Sunday, February 22, 2009

ပြည်သူ့ အကျဉ်းသား


အဖြစ်မှန်တခု ရှိနေသည်။ ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ပြည်သူလူထုက ဒီမိုကရေစီတိုက်ပွဲကို တိုက်ယူနေကြသော ရဲဘော်များ ကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်သောအခါ ၎င်းတို့နှင့် ပတ်သက်ရမည်ကို ကြောက်နေကြလေသည်။ ဤအဆို တကယ် မှန်သလော။

ရွေးကောက်ပွဲပြီးသည်မှစ၍ စစ်တပ်က အာဏာကို သိမ်းပိုက်သည်။ မခံနိုင်သော တော်လှန်ရေးသမားများက ဆန့်ကျင်သည်။ ကန့်ကွက်သူမှန်သမျှ နှိပ်စက်သည်။ ထောင်ချသည်။ မိသားစုကိုပါ ဒုက္ခပေးတော့သည်။ တချို့မှာ ပြည်တွင်း၌ပင် မနေနိုင်တော့ဘဲ ပြည်ပသို့ လက်လွတ်ပြေးရသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ဒုက္ခမျိုးစုံ ခံကြရသည်။ ဤသို့ဖြင့် စစ်တပ်အာဏာ ကြီးမားလာသောအခါ ဒီမိုကရေစီတောင်းဆိုသော ပြည်သူတို့မှာ ချောက်ချားလာပြီး နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး ရဲဘော်များကို ရှောင်လာတော့သည်။

ယခု နိုင်ငံရေးအကျဉ်းသားများကို ကြည့်ပါ။ ၎င်းတို့ အဘယ့်ကြောင့် ထောင်ကျ၊ တန်းကျ အနှိပ်စက်ခံကြရသနည်း။ ပြည်သူတို့ တောင်းဆိုကြသော လိုချင်ကြသော ဒီမိုကရေစီကို ပြည်သူ့ကိုယ်စား ရယူတောင်းဆို တိုက်ပွဲဝင်မိခြင်းကြောင့် ဖြစ်ရလေသည်။ ယခု ၎င်းတို့ကို အစိုးရက နှိပ်စက်၊ ၎င်းတို့မိသားစုကို အခြောက်တိုက် ဒုက္ခပေး၊ ကြွက်မနိုင်ကျီမီးရှို့။ ဒါကိုပြည်သူက မသိကျိုးကျွံ။

ယခု စစ်တပ်က အကျဉ်းသားတွေကို နယ်ဝေးထောင်တွေ ပို့သည်။ မိသားစုဝင်တွေ ဒုက္ခများကြရသည်။ သည်ဒုက္ခကို ပြည်သူတို့ မျှဝေ၍ မယူသင့်သလော။ ၎င်းတို့မိသားစုကို မစောင့်ရှောက်သင့်ကြသလော။

ဒီမိုကရေစီရဲဘော်များမှာ ၎င်းတို့ဆန့်ကျင်မိသည့် အာဏာရှင်စစ်တပ်က နှိပ်စက်ရသည့်အထဲ ကိုယ့်ပြည်သူကိုယ်တိုင်က ရှောင်ဖယ်ဖယ်လုပ်ကြတော့ "ပက်လက်လန်ကျန်ရစ်" ဆိုသလို ခံစားရတော့သည်။

၎င်းအကျဉ်းသားတို့သည် မည်သူတို့နည်း။ ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား၊ ပြည်သူ့အကျဉ်းသားများဖြစ်သည်။

ဤတော်လှန်ရေးသမားများကို စစ်တပ်က ဒဏ်ခတ်လျှင် ပြည်သူက ဆုတံဆိပ်ချီးမြှင့်ခံရသော ကိုယ့်ရင်သွေးကဲ့သို့ ဂုဏ်ယူပြီး ကိုယ့်ရဲဘော် ကိုယ့်ရင်သွေးကို ယခုမှ ချီးမြှောက်ခွင့်ရပြီ၊ စောင့်ရှောက်ခွင့်ရပြီ၊ ကူညီခွင့်ရပြီဆိုပြီး အားပေးသင့်လှပေသည်။

ထိုအခါ စစ်အစိုးရက ဖိနှိပ်လေလေ ရဲဘော်များက ဆန့်ကျင်လေလေ၊ ဒဏ်ခတ်ခံရလေလေ၊ ပြည်သူက ချီးမြှောက်ခွင့်၊ စောင့်ရှောက်ခွင့် ရလေလေ ဖြစ်နေရပေမည်။

ဆရာမင်းသုဝဏ်၏ ဖိုးမောင်ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွပ်ဒေါင်း လေးချိုးတို့သည် ဤဇာနည်ရဲဘော်များကို ဥဒါန်းတွင်အောင် စာပေဖြင့် ချီးမြှောက်ခဲ့ကြခြင်းဖြစ်ပေသည်။

ယခု ပြည်သူတို့ မိမိတို့၏ တော်လှန်ရေးရဲဘော်များကို မည်သို့ သဘောထားနေကြပါသနည်း။ မည်သို့ ချီးမြှောက်နေကြပါသနည်း။ မြန်မာကဗျာဆရာတို့ ဘာတွေရေးဖွဲ့နေကြပါသနည်း။ မှိုင်းရာပြည့်၊ ၀ဏ်ရာပြည့်၊ လုပ်နေကြပါလျက် အဘယ်ကြောင့် မှိုင်းတို့၊ ၀ဏ်တို့လို ပြည်သူ့သားကောင်းများအကြောင်း မဖွဲ့ဆိုနိုင်ကြပါသနည်း။ မဂ္ဂဇင်းထဲ ပါဖို့မလို၊ ပြည်သူထဲ ပျံ့နှံ့ဖို့လိုသည်။ သို့မှသာ သားကောင်းဇာနည် တော်လှန်ကဗျာသည် ကမ္ဘာချီပေလိမ့်မည်။ ကဗျာဆရာတို့ စဉ်းစားကြပါကုန်။

ရဲဘော်များအတွက် လိုအပ်လှသော စိတ်ဓာတ်ခွန်အားနှင့် ပြည်သူ့မေတ္တာရေစင်သည် တောင်ကိုလည်း ထွင်းနိုင်၏။ ဓားသွားပေါ်လည်း လျှောက်နိုင်၏။ ဤမျှထိ တန်ခိုးကြီးလှသည်။

ပြည်သူ့တာဝန်က ဘာပါလိမ့်။ တိုင်းပြည်၏ အဖိနှိပ်ခံ သားကောင်းတို့ကို စစ်အစိုးရက ထောင်ဆုချီးမြှင့်လျှင် ပြည်သူကကော ဘာဆုချီးမြှင့်မည်နည်း။ အပယ်ခံဆုလော။

ထောင်ကျအကျဉ်းသား၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာတို့ကို အားတက်စေမည့် မည်သည့်အပြုအမူတို့ကို လုပ်ကြမည်နည်း။

နယ်ဝေးထောင်ကိုပို့လျှင် မည်မျှပင်ဝေးပါစေ ထိုနယ်တို့ရှိ နယ်ခံလူထုတို့က ကိုယ့်ဆီရောက်လာသော ကိုယ့်သားကောင်းများကို ပြုစုစောင့်ရှောက်ခွင့် မရပြီလော။ မကူညီသင့်ပြီလော။ ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်သင့်ပြီလော။ အ၀တ်အထည်၊ စားစရာ၊ အိပ်ရာ၊ နေရာ၊ သွားရေးလာရေးတို့ကို နယ်ခံလူထုတို့ မကူညီသင့်ပြီလော။ ငွေကြေးမတတ်နိုင်စေကာမူ စိတ်ဓာတ်ဖြင့် အားမပေးသင့်မည်လော။ ဤကမ္ဘာတွင် ကိုယ်နှင့်မဆိုင်ပါဘဲလျက် ကိုယ့်တာဝန်၊ ကိုယ့်အသိဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နယ်ပယ်အသီးသီးတွင် ပရဟိတ လုပ်ဆောင်နေကြသော လူသားများကို အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုလည်း စစ်အစိုးရ နှိပ်စက်သမျှ အကျဉ်းသားများကို အသင်းဖွဲ့၍ ကူညီနေကြသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အေအေပီပီ ခေါ် အကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထာသော အဖွဲ့များကို အတုယူစရာ ကောင်းလှပေသည်။

၎င်းတို့ကို နမူနာယူ၍ ကိုယ့်နယ်၊ ကိုယ့်ဒေသတွင် ကိုယ်စွမ်းသလောက် စုစည်းပြီး အဆက်အသွယ်များ ရယူကာ အနှိပ်စက်ခံ ရဲဘော်တို့ကို ကူညီစောင့်ရှောက်သင့်လှသည်။ အတွေ့အကြုံရှိပြီးသား ထိုပရဟိတ အဖွဲ့အစည်း များကလည်း ထိုသို့ ဖွဲ့စည်းရန် နည်းပေးလမ်းပြ ပြုလုပ်သင့်သည်။ သို့မှသာ ထိထိရောက်ရောက်ရှိပေလိမ့်မည်။ အဖွဲ့အစည်းများ နယ်ပယ်အသီးသီးတွင် အဆင့်ဆင့်ဖွဲ့စည်းပြီး စည်းစနစ်ကျနစွာဖြင့် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ကြမည်ဆိုလျှင် တိုက်ပွဲဝင် ရဲဘော်တို့၏ စိတ်ထဲ ဘယ်နေရာရောက်ရောက် ပြည်သူ၏ အားဖြင့် စစ်တပ်က နှိပ်စက်သမျှကို ရင်ကော့ခံနိုင်ကြပေလိမ့်မည်။

ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများက အကျဉ်းသားတို့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး၊ လုပ်ဆောင်ပေးရပေလိမ့်မည်။ သို့မှသာ တချိန်တွင် ဒီမိုကရေစီကို မျက်မှောက်ပြုနိုင်လာလျှင် ကိုယ့်ရဲဘော် ကိုယ့်ခေါင်းဆောင်များကို စောင့်ရှောက်ခွင့် ရလိုက်ဖူးသည့်အတွက် မမေ့နိုင်သော ပီတိကို ခံစားကြရပေလိမ့်မည်။ သခင်စိုးမောင်က ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ၊ သခင်အောင်ဆန်းဘ၀က အင်္ဂလိပ်ရန်မှ တိမ်းရှောင်နေစဉ်အတွင်း ထမင်းကျွေးခဲ့ဖူးသည်။ ပြေးဆဲ၊ လွှားဆဲဘ၀က ရဲဘော်အောင်ဆန်း။ ဤသည်ကို သားစဉ်မြေးဆက် ပြောလို့မဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ သည်လိုပဲ စောင့်ရှောက်ခဲ့ကြဖူးသည့် လူများစွာ ရှိခဲ့ကြပေလိမ့်မည်။ ၀မ်းသာမဆုံး၊ ဂုဏ်ယူမဆုံးသော လူထု၏ ပီတိများ။

ဤသည်ကပင် ကိုယ်စွမ်းသမျှ တာဝန်ကျေခဲ့ကြသော ပြည်သူ၏ တန်ဖိုး၊ ဂုဏ်သိက္ခာမဟုတ်ပါလော။ တလောကပင် သခင်သိန်းဖေက သခင်အောင်ဆန်း အပါအ၀င် ရဲဘော်များကို ဒို့ဗမာအစည်းအရုံး ကာလအတွင်း ကျွေးခဲ့မွေးခဲ့ဖူးသည်များကို မှတ်မှတ်ရရ ပြန်ပြောနေဆဲ၊ ပီတိကို ခံစားနေရဆဲ။ သည်အကြောင်းကို ယခုနှစ်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ၀မ်းသာအားရ ပြန်ပြောပြသည်။ အလွန်ချစ်စရာကောင်းသော ညီအကိုစိတ်ဓာတ်ပင်။

တော်လှန်ရဲဘော်တို့အတွက် အုတ်တချပ်၊ သဲတပွင့်၊ ဖြစ်ကြပါစို့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာမင်းသုဝဏ်တို့၏ ပြည်ချစ်စိတ်ဓာတ်နှင့် သားကောင်းရဲဘော်များကို ဂုဏ်ပြုတတ်သည့် စာဆိုစိတ်ဓာတ်ကို အောက်ပါကဗျာဖြင့် ရေးဖွဲ့ပူဇော်ပါသည်။


ကောင်းကျိုးအထွေထွေ ချွန်စေ မြစေသော်ဝ်

ဒေါင်းအိုးဝေတို့ တွန်စေကစေသော်ဝ်

တို့ရွာသူရဲကောင်း ကိုဖိုးမောင်

သမိုင်းတွင်သည့် သူ့ဂုဏ်ရောင်

သည်စာသည် ကဗျာရေးသူများကိုဖြင့်

အလေးအဆင့်ဆင့်ပြုလိုက်ပါ၏။

သူတို့ကျေးဇူး စာအထူးထူးကြောင့်

ကိုယ့်ရဲဘော် ကိုယ့်ပြည်သား

ဇာနည်များရဲ့ ရာဇ၀င်

နှုတ်တွင်အစဉ်စွဲပါ၏။

အသည်းတွင် အစဉ်မြဲပါ၏။

ဒီမိုကရေစီ

တောင်းဆိုသည့်တိုက်ပွဲ

အဆုံးတိုင် ညီညီမြဲပါလို့

မာန်သွင်းကာ ဘာမထီရဲဘော်တို့

ရဲကြသည် မြန်မာပီပီ

ဒီလိုမှ သားကောင်း မောင်းခတ်နိုင်မည်။

သူ့အမည် သူ့အကြောင်းကိုဖြင့်

တို့ရင်မှာ ဘယ်မမေ့နိုင်ဘူး

စွဲခတ်လိုက်ပြီ။

မျက်ရည်ကကျဆဲ

နောက်လူတွေ ဂုဏ်ယူကြစရာပေါ့

သမိုင်းစဉ် ဥဒါန်းတွင်အောင်လို့

စာပြောင်ပြောင်ရာဇ၀င်ထွင်းခဲ့မယ်

(အမေရေ) ငါတို့ရဲ့ ဒေါင်းမျိုးနွယ်ဖွား။

ကဗျာနာမည်ကိုတော့ " ရဲရင့်ဇာနည်" လို့ ပေးထားပါတယ်။ နောက်ကဗျာတပုဒ်ကတော့ အစိုးရထောင်ထဲက ပြည်သူ့အကျဉ်းသား အကြောင်းပါ။ ခေါင်းစဉ်က " ပြည်သူ့အကျဉ်းသား " ပါ။

ငါတို့ပြည်တွင်

နှစ်ရှည်လများ

ဗိုလ်ကျထားသည့်

ငမိုက်သားတသိုက်ရှိလေသည်။

ထိုလူတသိုက်

စရိုက်ညစ်ဆိုး

အမျိုးဂုဏ်လည်း ချိုးခဲ့ပြီ။

ထိုလူတသိုက်

ကံကြီးထိုက်၍

သံဃာကိုလည် သတ်ခဲ့ပြီ။

ထိုလူတသိုက်

မောဟမိုက်ဖြင့်

ပြည်သူကိုလည်း ရိုက်ခဲ့ပြီ။

ငါတို့ဇာနည်

ဘာမထီတို့လည်း

ရင်နှင့်ဆီးခံ

အမြဲအံတု

မမှုခဲ့ပြီ။

ငါတို့သမိုင်း

မရိုင်းကြအောင်

ဇာနည်မော်များ

ရဲဘော်များကို

ဝိုင်းလို့ကူညီကြရမည်။

ငါတို့သမိုင်း

မရိုင်းရအောင်

စုကာရုံးကာ

ညီညာစွာဖြင့်

သင်းပင်းဖွဲ့စည်း

အနည်းနည်းဖြင့်

ထောင်နီးထောင်ဝေး

ပြေးလွှားရောက်လာ

ရင်ဆို့ရှာသည့်

ရဲဘော်အမိကို ကူရမည်။

ရဲဘော်အမကို ကူရမည်။

ရဲဘော်ညီဘွား နောင်တော်များလည်း ကူရမည်။

ရဲဘော်မယား သမီးသားလည်း ကူရမည်။

ရဲဘော်အမျိုး တို့အမျိုးလည်း ကူရမည်။

အကျဉ်းစခန်း

သူညှဉ်းပမ်း၍

နွမ်းခွေလဲကျ

ဇာနည်လှကို

အားအင်ပြည့်ဖြိုး

စိတ်ဓာတ်တိုးအောင်

ပြည်သူ့မေတ္တာ

ကရုဏာဖြင့်

ရေစင်ပက်ဖျန်း

ရွှင်လန်းစေမည်။

ရဲဘော်တောင့်ထား

ပျော့မသွားနှင့်

ရဲဘော်နောက်က

တို့ရှိကြသည်

အားကူညီကြ ရိုင်းပင်းကြ။

ဤသို့မှသာ

အမှောင်တိုက်တွင်း

စိတ်ဓာတ်ပြင်းသည့်

ဇာနည်ရဲဘော်

စက်လို့ပျော်လိမ့်

ဘ၀င်လည်းကျ

ခံစားသမျှသည်

ထိုက်တန်ပေ၏ တန်ပေ၏။

စွန့်သင့်ပေ၏ သင့်ပေ၏ဟု

ဝမ်းမြောက်ဝမ်းသာ ရှိရှာမည်။

ပြည်သူလူထု

ဤသို့ပြုမှ

ပြည်သူ့အကျဉ်းသား

ပြည်ချစ်သားကို

တန်ဖိုးထားရာ ရောက်ပေမည်။

ရဲဘော်နှင့်ပြည်သူ

အစဉ်သွေးတူမှ

တိုင်းပြည်နှိပ်စက်

စစ်သဘက်တို့

ခွေးပြေးဝက်ပြေး ပြေးလိမ့်မည်။

ငါတို့ညီညာ

ရှိကြပါလေ မျှကြစေ။


တိုင်းဖွဲ့ပြည်ဖွဲ့ကဗျာတွေ၊ ရဲဘော်တွေအတွက် ခွန်အားရှိမယ့် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


No comments:

Post a Comment