလေးထားဆွေးနွေးမည်
( 4 )Human rights groups urge ASEAN to take action over Myanmar
( 3 )အိမ်မဲတွင် အာဏာပိုင်များ အဖွဲ့ချုပ်ဝင်များကို ခြိမ်းခြောက် သတိပေး
( 2 )Human rights an urgent issue for summit leaders
( 1 )စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်မှု အမေရိကန် အပြင်းအထန် ဝေဖန်

Thursday, February 26, 2009
မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ ကျော် ဖမ်းဆီးခံရ
သီတာထွန်း ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် တရားမ၀င်အလုပ်သမားများကို ထိုင်းဒေသခံ အာဏာပိုင်များက အထူးစီမံချက်အနေဖြင့် စစ်ဆေးဖမ်းဆီးရာ ယနေ့နံနက်တွင် မြန်မာအလုပ် သမား (၆၀၀) ကျော် ဖမ်းဆီးခံခဲ့ ရသည်။
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်နေသူ ကိုမိုးကြိုးက ယခုလို ပြော သည်။
“အလုပ်သမားလက်မှတ်၊ နေထိုင်ခွင့်လတ်မှတ်မရှိတဲ့ မြန်မာပြည်သား (၆၀၀) ကျော်လောက် အဖမ်းခံ ရတယ်လို့ ကျနော်သတင်းရပါတယ်၊ အဓိကကတော့ မဲဆောက်မြို့ရဲ့ အရပ်လေး မျက်နှာနဲ့ ဖုတ်ဖရ မြို့နယ် နောက် မယ်ရမတ်မြို့နယ်၊ အဲဒီမြို့နယ်နှစ်ခုမှာ ဖမ်းဆီးခံရတာ ဖြစ်ပါ တယ်၊ မနေ့တုန်း ကဖမ်းတဲ့ အဖမ်းအဆီးဖြစ်ပြီးတော့ မဲဆောက်ကတော့ ဒီနေ့မှ အဖမ်းအဆီး ကြမ်းတဲ့အနေအထားပါ။”
မဲဆောက်မြို့တွင် တရားမ၀င်အလုပ်သမားများကို ရာနှင့်ချီဖမ်းဆီးမှုပြုလုပ်ရာတွင် ယခုနှစ် ဆန်းပိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်ဟု ကိုမိုးကြိုးက ပြောသည်။
ယခုဖမ်းဆီးမှုတွင် ယခင်ကနှင့်မတူဘဲ နံနက်ငါးနာရီခန့်တွင် မြန်မာအလုပ်သမားများ နေထိုင်ရာ နေရာများကို အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မဲဆောက်မြို့ရှိ မြန်မာနိုင်ငံ သား တဦးက ပြောသည်။
“တန်းလျားတွေလိုက်ဖမ်းတယ်ဆိုတော့ ပါကုန်တာပေါ့၊ တန်းလျားလူရှိသလောက်ပေါ့၊ ကလေးအမေ တွေ၊ အဖွားကြီးတွေဘာမှမကျန်ဘူး၊ အကုန်ဖမ်းတင်သွားတယ်၊ အခုက ပိုကြမ်း လာတယ်၊ ဘယ်လို ကြမ်းလည်း ဆိုတော့ အစတုန်းကဆို ဒီကလေးအမေတွေ၊ အဖွားကြီးတွေ ဘာတွေ မခေါ်ဘူး၊ အစ တုန်းကဆို ဒီလိုမျိုးကားနဲ့ ဘာနဲ့လိုက်မဖမ်းဘူး၊ သူတို့ကားနဲ့ပဲ လာတယ်၊ သူတို့ဖမ်းတယ်ပေါ့၊ ခုကျတော့ ဆိုင်ကယ်လည်းပါတယ်၊ လူတွေလည်း အများကြီး ပါတယ် ပုလိပ်တွေလည်း၊ အယောက် နှစ်ဆယ်လောက်ပါတယ်”
စက်ရုံ၊ အလုပ်ရုံများကိုမူ ၀င်ရောက်ဖမ်းဆီးခြင်းမပြုဘဲ တန်းလျားများ၊ အိမ်များနှင့် လမ်းပေါ်တွင်သာ ဖမ်းဆီး နေခြင်းဖြစ်သည်။
အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်လည်း ယမန်နေ့ နံနက်ငါးနာရီ အချိန်ခန့်တွင် တန်းလျားအချို့ကို ၀င်ရောက်ဖမ်းဆီးမှုများရှိနေပြီး အချို့ရပ်ကွက်အတွင်းတွင် ယခုလ (၂၅) ရက်နေ့ နောက်ဆုံး ထားပြီး မြန်မာအလုပ်သမားများရှိပါက ရပ်ကွက်ရုံးသို့ လာရောက် အသိပေးရန် အသံချဲ့စက်ဖြင့် နေ့စဉ် နှိုးဆော်နေသည်။
အသိမပေးသူများကို စစ်ဆေးတွေ့ရှိပါက လက်ခံသူအိမ်ရှင်အား ဒဏ်ငွေ ငါးသောင်းနှင့် ထောင်ဒဏ် ငါးနှစ် အရေးယူမည်ဟုလည်း ကြေငြာသောကြောင့် အခန်းပိုင်ရှင်အချို့မှာ ငှါးရမ်းနေထိုင်သည့် မြန်မာအလုပ်သမားများ ရှိကြောင်း ရပ်ကွက်ရုံးတွင် သွားရောက် အကြောင်းကြားပြီးဖြစ်သည်ဟု ချင်းမိုင်မြို့နေ မြန်မာအလုပ်သမ တဦးဖြစ်သူ ဒေါ်အေးသန်းက ပြောသည်။
ယခုအခါ ထိုင်းနိုင်ငံအနှံ့အပြားတွင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးမှုများပြားနေပြီး အလုပ်သမား အများစုမှာ တိမ်းရှောင်နေရသဖြင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု အလုပ်သမားအရေး ဆောင်ရွက် သူများက ပြောသည်။

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ
မုံပီး ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ်အစည်းအဝေးကို မတ်လ ဒုတိယ အပတ် အတွင်းကျင်းပရန် အစစပြင်ဆင်နေသည်။ ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကိုဆွေးနွေးဖွယ်ရှိသည်ဟု စစ်ဘက်သတင်းရပ်ကွက်များကပြောသည်။
ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲဥပဒေကို ကြေငြာဖွယ်ရှိသည် ဟုလည်း အဆိုပါ သတင်းရပ်ကွက်ကပြောသည်။
ဤလေးလပတ်အစည်းအဝေးများသည် စစ်တိုင်းမှူးများ၊ တပ်မဟာမှူးများ နှင့်ဝန်ကြီးဌာနများမှ ညွန်ကြားရေးမှူးချုပ် များပါစုံညီစွာ
တက်ရောက်သောအစည်းအဝေးဖြစ်သည်။ ဤအစည်းအဝေးများကို နေပြည်တော်တွင်ကျင်းပလေ့ရှိပြီး တိုင်းပြည်တဝှမ်းမှ စစ်အရာရှိ အမြောက်အများ တက်ရောက်လေ့ရှိသည်။
သို့သော် တရုပ်မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီး တွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေငြာရန်ရာခိုင်းနှုံးများသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်းအချို့၊ အထူးသဖြင့် အသက်ကြီး ပိုင်းက ရွေးကောက်ပွဲဥပဒေကြေငြာခြင်းကို နောက်ထပ်ရွှေ့ဆိုင်းထား သင့်သည်ဟု ယူဆနေကြသည်။
“အောင်သောင်းနဲ့ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲဥပဒေကိုအခုကြေငြာသင့်တယ်လို့ထင်တယ်။ သူတို့က သူတို့ဘက်က
လုံလုံလောက်လောက်ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု(၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီး တို့ကိုရည်ညွန်းကာ သူက ပြောကြားသွားခဲ့သည်။
သို့သော် ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲကျင်းပစဉ်က စစ်တပ်မှရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ်ထိပ်တန်းခေါင်း ဆောင် နှစ်ဦး ဖြစ်သော သန်းရွှေနှင့်မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန်အကန့်အသတ်နှင့်သာ ပေးနိုင် ရန်အတွက် ဥပဒေ ကြေငြာခြင်း ကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။
“ဒီကိစ္စက အခုလေးလပတ်အစည်းအဝေးမှာ သူတို့ဆွေးနွေးနိုင်တဲ့အကြောင်းအရာဘဲ” ဟု သူကဆက်လက်ပြော ကြားသည်။
စစ်တပ်သည် ဤလေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေ နှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသည်။
သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလ တွင်ကျင်းပရမည့်အစည်းအဝေးကို ၂ ကြိမ်ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံး ကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲကျင်းပခဲ့သည်။
“ကျနော့်သဘောပြောရရင် ဒီလေးလပတ်အစည်းအဝေးတွေက အနှစ်သာရမရှိတော့ပါဘူး။ ထိပ်တန်းစစ်တပ်ခေါင်း ဆောင်အနည်း ငယ်လောက်ကဘဲ သူတို့ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက်အရာရှိ တွေကိုချပြ တဲ့အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောကပြောသည်။
သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သူရရွှေ မန်း၊
ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှူး ၁ တင်အောင်မြင့်ဦး တို့သည်အစည်းအဝေးမတိုင်ခင် ကြိုတင်တွေ့ဆုံ ဆွေးနွေးကြပြီး လေးလပတ်အစည်းအဝေးမတိုင်ခင်ပင် အဓိကကျသောဆုံးဖြတ်ချက်များကို ကြိုတင်ချမှတ်ထားကာ အစည်းအဝေးသို့
တက်ရောက်လာသည့် လက်အောက်အရာရှိများကို သူတို့၏ရှေ့အစီအစဉ်များရှင်းလင်းပြခြင်းသာ လုပ်သည်ဟုဆိုသည်။
“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့လုပ်တယ်။ ဒါပေမဲ့ အဓိကဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေးမတိုင်ခင်ထဲက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောကပြောသည်။
တပ်တွင်းနေရာအရွှေ့အပြောင်းအများစုသည် ဤလေးလပတ်အစည်းအဝေးများအတွင်း ဖြစ်ပွါးလေ့ရှိပြီး၊ ထိုလေးလပတ် အစည်းအဝေး များထဲမှ နောက်ဆုံး ဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေးအပါ် ဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိကကျသော နေရာအပြောင်း အရွှေ့များကို အမြဲ ကြေငြာလေ့ရှိသည်ဟု စစ်ရေးအကဲခတ် အများစုကပြောကြပါသည်။

အစိုးရ လောင်စာဆီဈေး ပြင်ပထက်ပို
ကြည်ဝေ Thursday, 26 February 2009
စစ်အစိုးရ အနေနှင့် ဒီဇယ်ဈေး၊ ဓာတ်ဆီ ဈေးများကို ပြင်ပ ပေါက်ဈေးအတိုင်း ရောင်းချ ပေးပြီး တန်ဆာခ များကို လျှော့ချလိုက်လျှင် ကုန်စည် ပို့ဆောင်ခများ သိသိသာသာ ကျဆင်း သွားသဖြင့် ကုန်ဈေးနှုန်း များပါ ကျဆင်း သွားနိုင်ကြောင်း ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးကပြောသည်။
လက်ရှိ အခြေအနေတွင် ပြင်ပ ဒီဇယ်ဈေးမှာ တဂါလံ ၁၅၀၀ ကျပ်၊ ၁ ပီပါ ကျပ် ၇ သောင်းဈေး အထိ ပြုတ်ကျ နေသော်လည်း အစိုးရ ထံမှာ ဒီဇယ်ကို တဂါလံ ကျပ် ၃၀၀၀ နှင့် ၀ယ်ယူနေရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူက ပြောသည်။
“မြန်မာနိုင်ငံမှာ ကုန်ဈေး နှုန်းတွေက သိသိသာသာ မကျဘူးဆိုတာ အဲဒါကြောင့်ပဲ၊ ဆီဈေးက အပြင်မှာသာ ကျနေတာ၊ အစိုးရက ချမှ ချမပေးတာ ကျနော်တို့က အစိုးရ ဈေးနဲ့ပဲ ၀ယ်သုံး နေရတယ်။ အစိုးရသာ ဆီဈေး ချပေးလိုက် ကုန်ဈေး နှုန်းက ပြုတ်ကျသွားမှာ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လောင်စာဆီနှင့်ပတ်သက်ပြီး အစိုးရကသာ ချုပ်ကိုင်ထား သဖြင့် ယာဉ်ပိုင်ရှင်များမှာ အစိုးရ သတ်မှတ်သော နှုန်းအတိုင်း ဆီဝယ်ယူသုံးစွဲရ ကြရသည်။ တချို့မှာ အပြင် ဆီဈေးနှင့် အစိုးရ ဆီထုတ်ဈေး ထက်ဝက်ခန့် ကွာနေ သောကြောင့် အပြင်ဆီကို ၀ယ်ယူသုံး စွဲလိုသော်လည်း အစိုးရဆီကို ခွဲတမ်းပြည့်အောင် ၀ယ်ယူနေရကြောင်း သိရသည်။
“တော်တော်များများ ကတော့ အပြင်ဆီကို များများဝယ်ပြီး အစိုးရဆီကို လျှော့ထုတ်ကြတယ်။ အစိုးရဆီက လုံးဝမထုတ်ရင်လည်း ဆီစာအုပ် သိမ်းမယ်လို့ ကြားနေတော့ ပုံမှန် ထုတ်ပေး နေရတယ်” ဟု ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင် တဦးက ဆိုသည်။
၂၀၀၈ခုနှစ် စက်တင်ဘာလ အထိ ဒီဇယ်ဈေးမှာ တပီပါ ကျပ် ၃ သိန်း ၀န်းကျင်ထိ ဈေးရှိခဲ့သော်လည်း ကမ္ဘာ့ရေနံ ဈေးနှုန်း ကျဆင်းမှုနှင့် အတူ ပြည်တွင်း လောင်စာဆီဈေးမှာ တပီပါ ကျပ် ၇ သောင်း အထိ ကျဆင်းခဲ့သည်။
လက်ရှိ အခြေအနေတွင် ကားပိုင်ရှင်များသည် အစိုးရဆီကို ပုံမှန် သွားမထုတ်ကြတော့ဘဲ အပြင် ဆီဆိုင်များ မှသာ ၀ယ်သုံး နေကြ သောကြောင့် အစိုးရ ဆီဆိုင်များက ပုံမှန်ဆီလာမထုတ်သော ယာဉ်များကို ဆီစာအုပ် သိမ်းမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ယာဉ်ပိုင်ရှင်များ ထံမှ သိရှိရသည်။
“အစိုးရက ဆီဈေးတက်တုန်းကတော့ လိုက်တယ်တယ်။ အခု ဆီဈေးတွေ ကျတော့ သူက ချမပေးဘူး၊ ချပေးလိုက်ရင် ကုန်ဈေးနှုန်း တွေက ခုထက်ပိုကျသွားမှာ” ဟု ရန်ကုန်မှ သတင်း ဂျာနယ်အယ်ဒီတာ တဦးက ပြောဆို ဝေဖန်သည်။
ရန်ကုန်မြို့မှ အနယ်နယ် အရပ်ရပ်သို့ ကုန်စည်ပို့ဆောင်နေသော ကုန်တင်ယာဉ်များသည် ဆီကို အစိုးရ ထုတ်ဈေးနှင့်သာ ၀ယ်ယူကြရ သကဲ့သို့ လမ်းကြေး၊ တံတားကြေး များကိုလည်း ယခင်အတိုင်းသာ ကောက်ခံနေခြင်း ဖြစ်သည့်အတွက် ကုန်စည်ပို့ဆောင်ခ များမှာ ယခင်ထက် ၅ ရာခိုင်နှုန်းခန့်သာ ကျဆင်း နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မှ မန္တလေးသို့ ကုန်စည်ပို့ဆောင်ရာ အဝေးပြေး လမ်းတလျှောက်တွင် ၄၈ မိုင် အကွာအဝေးတိုင်း၌ ဂိတ် တဂိတ်ကျ ထားရှိနေပြီး၊ တန် ၂၀ အထက်ကို တတန်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်ကောက်ခံလျက်ရှိသည်။တံတားဖြတ်သန်းခ များမှာလည်း ဆယ်ဘီကား တစင်းလျှင် ကျပ် ၄ သောင်းမှ ကျပ် ၈ သောင်းအထိ ကောက်ခံ နေကြသောကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးစရိတ်များမှာ ကျဆင်းခြင်းမရှိဘဲ ယခင် အတိုင်းပင် ဖြစ်နေရကြောင်း သိရှိရသည်။
ယခုအခါ ကုန်စည်ပို့ဆောင်ခမှာ တပိဿာကို ကျပ် ၃၀ နှုန်းနှင့် တတန်ကို ကျပ် ၁၆၀၀၀ ၀န်းကျင် ပေါက်ဈေးရှိပြီး ယခင်က တတန်လျှင် ကျပ် ၁၈၀၀၀ ဈေး ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
လက်ရှိဆီဈေးမှာ ယခင်ကထက် ၃ ဆခန့် ကျဆင်းသွားသော်လည်း ကုန်စည်ခ နှုန်းထားများမှာမူ ယခင်ကထက် ၅ ရာခိုင်နှုန်း ခန့်သာ ကျဆင်းလျက်ရှိပြီး ကုန်ဈေးနှုန်းများ မှာလည်း ယခင်ဈေးထက် ၅ ရာခိုင်နှုန်းခန့်သာ ကျဆင်းသွားသည်ကို တွေ့မြင်ရသည်။
ယခင်ဆီဈေးတွေ မကျခင်တုန်းက ၂၀၀၈ စက်တင်ဘာလအတွင်း ဆန်အိတ်တအိတ်၏ သယ်ယူပို့ဆောင် စရိတ်မှာ ၇၀၀ ကျပ်ဖြစ်ပြီး ယခုတွင်မူ ဆန်အိတ်တအိတ်၏ သယ်ယူပို့ဆောင် စရိတ်မှာ ၆၅၀ ကျပ်ဖြစ်ကြောင်း ဘုရင့်နောင် ပွဲရုံများမှ ကြားသိရသည်။
အခြေခံကုန်ပစ္စည်းများတွင် သယ်ယူပို့ဆောင် စရိတ်သည်လည်း အရေးပါသောကြောင့် သယ်ယူပို့ဆောင်ခများ လျော့ကျသွားပါမှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ သိသိသာသာ လျော့ကျသွားနိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။
“အခုလက်ရှိအခြေအနေမှာ ကုန်ပစ္စည်းတွေပဲ ဈေးကျပြီး သယ်ယူခတွေက မကျဘူး သယ်ယူပို့ဆောင်ရေး စရိတ်တွေပါကျမှ ကုန်ဈေးနှုန်းက ပြုတ်ကျသွားမှာ” ဟု ကုန်သည်တဦးက ပြောဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း၏ သက်ရောက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်လျက်ရှိပြီး အလုပ်သမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ ၀င်ငွေလျော့ကျနေချိန်တွင် အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းပါမှသာ ခံသာမည်ဖြစ်ကြောင်း စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ် သည်။
“ကုန်စည် သယ်ယူစရိတ်တွေ လျှော့ချပေးရမယ်၊ နောက် ဘတ်စ်ကားတွေမှာလည်း ကားခတွေက ပြီးခဲ့တဲ့၂၀၀၇ လောင်စာဆီဈေးတက်တုန်းက နှုန်းတွေပဲ ဖြစ်နေတာကို လျှော့ပေးမှ အဆင်ပြေနိုင်ဖို့ ခုလို ၀င်ငွေနည်းချိန်မှာ ဒါတွေမလျှော့ရင် လူတွေပိုဒုက္ခရောက်တာပေါ့” ဟု သူက ဆိုသည်။
မြန်မာစစ် အစိုးရသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ စတင်ပြီး လောင်စာဆီ ဈေးများကို ယခင် ၁ ဂါလံ ၁၅၀၀ ကျပ်ရောင်းနေရာမှ တဂါလံ ၃၀၀၀ ကျပ် အထိ မြှင့်တင်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့လောင်စာဆီဈေး ကျဆင်းသွားသော်လည်း ထိုဈေးအတိုင်းပင် ဆက်လက်ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

မိခင်တယောက်၏ မျှော်လင့်ချက် (ကိုပဏ္ဍိတ်ထွန်း၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်)
မျိုးကြီး
(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက်)
နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူကို ထောင်ဝင်စာတွေ့ရန် ရန်ကုန်မှ ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ခရီးလမ်းပန်းကြမ်းတမ်းမှု၊ ပင်ပန်းဆင်းရဲမှု၊ ငွေကြေး အခက်အခဲကို အံတုရင်း လာရောက်ခဲ့ရာ ယခုအခါ ဗန်းမော်မြို့တွင် ရောက်နေသည်။
သူရောက်ရှိနေစဉ် မြန်မာတနိုင်ငံလုံး အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးချိန်နှင့် တိုက်ဆိုင်နေသည်။
လွတ်ငြိမ်းချမ်းသာခွင့်အရ သားဖြစ်သူပါ လွတ်လာစေဟု မိခင်တယောက်အနေဖြင့် ဆန္ဒပြု၊ မျှော်လင့်ချက်များစွာ ထားရှိကြောင်း မဇ္ဈိမက သူ့ကို ဆက်သွယ်မေးမြန်းရာတွင် ရင်ဖွင့်ပြောဆိုသည်။
ကိုပဏ္ဍိတ်ထွန်းသည် စစ်အစိုးရဆန့်ကျင်ရေး ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇ ခု၊ စက်တင်ဘာ) မတိုင်မီ သြဂုတ်လ ၂၁ ရက်နေ့ ညက အခြား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့်အတူ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
မိခင် ဒေါ်ညွန့်ညွန့်ဦးထံ မဇ္ဈိမသတင်းထောက် မျိုးကြီးက ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
အန်တီ ဗန်းမော်ကို ဘယ်နေ့က ရောက်လဲဗျ။
အန်တီက ရန်ကုန်ကနေ ၁၉ ရက်နေ့က ထွက်လာတယ်။ ဒီကို ၂၁ ရက်နေ့ ရောက်တယ်။ ဆိုတော့ စနေနေ့ရောက်တယ်။
အန်တီရဲ့ ကျန်းမာရေးရော ဘယ်လိုရှိလဲဗျ။
တော်တော်ဆိုးတာပေါ့။ မန္တလေးက ထွက်တဲ့ ကားကလေ မန္တလေး ကားဂိတ်ဝန်းကြီးကနေ သောကြာနေ့ ၃ နာရီခွဲကြီးကနေ ထွက်လာတာ။ ဗန်းမော်ကို နောက်နေ့၊ စနေနေ့ ည ၉ နာရီခွဲမှ ရောက်တယ်။ ကျမ နာရီ ၃၀ ကားစီးရတယ်၊ စဉ်းစားသာ ကြည့်ပေတော့။ လမ်းမှာလည်း ကားက ၅ ခါ ပျက်တယ်။ တခါပျက်ရင် ၂ နာရီ ကြာတယ်။ လမ်းတွေလည်း တအားပျက်နေတယ်။ တံတားတွေ ကျိုးနေတယ်။ ရေခမ်းတဲ့ အချိန်မို့လို့လေ။ ချောက်ထဲကိုဆင်းပြီး မောင်းနေရတယ်၊ ကားကလေ။ ကျမလေ ခါးတွေရော၊ ဒူးတွေရော နာပြီးတော့ တော်တော် ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ဖြစ်သွားတာပေါ့နော်။
အခု သားနဲ့ ထောင်ဝင်စာ တွေ့ပြီးပြီလား။ အဆင်ရောပြေလား။
ထောင်ဝင်စာကတော့ ထောင်များရဲ့ ထုံးစံအတိုင်းပေါ့။ အစစ်အဆေး၊ အမေးအမြန်းကတော့ ရှိတာပေါ့နော်။ ဒီလောက်တော့ သူ့စည်းကမ်းနဲ့သူပေါ့။ ကျမတို့ကလည်း သားကိုတွေ့ဖို့အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာပေါ့။
အန်တီ ကိုပဏ္ဍိတ်ထွန်းရဲ့ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား ဘယ်လိုရှိလဲဗျ။
သားက ကျန်းမာရေး ကောင်းပါတယ်၊ ပုံမှန်ပေါ့၊ သာမန်အတိုင်းအတာအရ နေကောင်းတာပေါ့၊ အန်တီကြည့်ရတာ။
လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ လွတ်လာတဲ့သူတွေနဲ့ရော တွေ့ဆုံခဲ့ရလား ခင်ဗျ။
ဗန်းမော်ထောင်က နိုင်ငံရေးအကျဉ်းသား တယောက်မှ မလွတ်ပါဘူးရှင်။
အန်တီက လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာကို ကြိုသိလို့ လာတာလား။
မဟုတ်ဘူးရှင့်၊ မသိဘူး။ ကျမထွက်လာပြီး နောက်ပိုင်းမှ ဖြစ်လာတဲ့ကိစ္စ။ ကြာသပတေးနေ့ ၁၉ ရက်နေ့ကနေ ထွက်လာတာ၊ မသိဘူး။ ကျမ ၂ လပိုင်း တတိယပတ်လောက်ကို သွားမယ်လို့ စိတ်ကူးရှိပါတယ်။ မျှော်လင့်ချက်တော့ ထားတာပေါ့။ ဗန်းမော်ရောက်တဲ့ အချိန်များ သားကိုများလွတ်မလား မိခင်တစ်ယောက်ရဲ့ ခံစားချက်ပေါ့။
လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတဲ့အချိန်မှာ အန်တီ့သား ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက် ဘယ်လောက်ရှိလဲဗျ။
မျှော်လင့်ပါတယ်။ အများကြီး မျှော်လင့်ပါတယ်။ ကိုပဏ္ဍိတ်ထွန်း ပြန်လွတ်ဖို့ကိုလေ။ မျှော်လင့်ချက် ထားပါတယ်။
တခြား ဘာများပြောချင်သေးလဲဗျ။
ကျမအနေနဲ့ လမ်းခရီး ပင်ပန်းဆင်းရဲတာတော့ ပြောချင်ပါတယ်။ အဲဒါလေ လမ်းတွေကလည်း အရမ်းပျက်စီးနေတယ်။ ကားတွေကလည်း နှစ်ပေါင်းများစွာက ကားတွေဆိုတော့လေ။ စက်တွေကလည်း အရမ်းချွတ်ယွင်းနေတယ်။ ကားတွေကလည်း မကောင်း၊ လမ်းတွေကလည်း မကောင်း။ မောင်းတဲ့သူတွေ တော်ပေလို့ပဲ လိုရာခရီးကို ရောက်တော့လာတာပေါ့။ မလိုအပ်ဘဲ အချိန်တွေကြာပြီး ပင်ပန်းဆင်းရဲတာတွေတော့ ရှိတာပေါ့။ ကျမကတော့ အမေဆိုတော့လည်း ဒီဆင်းရဲတဲ့ဒဏ်ကို တင်းခံပြီး လာရမှာပဲ။
တခြား အခက်အခဲတွေရော ဘာတွေ ရှိသေးလဲ။
ကျမအတွက်ကတော့ ကျန်းမာရေးမကောင်းတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပါပဲ။ ငွေရေးကြေးရေးကလည်း ကျမတို့က သုံးရတာပေါ့။ အသွားအပြန် တသိန်းပေါ့။ ကျမက နှစ်ယောက်။ တူမလေးလည်း ခေါ်လာရတော့။
သား ပြန်မလွတ်တဲ့ အခါကျ အန်တီ ဘယ်လိုခံစားရသလဲဗျ။
အဲဒါကတော့ အန်တီရဲ့ ဘ၀ပဲလေ။ ရင်ဆိုင်သွားရမယ့် ဘ၀ပဲ။ အဲဒီတော့ ကိုယ့်ဘ၀ကို စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီးတော့ မိခင်ရဲ့ ၀တ္တရားအတိုင်း ၂ လကို တခါ လာဖို့ ကြိုးစားသွားရမယ်လို့ သဘောထားပါတယ်။ စိတ်ဆင်းရဲနေရင်လည်း ကိုယ်ပဲ ဒုက္ခရောက်မယ်လေ။ စိတ်ချမ်းသာစရာတော့ တခါမှ မရှိပါဘူး။