Saturday, February 21, 2009

ပဉ္စာနန္တရိယကံထိုက်သောသူ ဘုရားတည်လည်း အကျိုးမများ (၁)

ပညာကျော်

မြန်မာတို့သည် ရွှေရောင်တဝင်းဝင်းတောက်ပြောင်နေသည့် ဘုရားပုထိုးစေတီများကို တန်ဖိုးထားဂုဏ်ယူစွာဖြင့် မိမိတို့ကို ရွှေမြန်မာဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။ ဘုရားပုထိုးစေတီပေါင်း များ စွာတို့သည်ကား ယခုမှပင် ကျက်သရေတိုး၊ တန်ခိုးထွားခဲ့သည် မဟုတ်ဘဲ ရှေးနှစ်ထောင်ချီခဲ့ပြီးသော အတိတ်ကာလ ကတည်းကပင် မြန်မာ့မြေပေါ်တွင် "ကြေးစည်သံတလွင်လွင်၊ ကောင်းမှုတဝေဝေနဲ့ ငြိမ်းချမ်းတည်ကြည်စွာ ဖြင့်" သီတင်းသုံးစံပျော်လာခဲ့သည်သာ ဖြစ်ပါသည်။

အနော်ရထာမင်းမှ အစပြုတဲ့ ပုဂံခေတ်တွင်ပင်လျှင် ဘုရားပုထိုးစေတီများကို "လှည်းဝင်ရိုးသံတညံညံပုဂံဘုရားပေါင်း" ဟု ခေါ်ဆိုနိုင် လောက်အောင် တည်ထားကိုးကွယ် ခဲ့ကြောင်း သမိုင်းစာမျက်နှာတွင် ဖေါ်ကြူးထားကြပါသည်။ "သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင် ဘုရားပေါင်း" ဟုရခိုင်ဒေသတွင်တည်ထားခဲ့သော ဘုရားများကိုလည်း ဂုဏ်ယူဖေါ်ပြထား ကြသည်။

ဤသို့ များပြားစွာသောဘုရားများကို ရှေးမြန်မာများ ဘာကြောင့်တည်ထားကိုးကွယ် ခဲ့ပါသလဲဆိုလျှင် ဗုဒ္ဓဘာသာ ကို ယုံကြည်ခြင်း ကြောင့်ဖြစ်သည၊် ဆိုသည်ကို လူတိုင်းဖြေကြမည်သာဖြစ်ပါသည်။ ရှေးမြန်မာတို့သည် မိမိတို့၏ဘာသာရေးကို တန်ဖိုးထားလေးစားမှု ရှိကြ သလို ကုသိုလ်တိုးပွားပါစေကြောင်းနှင့် ဗုဒ္ဓသာသနာ အရှည်တည်တံ့ပါစေကြောင်း ဟူသည့် ကောင်းမြတ်သောရည်ရွယ်ချက်ကို ထားရှိပြီး ဘုရားပုထိုးစေတီများကို တည်ထားကိုးကွယ်ခဲ့ခြင်းလည်းဖြစ်ပါသည်။

များသောအားဖြင့်ပုဂံတွင်တည်ထားခဲ့သော ဘုရားများနှင့်ရခိုင်ဘုရားများ၊ မွန်ဒေသရှိဘုရား များကိုလေ့လာကြည့်လျှင် ဘုရင်မင်းမြတ်တို့၏ ကောင်းမှုကုသိုလ်ဖြစ်တည်ခဲ့သော ဘုရားများ အဖြစ်လေ့လာတွေ့ရှိရမည်သာ ဖြစ်ပါသည်။

ဘုရားတည်ခဲ့သော ဘုရင်များသည်လည်း သမိုင်း တွင် ထင်ရှားခဲ့သည်ကိုတွေ့ ရပါသည်။ ရှေးဘုရင်များ ဘုရားတည်ထားကိုးကွယ်သည်မှာ (၁) သာသနာတည်တံ့ပါစေကြောင်း၊ (၂)နိုင်ငံတော်သာယာအေးချမ်းပါစေကြောင်း၊ (၃) နိုင်ငံကို တရားသဖြင့် အုပ်ချုပ်နိုင်ပါစေကြောင်း၊ (၄) နိုင်ငံအတွင်းလူတော်လူကောင်းများ ပေါ်ထွန်းပါ စေကြောင်း၊ (၅) မိမိတို့သက်ရှည် ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး သယ်ပိုးနိုင်ပါစေကြောင်း စသည့် ကောင်းမြတ်သောစိတ်ထားတို့ဖြင့် တည်ထားကိုးကွယ်ခဲ့သည်ကို လေ့လာနိုင်ပါသည်။

ဤအချက်အလက်များကို ရာဇကုမ္မာကျောက်စာ၊ ရခိုင်အာနန္ဒစန္ဒြား ကျောက်စာများနှင့် မွန်ကျောက်စာများတွင် တွေ့ရှိနိုင်ပါသည်။ ဤအကြောင်းရပ်များသည် မြန်မာ့ရာဇဝင်များတွင် သာမကဘဲ ဗုဒ္ဓဘာသာနိုင်ငံအများစုတို့၏ရာဇဝင်တို့တွင်လည်း တွေ့ရှိနိုင်ပါသည်။ သီဟိုဠ်ရာဇဝင်တွင် ထင်ရှားခဲ့သော ဝသဘမင်းအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။

ဝသဘတွင်မိဘများ မရှိသည့်အတွက် သူ့ရဲ့ဦးရီးတော်စစ်သူကြီးက သူ့ကိုမွေးစားထားပါ တယ်။ တနေ့မှာတော့ နန်းတော်ညီလာခံတွင် ပုဏ္ဏားများက အသင်မင်းကြီးပြီးနောက် " ဝသဘသည် ဤတိုင်းပြည်တွင် မင်းဖြစ်ပါလိမ့်မည်"ဟု နမိတ်မြင်ဟောကြားလေရာ "ယသဠာလက" မင်းက သူ့တိုင်းပြည်အတွင်းရှိသော ဝသဘ အမည်တွင်သူ ခလေးလူကြီး အကုန်သတ်စေဟု အမိန့်တော်ထုတ်လေသည်။

စစ်သူကြီးလည်း ဘုရင်မင်းကြီးထံမှ ဆုလာဘ်ရာထူးရလို၍ တူတော်မောင် ဝသဘအား မင်းကြီးထံ သွားအပ်လေသည်။ စစ်သူကြီး၏ဇနီးမှာ မိန်းမပီပီ ခလေးအပေါ်ချစ်ခင်သည်ဖြစ်၍ စစ်သူကြီးစားသောကွမ်းယာ၌ ထုံးမပါဘဲထုပ်ပေးလိုက်သည်။ စစ်သူကြီးမှာ ကွမ်းအလွန်ကြိုက်သူဖြစ်သဖြင့် နန်းတော်တံခါး ပေါက်အရောက် ကွမ်းစားမည်ပြုလျှင် ထုံးမပါသည်ကိုတွေ့၍ ဝသဘအား အိမ်ပြန်ပြီး ထုံးယူခိုင်းလေသည်။ စစ်သူကြီးဇနီးလည်း ဝသဘပြန်လာလျှင် အဿပြာတစ်ထောင်ကို ပေးပြီး ထွက်ပြေးခိုင်းလေသည်။

ဝသဘလည်း ထွက်ပြေးလာရာ တောရွာကလေးတခုရှိ ဘုန်းကြီးကျောင်းတွင် ခိုကပ်နေလေ၏။ ထိုကျောင်းတွင်ရှိသော အဘိုးအိုတစ်ဦးကသူ့၏ ဇာတာကိုကြည့်ပြီး မကြာမီ မင်းဖြစ်လိမ့်မည်ဟု ဟောလေသည်။ ဝသဘလည်း ထိုစကားကို ကြားပြီး စိတ်ဓါတ်တက်ကြွလာကာ အနီးအနားရွာမှ ရွာသားများကိုစုကာ စစ်ပညာသင်ပေး သည်။ ယင်းနောက်တိုင်းပြည်ကို သိမ်းလေရာ မကြာမီ မင်းဖြစ်လာပါတော့သည်။

ဝသဘ သည် မင်းဖြစ်ပြီးလျှင် ပုဏ္ဏားများအား ဇာတာကိုတွက်ခိုင်းရာ နန်းသက် (၁၂) သာရှည်မည် ဟုဟောလေ၏။ ထိုအခါ ဝသဘလည်း သံဃာတော်များထံချည်းကပ်ပြီး အရှင်မြတ်ဘုရားတို့ အဘယ်ကုသိုလ်ကိုပြုလျှင် အသက်ရှည်ပြီး အေးချမ်းပါသလဲဟု လျှောက်လေသော် သံဃာတော်များက "ရတနာသုံးပါးကိုချဉ်းကပ်ပါ၊ ငါးပါးသီလကိုမြဲမြံစွာစောင့်ပါ၊ ဘုရားပုထိုးစေတီများတည်ပါ၊ တိုင်းသူပြည်သားများအပေါ် မေတ္တာတရားဖြင့်အုပ်ချုပ်ပါ၊ ရဟန်းသံဃာများအား ဆွမ်း၊ ဆေးတို့ကိုလှူပါ" ဟုပြောလေသည်။

ဝသဘလည်း သံဃာတော် များပြောသည့်အတိုင်း ထိုကုသိုလ်များကိုပြုလုပ်သဖြင့် "၁၂" သာစံရမဲ့နန်းသက်ကနေ "၄၄" နှစ်အထိနန်းစံခဲ့ရပါတယ်။ ဝသဘတည်ခဲ့တဲ့ဘုရားဟာလည်း သီဟိုဠ်ရာဇဝင်တွင် ထင်ရှားခဲ့ ပါသည်။ ဝသဘသည် အတိတ်ကံအလိုကို ပစ္စုပ္ပန်ကံနဲ့ ထပ်ဖြည့်ပြီးတော့ သာသနာအကျိုး၊ နိုင်ငံအကျိုးကိုဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာ့သမိုင်းတွင်လည်း ပုဂံမှသည်ကုန်းဘောင်၊ ကုန်းဘောင်မှသည်ယနေ့ထိ မင်းအဆက်ဆက် ဘုရားများတည်ထားကိုးကွယ်လာကြပါသည်။ ရခိုင်တို့တွင်လည်း ဓညဝတီခေတ်မှသည် ဝေသာလီ၊ လေးမြို့ခေတ်အထိနှင့် မွန်သထုံတို့တွင် ခေတ်အဆက်ဆက် ဘုရားများတည်ထားခဲ့ကြပါသည်။ ထို့ကြောင့်လည်း ယနေ့တိုင် စာရေးသူ တို့ ရှေးဟောင်းဘုရားများအဖြစ် ဖူးမျှော်ကြည်ညိုကြရခြင်းသာဖြစ်ပါသည်။

ဘုရားကိုတည်သူ ဘုရားဒါယကာများသည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊ တည်ထားကိုးကွယ်လိုသည့် ဆန္ဒကောင်းမွန်ခြင်း၊ ဘုရားတည်စေ သဒ္ဓါစေတနာဖြူစင်ခြင်း၊ လှူဖွယ်ဝတ္ထု သန့်ရှင်းစင်ကြယ် ခြင်း စသည်တို့နှင့် ပြည့်စုံသဖြင့်လူနတ်အပေါင်းတို့က ကောင်းချီးပေးကာ ပူဇော်ကြခြင်းလည်း ဖြစ်ပါသည်။ ဘုရားတည်ပြီးသောအခါတွင်လည်း ဘုရားဒါယကာများသည်မိမိတို့၏ ကုသိုလ် ကောင်းမှုနှင့် စောင့်ထိန်းအပ်သောသီလတရားများကို အခြေခံပြီး ဘုရားအရှည်တည်တံ့ပြီး၊ လူနတ်များ အန္တရာယ်ကင်းစွာ ပူဇော်နိုင်ခြင်းငှာ သစ္စာအဓိဌာန်ပြုထားခဲ့သည်ကလည်း ဘုရားတည်သူမင်းများ၏ ပြည်သူ့လူထုအပေါ် ထားရှိသောစေတနာကောင်းများကိုတွေ့နိုင် ပါသေးသည်။

ထိုစေတနာကောင်းများကို ပြည်သူ၊ ရဟန်းရှင်၊ လူနတ် အပေါင်းတို့ကသိရပြီး မေတ္တာတုံ့ပြန် စေတနာအရောင်ဟပ်သောကြောင့် ဘုရားတည်သူများမှာ မိမိတို့အလိုရှိသော ကောင်းကျိုးကိုအပြည့်အဝရရှိသည်သာပင် ဖြစ်ပါသည်။ ယနေ့ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် စတင်တွေ့ရသည့် ဘုရားဒါယကာမှာ ဝန်ကြီးချုပ်ဦးနု ဖြစ်ပါသည်။

ဦးနုသည်ကမ္ဘာအေးဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ဆဋ္ဌသံဃာယနာကိုတင်ခဲ့သည်။ ကမ္ဘာအေးကို တည်ထား ခြင်းမှာ သာသနာ (၂,၅၀၀) ပြည့်နှစ်တွင်ဘုရားသတ်မှတ်ထားခဲ့သည့် သာသနာကတ်ကုန်ဆုံး ချိန်တွင် သာာသနာတည်တံ့ခိုင်မြဲစေရန် (သာသနာဆက်နိုင်စေရန်) ဆိုသည့် ရည်ရွယ်ချက်နှင့် အတူကမ္ဘာကြီးအေးချမ်းပါစေကြောင်းကို ရည်ရွယ်ပြီးတည်ထားခဲ့သည်ဟု တွေ့ရပါမည်။ ကောင်းမြတ်သော စေတနာမွန်သာဖြစ်ပါသည်။ ထို့ကြောင့်လည်း နှစ်ပေါင်းငါးဆယ်ကျော်
သက်တမ်းတိုဘုရားဖြစ်ပေမဲ့ သက်တမ်းရှည် ရှေးဟောင်းဘုရားများနည်းတူ ထင်ရှားနေခြင်း သာဖြစ်ပါသည်။

ဆိုရှယ်လစ်ခေတ်တွင် ဦးနေဝင်းသည်လည်း အားကျမခံ ဦးနုကို အပြိုင်ထားကာ ရွှေတိဂုံကိုဗဟိုပြု၍ လက်ယာဘက်တွက် မဟာဝိဇယစေတီကို တည်ထားခဲ့ပါသည်။ သို့သော် ဘုရားခမြာ ဒကာကောင်းကိုမရပါသဖြင့် ဆွမ်းအနိုင်နိုင်၊ပန်းအနိုင်နိုင်နဲ့လာဖူး၊ လှူဒါန်းသူနည်းပါးစွာ ဘုရားဖြစ်ပြီးမှ ဆင်းရဲကမလွတ်ရလေခြင်းဆိုသလို ဖြစ်နေပါတော့ သည်။

ရန်ကုန်လိုနေရာမျိုးမှာတည်ထားသော်လည်း၊ ရွှေတိဂုံဘုရားနှင့်နီးပါသော်လည်း အဘယ်ကြောင့် မထင်ရှားဖြစ်ရပါသနည်း။ မေးခွန်းထုတ်ရပါတော့မည်။

ဦးနေဝင်းအစိုးရသည် ပြည်သူက တင်မြှောက်ထားသောမင်းမဟုတ်ဘဲ ပြည်သူကို အနိုင်ကျင့်၊ စိုးမိုးသော မင်းသာဖြစ်၍၊ ပြည်သူက (၁) သူ၏အုပ်ချုပ်မှုနန်းသက်ရှည်မှာကိုသာ ကြောက်နေကြခြင်း၊ (၂) သာသနာ၏အကျိုးကို လိုလားသည်ဟု ပြည်သူကမမြင်ဘဲ (ပြည်သူတရပ်လုံး၏ ဆင်းရဲ ကြာရှည်မည့်) သူ၏အသက်ရှည်ခြင်းအတွက်သာ ရည်ရွယ်သည်ဟုမြင်ခြင်း၊ (၃) သန့်ရှင်းမှု မရှိသည့် အတင်းအဓမ္မမလှူမနေရ (တစ်အိမ်ထောင်ဘယ်လောက်၊ ယာဉ်တစ်စီး ဘယ်လောက်) ကောက်ခံခြင်းစသည်တို့အပြင် ဦးနေဝင်းသည် ကိုယ်ကျင့်သီလလည်းမရှိခြင်း စသည်တို့ကြောင့် လူနတ်တို့၏လေးစားမှုကိုမရခြင်းဖြစ်ရပါသည်။

ထို့ကြောင့် ဘုရားကိုရိုသေသော်လည်း ဒါယကာကိုမလေးစားသဖြင့် လာရောက်ဖူးမြော်သူ နည်းပါးရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment