Saturday, February 21, 2009

ပဉ္စာနန္တရိယကံထိုက်သောသူ ဘုရားတည်သော်လည်းအကျိုးမများ အပိုင်း(၂)

ပညာကျော်

ဦးနေဝင်းကျဆုံးပြီးနောက် စစ်အစိုးရလက်ထက် နဝတ ခေတ်တွင် လည်း ရှေးမင်းများ နည်းကို အတုယူပြီး ဘုရားတည်ထား လိုလာကြသည်။ ဘုရားမှာလည်း ပြည်သူအေးချမ်းသာယာရေး တို့ထက် မိမိတို့ သြဇာတည်မြဲရေးကို အကျိုးပေးစေမည့် အတိတ်ကို ဆောင်စေရေးကသာ အဓိကဟူသော စိတ်ကိုကိုင်စွဲပြီး ဘယ်လိုဘုရား ကို ဘယ်လိုနေရာတွင် တည်ထားသင့်ပါ သလဲဆိုတာစဉ်းစားလာသည်။

ဤသို့နဲ့ တရုတ်မှယူလာသော စွယ်တော်ကို ပွားပြီး စွယ်တော်မြတ်ကို တည်ပါသည်။ စွယ်တော်မြတ်သည် ဗုဒ္ဓမြတ်ဘုရား၏ အံတော်အစစ်ဖြစ် သည့်အတွက် မြန်မာများလေးစားကြည်ညို တန်ဖိုးထားကြပါသည်။ သို့သော်လည်း စစ်အာဏာရှင်များသည် စွယ်တော်မြတ်ကို တည်သည်မှာ ပြည်သူများအား ဦးကျိုးစေရန် နံနိမ်ပြီး သူတို့၏ သြဇာ (အဆိပ်) အစွယ်ကို ထုတ်ပြခြင်းသာ ဖြစ်သည်ဟု ပြည်သူများက သတ်မှတ်ကာ ဘုရားကို ကြည်ညိုသော်လည်း စစ်အာဏာရှင်တို့၏သဘောကို "စက်ဆုပ်ရွံရှာ” ကြောက်လန့် ခဲ့ ကြပါသည်။

ထို့ပြင် အစိုးရဝန်ထမ်းများနှင့် ရပ်ကွက်များမှ ပြည်သူများကို မတရားလုပ် အားပေးစေခိုင်းခြင်း တို့ကို အသုံးပြုခဲ့သဖြင့် ကုသိုလ်ရေး ဆိုသော်လည်း အပါယ်ငရဲအလား ကြောက်ရွံ့ခဲ့ကြပါ သေးသည်။ ဘုရားတည်၊ ကျောင်းဆောက် ကုသိုလ်အရေးဆို မြန်မာလူမျိုးတို့သည် စေတနာထက်သန်စွာ ပြုလုပ်ဆောင်ရွက်လိုကြသော်လည်း မတရားသော စစ်အစိုးရကို အလိုမရှိသဖြင့် ထိုဘုရားတည်သော ကုသိုလ် များကြောင့် စစ်အာဏာရှင်တို့၏ သက်တမ်းရှည်တည်တံ့ မှာကို မလိုလားခြင်းကြောင့်သာ ဖြစ်ပါသည်။

နဝတလက်ထက်တွင် တည်ထားသော ဘုရားများမှာ စွယ်တော် (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)၊ လောကနန္ဒာ (စစ်တွေ) ၊ ကျောက်တော်ကြီးဘုရား (ရန်ကုန်) တို့အပါအဝင် တိုင်းနဲ့ ပြည်နယ်ပေါင်းများစွာတို့တွင် တည်ထားသော ဘုရားပေါင်းများစွာ ရှိပါလိမ့်မည်။ မေတ္တာ၊ စေတနာတို့မည်သည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိ၏ ဆိုသည့် ဗုဒ္ဓစကားတော်အတိုင်း စစ်အစိုးရတို့ ဘုရားတည်သည်မှာ သူတို့၏ တန်ခိုးအာဏာအတွက် မဟုတ်ပါဟု ငြင်းသော်လည်း မရဘိသကဲ့သို့ ပြည်သူများက သူတို့၏ အလုပ်အပေါ် အလိုအလျောက် နားလည်ထားကြပြီး ဖြစ်ပါသည်။

စစ်အစိုးရတို့၏ လုပ်ရပ်များကလည်း စကားသွားရာ ပညတ်ပါဆိုသလို လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ထင်ရှားရှားပေါ်လွင်နေပါသည်။ စစ်တွေတွင် တည်သော ဘုရားကိုကြည့်လျှင် လည်း "လောက" ဆိုသည်မှာ တလောကလုံး၏ အကြီးအမှူးကိုဆိုလိုခြင်း၊ နန္ဒာဆိုသည်မှာလည်း ကြီးကျယ်မြင့်မားခြင်းကို ဆိုလိုခြင်းတို့ အနက်အဓိပ္ပါယ်အရ မြန်မာ့လောကကို သူတို့ (စစ်အစိုးရ) ကသာ ကြီးစိုးလွှမ်းမိုးမည်ဟု ပြည်သူများက နားလည်ထားကြပါသည်။

ထို့ကြောင့်လည်း အစိုးရကို မုန်းတီးသောပြည်သူများက ကုသိုလ်ကို လိုလားသော်လည်း စစ်အာဏာရှင်ကို မလိုလားသဖြင့် မိမိတို့၏ မသိနားမလည်သော သားသမီးများကိုပင် ထိုဘုရားများသို့ မသွားရောက်မဖူးမျှော်ရန် တားမြစ်ပိတ်ပင်ကြပါသည်။ ယနေ့ စစ်အစိုးရလက်ထက် နအဖခေတ်ရောက်ပြန်လည်း ပြည်သူ၏ စေတနာသဘောထက် မိမိတို့၏ သြဇာအာဏာ တည်မြဲရေးသည်သာ အဓိကဖြစ်သည်ဟူသောသန္နိဋ္ဌာန်ကို လက်ကိုင်ပြုကာ နေပြည်တော်မြို့သစ်ကိုဖေါ်ပြီး ဥပ္ပါတသန္တိစေတီတော်ကို တည်ထားကိုးကွယ်လာပြန်သည်။

တကယ်တော့ ဗုဒ္ဓဘာသာတစ်ယောက်အနေဖြင့် စာရေးသူခုလိုပြောနေခြင်းမှာ ဘုရားများပွား များလာသည်ကို မကြိုက်မနှစ်မြို့ခြင်းကြောင့်လည်း မဟုတ်ပါ။ စာဖတ်သူများအနေဖြင့်လည်း နောက်နောင်ကို ဘုရားတည်ထားသည်ကိုပင် တွေ့ရှိလာပါက ကုသိုလ်မပွားဘဲ ကြောက်ရွံ့မှု တိုးပွားလာစေရန် ရည်ရွယ်ပြောနေခြင်းလို့လည်း မခံယူထားကြပါရန် မေတ္တာရပ်ခံပါရစေ။

ဗုဒ္ဓဝါဒကို လက်ကိုင်ပြုကျင့်သုံးမည်ဆိုလျှင် ရှေးကကျင့်သုံးခဲ့ပြီးသော ကုသိုလ်ပြု (ဘုရားတည်၊ ကျောင်းဆောက်) နည်းများကိုကား မလေ့လာ၍ ဖြစ်မည်မထင်ပါ။ ဘုရားတည်၊ ကျောင်းဆောက် ကုသိုလ်ပြုနည်းတို့သည်ကား ရှေးသူတော်ကောင်းတို့ ဦးဆောင်လမ်းညွှန် ကျင်သုံးခဲ့သည့် လမ်းစဉ်ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အလှူပြုသူ၌ရှိရမည့်အင်္ဂါရပ်များနှင့် ဘုရားတည်ထိုက်သော မြေနေရာ၊ ဘုရားတည်သင့်သောအရပ် စသည်တို့ကို လေးနက်တည်ကြည်စွာ မိန့်မှာထားခဲ့သည်ကို မဟာမြတ်မုနိဘုရားကို တည်ထားစဉ် မဟာစန္ဒသူရိမင်းမြတ်ကို ဟောကြားခဲ့သော "သဗ္ဗဘိမ္မပူဇနိယသုတ္တာန်" တွင် တွေ့ရှိရပါသည်။

အသင်မင်းကြီး ဘုရားတည်လိုလျှင် " (၁) ဤမြေသည်ကားသန့်ရှင်း စင်ကြယ်၏၊ (၂) လူအများလာရောက်ပူဇော်လွယ်သော အရပ်ဖြစ်ရာ၏၊ (၃) လူနတ်တို့၏ စိတ်နှလုံးအား ငြိမ်းအေးမှုကိုပေးစေ၏၊ (၄) သဒ္ဓါတရားပြည်စုံသူတို့ ပွားများရာ၏၊ (၅) သာနာတည်တံ့အောင် ထိန်းသိမ်းနိုင်သူတို့ရှိရာ၏၊ စသည့်အချက်များအပြင် အချက်ပေါင်း သုံးဆယ်ကျော်ကို ဟောကြားခဲ့ပါသည်။ ရှေးဗုဒ္ဓဘာသာဝင်တို့သည်လည်း တရားတော်လာအတိုင်း ဘုရားတည် ကျောင်းဆောက်ခြင်းတို့တွင် လိုက်နာကျင့်သုံးခဲ့သည်ကို မြန်မာမင်းများ သာမက သီရိဓမ္မာသောကမင်းတို့ပါ လိုက်နာခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ တွေ့ရှိရ ပါသည်။

အချို့သောမင်းတို့သည် ဘုရားမတည်ခင် ဦးခေါင်းဆေးမင်္ဂလာများကိုပြုလုပ်ပြီး ရှစ်ပါးသီလကို ကြိုတင်စောင့်ထိန်းခဲ့သည်များကိုလည်း တွေ့ရသည်။ ဘုရားတည်နေစဉ် ကာလတွင်လည်း သီလစောင့်ထိန်းနေကြသည်ကိုလည်း သီဟိုဠ်၊ မွန်၊ ရခိုင်၊ ယိုးဒယားရာဇဝင်တို့တွင် တွေ့ရှိရပါသည်။ ဤသို့ သီလစောင့်ထိန်းကြခြင်းမှာ အလုပ်သမားများ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းပါစေခြင်းနှင့် နတ်ဗြဟ္မာများ ဘုရားကိုကြည်ညို ပူဇော်နိုင်ပါစေခြင်း အကျိုးအလို့ငှာဖြစ်ပါသည်။ တိုင်းသူပြည်သားအပေါင်းတို့သည်လည်း ဘုရင်၏ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးကြပါသည်။

ဘုရားပုထိုးစေတီတို့အား ပြီးလျင်ပြီးရော တည်ထားကိုးကွယ်ကောင်းသော အရာမဟုတ်ပေ။ ဒါယကာ၌ တကယ့်ပြည့်ဝမှန်ကန် ဖြူစင်သောစေတနာ သဒ္ဓါတရားရှိရန်လိုအပ်ပါသည်။ "ဘုရားတည်လျင်အသက်ရှည်၏၊ ဘုန်းတန်ခိုးကြီး၏" ဆိုသော်လည်း ထိုဆန္ဒကိုရင်ဝယ်ကိန်း၍ လိုချင်သောစိတ်တို့ဖြင့်ကား မပြုလုပ်သင့်ပါ။ မိမိ၏ဖြုစင်သော စေတနာသည်သာ အခရာဖြစ်ပါသည်။ "ကုသိုလ်ပြုရာ၌ အကျိုးကိုလိုချင်သော စိတ်ထက် ဖြစ်စေချင်သော စေတနာ" ကိုသာထားပြီး ဆောင်ရွက်ရမည်ဖြစ်သည်။ ရှေးပညာရှိမင်းမြတ်တို့သည်ကား ဤနည်းကိုသာ သုံးခဲ့ကြပါသည်။ မိမိအကျိုးကိုသာမျှော်တွေးပြီး ရှေ့ကမင်းတို့ထက် သာလွန်စေလိုသော စေတနာတို့ကိုကား မထားသင့်ပါ။

ရခိုင်ရာဇဝင်တွင် ဖခင်မင်းဗာကြီးက သျှစ်သောင်း (ရှစ်သောင်း) ဘုရားကိုတည်ခဲ့သဖြင့် သားဖြစ်သူ မင်းဖလောင်းက ဖခင်ထက်ပိုပြီး ကိုးသောင်းဘုရားကို တည်လေရာ ဘုရားမပြီးခင်ပင် ပျက်စီးခဲ့ရသည်။ စေတနာအပြိုင်ကြောင့်သာတည်း။ စစ်အစိုးရသည်လည်း ရှေးကမင်းတို့အားလုံးကို ကျော်လွန်ကာ လောကကို ကြီးစိုးစေလိုသည့် စေတနာဖြင့် လောကနန္ဒာဘုရား (စစ်တွေ) ကို တည်လေရာ ဘုရားမပြီးခင်ပင် မိုးကြိုးပစ်ခြင်း ခံခဲ့ရပါသည်။

ရှေးမင်းတို့သည် ဘုရားတည်၊ ကျောင်းဆောက်ရာတွင် ကိုယ်ကျင့်သီလကို ခိုင်မာစွာစောင့် ထိန်းခြင်း၊ သဒ္ဓါတရားပြည့်ဝခြင်း၊ တိုင်းပြည်နှင့်လူမျိုးတို့၏ သာယာငြိမ်းချမ်းမှုကိုရလိုခြင်း စသောစေတနာကောင်းများကို ထားရှိပြီး၊ ဖြူစင်သော လှူဖွယ်ဝတ္တုကို အသုံးပြုကာ တည်ထားခဲ့ကြသော်လည်း ရှေးဟောင်း ဘုရားတိုင်း မကျော်ကြားနိုင်ခဲ့။ ကောင်းမှုပြုလျှင် တကယ်ကောင်းကျိုးကို လိုလားရမည်သာ ဖြစ်ပါသည်။ မိမိလုပ်ခဲ့သမျှသော အကုသိုလ် မှန်သမျှတို့သည် ဘုရားတည်သော ကုသိုလ်ကြောင့် ကျေအေးပပျောက်ပါစေသတည်းဟု ဆုတောင်းယုံဖြင့် မပပျောက်နိုင်ပါ။

လောကတွင် လူသားတို့စောင့်ထိန်းအပ်သော တရားတို့ကို လူ့အဆင့်အလိုက် ခွဲခြားသတ်မှတ် ထားပါသည်။ လူတို့စောင့်ထိန်းရမည်ကား ငါးပါးသီလ၊ မင်းတို့စောင့်ထိန်းရမည့်ကား ကျင့်ဝတ် ဆယ်ပါး ဖြစ်သဖြင့် ပေါင်းသော် မင်းတို့သည် ဆယ့်ငါးပါးသောသီလကို စောင့်ထိန်းရမည်။ အဇာတသတ်မင်းသည် ဘုရားတည်၊ ကျောင်း ဆောက်ခြင်း ကုသိုလ်ကို ပြုခဲ့ပါသော်လည်း ဖခင်ကိုသတ်ခဲ့သဖြင့်၊ ဒေဝဒတ်သည် ရဟန်းဘဝကို ရခဲ့ပါသော်လည်း ဘုရားနှင့်သံဃာကို ပြစ်မှားခဲ့သဖြင့် ကုသိုလ်အကျိုးပေးကို မခံရဘဲ အဝီစိငရဲသို့သာ သွားရလေသည်။

လူတို့အတွက် လုပ်သမျှသော ကုသိုလ်ကို မတိုးပွားအောင် တားဆီးစေတက်သော အရာသည် ကား ပဉ္စာနန္တရိယကံဖြစ်ပါသည်။ (၁) အမိကိုသတ်သောသူ၊ (၂) အဖကိုသတ်သောသူ၊ (၃) ရဟန်းသံဃာကို သတ်သောသူ၊ (၄) သံဃာကိုသင်းခွဲသောသူ၊ (၅) ဘုရားကိုပြစ်မှား စော်ကားသော သူတို့ဖြစ်ပါသည်။ ဤကံကိုကျူးလွန်ပြီးသောသူများမှာ အဘယ်ကုသိုလ်ကို ပဲပြုပြု အကုသိုလ်အကျိုးပေး အဝီစိငရဲကို ခံကြရမည်သာ ဖြစ်ပါသည်။

ယနေ့ စစ်အာဏာရှင် တို့ လက်ထက်တွင် ဘုရားကြီး၊ ဘုရားငယ်အသွယ်သွယ်ကို တည်ထားကိုးကွယ်နေသည်မှာ သာသနာအကျိုး ပြည်သူ့ အကျိုးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက်သာဖြစ်သည်။ ပြည်သူ့အပေါ် ဗိုလ်ကျစိုးမိုးရေး၊ အာဏာတည်မြဲရေး အတွက်သာ ဖြစ်သည်ဟု ပြည်သူများက ယုံကြည်ကြကာ စစ်အစိုးရပြုသော ကုသိုလ်အပေါ် သာဓုမခေါ်ဆိုနိုင်ကြဘဲ ရွံရှာစက်ဆုပ်ကာ ထိုဘုရားများကကို ဦးချကန်တော့ရမှာကို ကြောက်လန့်နေကြပါသည်။ ထိုဘုရားများကို ဦးချကန်တော့မိလျှင် စစ်အာဏာ ကြာရှည်မည်ဟု ပြည်သူများက ယုံကြည်နေခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာတို့၏ တန်ဖိုးထား မြတ်နိုးကာ ဗုဒ္ဓဘာသာကို ယုံကြည်လေးစားသော စိတ်ဓါတ်များကို ပျက်စီးအောင်ဖျက်ဆီးနေခြင်းလည်း ဖြစ်သည်။

တကယ်တော့ ဘုရားတည်သောသူသည် ပြည်သူများ၏ စေတနာသဒ္ဓါတရားတိုးပွားအောင်၊ သီလပညာကင်းအောင်း စေနိုင်ရန် ပေးစွမ်းနိုင်ရမည်သာဖြစ်သည်။ "မိမိသည် လောက အတွက်သာ ဖြစ်ရမည် လောကသည် မိမိအတွက် မဖြစ်စေရ” ဆိုသောသာသနာပြုပုဂ္ဂိုလ်တို့၏ ထုံးနှလုံးကို သွေဖီကာ စစ်အာဏာရှင်တို့၏ ဘုရားတည်ခြင်းမှာ သာသနာကိုစော်ကား၊ သံဃာကို သတ်သည့် ကံများကြောင့် အပါယ်သွားမည်ကို ကြောက်လန့်ပြီး" မိုးကြိုးပစ်သည်ကို ထန်းလက်ဖြင့်ကာနေခြင်း" သာဖြစ်ပါသည်။



No comments:

Post a Comment