Tuesday, February 3, 2009

နေပြည်တော်မှာ ဘာဖြစ်လို့ နာဂစ်လိုလုပ်ချင်ကြပါလိမ့်

စွာကျယ်

ဥတ္တရသီရိတဲ့ဟေ့…၊ ဒက္ခိဏသီရိတဲ့ဟေ့…။ နေပြည်တော်ကကြားလိုက်ရတဲ့ ဟစ်ကြွေးသံများ။ ကြပ်ပြေး နေပြည်တော်ကြီးက ဘယ်လိုဘယ်လို။ ဘယ်က ဘယ်က မြည်ဟိန်းသံ။ ဟစ်ကြွေးသံတွေကြားရတာလဲ။ ကြပ်ပြေးနေပြည်တော်ကြီးမှာ သူရဲကောင်း တွေပေါ်လာလို့ အောင်လံထူဖို့ ကောင်းချီးပေးလိုက်တဲ့ အသံတွေလား။ ဓားရေးပြသံ၊ လှံရေးပြသံ၊ ညာသံပေးသံတွေလား။ မဟုတ်ဘူး မဟုတ်ဘူး။ အဲဒါတွေ မဟုတ်ဘူး။

ကြပ်ပြေးနေပြည်တော် စည်ပင်သာယာရေးကော်မတီက မြို့သစ်တွေဖော်ထုတ်ဖို့ ကြေညာလိုက်တဲ့ အသံတွေပဲ။ ဥတ္တရသီရိတဲ့ဟေ့။ ဆိုတာ ဥတ္တရသီရိမြို့သစ်ကိုပြောတာ။ မနှစ်က နှစ်လယ်လောက်မှာ စတင်ကြားခဲ့ရတဲ့ အသံပေါ့။ ကြပ်ပြေးကိုရောက်လာခါစက ဝန်ထမ်းတွေ ကျွန်သက်တမ်းရှည်ရှည် နေနိုင်ဖို့လား။ အပိုလေးပဲရပါစေလို့ အချိုကျွေးတဲ့ သဘောနဲ့လား မပြောတတ်။

ကျေးတော်မျိုး ကျွန်တော်မျိုး အောက်ခြေဝန်ထမ်းတွေအတွက် ဟို… ဟို ပေလေးဆယ် ခြောက်ဆယ်မြေကွက်က သုံးသိန်း။ ဒီ… ဒီပေခြောက်ဆယ် ရှစ်ဆယ်မြေကွက်က ငါးသိန်းတဲ့။ အဲဒီနောက်မှာတော့ လျှောက်လွာတောင်းလို့တင်ကြ၊ စာရင်းကောက်ကြ၊ ပြုစုကြနဲ့ လုပ်သက်က အနည်းဆုံး (၁ဝ) နှစ်နဲ့ နေပြည်တော်မှာ လုပ်သက် (၂) နှစ်ပြည့်တဲ့ အမှုတော်ထမ်းတွေပဲ ဖြစ်ရမယ်တဲ့။ သတ်မှတ်ပုံစံ နဲ့အကွက်ချ ဆောက်ရမယ်တဲ့။ ဘာတဲ့ ညာတဲ့နဲ့ စုံလိုက်တဲ့အချက်တွေနဲ့ ပြောလို့ဆိုလို့ လျှောက်လွာတင်ခဲ့ကြရတယ်။


ရောက်ရာအရပ်မှာ နေဖို့စိတ်မကူး နောင်မှာ ရန်ကုန်ပြန်မှာမို့ ပြန်ရောင်းစားရင် အမြတ်ကောင်း ရမယ်လို့ ယူဆသူလည်းရှိကြသမို့။ လျှောက်လွှာအစုံစုံကို ခုံခုံမင်မင်တင်ခဲ့ကြ။ ရရင်ယူမယ်၊ မြတ်ရင်ရောင်းမယ်လို့ အရိုးစွဲခဲ့ကြတဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ ဘဝစရိုက်မို့ လုပ်ဇာတ်ကို အဟုတ်မှတ်လျှောက်ခဲ့ကြသည်လည်း ရှိကြပေမယ့် အခုထိ ဘာသံမှမကြားရတော့ဘဲ တိတ်သွားတဲ့အသံ။ အခုတခါ (၆) လကြာမှ ပြန်စကြားပြန်ပြီ။

ဟော…ဒင်းတို့လို ဝန်မင်းကြီး၊ ဝန်မင်းလေးကျတော့ ထုံးစံအတိုင်း မဆိုင်းမတွ ဆောက်လိုက်ကြတာ။ အချို့ကပြီးလုဆဲ၊ အချို့ကျတော့ပြီးပြီ၊ အချို့ကျ အိမ်တော်ရှေ့မှာ မြေယာရှုခင်းအလှအပနဲ့ နုရွလို့တောင် နေကြပြီလေ။ အခုတခါလာပြန်ပြီ။ ဒက္ခိဏသီရိတဲ့ ဟေ့…။ ဒုတိယအကြိမ်ကြပ်ပြေးနေပြည်တော်ရဲ့ တောင်ပိုင်း ဒက္ခိဏတိုင်းမှာ ကြပ်ပြေးနေပြည်တော်စည်ပင်သာယာရေး ကော်မတီက ဟစ်ကြွေးလိုက်တဲ့အသံ။ ဒီအသံနဲ့ တပြိုင်နက် ဥတ္တရမြောက်ပိုင်းက ဥတ္တရသီရိမြို့သစ်အတွက် ဝန်ထမ်းမြို့ကွက်သစ် အမှတ် (၃) ဆိုပါလား။ ပြန်ပေါ်လာပြန်ပြီ။ နေပြည်တော်ရှိ ဝန်ကြီးဌာနများက အရာထမ်း အမှုထမ်းများ အတွက် မြေကွက်ချထားပေးတော့မည်ဆိုပဲ။

ဒီတခါလည်း စည်ကမ်းသတ်မှတ်ချက်တွေ တလှေကြီးနဲ့ အဖေကြီးစိတ်ညစ်ရအောင်တော့ မလုပ်ပါနဲ့လို့ ပြောလိုက်တဲ့သားငယ်ကြောင့် ကျုပ်တို့မြေကွက်ဖိုး ငွေဘယ်လိုသွင်းရပါ့။ မြေကွက်ဖိုး သွင်းကြေးက အရင်သတ်မှတ်နှုန်းအတိုင်းပဲ ပါလာတယ်။ အမှုထမ်းဆိုတဲ့ သူတွေက ပေလေးဆယ်ခြောက်ဆယ်ကို သုံးသိန်း၊ အရာရှိအလတ်တွေကတော့ ပေခြောက်ဆယ်ရှစ်ဆယ် မြေကွက်ကငါးသိန်းတဲ့။ လာပြန်ပြီ၊ ကြိုက်နှစ်သက်ရာ ပုံစံ (၂) မျိုးအနက် နှစ်သက်ရာ တမျိုးကိုဆောက်ပါ။ ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောက်လုပ်ပေးမယ်ဆိုပါလား။ ဟားဟား။ တကယ်များလား ရေးထားတဲ့ ညွှန်ကားချက်ကတော့ အပီ။

မယုံလောက်အောင်တွေ့ရ။ နောက်တချက်ဖတ်ကြည့်မှ သိရတာက ကျသင့်ငွေကို အိမ်ဆောက်ပြီးမှ ပေးစေသတည်းတဲ့။ အမှုထမ်းဆိုတဲ့လူက ကျပ်သိန်း (၂ဝ) တန် ကျေးလက်ပုံစံ။ ပြီးတော့ နောက်တမျိုးက အရာရှိဆိုသူတွေအတွက် ကျပ်သိန်း (၃ဝ) တန် ကျေးလက်ပုံစံတဲ့။ မိမိအစီအစဉ်နဲ့ဆောက်လျှင် ခွင့်ပြုချက် တင်ပြပါ။ ပုံစံနဲ့တင်ပါ။ ဘာညာ ပေါ့။ သွပ်၊ သံ၊ သစ် ဘိလပ်မြေတွေကို မြေကွက်အရောက် ရောင်းချပေးမယ်ဆိုပါလား။ မြေကွက်တန်ဖိုးကတော့ အိမ်ဆောက်ပြီး နေထိုင်ရန် ဂရန်လျှောက်တဲ့အခါကျမှ ပေးပါတဲ့ခင်ဗျား။

သက်မှတ်ချက်တွေကများ၊ လိုက်လျောမှုတွေကများနဲ့ အားကျစရာတွေပဲလို့ မှတ်လိုက်ရင် ဓာတ်လိုက်သလို နေလိမ့်မယ်။ စီးပွားရေးကပ်ဆိုက်လို့ စီးပွားပျက်ဒီအချိန်မှာ ဆောက်လုပ် ရေးတွေက မိုးတွင်းမှာ ဇာတ်မင်းသားတွေလို အားလို့နားနေကြပြီလေ။ ကြပ်ပြေးနေပြည် တော်က ရုံးကြီးတွေနဲ့ ဝန်ထမ်းဆောင်အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဒီအချိန်မှာ လက်စသတ်ခဲ့ကြပြီကိုး။ ဒီတော့စားနေကျ ကြောင်ပါးဆောက်လုပ်ရေး သကောင့်သားတွေက နောက်တခါလာပြန်ပြီဗျို့လို့ ဝန်ထမ်းတွေရဲ့ မြို့သစ်ဘက်ကို လှည့်လာပြန်ပြီပေါ့။

အောက်ခြေဝန်ထမ်းတွေအတွက်က ကျေးလက်ပုံစံတဲ့။ ပြောတော့ ဥတ္တရသီရိမြို့သစ်၊ ဆောက်တော့ ကျေးလက်ဒေသပုံစံတဲ့။ ရှေ့နောက်မညီတဲ့စကား သွားဖြဲပြတာများလား အောက်မေ့မိတယ်။ မြို့သစ်မှာ မြို့လက်ဒေသပုံစံမျိုး ဘာလို့များ ဆောက်မပေးရတာလဲ။ မြို့သစ်တွေကို ကျေးလက်ပုံစံလိုဖော်ထုတ်တော့ ဟိုး..က အရှိန်မသေသေးတာပဲဖြစ်မယ်။ ဟိုး ဆိုတာက နာဂစ်အိမ်ရာလေ။ ဧရာဝတီတိုင်းမှာ ဖော်ထုတ်ပေးခဲ့တဲ့ ကျေးလက်ဒေသအိမ်ရာကို အကြီးအကဲကြီးက မှန်ပြောင်းကြီးတကားကားနဲ့ ကြည့်လို့များ အားရသွားလေရော့သလား။

နေပြည်တော်ဝန်ထမ်းတွေကို နာဂစ်ပုံစံနဲ့ဆောက်ပေးပြီး ပင်စင်ယူသွားကြရင် ခံစားကြမယ့် ဂရက်ဂျူတီငွေလေးကို ဒင်းတို့လို ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် နောက်ပုံစံတမျိုးနဲ့ ပြန်လှည့်နှိုက်ယူအုံးမှာလားလို့မေးရင် ကျုပ်တို့ကတော့ ကုန်ပါပြီလို့ အော်ရမှာအသေအချာပဲ။

နာဂစ်ဒုက္ခသည်တွေကို သနားသလိုလို သဘောထားနဲ့ မင်းတို့ကြပ်ပြေးနေပြည်တော်ကနေ ပင်စင်ယူကြရင် မင်းတို့အတွက် ပြေးစရာမြေက ဒီမှာကွ… ဥတ္တရသီရိတဲ့ဟေ့။ ဟိုမှာကွ… ဒက္ခိဏသီရိတဲ့ဟေ့။ မြို့သစ်တွေ၊ မြို့သစ်တွေပေါ့။ ဧရာဝတီတိုင်းက နာဂစ်သားတွေက သား၊ ငါး၊ စပါး၊ ဆား လှမ်းပြီး စားနိုင်ကြပေမယ့် ရေခဲဂျောင်းတောင် ဂလိုင်ခေါက်ရောင်းမရတဲ့ ဒီလိုကြပ်ပြေးက မြို့သစ်တွေ ဒီ နေပြည်တော်မှာ ဘာဖြစ်လို့ နာဂစ်လို လုပ်ချင်ကြပါလိမ့်။

No comments:

Post a Comment